ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တပ်မတော်နှင့် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများတွင် အရပ်သားများ ထိခိုက် သေဆုံးမှုများရှိလာ ..

1.14.05

လိုင်ဇာမြို့ မြစ်ကြီးနာဟိုတယ် အနောက်ဘက်ရှိ လူနေရပ်ကွက်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်
တပ်မတော်နှင့် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများတွင် အရပ်သားများ ထိခိုက် သေဆုံးမှု ရှိလာကြောင်း သိရပါသည်။

ဇန်န၀ါရီလ ၁၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ လေးချက်ပစ်ခဲ့ပြီး သုံးလုံး ပေါက်ကွဲခဲ့ကာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

''ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်မှာ ဒေါ့ဖုန်းယန်ကနေ ပြီးတော့ ၁၀၅ မမ အမြောက်တွေနဲ့ လိုင်ဇာဘက်ကို လေးကြိမ် ပစ်တယ်။ သုံးလုံးပေါက်ကွဲတယ်။ တစ်လုံးကို နှစ်မိနစ်လောက်ပဲ ခြားပါတယ်။ ပထမအလုံးက လိုင်ဇာမြို့ မြစ်ကြီးနား ဟိုတယ်အနီး အနောက်ဘက် လူနေအိမ် တစ်လုံးကို မှန်တယ်။ ယောက်ျား နှစ်ဦးဆုံးတယ်။ တစ်ဦးက ဓမ္မဆရာ၊ တစ်ဦးက အရပ်သားပါ။ ခြောက်ဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ ဆေးရုံမှာ အသည်းအသန် ဖြစ်နေပါတယ်။ ဒုတိယ အလုံးက ဆင်ဆ ဟိုတယ်အနီးမှာ ကျကွဲတယ်။ တတိယ အလုံးကတော့ တောထဲမှာ သွားကျတယ်'' ဟု ကေအိုင်အေ၏ ပြန်ကြားရေး အရာရှိ ဦးလနန်က ပြောကြားခဲ့ပါသည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ ဖြစ်စဉ်သည် လိုင်ဇာမြို့ရှိ အရပ်သားများ နေထိုင်ရာ နေရာသို့ တပ်မတော်ဘက် မှ ပစ်ခတ်သော လက်နက်ကြီး ပထမဆုံးအကြိမ် ကျရောက်ခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် အရပ်သား သေဆုံးမှု ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

ဇန်န၀ါရီလ ၁၃ ရက်၊ ည ၇ နာရီခန့် အချိန်တွင် ဖားကန့်ဒေသ မှော်ဆီဇာ မြေစာပုံ ကျောက်စိမ်းတောင် ကုမ္ပဏီသွားရာ လမ်းဘေးတွင် လူတစ်ဦး မိုင်းနင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသူ ကိုဇော်ဇော်ဌေးမှာ ညာဘက်ခြေထောက်နှင့် လက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဖားကန့်ဆေးရုံ ကြီးတွင် အရေးပေါ် သွေးသွင်းနေရကြောင်း သိရှိရသည်။

''အခုမိုင်းနင်းမိတဲ့လူက ချမ်းသာတဲ့ ကျောက်လုပ်ငန်းရှင် လူငယ်တစ်ဦးပါ။ အလုပ်ပြန်လာတုန်း လမ်းဘေးမှာ အပေါ့စွန့်ရင်း မိုင်းထိမိတာပါ။ ဘယ်ဘက်က ထောင်ထားတဲ့ မိုင်းမှန်း မသိပါဘူး။ တပည့်တွေနဲ့ ဆွေမျိုးတွေ အားလုံးက ဆေးရုံမှာ စိတ်မကောင်း ဖြစ်နေကြတယ်။ မြစ်ကြီးနားဆေးရုံကို အမြန်ဆုံး ပို့သင့်တဲ့ လူနာဖြစ်ပေမယ့် မြစ်ကြီးနား-ဖားကန့် ကားလမ်းတွေ ပိတ်ထားလို့ အဖက်ဖက်ကို အကြောင်းကြားနေတုန်း ရှိသေးတယ်'' ဟု ဒေသခံတစ်ဦးက ဖားကန့်ဆေးရုံမှ ဇန်န၀ါရီလ (၁၄) ရက် နံနက် ၁၁နာရီ နာရီတွင် ဖြေကြားခဲ့သည်။

1.14.05
လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ် အရှေ့ဘက်တွင် ဗုံးခိုကျင်းတူးထားသော နေအိမ်တစ်ခုအား ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်
ထို့အပြင် ဇန်န၀ါရီလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထယန်ရွာအနီးတွင် တပ်မတော် နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကထယန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကထယန် ကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် KIA ဘက်မှ ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

ကထယန် ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ဖားကန့်မြို့နယ် လုံးခင်းမြို့ပေါ် သို့ စစ်ဘေးရှောင် ဒုက္ခသည် ၈၈၃ ဦး ထပ်မံ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့မှာပင် မြစ်ကြီးနား-မန္တလေး အမှတ် (၃၄) အစုန်ရထားသည် နန့်စီးအောင်နှင့် မော်လူးဘူတာ အကြားတွင် မိုင်းခွဲတိုက်ခိုက် ခံခဲ့ရပြီး အဆိုပါ မိုင်းခွဲမှုသည် ခရီးသည်တင် ရထားအား ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့ကလည်း နဘား-မြစ်ကြီးနား အဆန်(၄၉) လော်ကယ် ရထားသည် ဟိုပင်နှင့် နန်းခွင်ဘူတာ အကြားတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ အရပ်သား လေးဦး ဒဏ်ရာ ရရှိခဲ့ပါသည်။

ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ တာလောကြီးကျေးရွာ အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင် တပ်မတော် ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ကာ အရာရှိ နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ် ၄င်းတို့၏ တပ်သားမှ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု KIA ဘက်မှ ထုတ်ဖော် ပြောဆိုထားသော်လည်း အစိုးရဘက်မှ ငြင်းဆန် ထားခဲ့ပါသည်။

အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ ပိုမို ပြင်းထန်ခဲ့ပါသည်။ မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့ ပြီးနောက် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။

လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လိုင်ဇာမြို့လုံခြုံရေးကို တာဝန် ယူထားသော KIA တပ်ရင်း ၂၃ ၏ ရှေ့တန်းစခန်း တစ်ခုဖြစ်သည့် ပွိုင့် ၇၇၁ တောင်ကုန်းကို လေကြောင်းပစ် အကူအညီဖြင့် တပ်မတော်မှ သိမ်းယူခဲ့ပါသည်။ လဂျားယန်ဒေသဘက်သို့ အစိုးရတပ်များ၏ လေကြောင်းကူ ပစ်ခတ်မှုများ ရှိခဲ့ပြီး တိုက်လေယာဉ် သုံးစင်း အသုံးပြု၍ လေကြောင်း စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူလက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် အကြိမ် ၆၀ ကျော် ခန့်ရှိခဲ့ပါသည်။ ဒီဇင်ဘာလ အတွင်း KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲအကြီးအငယ် ၁၅၀ ကျော် ဖြစ်ပွားခဲ့ပါ သည်။

လိုင်ဇာမြို့မှ ၇ မိုင်ခန့်အကွာတွင် ရှိနေသော လဂျားယန်ဒေသ တိုက်ပွဲကာလအတွင်း ၁၀၅ မမ၊ ၁၂၀ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဒီဇင်ဘာလအတွင်း အကြိမ်ရေ ၁၀၀၀ ကျော်ခန့် ရှိကြောင်း သိရပြီး ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ကာလအတွင်း အကြိမ်ရေ ၄၀၀ ကျော်ခန့် ရှိခဲ့ပါသည်။ ဇန်န၀ါရီလ ပထမပတ် ကျော်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ လျော့ကျသွားခဲ့သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများမှာ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း KIO မှ သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ နောက်ပိုင်းမှ စတင်၍ လိုင်ဇာမြို့နှင့် အနီးတ၀ိုက်ကို အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် KIO မှ တပ်လှန့်ထားပြီး လေ ကြောင်းတိုက်ခိုက်မှုများ ရှိလာပါက ပြည်သူများရှောင်တိမ်းနိုင်ရန် လိုက်နာရမည့် အချက်များကိုလည်း လိုင်ဇာရုပ်သံမှတစ်ဆင့် ထုတ် ပြန်ကြေညာမှုများ ရှိခဲ့ပါသည်။

တပ်မတော်နှင့် KIA တို့အကြား ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အရှိန်မြင့်လာသော တိုက်ပွဲများသည် ဇန်န၀ါရီလ ဒုတိပတ်အတွင်းသို့ ရောက်ရှိလာချိန်အထိ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားလျက်ရှိနေပါသည်။
http://www.news-eleven.com