ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များမှ ကြီးမှူးကျင်းပသည့် (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် သဘာပတိ သခင်သိန်းဖေ ပြောကြားသည့် မိန့်ခွန်း
ကြွရောက်လာကြတဲ့
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ကြီးငယ်များ
- တိုင်းရင်းသားလူမျိုးစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ
- ပါတီအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ
- လွတ်လပ်ရေးတိုက်ပွဲဝင် အသက်မသေကျန်ရစ်ခဲ့သော ရဲဘော်ကြီးများ
- တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ဒီမိုကရေစီအခွင့်အရေးများရရှိရေးအတွက် တိုက်ပွဲဝင်နေကြ သော အမျိုးသား/ အမျိုးသမီး၊ ကျောင်းသားလူငယ်မောင်မယ်များ ခင်ဗျား။
ကနေ့ သက္ကရာဇ် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အခုလို တက်တက်ကြွကြွတက်ရောက်လာကြတဲ့ အတွက် ကျနော် တို့ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ခွန်း ဆက်ပါတယ်။ တိုက်ပွဲဝင်ရဲဘော်ရဲဘော်မများဖြစ်ကြတဲ့အတွက် တွေ့ကြုံဆဲ တွေ့ကြုံရအံ့သော ဘေးအန္တရာယ် အသွယ်သွယ်မှလဲ ကင်းဝေးလွတ်မြောက်ကြပါစေလို့ မေတ္တာပို့သပါတယ်။
ကျနော်တို့ ကိုယ်တိုင်ကလဲ အသက်အရွယ်ကြီးရင့်နေကြသည့်တိုင် မူလရည်မှန်းချက်ပန်းတိုင် ရောက်သည့်အထိ ခင်ဗျားတို့နှင့်အတူ မခွဲတမ်းလက်တွဲဆောင်ရွက်ကြမယ်ဆိုတဲ့ ကျနော်တို့အားလုံးရဲ့ အဓိဌာန်ကိုပြောကြားလိုပါတယ်။
ရဲဘော်များခင်ဗျား-
ကျနော်တို့ရဲ့ မိဘဘိုးဘွားများနှင့်အတူ ပြည်သူတစ်ရပ်လုံးဟာ ခရစ်သက္ကရာဇ် ၁၈၈၅၊ နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်လက်ဝယ်ရရှိရေးအတွက် ကြိုးပမ်းရာမှာ နှစ်ပေါင်း ၁၂၇နှစ်ခန့် သူ့ကျွန်မခံချင်တဲ့ မျိုးချစ်ရဲဘော်တိုင်းရင်းသားပြည်သူတွေရဲ့ သွေးတွေနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီလို တိုက်ပွဲဝင်ခဲ့ရာမှာ ကျနော်တို့ ရည်မှန်းချက်တိုက်ပွဲကြွေးကြော်သံကဘာလဲ… အားလုံးသိတဲ့အတိုင်းပဲ။ `လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဖြစ်တယ်´ ဒီကြွေးကြော်သံဟာ တစ်ခုနဲ့တစ်ခု မှီငြမ်းပြုနေတယ်။ အကျိုးတရားက ဆက်စပ်နေတယ်။ လွတ်လပ်တယ်ဆိုတာလဲ ပြောရတာ လွယ်ပေမယ့် လွတ်လပ်ရင် ဒီမိုကရေစီရှိရမယ် ငြိမ်ချမ်းရေးရရှိမယ်။ လူတွေရဲ့ မူလအခွင့်အရေးပြည့်ပြည့်၀၀ရနေရမယ်။ လူတွေအားလုံးဟာ မွေးရာပါလွတ်လပ်ခွင့်တွေခံစား ခွင့်ရှိရမယ်။
၁၉၄၃၊ သြဂုတ်လ(၁)ရက်နေ့မှာ ကျနော်တို့ လွတ်လပ်ရေးရပြီဟေ့လို့ ကြေညာခံခဲ့ရပါတယ်။ အဲဒီအချိန်မှာဘဲ ကျနော်တို့ရဲဘော်တွေဟာ ဖက်ဆစ်အကျဉ်ထောင် တွေအတွင်းမှာ ရေနွေးလောင်းပြီး လက်သည်း၊ ခြေသည်းတွေ ပလာယာနဲ့ ဆွဲနှုတ်ညှင်းပမ်းတာ၊ ထုပ်မှာဇော်ထိုးဆွဲပြီး ညှင်းပမ်းတာ၊ တွင်းနှုတ်ခမ်းဝထိုင်ပြီး ခေါင်းဖြတ်အသတ်ခံရတာတွေ ခံနေရပါတယ်။ ကျနော်တို့ မြောင်းမြမှာဆိုရင် လုပ်ဖော်ကိုင်ဖက်ရဲဘော် ၃၀ကျော်ဟာ မြို့လယ်ခေါင်မှာ လူအများရှေ့မှာ ဓါးနဲ့ခုတ်အသတ်ခံခဲ့ရပါတယ်။ ခင်ဗျားတို့အားလုံးသိပါတယ်။
ဒါဟာ လွတ်လပ်ရေးလား…
ရဲဘော်များခင်ဗျား…
ကျနော်တို့ တိုင်းပြည်တကယ်လွတ်လပ်ရေး ကြေညာနိုင်ခဲ့တာ ၁၉၄၈ခုနှစ်ကပါ။ အခုဆို ၆၂နှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေးမရခဲ့ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေး ကြေညာပြီး ၃လအတွင်းမှာပဲ တစ်ကြိမ်တစ်ခါတုန်းက လွတ်လပ်ရေး၊ ဒီမိုကရေစီရေးအတွက် လက်တွဲ တိုက်ခဲ့ကြတဲ့ ရဲဘော်၊ ရဲဘက်တွေ အချင်းချင်း အယူအဆကွဲရာက ငါမှငါဆိုတဲ့ အတ္တလွန်ကဲရာက နိုင်ငံရေးစကားနဲ့ပြောရရင် ဂိုဏ်းဂဏ၀ါဒတွေ မိုးမွှန်ပြီး အချင်းချင်းတိုက်ကြ၊ ခိုက်ကြနဲ့ ပြည်တွင်း စစ်ဖြစ်ခဲ့ရပါတယ်။
ပြည်တွင်းစစ်ကြောင့် ကျနော်တို့ တိုင်းပြည်ဖွတ်ဖွတ်ကြေခဲ့ပြီး ပြည်တွင်းစစ် (၁၀)နှစ်မြောက် အချိန်မှာ လွှတ်တော်အတွင်း စစ်တမ်းအရ နှစ်ဖက်အင်အားစုတွေ သုံးသောင်းကျော် သေဆုံးခဲ့ရပြီး အပျက်အစီးအားလုံး သန်းပေါင်းများစွာရှိခဲ့ပါတယ်။ သေဆုံးကြရတဲ့ အင်အားဟာ ကုန်လုပ်အင်အားစွမ်းအင်တွေ မဟုတ်လား။ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်းဖိုးကို တွက်ကြည့်ရင် အထက်တန်းကျောင်းကြီးတွေ၊ ဆေးရုံကြီးတွေ ဘယ်လောက်ဆောက်နိုင်မလဲဆိုတာ သိနိုင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ။ တိုင်းပြည်အနေနဲ့ကော တိုးတက်ရမဲ့အစား မတိုးတက်တဲ့အပြင်၊ မိမိနောက်က နောက်ကျနေခဲ့တဲ့ အိမ်နီးခြင်းနိုင်ငံတွေ၊ ရှေ့ရောက်သွားတာကို မော့ကြည့်ငေးကြည့် နေခဲ့ရတယ် မဟုတ်လား။ ဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရသလဲ။
တကယ့်အဖြေမှန်ကတော့ အင်္ဂလိပ်လက်အောက် ကျွန်ဘ၀က လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်ခဲ့စဉ်ကကော ဖက်ဆစ်စစ်ဘီလူးတွေကို တိုက်ခဲ့တုန်းကကော အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသက်သွေးနဲ့လဲပြီး တည်ဆောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲခဲ့လို့ပဲဆိုတာ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လွတ်လပ်ရေးရခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့တဲ့အတွက် လွန်ခဲ့သော ၆၂နှစ်ကတည်းက ရခဲ့တဲ့လွတ်လပ်ရေးရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ယနေ့ထက်တိုင် မခံစားကြရသေးပါဘူး။
အဲဒီတုန်းကတည်းက ပြိုကွဲခဲ့ရတဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးဟာ အခုထက်ထိရင်ကြားမစေ့နိုင်သေးပဲ ပြန်လည်နလံမထူနိုင်သေးတာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ ဆိုရမလား ဒါမှမဟုတ်ခေါင်းဆောင်တွေရဲ့ အချင်းချင်းမယုံသင်္ကာမှုတွေ၊ သံသယတွေ၊ အာဃာတတွေ အတ္တစိတ်လွန်ကဲမှုတွေကြောင့် ဖြစ်တယ်ဆိုရင် ဘယ်သူတွေငြင်းနိုင်မှာလဲ။
ရဲဘော်များခင်ဗျား…
ကနေ့ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့် ချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို ပြန်လည်မတည်ဆောက်နိုင်သေးတော့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ အဖက်ဖက်က ချွတ်ခြုံကျနေတာတွေ့ရပါတယ်။ မွေးရာပါ လူ့အခွင့်အရေးတွေ လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့် အသင်းအပင်းအဖွဲ့အစည်း ထူထောင်ခွင့်တွေဆုံးရှုံးနေပါတယ်။ ပညာခေတ်ကြီးအဖြစ် နိုင်ငံတကာမှာ အတတ်ပညာ၊ အသိပညာတွေ ရှေ့ကို တဟုန်ထိုးတိုးတက် နေချိန်မှာ ကျနော်တို့သားသမီးတွေ အားလုံးဟာ နောက်မှာကျန်နေခဲ့ရပါတယ်။
အဆိုးဆုံးကတော့ ကနေ့ခြိမ်းခြောက်ခံနေရတဲ့ တတိယကမ္ဘာစစ်အန္တရာယ်ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံကြီးတွေဟာ လက်နက်အပြိုင်အဆိုင်တပ်ဆင်ပြီး စစ်အေးခေတ်ပြိုင်ဆိုင်မှုကို ပြည်လည်ထူထောင်နေကြပါတယ်။ စစ်အင်အားတွေတိုးချဲ့နေကြပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ရာခိုင်နှုန်းထက်ဝက်ကျော်ကို စစ်ရေးအတွက် စစ်တပ်တိုးချဲ့ဖို့ လက်နက်အဆန်း တွေထုတ်လုပ်ဖို့ သုံးစွဲနေကြပါတယ်။ အဲဒီပြည်သူလူထုတွေဟာလည်း စစ်ဝန်တွေပိပြီး စစ်ကျွန်တွေ ဖြစ်မှန်းမသိဖြစ်နေကြရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည် ဟီရိုရှီးမားနဲ့ နာဂါစကီမှာ ချခဲ့တဲ့ အနုမြူဗုံးတစ်လုံးဟာ တစ်မြို့လုံးပြပုံအတိဖြစ်လူတွေဟာ သိန်းနဲ့ချီပြီးသေခဲ့ရပြီး မသေကျန်ခဲ့တဲ့ လူအနည်းငယ်ဟာ နှစ်ပေါင်း ၂၀ခန့်နှစ်ချီပြီး အနုမြူအဆိပ် သင့်မှုကို နလံမထူနိုင်၊ လူလုံးမလှအောင် ခံစားခဲ့ရပါတယ်။
အခုအင်အားကြီးနိုင်ငံတစ်ချို့မှာရှိနေတဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးဟာ ဒုတိယကမ္ဘာစစ် အတွင်းက ကြဲချခဲ့တဲ့ အနုမြူဗုံးထက် အဆ၁၅၀ပိုပြင်းပြီး သာမိုညူကလီးယားဗုံးဟာ အဆ၅၀၀၀ခန့် ပိုပြင်းတယ်လို့ ဂျာနယ်တစ်ချို့မှာ ရေးထားတာတွေ့ရပါတယ်။ ဒီအတိုင်း ဒီလက်နက်တွေနဲ့ တတိယ ကမ္ဘာစစ်ဖြစ်လာရင် ကမ္ဘာတစ်ဝှမ်းလုံး အလုံးစုံပျက်စီးရမဲ့ ဘ၀ရောက်ရမှာ မလွဲဘူးလို့ ကျနော်ထင် ပါတယ်။
ကျနော်တို့ တိုင်းပြည်ဟာ ဘယ်သူ့အတွက်မှ ပါဝင်စစ်ဖက်ပြိုင်မှာ မဟုတ်တဲ့အပြင် ရန်စကျူးကျော်မှု၊ စွက်ဖက်မှုလဲ လုပ်မဲ့နိုင်ငံမဟုတ်ပေမယ့် ကမ္ဘာာစစ်မြေပြင်မှာ မြေဇာပင်ဖြစ်ရမဲ့ ဘ၀ရောက်မှာ မလွဲဘူးလို့ ကျနော်ထင်ပါတယ်။
ရဲဘော်များခင်ဗျား…
ကျနော်ပြောခဲ့တာကို ခြုံငုံသုံးသပ်ကြည့်ရင် ကျနော်တို့ နိုင်ငံကြီးတွေဟာ အချို့ရန်လို တဲ့ အစွန်းရောက်နိုင်ငံတွေရဲ့ လက်နက်ပြိုင်ဆိုင်မှုတွေကြောင့်
- တတိယကမ္ဘာစစ်ရဲ့ စစ်နှုတ်ခမ်းဝမှာထိုင်နေရသလိုဖြစ်နေပါတယ်။ လူသားအန္တရာယ်ရဲ့ အင်မတန် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
- ပြည်တွင်းမှာလဲ လူမှုရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
- အမျိုးသားညီညွတ်ရေးပြိုကွဲနေတဲ့ ရင်ကြားမစေ့နိုင်သေးတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ရပါတယ်။
ရဲဘော်များခင်ဗျား…
ကျနော်တို့အားလုံး ၆၂နှစ်ကြာ ရင်ဆိုင်နေခဲ့ကြရတဲ့ အထက်ပါအထွေထွေအကျပ်အတည်း ကြီးတစ်နည်းပြောရရင် အမျိုးသားရေးအကျပ်အတည်း (National Crisis)ကို ဖြေရှင်းဖို့ဆိုရင် တစ်မျိုးသားလုံး ၀ိုင်းဝန်းပူးပေါင်းဖြေရှင်းမှသာ ပြေလည်မှာပါ။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းတည်းကမှ တာဝန်ယူဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ `အမျိုးသားသွေးစည်းညီညွတ်ရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို´ မဖြစ်မနေ တည်ဆောက်ဖို့ပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့ အတွက် တာဝန်ရှိသူအားလုံးဟာ တစ်ဦးကိုတစ်ဦးအကဲခတ်နေဖို့ မြေစမ်းခရမ်းပျိုးနေဖို့ အချိန်မဟုတ် တော့ဘူး။ အန္တရာယ်အသွယ်သွယ်ဟာ ကျနော်တို့ အားလုံးကို ခြိမ်းခြောက်နေပြီဆိုတာ သိဖို့လိုပါတယ်။ အချိန်မနှောင်းသေးပါဘူး။ အခုစရင် အခုဖြစ်နိုင်တဲ့ အခြေအနေပါ။
ကျနော်လဲ အခါအခွင့်သင့်တိုင်း ညီညွတ်ရေးစကားကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျနော်တို့က ပါတီတစ်ခုမဟုတ်ပါဘူး။ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အကြံပေးဖို့ပဲ တတ်နိုင်ပါတယ်။ ကျနော်တို့ စွမ်းအားရှိသလောက် ကူညီပါ့မယ်။ ဒါကြောင့် ပတ်သက်သူအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။
- အလုပ်တူ စလုပ်ကြပါ။
- အလုပ်တူလုပ်ရင်း အချင်းချင်းနားလည်မှု ရလာပါလိမ့်မယ်။
- နားလည်မှုရရင် သံသယတွေ မသင်္ကာမှုတွေပျောက်ပြီး၊ ညီညွတ်ရေးစိတ်ဓာတ်ဖွံ့ဖြိုးလာ ပါလိမ့်မယ်။
- ဘုံလုပ်ငန်းစဉ်တစ်ရပ်ပေါ်ပေါက်လာပါလိမ့်မယ်။
- ညီညွတ်ရေးရလာပါလိမ့်မယ်။
- အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ညီညွတ်ရေးရလာပါလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ရဲဘော်များ/မိတ်ဆွေများခင်ဗျား…
ကျနော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများကိုးကွယ်တဲ့ ဘာသာဖြစ်တာမို့ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာတရားဟာ ရန်အသွယ်သွယ်ကို အောင်မြင်နိုင်ခဲ့သလို အခြားဘာသာများဟာလဲ မေတ္တာတရားကို ရှေ့တင်ထားတဲ့ ဘာသာတွေဖြစ်ကြတဲ့အတိုင်း မေတ္တာတရားရှေ့တန်းတင်ကြပြီး သဘောထားကွဲလွဲမှုတွေ ရှိသင့်သလောက်ရှိသည့်တိုင် လိုတိုးပိုလျှော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သည့်အတိုင်း သူမနာ၊ ကိုယ်မနာနည်းနဲ့ ညီညွတ်ရေးကို စတင်တည်ဆောက်ပြီး အမျိုးသားရေး အန္တရာယ်ကို တားဆီးကာကွယ်ကြပါလို့
- နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ပုဂ္ဂိုလ်များ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ
- တိုင်းရင်းသား လူမျိုးစုအားလုံး၏ ခေါင်းဆောင်များ
- ပတ်သတ်သူ (အင်အား/ကြီးငယ်မဟူ) အားလုံးကို
ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
ညီညွတ်ရေး အောင်ရမည်။
သခင်သိန်းဖေ
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ)။

မနက်ဖြန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" အန်ကယ်တို့ အဖွဲ့ချုပ်ရုံးမှာ (၂)ရက်နေ့ကစပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲ ပြုလုပ်နေပါတယ်..... ပန်းချီပညာရှင်တွေက သူတို့ရဲ့ကိုယ်တိုင်ရေးပန်းချီကားတွေ ကိုလှူပါတယ်။ ရောင်းချလို့ရတဲ့ ငွေတွေကို အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကိုလှူဒါန်းပါမယ်။ သံရုံးတွေကလည်း ပန်ချီကားတွေ လာကြည့်ကြပါတယ်။ "....
၁၉၄၈ခုနှစ် ဇန္နဝါရီလ( ၄)ရက်နေ့ လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ မြန်မာပြည်ပြည်သူလူထုဟာ လွတ်လပ်ရေးရဲ့ အရသာကို အပြည့်အဝ မခံစားရသေးပါဘူး....။ ၁၉၄၈ခုနှစ် မှ ၁၉၆၂ခုနှစ်အထိ ပါလီမာန်ဒီမိုကရေစီစံနစ် သက်တမ်းနုနယ်စဉ်မှာပဲ သမိုင်းတရားခံ ဦးနေဝင်းရဲ့ စစ်အာဏာရှင်စံနစ် သွတ်သွင်းခြင်းခံခဲ့ရတာ ယခုအထိတိုင်ပါပဲ....လာမည့် (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မှလည်း ဒီဇင်ဘာ(၃၁)ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်....(ထုတ်ပြန်ချက် ဖတ်ရန်)
မနက်ဖြန်မှာ ပြုလုပ်မယ့် အဖွဲ့ချုပ်ရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား အစီအစဉ်များကို ဆက်လက်ပြောကြားရမှာတော့

နေ့လည် (၁၂)နာရီမှာ အခမ်းအနားကို စတင်ကျင်းပပါမယ်.. သဘာပတိမိန့်ခွန်းပြောပါမယ်....လွတ်လပ်ရေးနေ့ ကြေငြာချက်ကို ထုတ်ပြန်ပါမယ်... လွတ်လပ်ရေးနေ့အထိမ်းအမှတ် စကားရည်လုပွဲ ပြုလုပ်ပါမယ်... ပြည်နယ်နဲ့တိုင်းအသီးသီးက ဝင်ရောက် ယှဉ်ပြိုင်ကြပါမယ်....
ဆက်လက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံအမှုကိစ္စနဲ့ ပတ်သတ်ပြီး ဆက်လက်မေးမြန်းရာမှာတော့ အမှုအတွက် လျှောက်လဲချက်ရေးနေပါတယ်.. ပြီးရင်တွေ့ခွင့်ရဖို့တောင်းပါမယ်။ ၁၈ရက်နေ့မတိုင်မှီ တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

သတင်း.ဒီမိုဝေယံ.....

အဖွဲ့ချုပ်ရုံးဓာတ်ပုံများ မိုးမခသတင်းဋ္ဌာန မှရယူပါသည်...
သတင်း.ဒီမိုဝေယံ.....
ဘတစ်ပြန် ကျားတစ်ပြန်
သူ့ထက်ငါ အလုအယက်
ပေးဝေမျှတဲ့ မေတ္တာတွေ
နှစ်ထောင့်တစ်ဆယ် နှစ်သစ်ကူးတဲ့ညမှာလေ!
တဏှာ့ကျွန်လည်း မခံပြီ
စစ်ကျွန်လည်း မခံချင်တော့ပြီမို့ 
ဝဋ်ကြွေးတွေလည်း ပြေ
ကံကြွေးတွေလည်း ကြေ
ထွက်ရပ်လမ်းကို မှန်းရည်၍
ဒီဘ၀ ဒီလမ်းဆုံးရင်ဖြင့်
နောင်ဘ၀ လူ့ ပြည်ကိုလည်း ခြေမလှမ်းချင်တော့
ဘုရားမကြိုက်တဲ့ လူမဖြစ်ရန် သံဓိဋ္ဌာန်ချမိပါရဲ့ !
အကယ်၍များ မျက်စိလည်လမ်းမှား
ကမ္ဘာမြေကို အလည်ပြန်ရောက်ခဲ့ရင်ဖြင့်
ဘုရားသားတော်တို့ ရဲ့  စံကျောင်းတော်ရာမှာ
အပြစ်မဲ့တဲ့ ခွေးလိမ္မာ ပါပီလေးသာ ဖြစ်လိုက်ချင်ပါရဲ့ ။
ကျော်သူ
၃၁.၁၂.၂၀၀၉
ည (၁၂း၀၀) နာရီ အတွေး။
မျှဝေပေးပို့ပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်....။
လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။
၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။
၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။
၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။
၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။
၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။
၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။
၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။
၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။
၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။
ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။
(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။
ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝဖေါ်ပြပေးခြင်း မရှိပါ။
အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤလွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။
မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့  မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရားလုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

ပြန်လည်မျှဝေပေးတဲ့ ကိုနစ်နေမန်းအားကျေးဇူးတင်ပါသည်။......
၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။
၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့ အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။
၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက မြစ်ဖျားခံတာပဲ။၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။
၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်Forward Mail ထဲကပါ ပြန်လည်မျှဝေပါတယ်...
သံသရာစက်ဝန်းတစ်ခု၏ ရိုက်ခတ်ရာ ရပ်ဝန်းသစ်
မြစ်ဝကျွန်းပေါ် ဒေသတွေကို နာဂစ်မုန်တိုင်း ကျရောက်ခဲ့သည့် ဖြစ်ရပ်ကြီးကတော့ဖြင့် ကမ္ဘာကပင် မှတ်မှတ်ထင်ထင် ဖြစ်သွားခဲ့ရသည် အထိ ကြီးမားပြင်းထန်ခဲ့လေသည်။ သိုပေမင့် အခုချိန်မတော့ သည်နယ် သည်ဒေသတွေက ယိုင်နဲ့ပြိုလဲခဲ့ရ သည့်ဘ၀တွေကတော့ဖြင့် ပြန်လည် ထူမတ်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။
နာဂစ်မုန်တိုင်းကြီး မွှေနှောက် ခဲ့စဉ် ကာလတွေတုန်းကတော့ မုန် တိုင်းဒဏ်ကို အန်တုခဲ့ကြရသည့် အပြင် မုန်တိုင်းထဲက လွတ်မြောက် ရှင်ကျန်ရပြန်တော့လည်း အသက် ဆက်နိုင်ဖို့ ကယ့်မည့်ကူမည့်သူတွေ ကို စောင့်မျှော်ခဲ့ကြရသည်။ မုန်တိုင်း ကြားတွင် သေကံမရောက် သက်မ ပျောက်ခဲ့ကြပေမင့် မိမဲ့ ဖမဲ့၊ ဆွေမဲ့ မျိုးမဲ့ ဖြစ်သွားကြရရှာသူတွေလည်း မနည်းလှ။ သဘာဝမုန်တိုင်းဆဲချိန် ကျမှ သောကမုန်တိုင်းတွေက ထပ် ဆင့်လို့ မွှေနှောက်ခြင်း ခံလိုက်ရသူ တွေ၏ ဖြစ်ရပ်တွေကလည်း ရှိခဲ့ပြန် သေးသည်။ သည်အရပ် သည်ဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့ကြသူတွေနှင့် ရင်း ရင်းနှီးနှီး တွေ့ဆုံဆွေးနွေးဖြစ်တော့ မှပဲ မုန်တိုင်းဆဲစ ကာလတွေက ဘ၀ ရပ်တည်မှု အခက်အခဲတွေကို ထဲထဲ ၀င်ဝင် သိရှိခဲ့ရပြန်ပါသည်။
သည်မုန်တိုင်းကြောင့် ညီအစ် ကိုမောင်နှမ အဖေ အမေ မိသားစု တတွေ ပြီးတော့ အချစ်ဆုံးသူတွေ လွင့်ပါးပျောက်ကွယ်ခဲ့ရ၍ အိပ်မက် နှယ်ခံစားရရှာ သူတွေကတော့ ဝေ ဒနာဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ရ သည့် သည်နယ် သည်မြေ သည်ရေ ကို စွန့်ခွာပြီး ရေမြေအသစ်ဆီကို ဦး တည်ချင်ကြပါလိမ့်မည်။ အခက် အခဲတွေကြားက ဘ၀ကို ခိုင်မာစွာ တည်ဆောက် ထားကြသူတွေပင် သည်မြေသည်ရေမှာ ဘ၀အားမာန် တွေ ဖြစ်ခဲ့ရသည့် ဓားမဦးချ အလုပ် ကိုပင် မလုပ်ချင်ကြတော့သည်အထိ စိတ်ဓာတ်ခွန်အားတွေ ဆုတ်လျော့ ကုန်ကြရသည်တဲ့။ သည်လိုနှင့် ဘ၀ရပ်တည်မှု အနေအထားအသစ်ကို ကိုယ်နှစ် သက်သလို ချည်းကပ်ကြရင်း တစ် ဦးချင်း တစ်ယောက်ချင်းကနေ တစ် စုတစ်ဖွဲ့အထိ လူကုန်ကူးခံလိုက်ရ သည်ဆိုသည့် အဖြစ်ဆိုးတွေနှင့်တိုး ခဲ့ရသည့်ဖြစ်ရပ်တွေလည်း ရှိခဲ့ရပြန် လေသည်။
ပစ်မှတ်အသစ် ဖြစ်ခဲ့လေတဲ့မုန်တိုင်းထဲက ဘ၀များ
ဧရာဝတီ မြစ်ဝကျွန်းပေါ်လို ဒေသတွေမှာတော့ လူကုန်ကူးတို့ လူမှောင်ခိုတို့ဆိုတာ ကြားပင်မကြား ဖူးခဲ့ကြသည့် စကားရပ်တွေပဲ ဖြစ်ခဲ့ သည်။ နာဂစ်မုန်တိုင်းကြောင့် ဖခင် ဖြစ်သူ မုန်တိုင်းနှင့်အတူ လူ့လောက ထဲမှ အပြီးတိုင် လွှင့်စဉ်သွားခဲ့ရပြီး မုန်တိုင်းကြားက သေကံမရောက် ခဲ့သည့် အမေနှင့်သမီးနှစ်ယောက်ထံ သို့ လူကုန်ကူးနတ်ဆိုးက ၀င် ရောက်လာခဲ့ပြန်လေသည်။ တံငါရွာ မို့ လှေတွေပိုက်တွေ ထောက်ပံ့သော် ငြားလည်း သည်အမေနှင့် သည် သမီးတွေအတွက်တော့ ဘ၀ရပ် တည်မှု အခက်အခဲတွေက တောင် လို မြင့်မောက်နေသည့် အရာလေ။ သည်လိုနှင့် အသိတစ်ယောက်က ရန်ကုန်တွင် အလုပ်ရမည်ဆိုတော့ သမီးနှစ်ယောက်ကို ရန်ကုန်သို့ လွှတ်လိုက်ရသည်တဲ့။
ရန်ကုန်ဆို သည့်အရပ်ကလည်း သူ့အတွက် ကြားသာကြာဖူးသည့် နေရာလေ။ တစ်လကြာလည်း သတင်းမကြား နှစ်လကြာလည်း သတင်းမကြားနှင့် မို့ တစ်နေ့လာနိုး၊ သတင်းကြားရနိုး နှင့် မျှော်ကိုးရင်း အားကိုးရာ ရှာနေ ရချိန်တွင် ရွာကို ကူညီထောက်ပံ့ဖို့ ရောက်လာကြသည့် လူမှုကူညီရေး အသင်းအဖွဲ့တွေနှင့် သက်ဆိုင်ရာ တွေကို အားကိုးတကြီး အကူအညီ တောင်းတော့မှ သမီးနှစ်ယောက် အပါအ၀င် သည်ရွာက မိန်းကလေး အချို့ နယ်စပ်မှာ ဒုက္ခရောက်နေ သည့်သတင်းကို ကြားသိလိုက်ရ လေသည်။ သက်ဆိုင်ရာတွေက လည်း အချိန်မီ ကယ်ဆယ်လိုက် နိုင်သည့်အတွက် သူတို့မိသားတစ်စု ပြန်လည် ဆုံတွေ့ခွင့်ကို ကံကောင်း ထောက်မစွာ ရခဲ့လေသည်။ သည်လို အဖြစ်အပျက်တွေက တော့ မုန်တိုင်းဆဲစကာလ၊ ကယ် ဆယ်ရေး ကူညီရေး ထောက်ပံ့ရေး အဖွဲ့တွေ မရောက်လာသေးမီကာလ၊ အခုလို အသားမကျနိုင်သေးသည့် ကာလတွေမှာ ဖြစ်ခဲ့ပျက်ခဲ့ ကြုံတွေ့ ခဲ့ရသည့် ဧရာဝတီ ဇာတ်လမ်းတွေပဲ ဖြစ်သည်။

မုန်တိုင်းပြီးစ ကာလတွေတုန်း ကတော့ နာဂစ်ဒေသတွေမှာ လူမှု ကူညီရေး အဖွဲ့အစည်းတွေနှင့်အတူ လူကုန်ကူးဂိုဏ်းတွေက စနစ်တကျ အကွက်ချပြီး ၀င်ရောက်လာခဲ့ကြ တာမျိုးတွေရှိသည်။ လူမှုကူညီရေး အဖွဲ့အစည်းတွေကလိုလို၊ ဘာသာ ရေးအဖွဲ့အစည်းကလိုလိုနှင့် အရိုးခံ ရွာသူရွာသားတို့ အတွင်းစည်းကို အရအမိ ထိုးဖောက်နိုင်ခဲ့ကြလေ သည်။ အဲသည်အချိန်တုန်းကတော့ ကိုယ့်ရပ်ကိုယ်ရွာအတွက် ကူညီဖို့ လာကြတာလား၊ အမြတ်ထုတ်ဖို့ လာခဲ့ကြလေသလား ဆိုတာ မသိ နိုင်သေးသည့် သဘာဝမုန်တိုင်းကြီး ဆဲစ ကာလတွေပင် ဖြစ်သည်။ ပြီး တော့ အသက်မသေ ရှင်ကျန်ရစ်သူ တွေအတွက်တော့ ဘာဆိုဘာမှ မသိ မမြင်နိုင်လောက်အောင် ရင်အစုံ ဟင်းလင်း ပွင့်နေခဲ့ချိန်တွေ လည်း ဖြစ်ပါမည်။
အထူးသဖြင့်တော့ ကလေး ငယ်တွေရဲ့ ဘ၀တွေပဲ ဖြစ်သည်။ ချစ်လို့မွေးစားပါရစေ ဆိုလာတော့ လည်း သြော်ဟုတ်မှာပဲဆိုပြီး ထည့် လိုက်ကြသည်သာ။ သူတို့လေးတွေ မှာ အဖေအမေကလည်း မုန်တိုင်း ကြီးနှင့်အတူ လွင့်စဉ်ခဲ့ရရှာသည် လေ။ ရွာခံလူကြီးတွေကလည်း သူ တို့ကိုယ်တိုင်ပင် ကူသူကို ကယ်သူ ကို မျှော်နေကြရရှာသည့် အချိန် အခါတွေပဲဖြစ်သည်။ အဲသည်အချိန် အဲသည်အခါက အဖြစ်အပျက်တွေ ကတော့ ဘယ်သူက ဘယ်ကို ခေါ် သွားကြမှန်း ခုချိန်အထိကို မသိရ သေးသည့် အနေအထားတွေလည်း ဖြစ်ခဲ့ကြသည်။ တကယ်ပဲ ချစ်လို့ ခေါ်သွားကြတာလား။ ရောင်းစားဖို့ ပဲလား။ အတင်းအကြပ်စေခိုင်းဖို့လေ လား။ ဘယ်သူမှ မသိနိုင်ခဲ့သည့် အဖြစ်တွေပဲ ဖြစ်သည်။ သည်လိုနှင့် ဧရာဝတီရဲ့ အနာဂတ်ကို ပုံဖော်ထု ဆစ်ကြမည့်သူတွေ အသီးမသီးမီ အကင်းအငုံဘ၀မှာပင် ချွေချခံလိုက် ရလေသည်တဲ့။ ရွာတစ်ရွာက အဖြစ် အပျက်ကလည်း ယောက်ျားသား အားကောင်း မောင်းသန်ကြီးတွေကို နယ်စပ်မှာ အလုပ်ရမည်ဆိုကာ ခေါ် သွားကြသည်တဲ့။ ဒါကလည်းအကူ အညီပေးလိုလှပါသည် ဆိုသည့် ဘာသာရေး အဖွဲ့အစည်းတစ်ခုက ပါဝင်ပတ်သက်နေသည်ဟု သိရပြန် သည်။ သက်ဆိုင်ရာက အချိန်မီ တားဆီးနိုင်ခဲ့၍သာ။ သည်လိုဖြစ် ရပ်တွေကြောင့် နာဂစ်ဧရိယာတွေမှာ လူမှုကူညီရေးအဖွဲ့အစည်းတွေ မှာလည်း အသွင်ယူ ပုံမှားရိုက်နေသူ တွေကြောင့် လုပ်ရကိုင်ရ ခက်ခဲခဲ့ကြ သလို သက်ဆိုင်ရာကလည်း လိုအပ် သည့် ပြင်ဆင်မှုတွေ စိစစ်မှုတွေ လုပ်ခဲ့ကြရလေသည်။

ကမ္ဘာတစ်ဝန်းလုံး ဘယ်အရပ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် သဘာဝ ဘေးအန္တရာယ်ဆိုးကြီး တစ်ခုခုနှင့် ဆုံရကြုံရပြီ ဆိုသည်နှင့် အဲသည့် အရပ်ဒေသတွေမှာ သဘာဝပတ် ၀န်းကျင် ယိုယွင်းမှုတွေ ဖြစ်ပေါ်လာ ကြရသည်။ ရေကြီးခြင်း၊ မီးလောင် ခြင်း၊ မုန်တိုင်းများကျရောက်ခြင်း စသည့် သဘာဝဘေးကြီးတွေ ကျ ရောက်ပြီးချိန်မှာတော့ အဲသည့်ဒေသ တွေမှာ တည်ရှိနေသည့် သဘာဝ ပတ်ဝန်းကျင်တွေ ယိုယွင်းပျက်စီး ကုန်ကြရသည်။ သောက်သုံးရေတွေ မသန့်ရှင်းလေတော့၊ သစ်ပင်တွေ ပြိုလဲ ပျက်စီး ကုန်ကြပြီဆိုတော့ သည်မြေသည်ရေကို အမှီပြုရသည့် ပင်မ စီးပွားရေးလုပ်ငန်းတွေ ပျက် သုဉ်းကုန်ရပြန်သေည်။ ရေတွေခမ်း ခြောက်၊ မြေမျက်နှာသွင်ပြင် လက္ခ ဏာတွေ ပြောင်းလဲ ကုန်ကြပြီဆို တော့ စိုက်မရ ပျိုးမရတွေ ဖြစ်ကုန် ကြရသည်။ သည်မှာတွင်ပင် ဘ၀ ရပ်တည်မှုတွေ ခက်ခက်ခဲခဲ ဖြစ်ကုန် ကြရတော့သည်။ သည်တော့လည်း ဘ၀ရပ်တည်မှုအတွက် မျှော်လင့် ချက်အသစ်ဖြစ်တည်ရာသို့ ပြောင်း ကြရွှေ့ကြရင်း လူကုန်ကူးခံရဖို့ရာ အခြေအနေတွေက ဖန်လာပြန်တော့ သည်။
သဘာဝဘေးကြောင့် သဘာ ၀ပတ်ဝန်းကျင်ပျက်ယွင်းမှုတွေ ဖြစ် ရသည်။ သည်နောက်မှတော့ ဘ၀ ရပ်တည်မှုတွေအတွက် ရွှေ့ပြောင်း သွားကြရရင်း လူကုန်ကူးခံရခြင်းဆို သည့် ဖြစ်စဉ်တွေက ဆက်တိုက် လည်ပတ်နေသည့် စက်ဝန်းကြီး တစ်ခုနှယ်ရှိသည်ဟု လူကုန်ကူးမှု ဆိုင်ရာများကို လေ့လာနေသူ စာရေး ဆရာသုတေသီ ၀င်းနိုင်ထွန်း ကဆို ခဲ့ဖူးသည်။ သည်စက်ဝန်းကြီး၏ ရိုက်ခတ်မှုအားကလည်း ကြီးမား လှသည်။ သုတေသီများ၏ တွက်စစ် ချက်တွေ အရတော့ သဘာဝဘေး၊ သဘာ၀၀န်းကျင်ယိုယွင်းမှု၊ ဘ၀ ရပ်တည်မှု အခက်အခဲကြောင့် ကမ္ဘာ တစ်ဝှန်းလုံးတွင် ရွှေ့ပြောင်းသွား လာနေကြသူတွေ ယနေ့အချိန်တွင် ၂၄ သန်းခန့် ရှိနေပေပြီ။ နောင်လာ မည့် ၂၀၂၅ ခုနှစ်တွင်တော့ သည် အရေအတွက်သည် သန်း ၂၀၀ ခန့် အထိပင် မြင့်တက်သွားနိုင်မည်တဲ့။ သည်အရေအတွက်တွေသည် လူ ကုန်ကူးမှုခံရနိုင်သည့် ပမာဏပဲ ဖြစ် သည်။ ၂၀၀၄ ခုနှစ်က ဆူနာမီ သဘာဝဘေးကြီးကြောင့် အင်ဒိုနီး ရှားနိုင်ငံတွင် ကလေးငယ် ခုနစ် သောင်းခန့် မိမဲ့ ဖမဲ့ အိုးမဲ့အိမ်မဲ့ ဖြစ် သွား ခဲ့ရသည်။ သူတို့လေးတွေ အနက် ထက်ဝက်ခန့်မှာ လူကုန်ကူး ခံလိုက်ရခြင်းဆိုသည် နောက်ဆုံး ဖြစ်စဉ်ထဲသို့ သက်ဆင်း သွားရရှာ သည်။ ဒါကတော့ ယူနီဆက်က ထုတ်ပြန်တာပဲဖြစ်သည်။ အခုတော့ သည်စက်ဝန်းကြီး၏ ရိုက်ခတ်ရာ ရပ်ဝန်းသစ်အဖြစ် ဧရာဝတီဒေသ တွေကို မြင်ရပြန်လေသည်။

သည်လိုနှင့်ပင် မြစ်ဝကျွန်းပေါ် နယ်ပယ်တွေ တကြောမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေနှင့် တွဲစပ် ၍ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းတွေ ပြီးတော့ လူ ကုန်ကူးခံရခြင်းဆိုသည် အန္တရာယ် ဆိုးကြီး မကျရောက်ရအောင် လူမှု ကူညီရေးအဖွဲ့အစည်းတွေ သက် ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွေ က လက်တွေ ခိုင်ခိုင်မာမာ တွဲလိုက် ကြပြီဖြစ်သည်။ သည်ဒေသေ သည် ရေသည်မြေတွေသည် သဘာဝဘေး ကြီးကျရောက်ပြီး နောက်ပိုင်းတွင်မှ သဘာဝပတ်ဝန်ကျင်ွယိုယွင်းမှုတွေ အပါအ၀င် နာကြည်းဖွယ် အဖြစ် အပျက်တွေကလည်း ဒေသခံတွေ ကို ရေသစ်မြေသစ် ရင်ခွင်သစ်ဆီသို့ အရောက် တွန်းပို့လိုက်ကြပြီ ဖြစ် သည်။ ဒါသည်ပင်လျှင် လူကုန်ကူး ခံရခြင်းဆိုသည့် နောက်ဆက်တွဲ ပြဿနာတစ်ရပ်ကို ဖိတ်ခေါ်လိုက် ခြင်းပင်ဖြစ်သည်။ သည်နယ်သည် ဒေသတွေသည် လူကုန်ကူးဂိုဏ်း များ၏ ပစ်မှတ်အသစ်လည်း ဖြစ်ခဲ့ ရလေသည်။ သဘာဝမုန်တိုင်းကြီး ဆဲခဲ့သော်လည်း သောကမုန်တိုင်း တွေ ထပ်တလဲလဲ မကျရောက်စေဖို့ ဒေသခံတွေအကြား လူကုန်ကူးမှု နှင့်ပတ်သက်သည့် သိသင့်သိထိုက် တာတွေကို စိတ်ရှည်လက်ရှည် တစ် အိမ်ဝင်တစ်အိမ်တက် လယ်ထဲယာ ထဲအထိ ပြောနိုင် ရှင်းနိုင်ဖို့ လိုပါ မည်။ အမျိုးသား အမျိုးသမီး မရွေး ကလေးငယ်လေးမှသည် အသက် လေးဆယ်ကျော် ငါးဆယ်နီးပါး ယောက်ျားရင့်မကြီးတွေအထိ သည် အန္တရာယ် သည်အရေးကို သိဖို့လို အပ်လှပြီ။ လူကုန်းကူး ခံကြရသူ တွေကိုလည်း ကယ်ဖို့ကူဖို့ လိုအပ်ပြီ ဖြစ်သည်။ သည်အသိ သည်အတွေး များဖြင့်ပင် သည်နယ် သည်ဒေသ တွေတွင် လူမှုကူညီရေးအသင်းတွေ ဒေသအာဏာပိုင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ လက်ချင်းတွဲထား လိုက်ကြပြီဖြစ်သည်။ သည်လို တွဲ လက်တွေကြားက လျှိုထွက်သွားရ သည့် အဖြစ်အပျက်တွေလည်း ရှိ ကောင်း ရှိနိုင်ပါလိမ့်သည်။ အဓိက အချက်ကတော့ ယုံမလွယ်ဖို့သာ ဖြစ် သည်။
လူမှုကူညီရေး အဖွဲ့အစည်း တွေ၊ ဘာသာရေးအဖွဲ့စည်းတွေ ကလည်း အများသားမို့ သည်နယ် သည်ဒေသတွေဆီကို ဦးတည်သွား လာနေကြသည့် အဖွဲ့အစည်းတွေကို သက်ဆိုင်ရာကလည်း စောင့်ကြည့် လေ့လာမှုတွေ ကာကွယ်မှုတွေလုပ် နေရကြရပြီ။ လူမှုကူညီရေးအဖွဲ့တွေ ကလည်း အသိပညာပေးအစီအစဉ် တွေ အင်တိုက်အားတိုက် လုပ်နေကြ ပေမင့် တွဲလက်တွေကြားက လျှို ထွက်သွားစေနိုင်သည့် အတွင်းစည်း က စည်းရုံးနေမှုတွေကတော့ ရှိနေဆဲ ဖြစ်သည်။ ဒါကလည်း နယ်ခံရွာခံ တွေ၏ ကိုယ်ခံအားပေါ်တွင်တော့ မူတည်ပါလိမ့်မည်။ ကျွန်တော်တို့ ကိုယ်ခံအားကောင်းဖို့တော့ လိုအပ် ပါမည်။ ပြီးတော့ သည်နယ်သည် သည်ဒေသက အဖြစ်အပျက်တွေကို အခြားနယ်ပယ်ဒေသတွေက သိရှိနိုင် ဖို့ လူကုန်ကူးခံရမှု အန္တရာယ်ဆိုးကြီး ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာဖို့ ဆိုတာကတော့ ကျွန်တော်တို့ အား လုံးတွင် တာဝန်ရှိပါလိမ့်မည်။
အောင်စည်ဟိန်း၊ ရွှေစင်အိ
ပြန်လည်မျှဝေပေးသူ ကိုဝဏ္ဏအားကျေးဇူးတင်ပါသည်....
ချစ်၍ ခေါ်ရာ . . .

သဘာဝဘေး၊ ပတ်ဝန်းကျင်ယိုယွင်းခြင်းနှင့် လူကုန်ကူးခံရမှု သံသရာစက်ဝန်း

သိကြားစေ သက်သေညွှန်း

ကျွန်တော်တို့ ကျိုက္ကဆံရပ်ကွက်သည် ဗဟန်းမြို့နယ်အတွင်းတွင် ရှိပါသည်။
ကျွန်တော်တို့ ရပ်ကွက်အတွင်းတွင် လမ်းများခင်းမည်ဟု YCDC မှ ရပ်ကွက်အတွင်းသို့ စာရပါသည်။
ထိုသို့ စာမကျခင် မြို့တော်ဝန်မှ လာရောက်ကြည့်ရှုပါသည်။ သို့ရာတွင် လမ်းဘေးပျံကျဈေးဆိုင်များကို တစ်ပေ မလွတ်လျှင် တစ်ပေသာ နောက်ဆုတ်ခိုင်းသည်ကို တော်တော်များများ သိကြပါသည်။
သို့ရာတွင် ရပ်ကွက်လူကြီး ဦးခင်ညွန့်မှ ဆိုင်များကို ဖျက်ခိုင်းပါသည်။ ပြီးနောက် ဆိုင်တစ်ဆိုင်လျှင် 10' x 10' ကို တဆိုင်လျှင် နှစ်သောင်းနှုန်း ကောက်ပါသည်။ ဒါတင်မပြီးသေးပါ။ မိမိဆိုင်ရှေ့ရေမြောင်းကို တစ်ပေလျှင် နှစ်ထောင်နှုန်း ထပ်မံကောက်ခံပါသည်။
၎င်းမှာ ဖြစ်သင့်ပါသလား ဈေးသည်များမှာ မရှိရသည့်ကြားမှ ထိုသို့ပေးရမည်မှာ နူနေသည့်ကြားမှ ၀ဲထပ်ဆွဲနေသည့်ပုံလို ဖြစ်နေရပါတယ် ခင်ဗျာ။ ဒါပေမဲ့ ရပ်ကွက်လူကြီး ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့သူတွေ အကျိုးတူ အကျိုးဖက်တွေကတော့ ၄င်းတို့ ဆိုင်များ အဖျက်မခံရပါ။ သာမန် ဈေးသည်များ၏ ဆိုင်များမှာမူ အဖျက်ခံရသည့်အတွက် ဈေးသည်များမှာ ယနေ့ မနက်က စိတ်ထိခိုက်စွာ ငိုကြွေးနေရပါတယ်။
မြန်မာတို့သည် ခန္တီစ သည်းခံခြင်းတရား လက်ကိုင်ထားသည်မှာ (၁၉၈၈) ခုနှစ်မှ ယနေ့ထက်တိုင်ဖြစ်သည့်ကြားမှ ကျွန်တော့်မှာ မနေနိုင်သဖြင့် ဤမတရားမှုအား ဖေါ်ပြပေးပါရန် ယခုကဲ့သို့  ဖေါ်ပြ အကူအညီတောင်းခံခြင်း ဖြစ်ပါသည်။
မြန်မာမှန်လျှင် မိမိတို့ အိမ်နီးခြင်းများ၊ မိမိနှင့် နီးစပ်သူများနှင့် ဒုက္ခရောက်သူ မည်သူကိုမဆို ကူညီရမည် ဖြစ်ပါသည်။ ကျွန်တော်သည်လည်း မြန်မာထဲမှ မြန်မာတယောက်ဖြစ်နေသဖြင့် လက်ပိုက်ကာ ကိုယ်နှင့်မဆိုင်ဟု နေလို့မရပါ။
ဒီမိုကရေစီနှင့် တရားမျှတမှုကို မြတ်နိုးသူ လူငယ်တဦးအနေဖြင့် မည်ကဲ့သို့မှ လစ်လျူရှူမနေနိုင်ပါ။ သို့ပါသောကြောင့် အဆိုပါ ရပ်ကွက်လူကြီး ဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့ လောဘဇော အစွယ်ထွက်နေပုံကို မြင်စေလိုပါသည်။ ကျန်ကိစ္စများကိုတော့ မပြောလိုတော့ပါ။ အပုပ်ချသည် ထင်မှာစိုးလို့ လိုရင်းသာ တင်ပြပေးပါသည်။
အဆိုပါ ရပ်ကွက်လူကြီး ဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့ ၏ ရှေ့ဆောင်လမ်းပြမှာ ဆရာစံ တောင်ဥက္ကဌ ဦးကျော်ကြီး (ကွယ်လွန်) နှင့် ဗိုလ်စိန်မှန်ဥက္ကဌ ဆရာတင့်(မြန်မာစာ) တို့ပင် ဖြစ်ပါတော့သည်။
(ပြည်တွင်းမှ ပေးပို့လာသည့် ပြည်သူတစ်ဦး၏ ရင်ဖွင့်လာသော စာ ဖြစ်ပါသည်)။

Subscribe to:
Posts (Atom)