ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များတွေ့ဆုံပွဲအား ဧရာဝတီဘလော့(ဂ်)ပါ ရေးသားချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်..

 ဓာတ်ပုံ ဒီမိုဝေယံ
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့ကဝင်ဒါမီယာရှိ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၏ နေအိမ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ NDF လူငယ်အဖွဲ့ဝင် ကိုမြင့်ငွေ နှင့် ကိုမျိုးဇော်အောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သတ်ပြီးhttp://www.irrawaddyblog.com/2010/12/ndf.htmlမှာဖော်ပြပါရှိတဲ့ နိုင်ငံရေးဟာ ကြောက်စရာ ကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျောချင်းကပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကြောင့် လမ်းခွဲကြ၊ ပြစ်တင် ဝေဖန်ကြနဲ့ မျက်နှာချင်း မဆိုင်နိုင်အောင် ဖြစ်သွားကြပါတယ်။ ကြားရတဲ့ သတင်းတွေအရ NLD ရုံးချုပ်မှာ ဆုံတွေ့ကြမှာကို ကန့်ကွက်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။

NDF ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မတွေ့ခင်ကလည်း အထစ်အငေါ့တွေ ရှိကြောင်း သိရပါသေးတယ်။ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က မသိခဲ့ပါဘူးတဲ့။ ရေဒီယိုကတဆင့် NDF က ပြောတော့မှ ဒေါ်အောင်ဆန်းစုကြည်က သိသွားပြီး တွေ့ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်တဲ့။ (ဧရာဝတီ ဘလော့ဂ်စာမျက်နှာမှ)
 
အဆိုပါ သတင်းနဲ့ ပတ်သတ်ပြီး အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ပြလိုက်ရပါတယ်..

မေး။....။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့က NDF ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေတို့ တွေ့ဆုံကြတဲ့ နေရာမှာ တစ်ချို့ အင်တာနက် စာမျက်နှာတွေမှာ ပါရှိနေတာကတော့ အဖွဲ့ချုပ်ရုံးမှာ ဆုံတွေ့ကြဖို့ စီစဉ်တာကို ကန့်ကွက်ကြလို့ နေရာပြောင်းလိုက်ရတဲ့ သတင်းနဲ့ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည် သိခွင့်မရပဲ ရေဒီယိုမှ NDF ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် ကြားသိမှ တွေ့ခွင်ရတယ်လို့ ရေးသားဖော်ပြချက်တွေ မှာပါရှိနေပါတယ်..။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ပြောပြပေးစေလိုပါတယ်..။

ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကို ဒါက်တာဝင်းနိုင်ကို ဦးသိန်းဦးကိုယ်တိုင် ကြိုတင် အကြောင်းကြားပါတယ်။ နောက်တစ်ခုက အဖွဲ့ချုပ်ရုံးချုပ်မှာ ဆုံတွေ့ဖို့ ကန့်ကွက်တယ် ဆိုတာလည်း မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘယ်မှာတွေ့သင်တယ်ဆိုတာနဲ့ တွေ့မယ့်နေရာကို အဲ့ဒီ့နေ့ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ဆုံးဖြတ်တာပါ။ အဲ့ဒီ့နေ့က NDF လူငယ်နှစ်ဦးဖြစ်တဲ့ မကွေးကိုမြင့်ငွေနဲ့ ကိုမျိုးဇော်အောင် တို့နဲ့အရင်ဆွေးနွေးပြီး နောက်မှ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်တို့နဲ့တွေ့တာပါ..။ နိုင်ငံရေးအကြောင်းဘာမှ မပြောဖြစ်ပဲ လူမှုရေးအကြောင်းတွေပဲ ပြောဖြစ်တာပါ..။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်တို့နဲ့ ပဲဆွေးနွေးတာပါ.. အန်ကယ်ဦးတင်ဦးမပါပါဘူး။ နှစ်ဘက်လုံးက နိုင်ငံရေးအကြောင်း လုံးဝမဆွေးနွေးပါဘူး။ ဒေါ်အောင်ဆန်းကြည်လည်း နိုင်ငံရေးအကြောင်း မဆွေးနွေးသလို သူတို့ဖက်ကလည်း မဆွေးနွေးပါဘူး..

မေး ။....။နောက်တစ်ခု သိချင်တာက NDF ကအမြဲပြောနေတဲ့ အဖွဲ့ချုပ်ရွေးကောက်ပွဲ ဝင်ဖို့မဝင်ဖို့ ဆုံးဖြတ်တဲ့ နေ့က အစည်းအဝေးမစခင်မှာ အန်ကယ်က ရွေးကောက်ပွဲမဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မပြောခိုင်းပဲ..  ပြောပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အန်ကယ် တစ်စုံတစ်ခု ပြောပြပေးနိုင်မလားခင်ဗျာ..

ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ ဒီဥစ္စာကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခိုင်းတဲ့ဟာကို အန်ကယ် ပြောတာကိုး ဒေါ်စုပြောခိုင်းတဲ့ဟာ ပြောတော့ ဘာမှဖြေရှင်းစရာ မရှိဘူးလေ.. ဘာမှ အမှားအယွင်းမှ မရှိတာလေ .. ဟုပြောဆိုသွားပါတယ်...။

မည်သူကိုမျှ ထိခိုက်စေလို၍ မဟုတ်ပါ.. အဖြစ်မှန်ကို သိစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်..။

ဒီမိုဝေယံ

အေးချမ်းတဲ့ ဆောင်းအခါသမယ ရန်ကုန်မြို့ရဲ့ နှစ်သစ်ကူး မြင်ကွင်း ဓာတ်ပုံတွေပါ..

နှစ်သစ်ရဲ့ မနက်ပိုင်း ရွှေတိဂုံ စေတီတော် မြတ်ကြီးရဲ့ အေးမြတဲ့ ဘုရားရိပ် တရားရိပ် ပရဝဏ်ပေါ်က မြင်ကွင်းအချို့ပါ..။ တိုင်းသူပြည်သားတွေရဲ့ အပူတွေ နှစ်သစ်မှာ ငြိမ်းအေးကြပါစေ..။ နှစ်စဉ်တောင့်တနေတဲ့ ရည်မှန်းချက် ပန်းတိုင်အမြန်ရောက်ရှိ နိုင်ကြပါစေ..။
နှစ်မကူးခင်ည ဗိုလ်တစ်ထောင် စေတီတော်ကြီး မြင်ကွင်းအချို့ပါ..။ မပြောင်းမလဲ မရိုးနိုင်တဲ့ နေရာဒေသမြင်ကွင်းတွေပါပဲ..။ ဒီအရပ်ဒေသကတော့ ကျွန်တော်နဲ့ ရင်းနှီးနေကျနေရာပေါ့.. အနီးနားမှာတော့ အရင်က ရန်ကုန်တက္ကသိုလ် ဗိုလ်တစ်ထောင်နယ်မြေနဲ့ ဗိုလ်တစ်ထောင် အထကကျောင်းတွေကို မှတ်မိကြဦးမှာပါ..။ ဗိုလ်တစ်ထောင် တက္ကသိုလ်ကတော့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးရဲ့ ပိုင်ဆိုင်မှု တစ်ခုဖြစ်ခဲ့ပြီပေါ့...။

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာရှိတဲ့ St.Marry Cathedral Church ကိုတော့အားလုံးသိကြမှာပါ.. New Year မနက်ပိုင်းကပါ.. ရင့်ကျက်တည်ငြိမ်တဲ့ သမိုင်းဝင် အဆောက်အဦးတစ်ခုရဲ့ အလှတစ်မျိုးနဲ့ပါ.. အနီးအနား ဘေးချင်းကပ်မှာတော့ ဗိုလ်တစ်ထောင် အ.ထ.က(၆) စိန်ပေါလ်ကျောင်းရှိပါတယ်..။ ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ဒီနယ်မြေမှာပဲ သွားလာခဲ့ကြတာပါ..။
မနက်ခင်း အေးချမ်းတဲ့ ရာသီဥတုအောက်က မြင်ကွင်းပုံပါ..
ရန်ကုန် ကမ်းနားလမ်းရဲ့ ညဈေးတန်းလေးပါ...။ မီးရောင်ဖျော့ဖျော့အောက်မှာပေါ့..။ ဒီလိုပဲ နေ့စဉ် ရန်ကုန်သူ ရန်ကုန်သားတွေ ဘဝအမောတွေကို နေ့စဉ် ရုန်းကန် ရင်ဆိုင်ရင်း ထူးထူးခြားခြား အအေးပိုခဲ့တဲ့ ရန်ကုန်ဆောင်းညကနေ ရောင်နီသန်းမယ့် နှစ်သစ်ကို မျှော်လင့်ချက်များနဲ့ ကြိုဆိုခဲ့ကြပါတယ်..။

ဓာတ်ပုံ... ဒီမိုဝေယံ

အာရုဏ်ဦးမှာ ဖူးသည့်ကြာ ပေါ်လစီဇာတ်ကားတွင် ပါဝင်သူများအား မလေးရှားရောက် မြန်မာများမှ ကန့်ကွက် ဆန္ဒပြမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားစာ...

မလေးရှားရောက်မြန်မာများမှ ဆန္ဒပြပွဲပြုလုပ်ပါမည်..။ အာရုဏ်ဦးမှာ ဖူးသည့်ကြာ ပေါ်လစီဇာတ်ကားတွင် ပါဝင်သူများအား ကန့်ကွက်သွားမည် ဖြစ်ပါကြောင်း နိုင်ငံတကာသို့ ပန်ကြားအပ်ပါသည်။


၂၀၁၀ခုနှစ် မြန်မာပြည်မှ စီးပွားရေးလုပ်ငန်းများရဲ့ Sale Promotion ဓာတ်ပုံများ ....

ခေတ်ရဲ့ ရေစီးကြောင်းပဲ ပြောမလား.. နအဖပြောတဲ့ အဘက်ဘက်က တိုးတက်လာတယ် ဆိုတာ ဒါကိုပဲ ခေါ်လေမလား မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေရဲ့ သူထက်ငါအပြိုင် ကြော်ငြာနေကြတဲ့ ကြော်ငြာခေတ်ကြီးထဲက မြင်ကွင်းတစ်ချို့ပုံတွေပါပဲ..။ ဈေးကွက်စီးပွားရေးဆိုပြီး တစ်ခါလာလည်း စစ်အစိုးရနဲ့ နီးစပ်သူ..။ တစ်ခါလာလည်း ဒီနာမည် .. တစ်ခါလာလည်း ဒီမျက်နှာတွေပဲ ဖြစ်နေတဲ့  ပေးပြီးစားနေကြတဲ့ ဈေးကွက် ပေးစားရေးတော့ မဖြစ်စေလိုပါ..။ ဘာပဲပြောပြော ဒီစံနစ်ကြီးက မြန်မာပြည်မှာ ကြီးစိုးနေတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ..။ ခုနှစ်လာမယ့် လွှတ်တော်ခေါ် အရေခြုံအစိုးရ တစ်ရပ်ပေါ်လာရင်တော့ တရားဝင်လုပ်ပိုင်ခွင့် ပေးလိုက်သလို ဖြစ်လာတော့ပါမယ်..။ ဘလော့(ဂ်)နဲ့ မဆိုင်တဲ့ ပုံတွေ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ပြည်ပက ပြည်တွင်းရဲ့ လက်ရှိအနေအထားတွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
FMI CENTER ရှေ့ကြော်ငြာတစ်ခု....

ကားပြပွဲ တစ်ခုနဲ့ မော်ဒယ်များ..

Nikon Camera ပြပွဲနဲ့ မော်ဒယ်တစ်ဦးပုံပါ..
ဖိနပ်ပြပွဲ တစ်ခု မြင်ကွင်း..
မြန်မာပြည်တွင်း ၂၀၁၀ Sale Promotion များမှ ဓာတ်ပုံအချို့ကို တင်ပြလိုက်ရပါတယ်..။ ကိုယ်ပိုင် ယဉ်ကျေးမှု ဝတ်စားဆင်ယင် ပုံနဲ့ဆိုရင် တစ်မျိုးတစ်မည်များ ဆန်းသစ်နေမလားပဲ...။ ခေတ်ပေါ်ပစ္စည်းတွေနဲ့ ယဉ်ကျေးမှု ပေါင်းစပ်ခဲ့မယ် ဆိုရင်ပေါ့..။ ဘာပဲပြောပြော ဝတ်စားဆင်ယင်မှု နိုင်ငံတကာကို အမှီလိုက်နိုင်တယ် ဆိုတာထက်.. ကျန်တဲ့ အခန်းကဏ္ဍတွေမှာ ထိုက်သင့်တဲ့ ဝင်ငွေ.. လုပ်ခ နိုင်ငံတကာနဲ့ မယှဉ်နိုင်တောင် အိမ်နီးချင်းနိုင်ငံတွေ နီးပါးလောက် ရရှိနိုင်မယ့် ကောင်းမွန်တဲ့ စံနစ်တစ်ခု မပေါ်သ၍တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဦးနှောက် ယိုစီးမှု လုပ်အားယိုစီးမှုတွေ ဆက်လက်ဖြစ်နေဦးမှာပါပဲ..။
 ဓာတ်ပုံ.. ဒီမိုဝေယံ

ငါးမင်းဆွေက ဇန္နဝါရီလ (၄)ရက်နေ့မှာ The Voice ဂျာနယ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြမယ်တဲ့......

ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့... Voice ဂျာနယ်

ပြီးခဲ့သည့် နိုဝင်ဘာလက အန်အယ်ဒီရုံးချုပ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သော ငါးမင်းဆွေသည် ယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့တွင် The Voice ဂျာနယ် ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို သမ္မတ ဟော်တယ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြမည်... ဖြစ်ပါသည်။ The Voice ဂျာနယ်နှင့် ငါးမင်းဆွေတို့၏ ဖြစ်ကြောင်းရယ် ကုန်စင်အား အောက်ပါ Scribd ဖိုင်တွင် ရှူစားတော်မူကြပါ။ ဆန္ဒပြပွဲတွေလည်း မကြည့်ရတာ ကြာပြီဆိုတော့ အပျင်းပြေမလားလို့ ။

အောင်မျိုးထွန်း
၁- ၁- ၂၀၁၁
ငါးမင်းဆွေ အကြောင်း ပြန်ဖတ်ချင်ရင်တော့..
အဖွဲချုပ်ရုံးရှေ့ ငါးမင်းဆွေ ရမ်းကားမှု... http://www.demowaiyan.org/2010/11/blog-post_25.htmlhttp://www.demowaiyan.org/2010/12/blog-post_9141.html >
ငါးမင်းဆွေ(သို့မဟုတ်) နွားတစ်ကောင်၏ သရုပ်မှန်  http://www.demowaiyan.org/2010/12/blog-post_9141.html
"အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြထုတ်ဖော် သွားမည်" ဆိုသည့် ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ ၃.၆.၂၀၁၂ခုနှစ် လှည်းတန်းမီးပှိုင့်မှာ ဝေငှနေသည့်စာ.....
http://www.demowaiyan.org/2012/06/blog-post_04.html
ငါးမင်းဆွေမှ The Voice ဂျာနယ်သို့ အိတ်ဖွင့်ပေးစာ..

The Voice ဂျာနယ် 7-4 (Final)

The Voice 7-4 (Final)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၏ ခံစားမှုပုံရိပ် ပန်းချီကားပြပွဲ သို့တက်ရောက်ကြည့်ရှု့(ဓာတ်ပုံ)

ဓာတ်ပုံ ဦးကျော်သူ..

 
ပုံများ ဒီမှာလည်း ထပ်ကြည့်နိုင်ပါတယ်..။http://picasaweb.google.com/demowaiyen/AmayKoKyawThu#
ဓာတ်ပုံများ AP

ဓာတ်ပုံ အကိုကြီးကိုကျော်သူ...

ယနေ့ ဇန္နဝါရီလ တစ်ရက်နေ့ဟာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ဇနီး မမြင့်မြင့်ခင်ဖေ(ခ) မရွှေဇီးကွက်ရဲ့ ၅၂နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်...။

ပြင်သစ်ရုပ်သံ AFP သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတိုနဲ့ မြန်မာပြည်မြောက်ဖျား ပြည်သူတွေရဲ့ လူနေမှုဘဝ (ရုပ်သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသား ရဟန်းတော်များ၊ သီလရှင်များ..




မြန်မာပြည် မြောက်ဖျားက ၂၁ရာစုအထိ မပြောင်းလဲ သေးတဲ့ ကျွန်တော်တို့ ပြည်သူလူထုရဲ့ လူနေမှု ဘဝတွေပါ. ကလေးတွေရဲ့ စာသင်ကျောင်းတဲ့ အမည်နာမ တစ်ခုပဲ ရှိမယ်ထင်ပါတယ်..။

သီရိမင်္ဂလာဈေးသားတစ်ဦးရဲ့ ...ပေးပို့လာတဲ့စာ

သီရိမင်္ဂလာဈေး ဓာတ်ပုံ မဇ္ဈိမ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့. သီရိမင်္ဂလာဈေးသစ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပေးပို့လာတဲ့ စာကို ဖော်ပြလိုက်ပါတယ်.။ ဈေးဖွင့်တာ တစ်ပတ်ပဲရှိပါသေးတယ်..။ အသံတွေကတော့ ကြားနေရပါပြီ။

ကိုဒီမိုရေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ သီရိမင်္ဂလာဈေးသစ်က နောက် (၃)နှစ်ပြည့်တာနဲ့ ၀ါးတစ်ရာဘက်ကို ထပ်ပြောင်းပေးရမယ်လို့ ပြောနေပြန်ပါပြီ..။ အဲဒီဘက်ကို ဧရာဝတီတိုင်းကနေ ရထားလမ်းဖောက်နေတာ ပြီးရင် ပြောင်းပေးရဦးမယ်တဲ့ဗျာ..။ နေရာကတော့ အတိအကျမသိသေးဘူး ကိုဒီမိုရေ..။ အဲဒီအတွက် အခု ဈေးကိုလဲ ယာယီသဘောပဲ လုပ်ထားတယ်။ သိတဲ့အတိုင်းပေါ့ အာဏာပိုင်တွေရဲ့ သေချာလုပ်ပါတယ်ဆိုတဲ့ ဈေးတွေတာင် အခြေအနေမကောင်းတာ ယာယီဈေးဆို ပြောမနေနဲ့တော့။ ဂျီအက်စ်အမ်တွေ သုံးစားလို့မရ ..လိုင်းမမိလို့ ဈေးထဲကလူတွေ ငါးသိန်းဖုံး အပြေးအလွှားဝယ်နေရတယ်ဗျို့..။

ကြိုးဖုန်းကလဲ ကားလမ်းမကြီးပေါ်တက်ပြီးဆက်မှ ရှိတာလေ။ ကြိုးဖုန်းဆိုလို့ အများကြီးရှိတယ် ... မထင်နဲ့ဦး မြန်မာ့ဆက်သွယ်ရေးက လိုင်းဖုန်းလေး ၄/၅ လုံးကို ၀ိုင်းခေါ်နေရတယ်။ ဈေးရဲ့ဘေးဘက်မှာ ပိတောက်ချောင်း ရဲစခန်းရှိပေမယ့်.. ဒုစရိုက်မှုတွေအစုံ ဖြစ်ပွားနေတယ်လေ...။ စိတ်ညစ်လွန်းလို့ တစ်ခုချင်းတော့ ပြောမနေတော့ပါဘူး။ ရဲစခန်းရှိတာတောင် ဖြစ်နေတာနော် ဘာအမှုတွေလဲဆိုတာ စဉ်းစားသာကြည့်... ။ ဘေးဘက်ဆိုတာ သီရိမင်္ဂလာဈေးသစ်ကြီးကို ကားလမ်းမဘက်နေ မျက်နှာမှုကြည့်လိုက်ရင် ညာဘက်မှာ ကပ်ရပ် ပိတောက်ချောင်း ရဲစခန်းဝင်းရှိတယ်။ ကမာရွတ်မြို့နယ်ရဲ့ စခန်းခွဲပေါ့။ ဘယ်ဘက်မှာ အသစ်ဆောက်ပြီး မကြာသေးခင်ကမှ ဖွင့်တဲ့ဆီဆိုင်ရှိတယ်..။ octane နဲ့ ဒီဇယ်ပဲရောင်းတယ်..။ ၀င်ဝင်ချင်းဘယ်ညာမှာ ကား parking ရှိတယ် မပြီးသေးဘူး လုပ်နေတုံး.. ဆိုင်ခန်းတွေ အပိုလုပ်ထားတာ အများကြီးပဲ...။ ထုံးစံအတိုင်းပေါ့ တပ်ချုပ်ကြီးအတွက် ကဘယ် နှစ်ခန်း ဒုချုပ်အတွက်ဘယ်နှစ်ခန်း.. ဒါမျိုးတွေရှိတယ်။ သူတို့အတွက် ဆိုင်ခန်းအနည်းဆုံး ၁၀၀ ကျော်တယ်..။ အပို ထွက်လာမယ့်ပုံမရှိဘူး...။ အကြမ်းဖျင်းပြောရရင် ၀င်သွားတာနဲ့ ကားလမ်း ပေါ့ ...။ ကားလမ်းဘေး ဘယ်ညာက ကားပတ်ကင် ပြီးတာနဲ့ ဘယ်ကနေ ညာကို ...က ခ ဂ ရုံသုံးရုံ.. သူ့နောက်မှာ စ ဆ ဇ ဆိုပြီး ရုံသုံးရုံ ..။ သူ့နောက်မှာ တစ်ရုံကျန်တယ်။ အခုဈေးရဲ့ ဘယ်ဘက်က ကွက်လပ်ကိုလဲ ... ငါးဈေး သစ်ကြီးဆောက်နေတယ်။ ကြည့်မြင်တိုင်ကမ်းနားက ငါးဈေးလဲ အဲဒီကိုပြောင်းရမယ်။ ဆောက်တာတော့ အခုမှမြေကြီးထဲပဲ ရှိပါသေးတယ်။

ဆိုင်ပိုင်ရှင်တွေကတော့ ဈေးဟောင်းကိုပဲ လွမ်းကြတာပေါ့.. ဘယ်တတ်နိုင်မလဲ.. ။ ပျံကျဈေးသည်တွေ ဘဝကသနားဖို့ကောင်းပါတယ်..။ ဈေးဖွင့်ပွဲနေ့က ပျံကျဈေးသည်နှစ်ဦး မြို့တော်ဝန် အောင်သိန်းလင်း ကားရှေ့မှောက်အိပ်လို့ ပြသနာတက်ကြတယ်လေ..။ အဲ့နေ့မတိုင်မှီ ညထဲကဖြစ်နေတာ.. အဖမ်းခံရတဲ့ သူတွေလည်းရှိတယ်..။ လွတ်မလွတ်တော့ မသိပါဘူးကိုဒီမိုရာ .။ လူတွေက တော့ သိတဲ့အတိုင်းပေါ့ ထားရာနေ စေရာသွားပေါ့ ... ။ နအဖခေတ် ဟိုပြောင်းရ ဒီသိမ်းရနဲ့ အသားကျနေပါပြီ။ အသားကျတော့ အရိုးပဲကျန်တော့တယ် ဆိုသလိုပေါ့ဗျာ။ ဘာမှမပြောင်းလဲနိုင်တဲ့ နှစ်သစ်ကို အဟောင်းလေးတွေနဲ့ပဲ ခိုင်ထူးသီချင်းလိုပဲ ပျော်သလိုသာနေလိုက်ကျ ငိုရင် လူဖြစ်ရှုံးမယ်ဆိုသလိုပေါ့..။ လောလောဆယ် ကျွန်တော်တို့ သီရိမင်္ဂလာဈေးသားတွေရဲ့ အခြေအနေလေးပါ။ အများသိအောင်ပေါ့.. နောက်ပိုင်းတော့ မျှော်ဆိုသလိုပါပဲ.။ ထူးခြားရင်တော့ ဆက်ရေးပို့ပါဦးမယ်။

သီရိမင်္ဂလာဈေးသားတစ်ဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ

နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။

ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါတယ်..။

ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအပ်ပါတယ်..။

အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မအလွန် ဝမ်းမြောက် ကြည်နှူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမယ်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်.။

ရက်စွဲ ၁-၁-၂၀၁၁

ဒီမိုကရေစီရေး မုချအောင်ရမည်.

အောင်ဆန်းစုကြည်


ပြန်လည်ရေးသားဖော်ပြပါသည်။
Ohn Mar Oo facebookမှ
http://www.facebook.com/photo.php?fbid=1652319640641&set=a.1055992772842.10224.1616532735&ref=nf
.