ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၅၀)ရပ်ကွက်၊ကျန်စစ်သားပတ်လမ်း အပြင်ဘက်တွင် နေထိုင်သော မိသားစုဝင်များအား သုဿန်မှူးနှင့် ဆယ်အိမ်မှူး တို့မှ ချိန်းခြောက် မောင်းထုတ်နေခြင်း...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောင်ပိုင်း)မြို့နယ်၊(၅၀)ရပ်ကွက်၊ ကျန်စစ်သားပတ်လမ်း အပြင်ဘက်တွင် နေထိုင်လုပ်ကိုင် စားသောက်နေသော မိသားစုဝင်များအား ဇန်န၀ါရီလ ၁၅ရက် ၂၀၁၂ နေ့ နံနက်(၈း၀၀)တိတိတွင် (၁၅)ရက်အတွင်း ဓနိအိမ်များဖျက်၍ ဖယ်ရှားထွက်ခွာပေးရန် ထားဝယ်ချောင်သုဿန်မှူး ဦးအောင်မျိုးမင်းနှင့် ဆယ်အိမ်မှူး ဦးမောင်မြင့်တို့မှ ခြိမ်းခြောက်ပြောဆိုပြီး ဓာတ်ပုံများ ရိုက်ယူသွားခဲ့သဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး နှင့်ရန်ကုန်တိုင်း မြို့တော်ဝန်ထံ အသနားခံစာ ပေးပို့ထားသော်လည်း စည်ပင်သာယာမှ နောက်ထပ် စာတစ်စောင်ထပ်ထုတ်၍ ၁၃ ရက် ၄ လ ၂၀၁၂ နောက်ဆုံးပြောင်းရန် အကြောင်း ထပ်မံကြားသောကြောင့် သမ္မတထံ နောက်ထပ်စာတစ်စောင် တနေ့က ၂၄ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။ သို့သော်လည်း ၂၅ ရက်နေ့တွင် စည်ပင်အရာရှိနှင့် ရဲ ၄ ဦးမှ ၅လပိုင်း ၂၀ ရက်နေ့ နောက်ဆုံး အပြီးဖယ် ပေးရမည်ဟု အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။

လွမ်းခန်းတွေ ရောက်ရင် လူကြမ်းတွေ မျက်ရည်ဝဲမယ်....

လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်.. ဒင်းတိုရဲ့ သဘောသဘာဝပဲလို့ ဆိုရမလားပဲ..။ လောလောဆယ်တော့ အဖွဲ့ချုပ် လွှတ်တော် တက်ရေး မတက်ရေး သတင်းအခြေအနေတွေ လိုက်လံမေးမြန်း စုံစမ်း၊ ကိုယ့်ထက်နားလည်တဲ့ တတ်ကျွမ်းတဲ့သူတွေ ရေးသားနေတာတွေပဲ လိုက်ဖတ်ဖြစ်၊ နားထောင်ဖြစ်နေပါတယ်...။ မြင်နေမိတာကတော့ ၂၀၁၂ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ခွက်ခွက်လန် ရှုံးတော့ ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့် မီဒီယာအားနည်းလို့ ကြောင့် ဘာကြောင့်၊ ညာကြောင့် အကြောင်းပေါင...်းစုံကို ဖြေရှင်းလိုက်ရတာအမောပေါ့။ ယခုထက်ထိ မိမိအခြေအနေမှန်ကို မသုံးသပ် နိုင်သေးတာကတော့ မြင်တဲ့အတိုင်းပေါ့။ အဖွဲ့ချုပ် လွှတ်တော်တတ်နိုင်ရေး အတွက် မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာလည်း ကြံ့ဖွံ့အမတ်တွေ ငါ့စကားနွားရ အငြိုးအတေး ကြီးစွာ ပြောဆို ချေပနေတာကတော့ ကစားပွဲမှာ ရှုံးတဲ့ ကလေးတွေလို ရှုံးမဲမဲနေတာကို ကြည့်နေရသလိုပါပဲ။

မှတ်မိကြဦးမှာပါ.. ယခုနှစ် လွတ်လပ်ရေးနေ့ အခါသမယက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး အားလုံးက မျှော်လင့်ချက်တကြီးနဲ့ စောင့်စားနေကြတဲ့ အချိန်၊ အမှတ်ယူရမယ့်အချိန်မှာ အမှတ်မယူပဲ လွတ်မပေးတော့ မြို့မေတ္တာခံယူပြီး အားလုံး မေတ္တာပို့လိုက် ကြတာ ကမ်းကုန်ပေါ့။ မြို့မေတ္တာခံယူပြီး နောက်တပတ်ကျော် အကြာမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးလိုက်ရတာပဲလေ။ ဒီလိုပဲ မြို့မေတ္တာ မခံယူရရင် စားမဝင် အိပ်မပျော်များ ဖြစ်နေသလားပဲ...။ ထိုနည်းတူ KNUက ဖဒိုမန်းငြိမ်းမောင် ကိစ္စမှာလည်း ကတိကဝက်တွေ ပေးပြီး ပြန်လွှတ်မယ် လုပ်ပြီးမှ ဖမ်းပြ နှစ်ရှည်ထောင်ဒဏ်တွေ အမိန့်တွေချပြပေါ့။ ကရင်ပြည်သူတွေ ယုံကြည်မှုတွေ ပျက်ပြယ်သွားအောင် လုပ်နေလေသလား ထင်ရအောင် ကပြအသုံးတော်ခံပြီးမှ ပြန်လွတ်ပေးလိုက်တာလည်း မှတ်မိဦးမှာပါ..။

ယခုလည်း အဖွဲ့ချုပ် လွှတ်တော် တက်ရောက်နိုင်ဖို့ စာသားပြင်ဆင်နိုင်ရေးအတွက် ပြည်သူတွေ အင်မတန်မှ မျှော်လင့်တောင့်တနေတဲ့ ဒီလိုအချိန်မှာ သဘောထားကြီးကြီးနဲ့ လုပ်ဆောင်ပြ၊ အမှတ်ယူပြမယ်ဆိုရင် မုန့်ဟင်းခါးကျွေး၊ လမ်းခင်းပေးစရာ မလိုအောင် ထောက်ခံမှုရဦးမှာပါ.. ခုတော့ ထပ်ပြီး လူထုမေတ္တာ တမင်ခံယူနေပြန် ပါရောလား။ ထို့အတူ ကြံ့ဖွံ့အမတ်တွေလည်း မီဒီယာမှာ လူကြမ်းအဖြစ် တဦးနဲ့ တဦး မရိုးရအောင် ကပြ အသုံးတော်ခံနေလေရဲ့။ နိုင်ငံတကာနဲ့ ကမ္ဘာကို ကတိကဝက်တွေ ပေးထားပြီးသားပါ...။ ရှေ့တိုးဘို့သာ လုပ်ဆောင်ရမှာပါ...။ အကြွေးတွေလည်း လျှော်ပစ်နိုင်ခဲ့ပြီလေ။ နောက်ဆုံးမှာတော့ လူကြမ်းတွေကြားမှာ သမ္မတဦးသိန်းစိန် မင်းသားအဖြစ် အကယ်ဒမီယူမယ့် အခန်းကတော့ မကြာမှီ ရောက်ရှိလာတော့မှာ မလွှဲမသွေပါပဲဗျာ...။

လွမ်းခန်းတွေ ရောက်ရင် USDP မျက်ရည်ဝဲမယ်..
(ရှုထောင့် တခုကနေ မြင်တာလေးကို ရေးမိပါတယ်...)

ဒီမိုဝေယံ

ဆရာ မောင်ဝံသ မပြောခဲ့တဲ့စကားအား DVB ရုပ်သံက ကြေညာသွားချက်အပေါ် ဆရာမောင်ဝံသ ဖြေရှင်းချက်..

မောင်ဝံသ မပြောတဲ့စကား DVB က ကြေညာသွားပါတယ်..
(ဆရာမောင်ဝံသ ဖေ့စ်ဘွတ်ခ်မှ)
 by Maung Wuntha on Thursday, April 26, 2012 at 1:31am 

ဒီချုပ်အမတ်များ အနေနဲ့ ကတိသစ္စာပြုရတဲ့ စာသားကို ပြင်မနေဘဲ လွှတ်တော်ထဲဝင်ကြဖို့ စာရေးဆရာမောင်ဝံသက ပြောကြားတယ်လို့ ၂၅ ဧပြီ DVB ရုပ်သံသတင်းမှာ သတင်းကြေညာသူ ကိုသန်းဝင်းထွဋ်က ကြေညာသွားပါတယ်။ 

မောင်ဝံသက ဘယ်သတင်းထောက်ကို ဘယ်နေ့က ဘယ်နေရာမှာ ပြောတယ်ဆိုတာလဲ လုံးဝမပါဘဲ ဗလာချီကြေညာသွားတာ ဖြစ်ပါတယ်။ ကျွန်တော် DVB ကိုရော တစ်ခြား ဘယ်သတင်းဌာနကိုမှ အဲသလို လုံးဝမပြောခဲ့ပါ။ ဘာကြောင့်ခုလို ဗလာချီ သတင်းကြေညာသွားတယ်ဆိုတာကို ကျွန်တော် နားမလည်ပါ။ တကယ်က ကျွန်တော့် face book မှာပဲ ၂၄ ဧပြီညက ရေးတင်လိုက်တာပါ။ ထောက်ခံသူ မထောက်ခံသူ ထင်မြင်ချက်ရေးသူတွေ အတော်များပါတယ်။ ကျွန်တော်ရေးတဲ့ထဲမှာ DVB လိုရာဆွဲ ပြောသွားသလို ဒီချုပ်တွေ လွှတ်တော်ထဲ ဒီအတိုင်းဝင်သွားဖို့ဆိုတာမျိုး လုံးဝမပါပါ။ ရွေးချယ်စရာနည်းလမ်းတွေကို အောက်ပါအတိုင်း ရေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ သတင်းသမားချင်း စာနာထောက်ထားတယ်ဆိုရင် DVB အနေနဲ့ ကျွန်တော့်အာဘော်အမှန်ကို ပြင်ဆင်ချက်အဖြစ် ပြန်လည် လွှင့်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။
 (မောင်ဝံသ) ကျွန်တော်ရေးခဲ့တဲ့ စာသားတွေ Face book မှာ ရှိနေတုန်းပါ။ လိမ်လို့ မရပါဘူး။ 

အောက်ပါအတိုင်း ဖြစ်ပါတယ်။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။ 

(၁) ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားရပ်နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။ 

(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။ (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။) 

 (၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။ 

(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)

 (၅) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့ အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။

ဆရာမောင်ဝံသ ဖေ့စ်ဘွတ်ခ်မှ..

ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်မြို့ မီးလောင်မှု၌ အရက်လှောင်သည့် အိမ်ရှင်အား အရေးယူခြင်း မရှိသည့် ကိစ္စအား (တိုင်ကြားစာ)

ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ရှိ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်၌ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပိတ်နေစဉ် မီးလောင်မှု  ဖြစ်ပွားခဲ့ပါသည်။ ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ် အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။ 

ထိုအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ (၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင် အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံးနှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း (၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။ 

အဆိုပါ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင် ၀င်ရောက် ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ် ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး(ခ) ကိုစာကလေးသည် ၎င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး(ခ) ကိုစာကလေးအား ၀ါးခယ်မမြို့ နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပါသည်။
ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပါသည်။ မီးလောင်ရာမှာ  ဝင်ရောက် ကူညီငြိမ်းသတ်ခဲ့တဲ့ ကိုဝင်းဦးအား ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်မှ တာဝန်ယူကုသပေးခြင်း မရှိသေးပါ။ ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင် လောင်ကျွမ်းခဲ့သော နေအိမ်မှ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။ မီးလောင်ကျွမ်းခြင်း ခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာ ရရှိမှုအားလည်း မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူ ဆေးကုသပေးခြင်း မပြု လျစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။ အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ ရွှေလောင်း တိုက်နယ်စခန်းမှုးတို့၏ လုပ်ရပ်အားလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမ္မတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။ 

 မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊ 
 (ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။

NLD (BG) သွေးအညီပေးရေးမှ အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလွှာ...

BG သွေးအကူအညီ ပေးရေးနှင့် ပညာဒါနကျောင်းသို့ ကွန်ပြူတာတစ်စုံ လာရောက်လှူဒါန်းပေးသော ကိုတင်ထက်ကိုကို(USA)နှင့် မနော်လေးရီတို့အား BG ပညာဒါနကျောင်းမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။
သင်္ကြန်တွင်း ဖျော်ဖြေပေးခဲ့သော BG အလှပြယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့အား အလှူငွေ 50,000 ကျပ်တိတိ လှူဒါန်းပေးခဲ့သော အန်တီဒေါ်စုစုကြည်နှင့် ရုံးသူရုံးသားများအား BG ပညာဒါနကျောင်းမှ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။

BG သွေးအကူအညီ ပေးရေးအဖွဲ့..

တိုင်ကြား ပေးပို့စာများ...

 ကလေးမြို့ Over Sea ဖုန်းဆိုင်မှ ပြည်သူများအား နှစ်သိန်းတန် ဖုန်းများအား လိမ်လည် ရောင်းချနေခြင်း

အကြောင်းအရာမှာ ကလေးမြို့နယ်တွင် နှစ်သိန်းတန်ဖုန်းများရောင်းချရာမှာ ကလေးမျြို့တွင်သာရပြီး နယ်များအသုံးပြု၍ မရသည်ကို ကလေးမြို့ရှိ  Over Sea ဖုန်းအရောင်းဆိုင်မှ မသိနားမလည်သူ ပြည်သူများအား အသုံးပြုလို့ ကြောင်း ပြောဆို ရောင်းချနေပါသည်။ ယခုအချိန်မှာ ကလေးမြို့တွင်သာ အသုံးပြုလိုရပြီး ကျန်မြို့နယ်များအား အသုံးပြု ဆက်သွယ်၍ မရပါ။ သို့ပါသော်လည်း Over Sea ဆိုင်မှ အသုံးပြု၍ ရကြောင်း လိမ်ညာပြီး ရောင်းချနေတာကို ဆရာတို့ အနေဖြင့် သတင်းဌာနများအား ပေးပို့ပြီး ကြေညာပေးစေလိုပါသည်။ ကလေးမြို့မှ အပ အားလုံးသော ပြည်သူများဖုန်း ဆယ်သွယ်မရတဲ့ အတွက်ကြောင့်အတိ ဒုက္ခရောက်နေကြပါသည်..။ ထို့အတွက်ကြောင့် သတင်းဋ္ဌာနများမှ မေးမြန်း တင်ပြပေးပါရန် အသိပေးအပ်ပါသည်..။ 

ကလေးက ဖုန်းကိုင်ပြီး ဖုန်းဆက်မရတဲ့ ကလေးမြို့သား

အကာအကွယ် မဲ့နေသော မြ၀တီမြို့ ရွှေမြန်မာမော်တော်ယာဉ်အသင်း 

 လွန်ခဲ့သော မြန်မာ နှစ်ဆန်း(၂)ရက်နေ့ (၁၈-၄-၂၀၁၂)ရက်နေ့မှ စကာ မြ၀တီ-မဲဆောက် သွားလာနေသော ရွှေမြန်မာမော်တော်ယာဉ်နှင့် ကလို့ထူးပေါ မော်တော်ယာဉ်များကို မဲဆောက်မြို့ အတွင်းမလာရန် မဲဆောက်မော်တော်ယဉ်အဖွဲ့မှ လိုက်လံ တားမြစ်ပိတ်ပင်လိုက်ပါသည်။ မြ၀တီက သွားသော မော်တော်ကားများကို မဲဆောက်မြို့အတွင်း မရပ်နားရန် မဲဆောက်ကားသမားများက အုပ်စုဖွဲ့၍ ဒါး၊ ဒုတ် နှင့် လက်နက်များ ကိုင်ဆောင်ကာ မြန်မာမော်တော်များကို ခြိမ်းခြောက်လျှက်ရှိနေပါသည်။ (၂၀-၄-၂၀၁၂)ရက်နေ့ကပင် မဲဆောက်မြို့အတွင်း ထိုင်းနှင့်မြန်မာ ယဉ်မောင်းများ အခြေတင်ပြသနာဖြစ်ကာ ဒါးထောက်ခြင်းမှ စကာ ရိုက်ပွဲများဖြစ်ခဲ့ပါသည်။ 

 မြ၀တီမှ မော်တော်ယဉ်များ မဲဆောက်ဖက် သွားရောက်ခြင်းကို မဲဆောက်ကားသမားများအဖွဲ့က စော်ကားမောင်းထုတ်နေသော်လည်း၊ မဲဆောက်ဖက်မှ ကုန်ကားများသည် ချစ်ကြည်ရေးတံတား ကျော်လွန်ကာ ကုန်သွယ်ရေးဇုန်အထိ ကားကြီးကားငယ် ကုန်ပစ္စည်းများ ပို့ဆောင်သွားလာနေသူကို ဘယ်သူမှ မလာနဲ့လို့ ပြောမည့်သူမရှိ ဖြစ်နေသလို ချစ်ကြည်ရေးတံတားမှ တာဝန်ကျနေသူတွေက ခွင့်ပြု လွှတ်ပေးနေလျှက်ရှိပါသည်။ 

 တာဝန်ကျနေသော ၀န်ထမ်းများ အနေဖြင့် ကိုယ်နှင့်မဆိုင်သော်ငြားလည်း ထိုင်းလူမျိုးများက မြန်မာလူမျိုး များကို စော်ကားနေသည်ကို လျစ်လျှူမရှုသင့်ဘူးလို့ ထင်ပါသည်။ တိုင်းပြည်နဲ့လူမျိုးကို ချစ်သည့်စိတ်ဟာ ၀န်ထမ်းတွေမှာ ပို၍ပင်ပျင်း ပြမည်ဟု ထင်ပါသည်။ သာမာန် မြ၀တီပြည်သူ တစ်ဦးအနေဖြင့် မြန်မာဖက်က မော်တော်ကားသမားများကို စော်ကား အနိုင်ကျင့်နေတာကို မခံမရပ်နိုင်ဖြစ်နေသော်လည်း ချစ်ကြည်ရေးတံတားမှာ နေ့စဉ် တာဝန်ကျ ၀န်ထမ်းတွေဟာ မသိဟန်ဆောင် နေတာ တွေ့ရ၍ အလွန်ပင် ၀မ်းနည်းဖွယ် ကောင်းလှပါသည်။ ၄င်းဝန်ထမ်းတွေ မိန်းမထမီများ ၀တ်ထားဖို့ ကောင်းသည်ဟု စိတ်အတွင်းမှ တွေးထင်မိပါသည်။ 

၂၀၀၈-ခုနှစ်က ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ပါသည်။ မြန်မာအာဏာပိုင်မှ မြန်မာကားတွေ ထိုင်းဖက်လာတာ မကြိုက်ရင် ထိုင်းဖက်က ကားတွေ မြန်မာဖက်မလာနဲ့ ပိတ်တယ်ဆိုပြီး ပြတ်ပြတ်သားသား လုပ်လိုက်တဲ့အတွက် ထိုင်းအကျိုးစီးပွား အလွန်ထိခိုက်မည့်ဖြစ်လို့ ထိုင်းနယ်ခြားကော်မတီကနေ ပြန်လည်ညှိနှိုင်း အောက်ကျို့ခံခဲ့ရပါသည်။ ယခုတော့ မြန်မာဖက်က မော်တော်ကားသမားတွေဟာ အကာအကွယ်မဲ့ နေရတဲ့ အတွက် စိတ်မကောင်းဖြစ်မိသလို ထိုင်းဖက်က နိုင်ထက်စီးနင်း စော်ကားနေတာ တွေ့ရလို့ မခံမရပ်နိုင် ဖြစ်မိပါသည်။

 ကြာလျှင် (၂)နိုင်ငံ ချစ်ကြည်ရေးဆိုတာလည်း အမှိုက်ကစကာ ပြသဒ်အထိမီးလောင် လာနိုင်ပါသည်။ မြ၀တီမှာ တာဝန်ကျတဲ့ ၀န်ထမ်းတွေ ဘာလုပ်နေလည်း သတ္တိနည်းနေပြီးလား။ ပါးစပ်အဆင်ပြေဖို့ တစ်ခုထည်း မကြည့်ပါနဲ့ ပြတ်ပြတ်သားသား ပြည်သူကို ကာကွယ်ပေးပါလို့ တိုက်တွန်းလိုပါသည်။ 

 (မြ၀တီသားလေး) 

ကြံ့ခိုင်ရေးပါတီမှ  မရှိဆင်းရဲသားများအား ထုတ်ချေးမည့် ငွေများအား အလွှဲသုံးစား လုပ်နေခြင်း.

ရန်ကုန်တိုင်း ဖော့ကန်ရပ်ကွက်တွင်..
 ကြံ့ခိုင်ရေးမှ ပြည်သူများအား ထုတ်ချေးမည့် ငွေများအား ကြံ့ခိုင်ဖွံ့ရေးမြို့နယ် အလုပ်အမှုဆောင် ဦးသန်းဇော်(သိန်း၇၀)၊ ဦးရဲထွဋ်မှ(၇၅သိန်း၊ ဖော့ကန်ရပ်ကွက် သူရလမ်းနေ မျှစ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန်းအေးမှ(သိန်း၈၀) ယူထားပြီး။ ပါတီဝင်တွေကို(၅သိန်း)သာ ထုတ်ချေးထားပြီး ကျန်ငွေ များကိုသူ၏ မျှစ်လုပ်ငန်းမှာ အသုံးပြုနေပါသည်။ ၎င်းငွေများကို မြို့နယ်ပါတီဝင် အတွင်းရေးမှူးဦးတင့်လွင်မှ အတိုးနူန်းပိုရသည့်အတွက် တာဝန်ယူ ထုတ်ပေးခဲ့ပါသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ မရှိဆင်းရဲသား ပြည်သူများအတွက် ထုပ်ချေးခဲ့တာဖြစ်တယ်။ ၎င်းတို့ကိုယ်ကျိုးအတွက် ထုတ်ချေးတာမဟုတ်ပါဘူး။ 

၎င်းကြံ့ခိုင်းရေးတွင် အကြံပေး(၄)ဦးခန့်ထားသည်ဟုသိရပါသည်။ ၎င်းတို့မှာ 1. ဦးသိန်းဟန် 2. ဦးအောင်ဝင်း 3. ဦးမောင်မောင်နိုင် 4. ဦးလှဝင်း တို့ဖြစ်ကြပါသည်။ အဆိုပါ ကိစ္စအား အများသိစေရန် တင်ပြလိုက်ရပါတယ်.။

ချင်းပြည်နယ် မင်းတပ်မှ ပရဟိတစိတ် ခေါင်းပါးတဲ့ ဆေးရုံအုပ်ကြီး အကြောင်း (တိုင်ကြားစာ)

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိဦးဆောင်၍ ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစ်စီးနှင့် နာရေးတင်ယာဉ်တစ်စီးတို့ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ ပြီးခဲ့တဲ့ အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။ 
 သို့သော်လည်း ၎င်းယာဉ်နှစ်စီးကို လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် ဆရာတော်ဘုရားကြီးမှ မင်းတပ်မြို့  ခရိုင်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက်ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့်တကွ ဒါယိကာ ဒါယိကာမများအားလုံး စိတ်မကောင်းဖြစ်နေကြရပါသည်။ ဆေးရုံမှ အခြားဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြ စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဗုဒ္ဓဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမှုများကို သက်ဆိုင်ရာမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။ 
မင်းတပ်မြို့ သားတစ်ဦး

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော် (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ သို့သော် လွှတ်တော် တက်ခါနီး ဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို အသေးဖွားလေးလိုလို ကျော်လွှားသွားရင်ပဲ ဖြစ်တော့ မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ် ဆိုသူများရဲ့ အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။

လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် (အင်္ဂလိပ်လို) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့. နိုင်ငံတွေက…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီး ပြောသွားလေရဲ့ ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ သူပြောသွားတာက………

အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.

ဂျာမနီမှာ ဆိုရင် - Defend of the visit law.

ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.

ဂရိမှာလည်း ဒီတိုင်းပဲ...

အိန္ဒိယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.

ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.

စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.

ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။
(facebook မှာ တယောက်တင်ထားတဲ့ ဟာပါ)။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ.. ကျမ်းသစ္စာကျိန်ဆိုချက်မှာ အင်္ဂလိပ်လို သူပြောသွားတဲ့ အထဲက (defend) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကား နွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်...

SCHEDULE FOUR
Form of Oaths or Affirmation
(Refer to Section 125)

I ................ do solemnly and sincerely promise that as an elected representative of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold and abide by the Constitution of the Union. I will be loyal to the Republic of theUnion of Myanmar and citizenry and hold always in esteem non-disintegrationof the Union, non-disintegration of national solidarity and perpetuation of sovereignty. In addition, I will carry out the responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှုသည်.. ဝေါဟာရ ပြသနာမဟုတ်ပါ။ ယုံချက်ချက် ပြသနာဖြစ်သည်။ ဒီကိစ္စကို ပေါ့ပေါ့သဘော ထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင် အင်္ဂလိပ်လို uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..

(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ ထိန်းသိမ်းပါမည်၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) .စဉ်းစားကြည့်ပါ.။ NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်။ ဆိုတာ. အဓိကမူ. ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်... လူထုကို ပေးထားတဲ့ ကတိဖျက်ရာ မရောက်ဘူးလား. NLD လုပ်ရပ်မှန်တယ်။ ဒီကိစ္စဟာ... လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

.အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်။ အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ။ တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်။ အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ… ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။ (မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး) ဆက်ရှင်းပါမယ်။ အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုက သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ် အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ.. (Legally) လူထုခေါင်းဆောင်ဖြစ်သွားတယ်။

တခါ (defend) ကာကွယ်ပါမည် ဆိုတဲ့စကားလုံး သုံးရအောင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာ မလိုလောက်တဲ့ အနေထားမို့ သုံးတာ။ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် (နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ)။

A solemn affirmation or declaration, made with an appeal to God for the truth of what is affirmed. The appeal to God in an oath, implies that the person imprecates his vengeance and renounces his favor if the declaration is false, or if the declaration is a promise, the person invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်။ ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြု ပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည်။ ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..(လူသားမဆိုထားဘိ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး. လိုက်နာရန် ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။

ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား။ ပြင်စရာ မလိုလောက်အောင် နီးပါးရှိနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမယ့် ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွယ်လွယ်ကူကူနဲ့ တို့ကတော့ လူထုက တရားဝင် ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ။ လွှတ်တော်ထဲ ၀င်ကြစို့ ဆိုပြီး လုပ်လို့မရ.. လွှတ်တော် တံခါးဝမှာ ဆီးပိတ်ထားသော ကျမ်းသစ္စာကျိန်ဆိုခြင်း ဆိုတဲ့ အရာကြီး ရှိနေပါတယ်။ ဒီတံခါးနောက်ကနေ လက်ယပ် ခေါ်နေမှု့များကို လူပြိန်းဆန်သည် ဟုပြောချင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ။ မှတ်ပုံတင်ပြီးသည့် တိုင်အောင်လည်း လူထုကရွေးချယ် တင်မြှောက်အပ်နှင်းထားတဲ့ (Mandate) ပါဝါ မရှိသေးပါ။ ယခု အချိန်ကာလသည် ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီ ဖြစ်သောကြောင့် ဖွင့်ဟ ညွှန်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်မိပါတယ်။ (၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့ အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်း လိုပါလိမ့်မည်)။

ယခု အငြင်းပွားဖွယ် ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း (Oaths or Affirmation) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည် ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန် အခြေနေမပေးသော်လည်း လွှတ်တော်တွင်း ရှိနေသော ပါတီအသီးသီး၊ တသီးပုဂ္ဂလ အသီးသီးကနေ ဒီကိစ္စကို စတင် တင်ပြဆွေးနွေးဖြင့် စတင်နိုင်မယ်လို့ ထင်ပါတယ်။ လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း၊ ပြည်ပဒီမိုကရေစီ အင်အားစုများမှလည်း ၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့ လိုပါလိမ့်မည်။

ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် (ဈေးသည် စကားနဲ့ပြောရရင်) ဈေးဦးဖောက် ဖြစ်ပါတယ်။ ဈေးဦးဖောက်မှာ အလားအလာ မကောင်းရင် ဈေးရောင်း မကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်။ အောင်မြင်ခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် (First Amendment) အဖြစ် သမိုင်းတွင် နေပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် (Bill of Right)ဟာ လူသန်းပေါင်း များစွာကို နှစ်ပေါင်းများစွာ စောင့်ရှောက် သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကို စတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။

အားလုံးကို လေးစားစွာဖြင့်
(မောင်မောင်ဝမ်း)


လွှတ်တော်ကိုယ်စားလှယ်များနဲ့ မေးမြန်းချက် DVB ရုပ်သံဖိုင်..

မအေးယုအောင် မိခင်ထံပြန်ရောက်၊ ခြိမ်းခြောက်ခံထားရ..

မအေးယုအောင် ကျောက်ကြီးမြို့မှ မိခင်ဖြစ်သူ မကြူထံ ၂၃ ရက် ညနေ ၅နာရီခန့်က ပြန်လည်ရောက်ရှိနေကြောင်းသိရသည်။ ဦးအောင်ဖုန်းဝင်းမှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ကလေးသည် ဦးအောင်ဖုန်းဝင်းတို့ဘက်က သွေးထိုးမှု၊ ဘုရားတွင် သစ္စာဆိုခိုင်းထားကာ ခြိမ်းခြောက်ထားမှုတို့ကြောင့် မိခင်ဖြစ်သူကိုပင် အကောင်းမမြင်နိုင်ဖြစ်နေသည်။ မိခင်မှ သတင်းသမားများနှင့် တွေ့ဆုံဖြေကြားခြင်းကို ကလေးမှ မိခင်အား အပစ်တင်ကြောင်း သိရသည်။

ထို့အပြင် မီးပူနှင့်အကပ်ခံရခြင်း ကိစ္စအား ဒီဘ၀တွင်သာမက နောင်ဘ၀အထိပါ ထုတ်ဖော်မပြောပါဟု ဘုရားများတွင် သစ္စာဆိုခိုင်းထားကြောင်းသိရသည်။ မအေးယုအောင်အား ဦးအောင်ဖုန်းဝင်းက လိုက်လံပို့ဆောင်ရာတွင် ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးရေးရာမှ လူများရှေ့တွင် မိဘဖြစ်သူထံ ပြန်လည် အပ်နှံကြောင်းသိရသည်။ ထိုသို့အပ်နှံရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ မအေးယုအောင်အား အပြီးပြန်လည် အပ်နှံခြင်းဖြစ်ကြောင်နှင့် နောင်တွင် ကလေးကို ပြန်ခေါ်မည် မဟုတ်ကြောင်းကို ဦးအောင်ဖုန်းဝင်အား လက်မှတ်ရေးထိုးစေရာ ဦးအောင်ဖုန်းဝင်းက ငြင်းဆိုသဖြင့် လူအများက ၀ိုင်းဝန်းပြောဆိုမှသာ လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမှ လမ်းပြကြယ် အဖွဲ့မှ တရားစွဲဆိုမည် ဖြစ်ကြောင်း သိရှိရသည်။

ကိုရဲ

သတင်းအတွက် ညီငယ် ကိုရဲအား ကျေးဇူးတင်ပါတယ်..

မိခင်ဖြစ်သူ မကြူမှ သမီးဖြစ်သူ မီးပူနှင့် အကပ်ခံရကြောင်း စတင်သိရှိချိန်မှစ၍ နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည်များ..

မကြူမှ သမီးဖြစ်သူ မီးပူနှင့် အကပ်ခံရကြောင်း စတင်သိရှိချိန်မှစ၍ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည်များ 
(ကိုရဲ)

မကြူသည် သမီးဖြစ်သူ မီးပူနှင့်အကပ်ခံရကြောင်း ဖြစ်စဉ်အား ဧပြီ ၄ရက်၌ ကျောက်ကြီးတွင် နေထိုင်သူတစ်ဦး၏ သူငယ်ချင်းက ရန်ကုန်မှ ဖုန်းဆက်ပြောခြင်းကြောင့်သာ တဆင့် ပြန်လည်သိရှိရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်ကြီးရဲစခန်းသို့ သွားရောက် အကူအညီတောင်းခံရာ ရဲစခန်းမှူးက ပဲခူးအမှတ်(၃)ရဲစခန်းသို့ ကူညီစုံစမ်းပေးပါရန် အကူအညီတောင်းခံစာ တစ်စောင်ရေးပေးပါသည်။ အမျိုးသမီးရေးရာ အဖွဲ့သို့အကူအညီတောင်းခံရာတွင် သူတို့ ဘာမျှမတတ်နိုင်ကြောင်းပြောဆိုပါသည်။ ထိုနေ့တွင်ပင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၏ ကူညီမှုဖြင့် တရားသူကြီးဦးအောင်ဖုန်းဝင်းနှင့် ပထမအကြိမ် စကားပြောခွင့်ရပြီး မနက်ဖြန် ပဲခူးသို့ လာရန် ဦးအောင်ဖုန်းဝင်းက ပြောသည်။ မကြူ ပဲခူးသို့သွားနိုင်ရန် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမျူးက ငွေနှစ်သောင်း ထုတ်ပေးပြီး ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ စာရေး ကိုသက်ဆွေဆိုသူအား အဖော်အဖြစ် ထဲ့ပေးပြီး ကလေးကို ပြန်ခေါ်လာနိုင်စေရန် အကူအညီပေးရန် မှာကြားလိုက်သည်။

ဧပြီ ၅ ရက်တွင် ဦးအောင်ဖုန်းဝင်း ရုံးထိုင်ရာ ပဲခူးတရားရုံး ဦးအောင်ဖုန်းဝင်း၏ ရုံးခန်းတွင် သွားရောက် စောင့်ဆိုင်းပြီး စာရေးဖြစ်သူ မသဲနုအောင်ထံ အကူအညီတောင်းခံ၍ ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်း ဆက်သွယ်ပေးရန် ပြောကြားသည်။ ခဏအကြာတွင် မသဲနုအောင်က “မကြူ၊ တို့နှစ်ယောက် မှော်ကန်ကိုသွားမယ်၊ ဆိုက်ကားနဲ့။ ဆရာကအဲ့ဒီမှာ တွေ့ချင်တယ်လို့ ချိန်းလိုက်တယ်” ဟု လာရောက် ပြောဆိုရာ မကြူက မဖြစ်နိုင်ကြောင်း၊ မသွားလိုကြောင်းငြင်းဆိုရာ မသဲနုအောင်က “ဘာမှ မဖြစ်စေရပါဘူး၊ ဆရာက နှစ်ယောက်တည်းတွေ့ပြီး စကားပြောစရာရှိတယ်”ဟု ဆရာက ပြောကြောင်း ပြောဆိုပါသည်။ သို့ရာတွင် မကြူက အဖော်လိုက်ပါလာသူ ကိုသက်တင်မပါလျှင် မသွားလိုကြောင်း ငြင်းဆိုခဲ့ပါသည်။ ထို့ကြောင့် ဦးအောင်ဖုန်းဝင်း ချိန်းဆိုရာသို့ မသွားဖြစ်ခဲ့ပါ။

ထို့နောက် မသဲနုအောင်က ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်းဆက်ရာ ရုံးသို့ မလာပဲ တနေရာရာတွင် စောင့်နေမည်ဖြစ်ကြောင်း၊ မကြူအား သူ၏ကားရှိရာသို့ လိုက်လံ ပို့ဆောင်ပေးရန် ပြောဆိုကြောင်း သိရသည်။ ထို့နောက် ကိုသက်တင်နှင့် မကြူကိုခေါ်ဆောင်ကာ မသဲနုအောင်က ဦးအောင်ဖုန်းဝင်း ကားရှိရာသို့ လိုက်လံပို့ဆောင်ပါသည်။

ဦးအောင်ဖုန်းဝင်းသည် ကားကို ပဲခူတရားရုံး ရှေ့မှ စတင်ထွက်ခွါပြီးလျှင် ပဲခူးရွှေမော်ဓောဘုရားကို ကားဖြင့် (၁၅)ပတ်ခန့် ပတ်ပြီးမောင်းနှင်ပါသည် မကြူက “ဆရာရယ် ခေါင်းတွေလည်းအရမ်းမူးနေပါပြီ ၊ ဘာ့ကြောင့် အဲ့လို မောင်းနေတာလဲ” ဟုမေးရာ ဦးအောင်ဖုန်းဝင်းက “ဒီအချိန်မှာ သတင်းထောက်တွေ ကလည်း လိုက်နေပြီ ၊ အရမ်း အရေးကြီးနေပြီ” ဟု ဦးအောင်ဖုန်းဝင်းက ပြန်လည်ဖြေကြားသည်။ ထို့နောက် ပဲခူးဘက်မှ ကျောက်ကြီးဘက်သို့ ပြန်ရာ လမ်းကြောင်းအတိုင်း မောင်းနှင်လာပြီး ထမင်းဆိုင် တစ်ဆိုင်အတွင်း ၀င်နား၍ တခုခုစားသောက်ရန် ပြောဆိုပါသည်။ မကြူက ဘာမျှမစားလိုကြောင်း၊ သမီးကိုသာတွေ့ လိုကြောင်း ပြောဆိုပါသည်။

ဦးအောင်ဖုန်းဝင်းက မကြူအား “ မင်းကိုတစ်ခုပြောရဦးမယ်၊ မင်းရဲ့သမီးမှာ မင်းအိမ်က လာကတည်းက ဆီပူ လောင်ကွက်ကြီးရှိနေတယ်နော်” ဟု ပြောဆိုပါသည်။ မကြူက “ဆရာ အပိုတွေမပြောပါနဲ့၊ ကျွန်မအိမ်မှာ ဆီနဲ့ ပြားနဲ့မစားနိုင်လို့ ဆရာအိမ်မှာ အပ်ထားရတာပါ။” ဟု ပြောပါသည်။ ဦးအောင်ဖုန်းဝင်းက “ မင်းကလေးက မင်းအိမ်က လာကတည်းက ဆီပူလောင်ကွက်ကြီး ပါလာတာဘဲ”ဟု ထပ်မံပြောဆိုရာ မကြူက ထိုကဲ့သို့ မပြောရန်၊ ပိုက်ဆံရှိတိုင်း ထင်တိုင်းမကြဲရန် ပြောဆိုသောအခါတွင် ဦးအောင်ဖုန်းဝင်း အနည်းငယ် ငြိမ်သွားပါသည်။

ထိုအချိန်တွင် ရဲကားတစ်စီး ဆိုက်ရောက်လာပြီး အရပ်ဝတ်ရဲအချို့ ဆိုင်ထဲဝင်ရောက်လာကာ အခြားစားပွဲဝိုင်းတွင် ၀င်ထိုင်ကြပါသည်။ ထိုဝိုင်းက ရဲသားတစ်ဦးက “အင်တာနက်မှာ တင်လိုက်တဲ့ ကလေးရဲ့ အမေက ဒီသတင်းကို မသိသေးတာပဲ ဖြစ်လိမ့်မယ်။ သူတို့ဒေသမှာလည်း အင်တာနက်မရှိလို့ မသိသေးတာပဲဖြစ်မယ်။ အခုအချိန်မှာသာ ရောက်လာခဲ့ရင် ကလေးရဲ့ အမေဘက်ကနေ ကူညီထောက်ပံ့ပေးမယ်၊ ကလေးအမေကို သိချင်၊ တွေ့ချင် လိုက်တာ” ဟု အချင်းချင်း ပြောဆိုပါသည်။ ဦးအောင်ဖုန်းဝင်းသည် ထိတ်လန့်ဟန်ဖြင့် မျက်နှာ အမူအယာပျက်ကာ ထိုရဲများကို ထိုရဲများကိုကြည့်နေသည်။ မကြူကမူ ထိုရဲများကို ထပြောပြီး အကူအညီတောင်းခံရန် စဉ်းစားမိ သေးသော်လည်း ကလေးနှင့် မတွေ့ရသေးသည့်အတွက် ပြောသင့် မပြောသင့် စဉ်းစားနေစဉ်ပင် ဦးအောင်ဖုန်းဝင်းက “သွားမယ်၊သွားမယ်” ဟုဆိုကာ ချက်ခြင်း ပြန်ထွက်လာကြသည်။

ထို့နောက် ကားကို ရန်ကုန်သို့မောင်းနှင်လာပါသည်။ မကြူက ဘာကြောင့်ရန်ကုန်ကို မောင်းရတာလဲ၊ ကျွန်မသမီး ပြသနာဖြစ်တာ ပဲခူးမှာ ဖြစ်တာလေ”ဟု ပြောဆိုမေးမြန်းရာ ဦးအောင်ဖုန်းဝင်းက သူ့မိန်းမ ဘုရာဖူးခရီး ထွက်သွားကြောင်း၊ ကလေးသည် ရန်ကုန်တွင်ရှိကြောင်း ပြန်လည်ပြောဆိုပါသည်။ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်သို့ ရောက်သောအခါ မကြူအား အိမ်တွင်ထားခဲ့ပြီး ကိုသက်တင်နှင့် လက်ဘက်ရည်ဆိုင်သို့ သွားမည်ဖြစ်ကြောင်း ဦးအောင်ဖုန်းဝင်းက ပြောဆိုသည်။ မကြူက မေးရာတွင် ကိစ္စရှိ၍ သွားတာဖြစ်ကြောင်းသာ ပြောဆိုပြီးထွက်သွားပါသည်။ ည ၈နာရီခန့်မှ ပြန်ရောက်လာကြသည်။ မကြူသည် ကလေးကိုလည်း မတွေ့ရသေးသဖြင့် ဒေါသဖြစ်ကာထိုင်ငိုပြီး ကလေးကိုတွေ့လိုကြောင်းပြောရာ “မင်း စိတ်မပူနဲ့၊ ငါ့အမျိုးအိမ်မှာထား ထားတယ်။ အခုလာနေပြီ” ဟု ဦးအောင်ဖုန်းဝင်းက ပြောဆိုပြီးကားဖြင့် ပြန်ထွက်သွားပါသည်။

ည ၉နာရီခန့် အချိန်တွင်မှ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်၊ မအေးယုအောင် နှင့် အခြားအမျိုးသမီးများပါ ရောက်ရှိလာပါသည်။ ဦးအောင်ဖုန်းဝင်းနှင့် အမျိုးသမီးများက သားအစ်မိနှစ်ဦး စကားပြောဆိုရာအနားတွင် စောင့်၍နေကြပါသည်။ လွတ်လပ်စွာ စကားပြောဆိုရခြင်း မဟုတ်ပါ။ မကြူက သမီးဖြစ်သူအား “မတ် ၂၅ ရက်က တရားသူကြီှးရဲ့ ဇနီးက သမီးကို မီးအိုးနဲ့ ထိုးသတ်ခဲ့တယ်ဆိုတာ ဟုတ်သလား”ဟု မေးရာတွင် ကလေးက “သမီးခံစားရတာ သမီးပဲ သိတယ်၊ သမီးကို အဲ့ဒီအကြောင်းတွေ မမေးပါနဲ့” ဟု ငိုကာပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်က ထိုဒဏ်ရာတွေ အိပ်ငိုက်ရာမှ ရရှိခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မကြူက သမီးဖြစ်သူ ကိုယ်ခန္ဓာ အနှံ့ကြည့်ရှုရာတွင်မူ လည်ပင်းတွင်သာမက ၀မ်းဗိုက်၊ ရင်ဘတ်နှင့် လက်တွင်လည်း ဒဏ်ရာများစွာကို တွေ့ရှိရသည်။ မကြူမှ ကိုသက်တင်အား ခေါ်ပြရာတွင် ကိုသက်တင်က “သြော်…၊အေး..အေး၊ ဟုတ်တယ်နော်” ဟုသာပြောဆိုပါသည်။ မိခင်ဖြစ်သူ မကြူမှာ စိတ်မကောင်းကြီးစွာ ခံစားရသဖြင့် သမီးဖြစ်သူအား တစ်ပါတည်းပြန်လိုက်ခဲ့ရန်ခေါ်ဆိုသောအခါ ဦးအောင်ဖုန်းဝင်းက “ထည့်ပေးနိုင်ဘူး၊ မထည့်ပေးနိုင်ဘူး၊ ဒီကလေးကို မင်းတို့နဲ့ထည့် ပေးလိုက်ရင် ပြသနာတွေတက်မှာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးကို ငါဆေးကုပေးဦးမယ်၊ မင်းကလေးကို တစ်သက်လုံး တာဝန်ယူတယ်”ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက မဖြစ်နိုင်ကြောင်း၊ ဆရာမိန်းမက ကျွန်မကလေးကို မီးအိုးနဲ့ ထိုးသတ်ရန်ပြုလုပ်ကြောင်း၊ ရုံးခန်းတွင် ကလေးကိုအပ်နှံစဉ်က မှဲ့တစ်ပါက်မစွန်းရန် ပြောဆိုအပ်နှံခဲ့ကြောင်း၊ ဆရာတို့ကလည်း ကတိပေးခဲ့ကြောင်း တို့ကို ပြန်လည်ပြောဆိုသည်။ ဦးအောင်ဖုန်းဝင်းက “မင်းက ဒီအချိန်မှာ ညှာတာမှုနဲ့ စာနာမှုကို ဆရာတို့ကိုပေးနိုင်မှာ မဟုတ်တော့ဘူး၊ ပေးမဲ့မိန်းမလည်း မဟုတ်တော့ဘူး”ဟု ပြောဆိုသည်။ မကြူက “ဆရာမိန်းမက ကျွန်မသမီးကို မီးအိုးနဲ့ထိုးသတ်တာလေ၊ ဆရာမိန်းမ လုပ်တာမဟုတ်လို့ ဘယ်သူလုပ်တာလဲ” ဟု ပြန်လည်ပြေဆိုချိန်တွင် ဒေါ်ဖြူဝင်းသက်က “နင်က ငါ့အိမ်၊ ငါ့ခြံထဲဝင်ပြီး နင့်သမီးကို ငါက မီးအိုးနဲ့ ထိုးသတ်တယ်လို့ပြောတယ်။

"နင့်ကိုတရားစွဲပြီး ထောင်ချပစ်မယ်၊ ငါ့ယောင်္ကျားက တရားသူကြီး..နော်” ဟု ခြိမ်းခြောက်ပြောဆိုသည်။ မကြူက “တရားသူကြီးမကလို့ တရားသူကြီး အဖေပဲဖြစ်ဖြစ်၊ ငါမကြောက်ဘူး၊ ငါမှန်တဲ့အတိုင်း ပြောနေတာ။ ငါတို့ မရှိလို့၊ ဆင်းရဲလို့ နင့်အိမ်မှာ အိမ်ဖော်အဖြစ်ထားတာ၊ ငါ့သမီးလုပ်ကိုင်တာ မကောင်းရင်၊ မကြိုက်ရင် ငါ့အိမ်ကိုပြန်ပို့ပါလို့ ပြောထားတာတောင်မှ ငါ့သမီးကို သတ်လို့မသေတာကို ပြန်မပို့ပေးတဲ့အပြင် ငါ့သမီးကို ခြောက်လှန့်ထားသေးတယ်” ဟု ပြန်လည်ပြောဆိုရာ ဒေါ်ဖြူဝင်းသက်က “ကောင်မ နင်နဲ့ငါ တွေ့မှာပါ”ဟု ပြောပါသည်။ ဦးအောင်ဖုန်းဝင်းက “မင်းနေ၊ မင်းနေ။ ဒီကိစ္စကိုငါပဲ ရှင်းလိုက်မယ်။ အခုလောလောဆယ်တော့ မင်းသမီးကို ထားခဲ့ရမယ်။ အချိန်တွေကြာတယ်။ ဆက်ပြောနေလို့ မဖြစ်တော့ဘူး။ ပြန်ပို့တော့မယ် ”ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက ကလေး၊ ကိုသက်တင်နှင့်သူမတို့ (၃)ဦးကို တစ်အိမ်ထဲတွင် အတူတူအိပ်ခွင့် ပေးရန် တောင်းဆိုသော်လည်း ဦးအောင်ဖုန်းဝင်းက “အတူတူအိပ်ခွင့် မပေးနိုင်ဘူး၊ ကလေးက အရေးကြီးတယ်”ဟု ပြောဆိုကာ မအေးယုအောင်၊ ဒေါ်ဖြူဝင်းသက်နှင့် အမျိုးသမီးများကို ခေါ်ဆောင်သွားကာ ပြန်ပို့သည်။ မကြူနှင့် ကိုသက်တင်တို့ကိုမူ တည်းခိုခန်း တစ်ခုတွင် အိပ်စေသည်။

နံနက်ခင်းရောက်၍ ဦးအောင်ဖုန်းဝင် မလာခင် မကြူမှ ကိုသက်တင်အား ကလေးကို မရ အရပြန်ခေါ်ရန် ပြောဆိုသောအခါတွင်မူ ကိုသက်တင်က အဲ့လို မလုပ်သင့်ကြောင်း၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ မကြူက သမီးကိုသာ ပြန်ခေါ်ရန်ဆန္ဒရှိသည်။ ထို့နောက် ဦးအောင်ဖုန်းဝင်း ရောက်ရှိလာပြီး မနေ့က ကလေးနှင့် တွေ့ဆုံရာအိမ်သို့ ပြန်လည် ခေါ်ဆောင်လာသည်။ ကလေးနှင့် အခြားအမျိုးသမီးများလည်း ရောက်ရှိနေပြီဖြစ်သည်။ ဦးအောင်ဖုန်းဝင်းက “မင်းကို ငွေ ၃ သိန်းပေးလိုက်မယ်ကွာ၊ ဖြစ်မလား” ဟုမေးသည်။ မကြူက “ မဖြစ်ဘူး၊ ကျွန်မ ငွေမလိုချင်ဘူး၊ သမီးကိုပဲ ပြန်ခေါ်သွားချင်တယ်” ဟု ပြောသည်။ ဦးအောင်ဖုန်းဝင်းက “ အခုကွာ၊ စာရွက်တစ်ရွက်မှာ စာရေးမယ်၊ ကလေးမ ဘုရားဖူးသွားတာ၊ ဘုရားဖူးပြန်တာ၊ လကုန်ရင် ပြန်ပို့မယ်၊ ဒါမှမဟုတ်ရင်လည်း ကားပေါ်တင်ပေးလိုက်မယ် ဆိုတဲ့အကြောင်းကို စာရေးမယ်။ အဲ့ဒါပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ငွေ ၃ သိန်းကိုတော့ ယူသွားလိုက်ပါ” ဟု ပြောရာ ကိုသက်တင်က မကြူအား “ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာပေါ့ ညီမရယ်။ ဒီငွေ ၃ သိန်းတော့ ယူသွားလိုက်ပါ၊ အဲ့ငွေ ယူသွားလို့ရှိရင် နင်တို့လည်း စားရသုံးရမယ်၊ အကိုလည်း လူကြီးတွေက မေးရင် အဆင်ပြေတယ်၊ ကလေးက ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်လောက်ဘူး၊ အင်တာနက်တင်တဲ့သူတွေက အလကား သက်သက်ပုံကြီးချဲ့တာ၊ သတင်းထောက်တွေက သက်သက်ဝင်ပြီး ချယ်လှယ်တာ အဲ့လိုပဲ ပြောပေးမယ်၊ ကလေးက သက်သာနေတာ၊ အကောင်းကြီး။ ဘာမှမဖြစ်ဘူး” ဟု ၀င်ရောက်ပြောဆိုသည်။

မကြူက ကိုသက်တင်ကို“ အကိုကပါ အလိုတူ အလိုပါ လာပြောနေတယ်။ အကိုလိုချင်ရင် အဲ့ငွေ အကိုယူလိုက်၊ အကိုစားပလိုက်၊ ကျွန်မကတော့ မယူနိုင်ဘူး”ဟုပြန်ပြောရာ ကိုသက်တင်က “မင်းတို့ ဆင်းရဲတဲ့အချိန်မှာ ငွေ ၃ သိန်းဆိုတာ မနည်းပါဘူးကွာ၊ မင်းရဲ့ သမီးကို သူတို့က အချိန်တန်ရင် ပြန်ပို့ပေးမှာပါ၊ ဒီငွေကိုလည်း ယူသွားလိုက်ပါ၊ အကို စာရွက်ပေါ်မှာ စာရေးပေးပါ့မယ်”ဟုဆိုကာ စာချုပ်ရေးရန် ပြင်နေစဉ် အနားရှိ အိမ်ရှင်ဖြစ်သူ အဒေါ်ကြီးတစ်ဦးမှ “စာရွက်ပေါ်မှာရေးလို့ မဖြစ်နိုင်ဘူးနော် ကိုသက်တင်၊ စာချုပ်ခေါင်းပေါ်မှာ ရေးပေးရမယ်” ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက “ကျွန်မတို့က လက်နက်ကြို၊ လက်နက်ကြားမှာ ကြီးလာရတာ ၊ဘာစာမှမတတ်ဘူး၊ အဒေါ်ကြီးတို့ စာရေးရင်လည်း ရေးတာပဲရှိမယ်၊ ကျွန်မဘာမှမသိဘူး” ဟု ပြန်လည်ပြောဆိုရာ “မဟုတ်ပါဘူးမကြူရယ်၊ ဒီငွေ ၃ သိန်းဆိုတာက လှူဒါန်းငွေ သက်သက်ပါပဲ နစ်နာကြေး၊ ကရုဏာကြေး၊ အင်္ဂါချို့ယွင်းမှုတွေ အတွက် ပေးတာမဟုတ်ပါဘူး၊ ယူလိုက်ပါ”ဟု ပြောဆိုကာ ကိုသက်တင်အား ငွေများကို အိတ်အတွင်းသို့ ထဲ့ပေးစေပါသည်။ ကိုသက်တင်က ငွေများကိုထဲ့ပြီး မကြူဆီသို့ ပေးသောအခါ မကြူက လက္မခံလိုကြောင်း၊ ကိုသက်တင် လိုချင်က ယူနိုင်ကြောင်းသာ ထပ်မံပြောဆိုသည်။ ထို့နောက် မကြူက ဦးအောင်ဖုန်းဝင်းအား “ ကျွန်မ ဒီပိုက်ဆံကိုလည်း မယူသွားဘူး၊ အခု သမီးကို ပြန်ခေါ်သွားချင်တာကိုလည်း ဆရာကခွင့်မပြုဘူး၊ လကုန်လို့ ဆရာပြန်မပို့ပေးဘူးဆိုရင်တော့ ကျွန်မက ရဲကိုတိုင်တော့မှာပဲ၊ ဒီငွေကိုတော့ ပြန်ယူထားလိုက်ပါ။ ဆရာတို့ ပြောင်းရွှေ့ရဦးမှာဆိုတော့ ဆရာတို့ငွေလိုနေမှာပါ ဟု ပြောရာ ဦးအောင်ဖုန်းဝင်းက “ဘာမှပူမနေပါနဲ့ကွာ ဒီငွေနဲ့ ဘာမှမလုပ်ပါဘူး။” ကိုသက်တင်ကလည်း “ယူလိုက်ပါကွာ၊ ဘာပဲဖြစ်ဖြစ်ယူလိုက်ပါ၊ ရွာပြန်ရောက်တော့ အကိုလည်း အဆူခံရ သက်သာတာပေါ့”ဟုပြောသည်။ ဦးအောင်ဖုန်းဝင်းကလည်း “ရွာပြန်ရောက်တော့လည်း ပြောပြလိုက်၊ လူတွေအားလုံးကိုယ့် အရှက်ကို ကာကွယ်လိုက်၊ ဘာမှမဖြစ်ဘူး၊ အလကား၊ အင်တာနက်က လွှင့်ချင်တိုင်း လျှောက်လွှင့်တာ၊ လူတွေက ပြောချင်တိုင်းလျှောက်ပြောတာ၊ အဲ့ဒီအင်တာနက် လွှင့်တဲ့သူတွေက ရူးနေတာ၊ သက်သက်မဲ့ ရုံးကို နာမည်ပျက်အောင် လုပ်တာ။ ပဲခူးဥပဒေရုံးကို သက်သက် သိက္ခာကျအောင်လုပ်တာ၊ သတင်းထောက်တွေကလည်း စားချင်တယ်၊ ရိတ်ချင်တယ်၊ နှိုက်ချင်တယ်၊ ဒါကြောင့်မို့ သူတို့ဒီလိုတွေပြောနေတာ၊ ဘာမှစိတ်ထဲမထားနဲ့ ဆရာလည်း စိတ်ထဲမထားဘူး။ ဂရုမစိုက်ဘူး။ တကယ်လို့သူ့ကို ထောင်ကျအောင် လုပ်ခဲ့ရင်တောင်မှ သူ့မှာ အပြင်စီးပွားရေးတွေရှိတယ်၊ သူကို လုပ်ခဲ့တဲ့သူတွေ အကုန်လုံးကို ပြန်ပြီးတော့ ဘ၀ပျက်အောင် ပြန်လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်” ဟု ဦးအောင်ဖုန်းဝင်းက ပြောပါသည်။

မကြူက “ ဆရာက အဲ့လိုအေးဆေးပဲဆိုရင် အခုဒီမှာ သူ့မအေနဲ့ သူ့ကလေးတွေ့နေပြီပဲ၊ရော့..အင့် နင့်ကလေး၊ ငါလုပ်တာမဟုတ်ဘူး၊ ငါ့မိန်းမ လုပ်တာမဟုတ်ဘူး။ ပြန်ခေါ်သွားလိုက်လို့ ပြောရင် ပြီးနေပြီပဲ။ ကျွန်မက မအေပါ။ ကလေးကိုပြန်ရရင်ကျေအေးပါတယ်။ ကလေးကိုပဲပြန်လိုချင်တာပါ၊ ငွေကို လုံးဝမလိုချင်ပါဘူး ဆရာ။”ဟု ပြောရာ “မင်းတို့ သုံးရ၊ စားရအောင်ပေးတာပါ။ မင်းတို့က ဒုက္ခရောက်နေတာလေ” ဟု ဦးအောင်ဖုန်းဝင်က ပြန်လည်ပြောဆိုပါသည်။ မကြူက “ဆရာက ငွေစကားပြောနေတော့လည်း ကောင်းပြီလေ၊ ကျွန်မကတော့ ဆရာငွေပေးပေး မပေးပေး၊ ပဲခူးပြန်ရောက်ရင် အမှတ် ၃ ရဲစခန်းဝင်ပြီး အကြောင်းကြားမယ်။ စခန်းမှာအမှုဝင်ဖွင့်မှာပဲ။တရားရုံးဝင်ပြီး ကျွန်မသမီးပြန်ရအောင်လုပ်မှာပဲ။” ဟု ပြောရာ ဦးအောင်ဖုန်းဝင်းက “ဥပဒေရုံးဝင်ရင်တော့ ပြသနာတွေလည်လည်လိမ့်မယ်။ မင်းတို့ပဲ ခံရမှာပဲ၊ မင်းတို့ကို ကားဂိတ်ရောက်အောင် လိုက်ပို့ပေးမယ်။ ကဲ.. အေးယုအောင် နင့်အမေကိုကန်တော့၊ နင့်ကိုတော့လုံးဝ ပြန်မထဲ့ပေးနိုင်သေးဘူး။ နင့်ကိုပြန်ထဲ့ပေးလိုက်ရင် ကွိုင်တွေတက်ကုန်လိမ့်မယ်။ ဇယားတွေရှုပ်ကုန်လိမ့်မယ်။ အဲ့ဒီအင်တာနက်မှာ လွှင့်ထားတဲ့ ဇယားတွေကိုလည်း မင်းနဲ့ပူးပေါင်းပြီး ရှင်းစရာရှိသေးတယ်။” ဟု ဦးအောင်ဖုန်းဝင်းကပြောသည်။

မကြူက “ကောင်းပါတယ်၊ ဆရာရှင်းနိုင်ရင်တော့ရှင်းပေါ့၊ ကလေးကသာ အမှန်တွေ ထုတ်ပြော လာနိုင်ရင်တော့ ဆရာ သေဖို့ပဲ စဉ်းစားထားပေါ့” ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ကလေးက ကန်တော့စဉ်တွင် မကြူသည် ငွေနှင့် အာဏာပေါင်းကာ အနိုင်ကျင့်ခံရခြင်းကြောင့် ရင်ထဲတွင် နာကျင်စွာ ခံစားခဲ့ရသည်။ “ ငါတို့ကို ငွေရှိလို့ ငွေနဲ့ ပေါက်ပြီး အနိုင်ယူတဲ့လူတွေ တနေ့တော့ တွေ့ကြသေးတာပေါ့။ ဒီ ၃ သိန်းပေးလိုက်လည်း ယူသွားမယ်။ ဒီ (၃) သိန်းနဲ့ပဲ ပဲခူးရောက်ရင် ဥပဒေနဲ့ ပြန်ရင်ဆိုင်လို့ ရတာပေါ့။”ဟု ပြောဆိုရာ ကိုသက်တင်က “မလုပ်ပါနဲ့ညီမရယ်။ ဒါမလုပ်သင့်ပါဘူး။ ဒီပိုက်ဆံကလှူတာပဲ၊ နောက်ပြီး ကလေးလာပြန်ပို့တဲ့ အချိန်ကျရင်လည်း နစ်နာကြေးက သပ်သပ် ထပ်ပေးဦးမှာပါ၊ တခြားဟာတွေ ထဲ့မတွက်ပါနဲ့ ပြန်ရောက်ရင် အကို အဆူခံရမှာကြောက်လို့ပါ။”ဟု ၀င်ရောက်ပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်၏ ဒဏ်ရာများအား ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ မကြူအား လက်ဗွေနှိပ်စေခြင်းများ ပြုလုပ်ပြီး ကိုသက်တင်မှ ထိုစာရွက် မိတ္တူအား ယူဆောင်ကာ ရန်ကုန်မှ ပြန်ခဲ့ရသည်။

လမ်းတွင်လည်း ကိုသက်တင်မှ မကြူအား အမျိုးမျိုး နားချခဲ့ကာ ပဲခူးမြို့သို့ ပြန်မသွားနိုင်စေရန် အမှုသွား မဖွင့်နိုင်စေရန် ပြုမူခဲ့သည်။ ကျောက်ကြီးမြို့သို့ ရောက်စဉ်တွင်လည်း လမ်းစားရိတ် ကူညီပေးခဲ့သူ မြို့နယ် အုပ်ချုပ်ရေးမှူးကို အကျိုးအကြောင်းပြောပြရန် သွားရောက်တွေ့ဆုံဖို့ ကြိုးစားရာတွင်လည်း ကိုသက်တင်မှ အမျိုးမျိုးနှောက်ယှက် တားဆီးကာ အတန်ကြာရက်စွဲခဲ့သည်။ မကြူမှ စာမဖတ်တတ်သဖြင့် အခြားလူများကို ဖတ်ခိုင်းရန် ဓာတ်ပုံမိတ္တူနှင့် စာချုပ်မိတ္တူများကို တောင်းဆိုရာတွင်လည်း “ပေးမယ်၊ ပေးမယ်”ဟုသာပြောဆိုပြီး မကြူသို့ ပေးအပ်ခြင်း မပြုခဲ့ပါ။ အုပ်ချုပ်ရေးမှူးကို သွားတွေ့ရာတွင်လည်း သူ မပါပဲ မသွားရောက်နိုင်စေရန် မကြူအား ပြောဆိုထားခဲ့ပြီး စာချုပ်ကိုမပေးပဲ အတန်ကြာ ရက်စွဲခဲ့ပါသည်။ ရန်ကုန်မှပြန်ရောက်ပြီး ၅ ရက်ခန့်ကြာမှသာ အုပ်ချုပ်ရေးမှူအား တွေ့ရကာ၊ အုပ်ချုပ်ရေးမှူးက ပြောသည်မှာ “ငါ့ဆီသတင်းလာပို့တာလား၊ ညည်းသမီးဆီ ဖုန်းဆက်ဖို့ လာတာလား” ဟုမေးရာ မကြူက သတင်းပို့ရန် လာခြင်းဖြစ်ကြောင်း ဖုန်းဆက်၍ရနိုင်က ဆက်လိုကြောင်း ပြောရာတွင် အုပ်ချုပ်ရေးမှူးက “ညည်းက ငါ့ဆီ သတင်းလာမပို့တော့… ငွေ ၃ သိန်းရတော့ ပျော်လာပြီ ရွှင်လာပြီ၊ ကလေးကိုလည်း စွန့်လွှတ်ခဲ့ပြီထင်လို့ ငါက ခေါင်းထဲကတောင် ထုတ်ပလိုက်ပြီ” ဟုပြောဆိုကြောင်း၊ ထို့ကြောင့် မကြူက ကိုသက်တင်က သူနဲ့မှမဟုတ်ရင် အဘဆီကို မသွားပါနဲ့လို့ အမျိုးမျိုးပြောထားလို့ မလာဖြစ်ကြောင်းကို ပြောဆိုရှင်းလင်းပြခဲ့ရသည်။

ထို့နောက် အုပ်ချုပ်ရေးမှူး၏ ကူညီမှုဖြင့် ဦးအောင်ဖုန်းဝင်းထံ ဆက်သွယ်ရာတွင်လည်း ဖုန်းမကိုင်သဖြင့် စာရေးမဖြစ်သူ မသဲနုအောင်ထံမှ တဆင့်ခေါ်ဆိုပြီး ဦးအောင်ဖုန်းဝင်းနှင့် စကားပြောလိုကြောင်း ပြောဆိုရာ ဦးအောင်ဖုန်းဝင်းသည် ရုံးခန်းတွင် ရှိနေလျက်နှင့်ပင် မရှိဘူးဟု ပြန်လည် ပြောဆိုခိုင်းကြောင်းကို ဖုန်းအတွင်းမှ အသံကြားနေရသဖြင့် အုပ်ချုပ်ရေးမှူးက ကြားဝင်ပြီး “သဲနုအောင်၊ အောင်ဖုန်းဝင်းကို ခေါ်ပေးပါ”ဟု ၀င်ရောက်ပြောဆိုမှသာ ဖုန်းလာကိုင်သည်။ ထို့နောက် ကလေးဘယ်မှာရှိလဲမေးရာ နယ်တွင်ရှိကြောင်းပြောပြီး ကလေးနှင့် မိခင်ဖြစ်သူအား စကားပြောခွင့်ပေးရန် ပြောဆိုမှသာ နာရီဝက်စောင့်ဟု ချိန်းဆိုပြီး တဘက်မှ ဖုန်းခေါ်မှသာ ပြောဆိုခွင့်ရသည်။ ဖုန်းနံပါတ်ကိုမူ လုံးဝမပေးပေ

ကလေးနှင့် မိခင်စကားပြောဆိုရာတွင် ကလေးသည် ကျောက်တံတားမြို့နယ်ရှိ ၁၀ထပ်မြင့် အဆောက်အဦး ပေါ်တွင် ရှိနေသည်ဟုသိရပြီး လိပ်စာနှင့် ဖုန်းနံပါတ်ကိုမူ မေးမြန်းရာ မသိရှိကြောင်းသာ ပြောဆိုသည်။ သို့ရာတွင် ကလေးဖုန်းပြောစဉ် နောက်ကွယ်မှနေ၍ သင်ကြားပေးနေသူ အမျိုးသမီးတစ်ဦး ရှိကြောင်းနှင့် မကြူက တစ်စုံတစ်ခုမေးမြန်းစဉ်တွင် နောက်က အမျိုးသမီးက ကြားနေရပြီး မည်ကဲ့သို့ဖြေရန် သင်ကြားပေးနေသည်။ ထို့အပြင် ဒီအိမ်က အဒေါ်ကြီးမှ အ၀တ်အစား၂သောင်းဖိုး ၀ယ်ပေး ထားသည်ကိုလည်း ပြောပြရန် သင်ကြားပေးသည်။ (ဖုန်းကို စပီကာဖွင့်ပြီးပြောစေခြင်းဖြစ်နိုင်သည်) သူတို့လိုချင်သည့် အချက်အလက်များ ကလေးမှတဆင့် ပြောပြခိုင်းစေပြီးသောအခါ ဖုန်းချခိုင်းလိုက်သည်။

အထက်ပါအချက်အလက်များသည် မကြူနှင့် တိုက်ရိုက်အင်တာဗျူးစဉ် ကြားသိရသည်များဖြစ်သည်။

မအေးယုအောင်သည် (၈) တန်းကျောင်းသူဖြစ်ပြီး ပဲခူးတိုင်း ဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းက ထားရှိရာတွင်ကာ နေနေရကာ မည်သည့်နေရာတွင် ရှိနေကြောင်းကို အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးပါ။ မိခင်ဖြစ်သူကမူ ကလေးကိုပြန်ခေါ်လိုပြီး ကျောင်းပြန်တက် စေချင်သော ဆန္ဒရှိနေပါသည်။

(ကိုရဲ)
သတင်းအတွက် ညီငယ် ကိုရဲအား လေးစား ဂုဏ်ယူပါတယ်..