ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး.... (ဆောင်းပါးရှင် အောင်မျိုးထွန်း)

ဓာတ်ပုံ Freemyanmar VCD
ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး.... 
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
အခုတလော ရပ်ထဲရွာထဲမှာ လူပြောသူပြောများနေတဲ့ မြန်မာဗီဒီယိုဇာတ်ကား၊ လူကြည့်များနေတဲ့ ဗီစီဒီအခွေနဲ့ပတ်သက်လို့ ဝေဖန်သံမျိုးစုံကြားရလွန်းလို့ “မိုင်တိုင် (၇၆)”ကို နှစ်ခေါက်သုံးခေါက် ကြည့်ဖြစ်ပါတယ်။ နေပြည်တော်သွားတဲ့လမ်းဆိုတော့ ဆင်ဆာခွင့်မပြုတာ... တကယ့်အဖြစ်အပျက်၊ လူကြီးတစ်ယောက် သားရဲ့ကားက တကယ်တိုက်ခဲ့တာ... ဦးပိုင်လိမိတက် ကားလိုင်းဖြစ်လို့ ဆင်ဆာထိတာ... စသဖြင့် ဗီဒီယိုပရိသတ်တွေရဲ့ ထင်မြင်ချက်ပေါင်းစုံ ပလူပျံနေပေမယ့် အားလုံး တညီတညွတ် တည်း ပြောကြတာက “ကြည့်လို့ ကောင်းတယ်”ဆိုတာပါဘဲ။

ဗီဒီယိုဇာတ်ကား နာမည်အမှန်က “ကားပေါ်မှာလိုက်လာတယ်”ဖြစ်ပြီး လူတွေပါးစပ်ဖျားမှာတော့ “မိုင်တိုင်(၇၆)”လို့ ရေပန်းစားပါတယ်။ ဆင်ဆာအဖွဲ့ရဲ့တားမြစ်မှုကို ခံထားရပေမယ့် အပြင်လောကမှာ ဈေးကွက်မြင့်ပြီး လူအကြည့်ဆုံး၊ ရောင်းအကောင်းဆုံးအခွေ ဖြစ်နေပါတယ်။ မင်းအုပ်စိုး၊ ခွန်းဆင့်နေခြည်နဲ့ လင်းဇာနည်ဇော်တို့အဓိက သရုပ်ဆောင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။ ဆင်ဆာအဖွဲ့ ရဲ့ ၁၃ / ၂၀၁၀ အစည်းအဝေးမှ အများပြည်သူသို့  ပြရန်မသင့်၍ ခွင့်မပြုခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဘာသာ သာသနာနှင့် ယုံကြည်ကိုးကွယ်မှုကို ယုံမှား သံသယဖြစ်စေခြင်း၊ ကြည့်ရှုသူပရိသတ်အတွက် အကျိုးပြုမှု မရှိသော လူအများစိတ်ခြောက်ခြားဖွယ် သရဲတစ္ဆေ ၀ိညာဉ်ဇာတ်ကားများကို ရိုက်ကူးဖော်ပြခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်ခြင်းအပြင် စာပေစိစစ်ရေးမူအချက် (၇၀)မှ လူမှုရေးမူ (၇)နှင့် ငြိစွန်းနေ၍ ဗီဒီယိုဆင်ဆာအဖွဲ့ မှ ထောက်ညွှန်ချက် (၁၀)ချက်ဖြင့် အများပြည်သူသို့ ပြသရန် မသင့်သောကြောင့် ခွင့်မပြုခဲ့တာလို့ “မိုင်တိုင် (၇၆)”နဲ့ ပတ်သက်ပြီး ဗီဒီယိုဆင်ဆာအဖွဲ့ က ဆင်ခြေပေး တုန့်ပြန်ခဲ့ပါတယ်။

ကျွန်တော့်အမြင်ပြောရရင် ဗီဒီယိုဆင်ဆာအဖွဲ့ရဲ့  လုပ်ရပ်အမှားကြီး မှားပါတယ်။ ဒီဇာတ်ကားကို ခွင့်မပြုတာဟာ အခု လူတွေပြောနေကြတဲ့၊ စွပ်စွဲနေကြတဲ့ အကြောင်းအချက်တွေကို အဓိကပေတံ အဖြစ် ကိုင်ပြီး ချိန်ထိုးခဲ့လို့ဘဲ ဖြစ်နိုင်ပါတယ်။ ဆင်ဆာအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ အများပြည်သူ ကြည့်ရှုရန် သင့်တော်တယ်ဆိုပြီး ထွက်ခဲ့ပြီးသား သရဲလိုလို၊ စုန်းလိုလို၊ ရာဇ၀င်လိုလို ကားမျိုးတွေ အများကြီးရှိပါတယ်။ ယုတ္တိရှိမှ၊ ပရိသတ်ကို အကျိုးဖြစ်စေမှဆိုတဲ့ စံချိန်စံညွှန်းကြီးကို ကျစ်ကျစ်ဆုတ်ကိုင်ပြီး မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကား တွေကို ဆန်တုတ်တိုက် ချနေမယ်ဆိုရင်တော့ “မြန်မာ့ရုပ်ရှင်ဗီဒီယို အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအဆင့်သို့ ထိုးဖောက်နိုင်ရေး” ဆိုတဲ့ ကြွေးကြော်သံတွေဟာ အရူးချီးပန်းဟစ်အော်သံ တွေဘဲ ဖြစ်မှာပါ။

ရုပ်ရှင် (Movie) ရဲ့အနက်အဓိပ္ပာယ်စစ်စစ်ကို နားလည် တတ်ကျွမ်းကြဖို့ လိုအပ်နေပါပြီ။ နိုင်ငံတကာအဆင့်ကို မလှမ်းပါနဲ့ဦး၊ အာရှအဆင့်ကို မပြောပါနဲ့ဦး၊ အာဆီယံနိုင်ငံတွေက ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်ကြပါ။ သူတို့တွေရဲ့“အများပြည်သူသို့ ပြသရန်မသင့်”ဆိုတာဘာကိုခေါ်တာလဲ၊ ဘာနဲ့ ချိန်ထိုးတာလဲဆိုတာ လေ့လာစူးစမ်းဖို့ ကောင်းတယ်။ ကမ္ဘာ အဆင့် ရောက်ချင်ရင် ကိုယ့်အရပ် ကိုယ့်ဇာတ် လုပ်နေလို့ မရပါဘူး။ ၀ါးလုံးခေါင်းထဲ လသာ နေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာ စက်ပိုင်းဆိုင်ရာ ချို့တဲ့ပါတယ်။ အတတ်ပညာပိုင်းဆိုင်ရာ အားနည်းပါတယ်။ ဒီနှစ်ချက်ဟာ ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ ရုပ်ရှင်လောကသားတွေ သိကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိုင်ဒီယာတွေ၊ စဉ်းစားပေါက်တွေ၊ Fine Art တွေဟာ လုံးဝ မချို့တဲ့ဘူး၊ လုံးဝအားမနည်းဘူး။ နိုင်ငံတကာအဆင့်နဲ့ယှဉ်ရင် အလှမ်းမဝေးဘူး။ ဒီအချက်တစ်ခုဘဲ ထူးထူးခြားခြား ပေမီဒေါက်မီရှိနေတာလေးကို နိုင်ငံကို ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့သူတွေက အားပေးအားမြှောက် လုပ်ပေးရမယ့်အစား ရှင်သန်ကြီးထွားခွင့်မရအောင် စောင့်ကြည့်သင်းကွပ် နေတာဟာ အင်မတန် ၀မ်းနည်းစရာပါ။ “ပရိသတ် အကျိုးပြုမှု မရှိ” ဆိုတဲ့ ကြိမ်လုံးနဲ့ ရိုက်ရိုက်နေတာကို ကျောကော့အောင် ခံနေကြရလွန်းလို့ အစစအရာရာ ချည့်နဲ့နေပါပြီ။ ရုပ်ရှင်ဆင်ဆာ၊ စာပေဆင်ဆာတွေက ချမှတ်ထားတဲ့ ခေတ်နဲ့ အဆီအငေါ်မတဲ့၊ ကန့်လန့်တိုက်၊ ကင်ပေတိုင်ဆန်ဆန် အချက်အလက်တွေကို ပြန်လည် ပြင်ဆင်သင့်ပါပြီ။ အမျိုးသားရေးတစ်ခုလို ဦးတည်ပြီး ပြောင်းပြန်လှန်ပစ်ရမှာတွေကို ရဲရဲတင်းတင်း ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။

“မိုင်တိုင် (၇၆)”ကို ပရိသတ်တွေ အုတ်အော်သောင်းနင်း အားပေးကြပြီး၊ ဆင်ဆာအဖွဲ့က မျက်စိ စပါးမွှေးစူးတာမျိုးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များမှာလည်း အလားတူ ပရိသတ်နဲ့ အာဏာပိုင်အဖွဲ့ တို့  ပေါင်းစပ်လို့  မရ နိုင်သေးတဲ့ ဖြစ်ရပ်မြောက်များစွာ ရှိနေပါတယ်။ နိုင်ငံနဲ့ လူမျိုး ရှေ့ရေးအတွက် စိုးရိမ်မိပါတယ်။ ပြောကြကြေးဆိုရင် ဒီဇာတ်ကားဟာ ဘုရားဟော ငါးပါးသီလထဲက “သေရည်သေရက် သောက်စား ခြင်းကို ရှောင်ကြဉ်ပါမည်”ဆိုတဲ့ ကောင်းမြတ်တဲ့သီလတစ်ပါးကို စောင့်ထိန်းချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် တိုက်တွန်းလှုံ့ဆော်ထားပြီး အဲဒီပစ်မှတ်ကို “မိ” အောင် ဇာတ်အိမ်။ ဇာတ်ကွက်ကို တည်ဆောက် ထားတဲ့အပြင် သရုပ်ဆောင်အားလုံးလည်း ကွက်တိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့တကွ နောက်ကွယ်က ပံ့ပိုးပေးတဲ့သူအားလုံး ပင်ပင်ပန်းပန်း အားထုတ်ခဲ့ကြပုံ ရပါတယ်။ အကယ်ဒမီဆုတွေ ဘာတွေတောင် မှန်းနိုင်ပါသေးတယ်။

ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ဆင်ဆာမိုင်း “ထိ” ခဲ့ပါတယ်။
ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ပရိတ်သတ်မိုင်း “မထိ” ခဲ့ပါဘူး။

အောင်မျိုးထွန်း
၂၂- ၆- ၂၀၁၁

 ကျွန်တော်တို့ တိုင်းပြည်မှာ စိုးရိမ်အမှတ်ကို ရောက်နေတဲ့ မြန်မာ့ရုပ်ရှင်လောကကို အဆင့်အတန်းမှီမှီ အာရှနဲ့ ယှဉ်ဘောင်တန်းနိုင်တဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်နိုင်ဖို့ အတွက် ဟိုးယခင်က နာမည်ကျော်ကြားခဲ့တဲ့ စုန်းကဝေ သရဲကားတွေ ပြန်လည်ရိုက်ကူးခွင့်ပေးဖို့ ဒါရိုက်တာတွေ တောင်းဆိုနေခဲ့ကြတာ ၁၀စုနှစ် ၂ခုမကကျော်နေပါပြီ...။ ငွေကြေးသိန်းပေါင်းများစွာ အကုန်ကျခံပြီး လမ်းတွေဖောက် တံတားတွေဆောက် မင်းသား၊ မင်သမီးစုံစုံလင်လင်နဲ့ အမြင်ပန်းလှအောင် အဓမ္မရိုက်ကူးထားတဲ့ ကားတွေရိုက်ပြပြီး ပြည်ပကိုဝင်တိုးလို့ မရပါဘူး။ ကြပ်ပြေး နေပြည်တော်ရဲ့ ခမ်းနားတဲ့ အဆောက်အဦးတွေ အပြင်အဆင်တွေ အောက်မှာ အကယ်ဒမီ ဆုပေးပွဲတွေ လုပ်နေတာ မြန်မာ့ရုပ်ရှင်လောက တိုးတက်နေတာ မဟုတ်ပါဘူး..။ တနှစ်တနှစ် မြန်မာ့ရုပ်ရှင်ကားတွေ ပြည်ပဈေးကွက်ကို ထိုးဖောက်ရမယ် ဆိုပြီး အမြဲပြောနေ ကြားနေရတာလည်း ရိုးနေပါပြီ...။ စေတနာသန့်သန့်နဲ့ ရိုက်ကူးပုံဖော် တင်ပြထားတဲ့ ရုပ်ရှင်ကားတွေကို လူတဦးတယောက် ပုဂ္ဂလိက အဖွဲ့အစည်း အစရှိတဲ့ အာဏာပိုင်တွေကို ရည်ညွန်းနေမလားဆိုတဲ့ မျက်စိနဲ့ ကြည့်နေမယ်ဆိုရင်တော့ မြန်မာ့ရုပ်ရှင်လောကကတော့ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေးနေဦးမှာပါပဲ...။

ဒီမိုဝေယံ

အချက်အလက်ကျကျ ရေးသားဖော်ပြထားပြီး အားလုံးသိအောင် ဆောင်းပါး ရေးသား ပေးပို့ပေးတဲ့ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...။

အောက်မှာတော့ ရုပ်ရှင်“ကားပေါ်မှာလိုက်လာတယ်” ရုပ်ရှင်ကြည့်လို့ရတဲ့ လင့်(ခ်)နဲ့ ဒေါင်းလုပ်ဖိုင်တွေ တင်ပေးလိုက်ပါတယ်...။ ကားပေါ်မှာ လိုက်လာတယ်ဆိုလို့ မျက်စိထဲမှာ ဖြတ်ခနဲ မြင်ယောင်မိတာကတော့ ပြီးခဲ့တဲ့နှစ်များက ကြပ်ပြေး နေပြည်တော်ရဲ့ တပ်မတော်နေ့ အခမ်းအနားတွေမှာ ကားမဲကြီးစီးပြီး လိုက်လာတဲ့ ဟိုလူကြီးကို တိုက်တိုက်ဆိုင်ဆိုင် မြင်ယောင်မိတယ်ဗျာ... ပြောလို့တော့ မရဘူးဗျို့ လူ့လောကက ထွက် သွားရရင်တောင် မကျွတ်မလွတ်ဖြစ်ပြီး လူတွေကို ဆက်ပြီး ဒုက္ခပေးရင် ပေးနေဦးမှာ။ နေတာကလည်း ကြပ်ပြေးလေ...။
“ကားပေါ်မှာလိုက်လာတယ်” 
ရုပ်ရှင်ကြည့်ရန်လင့်(ခ်) 

ဒေါင်းလုပ်ဖိုင်များ မူရင်း ဆိုက်မှာ ကူးမရရင် ဒီမှာကူးနိုင်ပါတယ်...။
ရုပ်သံဖိုင် ပထမပိုင်း http://www.mediafire.com/?kq52taeim670qhe
ရုပ်သံဖိုင် ဒုတိယပိုင်း http://www.mediafire.com/?9az325zuq3ml9n6
ရုပ်သံဖိုင် တတိယပိုင်း http://www.mediafire.com/?92g9up7p2212bc6
ရုပ်သံဖိုင် စတုတ္ထပိုင်း http://www.mediafire.com/?yy81693sj244bcg