ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
ခရမ်းမြို့နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ၊ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦး၏ လယ်သမားများအားခွဲခြားဆက်ဆံခြင်း (သို့မဟုတ် ) ဒုက္ခကြားကရင်ဖွင့်သံများ
ကြံ့ခိုင်ရေးပါတီမှ လယ်သမားများအား တစ်ဧကလျှင် ကျပ် ( ၁၅၀၀၀ ) ကိုအတိုးနှုန်း (၂) ကျပ် ဖြင့် ထုတ်ချေးခဲ့ပါသည် ..။လယ်သမားများအနေဖြင့်ပြီးခဲ့သောနှစ်တွင် စပါးဈေး ၊ ပဲဈေး များ မကောင်းခြင်း ၊ သီးနှံအထွက်မကောင်းခြင်း ၊ ယခုနှစ်တွင် ရေကြီးသောကြောင့် လယ်ယာမြေများ ပျက်စီးခြင်းစသော ဒုက္ခပေါင်းစုံကြုံတွေ့ရသောကြောင့် ချေးငွေအား ပြန်မဆပ်နိုင်ခဲ့ကြပါ။ 
ထို့ကြောင့် ယနေ့ 5.9.2012 နေ့တွင် ကျေးရွာ ( ၂၆ ) ရွာမှလယ်သမားများအား ဆင့်ခေါ်ပြီး ချေးငွေများ ပေးဆပ်ရန် ပြောကြားခဲ့ပါသည် ။ထိုသို့ပြောကြားရာတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ လယ်သမားများအားနှစ်မျိုးခွဲထားကြောင်း (၁) NLD ပါတီဝင် လယ်သမားနှင့် (၂) ပါတီဝင်မဟုတ်သော လယ်သမားဟူ၍ ရှိကြောင်း ။ NLD ပါတီဝင် လယ်သမားများအနေဖြင့် (၁၆.၉.၂၀၁၂ ) နောက်ဆုံးထားပြီး ချေးငွေ ဆပ်ရမည်ဖြစ်ကြောင်း မဆပ်နိုင်ပါကတရား စွဲမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည် ။ ပါတီဝင်မဟုတ်သောလယ်သမားများ အနေဖြင့် မိမိတို့နှင့် လာရောက် ညှိနှိုင်း နိုင်ပါကြောင်းစသည်ဖြင့် ပြောဆိုခဲ့သည် ။ ချေးငွေ မဆပ်နိုင်ခြင်းကို အခွင့်ကောင်းယူကာNLD ပါတီဝင်များအား နှိပ့်ချခွဲခြား ဆက်ဆံလိုက်ခြင်းဖြစ်ပါသည် ..။ယခုလက်ရှိတွင် ကြံ့ခိုင်ရေးပါတီသည် အစိုးရဖြစ်နေသောကြောင့် ပါတီစွဲမထားသင့်ပါ ။ အားလုံးသော လယ်သမားများအား ပြည်သူများအနေဖြင့်ရှုမြင်သင့်ပါသည် ။ ထိုသို့ ခွဲခြားဆက်ဆံခြင်းသည် အစိုးရတရပ် လုပ်သင့်သောကိစ္စများ မဟုတ်ပါ ။ လုပ်လဲမလုပ်သင့်ကြောင်းကို သမ္မတကြီးနှင့်တကွသက်ဆိုင်ရာ ၀န်ကြီးများ သိစေရန် တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား ..။
    ဒုက္ခတောမှ လယ်သမားများ
ယနေ့ မနက်အမေရိကန် အထက်လွှတ်တော်အမတ် Mr. Dean Rohrabecher နှင့်အဖွဲ့သည်NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံ
၅-၉-၂၀၁၂ နေ့ နံနက် ၁၀း၃၀ နာရီတွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Dean Rohrabecher နှင့်အဖွဲ့သည်NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင်
လာရောက်တွေ့ဆုံခဲ့ပါသည်။။
 ဓာတ်ပုံ...ကိုဆန်နီ
“ကျွန်တော်က တစ်ခုခု လုပ်လိုက်တယ်လို့ တိုက်ရိုက် စွပ်စွဲချက်မျိုးမရှိဘူး”
ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံခြင်း
အစိုးရ၏ ဖိတ်ကြားမှုကြောင့် ပြည်ပရောက် နိုင်ငံရေး အင်အားစု အချို့မှ ခေါင်းဆောင်များ မြန်မာနိုင်ငံ ပြန်လာမည် ဖြစ်ရာ ၎င်းင်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့် အစိုးရအဖွဲ့နှင့် တွေ့ဆုံရန် အစီအစဉ်တို့ အပါအ၀င် ABSDF (မြောက်ပိုင်း) ( မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး) လူသတ်မှု အပေါ် အမြင်များကို သိရှိ နိုင်စေရန်အတွက် ယခု ခရီးစဉ်တွင် တစ်ဦး အပါအ၀င်ဖြစ်ပြီး ABSDF (မြောက်ပိုင်း) လူသတ်မှုများ ဖြစ်ပွားချိန်တွင် ABSDF (ဗဟို) ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သူ ဒေါက်တာနိုင်အောင်နှင့် The Voice Weekly တို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။
Voice : ထိုင်းနိုင်ငံကနေ ပြန်လာမယ့် ငါးဦး ရှိတယ်လို့ သိထားပါတယ်။ ဒေါက်တာနိုင်အောင်တို့ ငါးဦးစလုံး တစ်ရက် တည်း အတူတူလာဖို့ စီစဉ် ထားပါသလား။
Dr.NA : ကျွန်တော်နဲ့ ကိုညိုအုန်းမြင့် ရယ်၊ ဒေါက်တာ သောင်းထွန်းရယ် အရင် ပြန်လာမယ်။ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ရောက်မယ်။ ကိုအောင်မိုးဇော်က ၃ ရက်နေ့မှ ရောက်မယ်။ ကိုမောင်မောင် က ၃ ရက်နေ့မှ ဗီဇာ လျှောက်မယ်။
Voice : အခု မြန်မာနိုင်ငံ ခရီးစဉ်က အလည် သက်သက်လား။ ဘာအတွက် လာတာပါလဲ။
Dr.NA : ကျွန်တော်တို့ကို အကျိုးဆောင်တွေ ပြောကြားချက် ကတော့ သမ္မတကြီးရဲ့ဖိတ်ကြားချက်ပေါ့။ သမ္မတနဲ့ တွေ့ဖို့။ နောက် အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ပါ။ ကျွန်တော်တို့က ဒီမိုကရေစီ အရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြင်တွေ ဆွေးနွေးမှာပါ။ သူတို့က တစ်ဦးချင်း ဖိတ် တော့ တစ်သီး ပုဂ္ဂလလိုဖြစ်နေတယ်။ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး လာတာ မဟုတ်ပါဘူး။
Voice : အခုလာမယ့်အဖွဲ့က အမေရိကကလာမယ့် ကိုမိုးသီးဇွန်တို့ရဲ့ PDM နဲ့ ညှိနှိုင်းပြီးလာတာလား၊ သီး ခြားစီလာတာလား။
Dr.NA : အကျိုးဆောင်တွေ စီစဉ် ပေးချက်အရ လာတာကတော့ သီးခြား စီပါပဲ။ ဒါပေမဲ့လို့ အစိုးရနဲ့ တွေ့ဖို့က တော့ အတူတူပဲ။
Voice : အခု ခရီးစဉ်က အစိုးရနဲ့ တွေ့ဖို့ သက်သက် ပဲလား၊ သီးခြား အစီအစဉ်တွေ ရှိပါသေးသလား။
Dr.NA : ကျွန်တော် မြန်မာနိုင်ငံ ရောက်ရင် အစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့ဖို့လည်း ရှိတယ်။ အခြား နိုင်ငံရေး အင်အားစု တွေကိုလည်း တွေ့ဖို့ရှိတယ်။ နောက် လူမှု အသင်းအဖွဲ့ တွေကိုလည်း တွေ့ချင်ပါတယ်။ လူထု အသံတွေ၊ လူထု အခြေအနေ တွေကိုလည်း လေ့လာချင် ပါတယ်။
Voice : အစိုးရသစ် တက်လာခါစက အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို သံသယ ဖြစ်တယ်လို့ ပြောတာ မျိုးတွေ တွေ့ရပါတယ်။ အခုကော အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အမှန်တကယ် ပြောင်းလဲနေပြီလို့ မြင်ပါသလား။
Dr.NA : မြန်မာနိုင်ငံ ပြင်ပမှာက နိုင်ငံရေးပဲ လုပ်နေတာဆိုတော့ ကိုယ့် တိုင်းပြည် အရေးကို စဉ်ဆက်မပြတ် လေ့လာ ဖြစ်နေပါတယ်။ သုံးသပ်မှုတွေ အမြဲတမ်း လုပ်ပါတယ်ခင်ဗျ။ အခုဟာ က သမ္မတက တွေ့ချင်တယ် လို့ဆို ထားတော့ ကျွန်တော်တို့က အပြောင်း အလဲကို သွားမယ့် အလင်းရောင်တွေ မြင်နေပြီ။ အပြောင်းအလဲအတွက် ခြေလှမ်းစနေပြီလို့ ထင်ပါတယ်။ အပြောင်းအလဲက ဘယ်သူပဲ တာဝန်ယူ လုပ်လုပ်ပေါ့။ ဒီလိုအချိန်မျိုးမှာ စိန်ခေါ် မှုတွေလည်း ကြုံနေဦးမှာပဲ။ အခက်အခဲ တွေလည်း ကြုံနေဦးမှာပဲ။ ကျွန်တော်တို့ ဘက်ကလည်း အပြောင်းအလဲကို ဒီထက် ပိုကောင်းအောင် ဘာတွေလုပ် သင့်တယ်ဆိုတဲ့ အမြင်ကို တင်ပြမယ်။ နောက် အစိုးရဘက်ကလည်း ဘာတွေ လုပ်နေလဲဆိုတာလည်း နားထောင် မယ်။ အဲဒီအထဲကမှ ဘာတွေ ပူးပေါင်း ဆောင်ရွက်သွားနိုင်မလဲ ဆိုတာတွေ ရှာဖွေ သွားရမှာပေါ့။
အပြောင်းအလဲဆိုတာ ဘက် ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက ကြည့်ဖို့ လိုသလို ပါသင့် ပါထိုက်တဲ့ သူတွေပါပြီး လုပ်တော့ အမြင်ကောင်းကောင်း၊ လူအင်အား ကောင်းကောင်းနဲ့လုပ်တော့ ပိုကောင်းတာပေါ့။ တစ်ခါတလေမှာ အယူအဆ ကွဲလွဲတာတွေလည်း ရှိနိုင် တာပေါ့။ ဒါပေမဲ့ မတူတဲ့ အမြင်တွေကို လက်ခံပြီး အကောင်းဆုံး ဘယ်လို ပူးပေါင်း လုပ်မလဲ ဆိုတဲ့ ယဉ်ကျေးမှုကို ရောက်ကြပြီလား ဆိုတာတော့ စကား ပြောကြည့်မှ သိနိုင်မှာပေါ့။
Voice : တစ်လောက မောင်မောင် (ရွှေကရ၀ိတ်)ရေးတဲ့ ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်ဆိုတဲ့ စာအုပ်မှာ ABSDF မှာဒေါက်တာနိုင်အောင် ဥက္ကဋ္ဌ တာဝန်ယူချိန် ABSDF (မြောက်ပိုင်း) မှာ လူသတ်မှုတွေ အဖွဲ့အတွင်း ဖြစ်ပေါ် ခဲ့တယ်။ ဒီအတွက် ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ တာဝန်ရှိတယ် ဆိုတာမျိုး ဝေဖန် တာတွေရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်း ချင်တာမျိုး ရှိပါသလား။
Dr.NA : မေးရင်တော့ ပြောချင်ပါ တယ်။ အမှန်တော့ လူနာမည် နည်းနည်း လွဲနေတာရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဗဟိုဥက္ကဋ္ဌပေါ့။ ကျွန်တော် တို့ ABSDF က အကွဲအပြဲတွေ ဖြစ်နေ ချိန်ပေါ့။ အဲဒီကိစ္စတွေ အားလုံး ကျွန်တော် က ဖြစ်ပြီးမှ သိရတာပါ။ အားလုံးက ကျွန်တော်တို့ အမိန့် ကျွန်တော်တို့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာမျိုး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်း က တတ်နိုင်သမျှ လိုက်ပြီး တာဝန်ယူရတဲ့ အပိုင်းပါ။ ကျွန်တော် ဥက္ကဋ္ဌ ဖြစ်နေချိန် မှာ ကျွန်တော် ကိုယ်တိုင် သိတာ၊ နောက် ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်တာ ဘာတစ်ခုမှ မရှိပါဘူး။ နောက်တစ်ခုက မြောက်ပိုင်း ကိစ္စလို ဟာမျိုးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာ တွေကို တရားဥပဒေ စိုးမိုးချိန်မှာ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ် သင့်တယ်လို့ ယူဆ ပါတယ်။ ကျွန်တော်လည်း အတတ်နိုင် ဆုံး၊ အကောင်းဆုံး ပြည့်ပြည့်၀၀ ပူးပေါင်း ပါဝင်သွားမှာပါ။ နောက် ဒီလိုလူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ် ဆိုတာ သိလိုက်ရတော့ ကျွန်တော်လည်း လုံးဝ စိတ်မကောင်းပါဘူး။ ၀မ်းနည်းပါ တယ်လို့ ပြောချင်ပါတယ်။
Voice : အဲဒီ စာအုပ်နဲ့ ပတ်သက်ပြီး ပြောချင်တာ၊ စွပ်စွဲတယ်လို့ မြင်တာ ရှိပါသလား။
Dr.NA : ကိုမောင်မောင်ရေးတဲ့ အဲဒီ စာအုပ်မှာ သူသွားတဲ့ အချိန်မှာ တွေ့ခဲ့မြင်ခဲ့လို့ ရေးထားတဲ့ မြောက်ပိုင်း က လူတွေနဲ့ ပတ်သက်တာတွေတော့ ရေးတာတွေ့တယ်။ ကျွန်တော့် နာမည်နဲ့ ကျွန်တော်တို့ အဖွဲ့အစည်းက ဥက္ကဋ္ဌ လည်းဖြစ်တဲ့ မဥမ္မာ နာမည်နဲ့ ရှင်းလင်း ထားတာတွေ့တယ်။ ဒါပေမဲ့ ကျွန်တော် က တစ်ခုခု လုပ်လိုက်တယ်လို့ တိုက်ရိုက် စွပ်စွဲချက်မျိုး (ရေးထားတာမျိုး) မရှိဘူး၊ မတွေ့ဘူး။ နောက်စာအုပ်ထဲမှာ ရေး ထားတာကလည်း ကျွန်တော်တို့ ပြန်လာခါနီးမို့ ဒီစာအုပ်ကို ထုတ်တယ် ပေါ့လေ။ တကယ်တမ်း ပြောမယ် ဆိုရင်တော့ ပွင့်လင်းတဲ့ အခြေအနေမျိုး ပွင့်ပွင့်လင်းလင်း နဲ့ ဆောင်ရွက်မှာ ဖြစ်သလို မှားတာတွေ ကို စွပ်စွဲတယ် ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်လို့ပဲ ပြောချင်ပါတယ်။
Voice : အခု ခရီးစဉ်က မြန်မာနိုင်ငံမှာ ဘယ်လောက်ကြာကြာ နေမယ်လို့ စီစဉ် ထားပါသလဲ။
Dr.NA : ကျွန်တော်တို့ လက်ရှိ အစိုးရ ခွင့်ပြု သလောက် နေသွားမှာပါ။
Voice : ဗီဇာက ဘယ်လောက် ခွင့်ပြု ထားပါသလဲ။
Dr.NA : ကျွန်တော်က နောက်လ ၂၆ ရက်နေ့ ပြန်မယ်လို့ လုပ်ထား ပါတယ်။
Voice : ဒီမှာ မီဒီယာတွေနဲ့ သီးခြား တွေ့ဆုံတာမျိုး လုပ်ဖို့ ရှိပါသလား။
Dr.NA : ဟုတ်ကဲ့၊ ကျွန်တော်တို့ ရောက်ရောက်ချင်း လေဆိပ်မှာပဲ ရှင်း လင်းပွဲ လုပ်ချင်ပါတယ်။ ဒီခရီးစဉ် အကြောင်းရော၊ နောက် လာဖြစ်သွား တဲ့အကြောင်းအရာ ရှင်းလင်းပွဲ လုပ်ချင်ပါ တယ်။ ဒါပေမဲ့ စီစဉ်ပေးတဲ့ သူတွေနဲ့ တော့ တိုင်ပင် ရဦးမှာပါ။ မြန်မာနိုင်ငံမှာ နေစဉ် ကာလမှာလည်း အစိုးရနဲ့ ဆွေးနွေး ထားတာတွေကို ပြန်ရှင်းပြဖို့ လုပ် ချင်ပါတယ်။ မီဒီယာတွေရဲ့ လွတ်လပ်မှု အခြေအနေကို သိချင်တာ ရှိသလို၊ မီဒီယာတွေ မေးသမျှ ဖြေကြား ချင်ပါ တယ်။
Voice : နောက်ဆုံး အနေနဲ့ မေးချင်တာက အစိုးရရဲ့ အမည်ပျက် စာရင်း ပယ်ဖျက်ကြောင်း ထုတ်ပြန်မှု ကို ဘယ်လို မြင်ပါသလဲ။
Dr.NA : ကျွန်တော်တို့ မြင်တာတော့ ပွင့်လင်း မြင်သာရှိဖို့ လိုတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာ အမည်ပျက် စာရင်း သွင်းထားတဲ့ ခြောက်ထောင်ကျော်စာရင်း၊ နောက် ပယ်ဖျက်လိုက်တဲ့ နှစ်ထောင်ကျော် စာရင်း ဘယ်သူတွေ ပါမှန်းလည်း မသိဘူး။ ဘယ်သူတွေကို ပယ်ဖျက်လိုက်မှန်းလည်း မသိဘူး။ ပါသေးလား မပါသေးလားလည်း မသိ ဘူး။ နောက် ကျွန်တော် မှတ်မိတာ ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေ ပြန်လာဖို့ သမ္မတကြီးကိုယ်တိုင် နှစ်ကြိမ်တိတိ ပြောတာရှိတယ်။ ဒါပေမဲ့ နိုင်ငံရေး သမားတွေ ပါမပါ မရှင်းဘူး။ ကျွန်တော် ပြောချင်တာက ဒီမိုကရေစီ အရေးအတွက်၊ တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နေသူတွေ ပြန်လာလို့ရ အောင် ဘယ်လိုနည်းလမ်းမျိုးနဲ့ လာနိုင် တယ်၊ ဘယ်လိုလူမျိုးတွေလာနိုင်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပေးဖို့၊ ထုတ်ပြန်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။
Source: The Voice Weelky
လှိုင် ၅ရပ်ကွက်မီး
ယနေ့ည ၈နာရီ ၃၀ ခန့်အချိန်တွင်လှိုင်မြို့နယ်၊ ၅ ရပ်ကွက်၊ မြရတနာလမ်း၊ မြကန်သာ အိမ်ရာ၊ အိမ်အမှတ် ၁၅၄ မှ 
မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်ကား ၁၃ စီးရောက်ရှိလာပြီး ငြိမ်းသက်သောကြောင့်အခြား အိမ်များသို့ မီးကူးစက်ခြင်းမရှိဘဲ၊ 
၉နာရီဝန်းကျင်ခန့်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြစ်မခသတင်းထောက် ငြိမ်းချမ်းမှ သတင်းပေးပို့သည်။
ထူးဆန်းသည်မှာမီးစတင်လောက်ကျွမ်းသော အိမ်မှာ လူမနေသော၊ မီတာဘောက်မရှိသော အိမ်ဖြစ်နေခြင်းဖြစ်ကြောင်း 
အဆိုပါနေအိမ်အနီးတွင် နေထိုင်သူများက ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။
source Shw Myintmakha Media (Facebook)
ဗိုလ်ချုပ် အောင်ဆန်းနေရာတွင် သရုပ်ဆောင်မည့် မောင်ကျောက်ခဲ မိမိဆန္ဒအလျောက်နုတ်ထွက်သွားခြင်းကြောင့် ပဏာမ ရွေးချယ်ထားသော ဆန်ခါတင် ၅ဦးထဲမှ ပြန် ရွေးချယ်မည်
စက်တင်ဘာ ၁ရက်နေ့ မနက် ၁ဝ နာရီ က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်းမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရာမှာ သရုပ် ဆောင် မယ့် မောင်ကျောက်ခဲက မိမိဆန္ဒ  အလျောက်နုတ်ထွက်သွားတဲ့အတွက် ကျန်ရှိ တဲ့ ဆန်ခါတင် ၅ယောက်ထဲကနေ ပြန်လည် ရွေးချယ်မှာဖြစ်ကြောင်း ကော်မတီအဖွဲ့မှ တာဝန် ရှိသူများကပြောပြခဲ့ပါတယ်။ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ အစည်းအဝေး ဆုံး ဖြတ်ချက်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဖြစ်မြောက်ေ ရးအဖွဲ့မှ တာဝန်ရှိ သူများကို မေးမြန်းဖြစ်ခဲ့သည်။
ဇော်သက်ထွေး  (ပြန်ကြားရေးမှူး)
“ဆန်ခါတင်၇ယောက်မှာ ကျောက်ခဲနဲ့ ကျော်ကျော်မျိုးပြီးတော့ ရွေးချယ်မခံရတာ ၅ ယောက်ကျန်သေးတယ်။ အခု ကျောက်ခဲက နုတ်ထွက်သွားတော့ သူ့နေရာမှာ အဲဒီ၅ ယောက်ကို ပြန်ရွေးချယ်သွားမှာပါ။ စက်တင် ဘာ၈ရက်နေ့ မနက်၉နာရီမှာ အင်တာဗျူးလုပ်မယ်။ ရွေးချယ်မှာကတော့ ဘုတ်အဖွဲ့၊ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကပဲ ဦးဆောင်ပေး သွားမှာပါ။ ပြီးရင် အဖြေတွေကို အမေစုဆီ ပို့မယ်။ အမေစုက ပြောပြီးမှ ထုတ်ပြန်နိုင်မှာ ပါ။ ပြီးတော့ ဘဏ္ဍာရေးအတွက် အလှူရှင် တွေကိုဂျာနယ်မှာ ထည့်သွင်းနိုင်ရေးကို ဆွေးနွေးဖြစ်တယ်။ ပြီးတော့ အခုသင်ကြားတဲ့ သင်တန်းမှာ ဇာခြည်လင်း၊ သင်းမြတ်သန္တာ လှိုင်၊ကျော်ကျော်မျိုးတို့အားလုံးစိတ်ဝင်တစားနဲ့ သင်ယူ တာတွေ့ရတယ်။ဝမ်းသာမိတာပေါ့”။
ဇာဂနာ  (အမှုဆောင်)
“ပထမတစ်ခုပြောရရင် မောင်ကျောက်ခဲ နေရာမှာ အစားထိုးဖို့အတွက် ကျန်ခဲ့တဲ့ ၅ ယောက်ကို စက်တင်ဘာလ ၈ရက်နေ့မှာ ပြန် ခေါ်မယ်။ ဘုတ်အဖွဲ့နဲ့ ရုပ်ရှင် ဖြစ်ြေ မာက်ရေး အဖွဲ့က ဦးဆောင်ရွေးမယ်။ အန် တီစုမအားတဲ့အတွက်ကြောင့်ပါ။အဲဒါရွေးချယ်ပြီးရင် ၄ယောက် စလုံးကို စာချုပ်ချုပ်မယ်။ စာချုပ် ချုပ်တဲ့အခါမှာ ကိုယ့်သေ ဘာ နဲ့ကိုယ်လုပ်လို့ မရဘူး။ သရုပ် ဆောင်မှာက ဗိုလ်ချုပ်အောင် ဆန်းနေရာဖြစ်တဲ့အတွက် ကိုယ် ကျင့်တရား၊ စာရိတ္တပိုင်းမှာ ကောင်းရမယ်။ ဒီ စည်းကမ်းကို တော့
သူတို့လိုက်နာပေးရမယ်။ ဒီရုပ်ရှင်ဖြစ်မြောက်ဖို့လုပ်ဆောင် တဲ့အချိန်အတွင်း  ကိုယ်ရေးကိုယ် တာ ကိစ္စတွေမရောရဘူး။ ဒီလို စည်းကမ်းနဲ့ ဒဏ်ကြေးပါတစ်ခါ တည်း သတ်မှတ်ထားတယ်။ အဲ ဒီလိုပဲကျွန်တော်တို့ဘက်က လည်း ထိုက်သင့်တဲ့အခွင့်အရေးပြန်ပေး မှာပါ။ဇာခြည်လင်းက ကျောင်း ဆရာမ၊ သူ့မိဘကို လုပ်ကျွေးတဲ့ သမီးဖြစ် တဲ့အတွက် သူ့ကို ထောက်ပံ့ငွေအဖြစ် အဓိကဆွေးနွေးဖြစ်တယ်။ အားလုံးအတူတူ လုပ်ဆောင်မှာပါ။ ကျော်ကျော်မျိုးအတွက်က တော့ဘာမှပူစရာ မလိုဘူး။ လခရောနေ စား စရိတ်ရောKBZ က အားလုံးခံပေးထားတယ်။ အဲဒီအတွက်KBZ ဘောလုံးအသင်းကို ကျေးဇူးတင်တယ်။ နောက်တစ်ချက်ကတော့ စက်တင်ဘာလ ၁၅ရက်နေ့မှာနို င်ငံခြားသားနဲ့သင်ရတဲ့သင်တန်း ပြီးပြီ။သူတို့ကိုခွင့်ဆိုပြီး ၄ရက်၊၅ရက်လောက်ပေးမယ်။ ပြန်လာရင်တော့ဘုတ်အဖွဲ့ဝင်အတတ်ပညာရှင်အနုပညာ ရှင်များကဆက်လက် သင်ကြားပေးမယ်။ဦးဇင် ဝိုင်းအပါအဝင်လူမင်း၊ဝိုင်း၊ကြည်ဖြူသျှင်၊ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်၊အိအိခိုင်(ဒါရိုက်တာ)တို့က မိန်းကလေး၊ ယောက်ျားလေးခွဲပြီးသင်ကြားပေး သွားမှာပါ”။
ဒါရိုက်တာဝိုင်း  (အမှုဆောင်)
“မောင်ကျောက်ခဲရဲ့နေရာမှာ ဆန်ခါ တင် ၅ယောက်ထဲက ပြန်ရွေးမှာပါ။ ကောင်း တဲ့အစီအစဉ်ပါ။ ဗိုလ်ချုပ်နေရာမှာ သရုပ်  ဆောင်ဖို့ဆိုရင်အားလုံးမကောင်းရင်ေ တာင်မှ ဗိုလ်ချုပ်နဲ့တူတဲ့ ဂုဏ်သတင်းတော့ ရှိသင့် တာပေါ့။ အကျင့်စာရိတ္တကောင်းရမယ်။ စက်တင်ဘာ ၈ ရက်မှာပြန်ရွေးမှာပါ။ နိုင်ငံခြားက ဆရာသင်ပြီးရင် ကျွန်တော် တို့ ဘုတ်အဖွဲ့ဝင် တွေပြန်သင်မှာပါ။ ကျွန်တော်တို့လည်းတတ် နိုင်သလောက်တော့သင်ပေးမှာပါ။ဒီလို ဇာတ် လမ်းမျိုးမှာပါဝင်သရုပ်ဆောင်နိုင်ဖို့ဆိုတာ မလွယ်ဘူး။တန် ဖိုးထားပြီးလုပ်ဆောင်စေချင်တယ်” စက်တင်ဘာ ၈ ရက်နေ့၊ မနက် ၉ နာရီ တွင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးရုံးခန်း၌ဆန်ကာတင်၅ ဦးကိုလူတွေ့ အင် တာဗျူးမှာပြီးနောက် ရရှိလာတဲ့ လူစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ပေးပို့ပြီးပြန်လည် ရွေးချယ်မှာဖြစ်ကြောင်းသိရပါတယ်။
source : www.popularmyanmar.com
စိတ်ရှည်ကျပါ
from Eleven 
ယနေ့ ညနေ တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး ကိုအားနေ မာရှာဘာနေ နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ
၎-၉-၂၀၁၂ ညနေ ၃း၃၀ နာရီတွင် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး ကိုအားနေ မာရှာဘာနေ နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား နေပြည်တော်ရှိ သူမ၏ နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်.။။
ဓာတ်ပုံ.. ကိုဆန်နီ
၉၂ ပါဂျောင်ရှင်းတမ်း (ABSDF မြောက်ပိုင်း) ကျောင်းသား ရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲ..
၉၂ ပါဂျောင်ရှင်းတမ်း မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာ ရှင်းလင်းပွဲအား သြဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၀း၃၀)အချိန်တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
 မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းတစ်ဦးမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
 မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ကိုဘိုဘိုမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲသို့ မီဒီယာများလာရောက်
သတင်းယူနေစဉ်
 မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်း တစ်ဦးမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
၉၂ ပါဂျောင်ရှင်းတမ်း မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ကျောင်းသား ရဲဘော်ဟောင်းများ
မနန်းခင်ထွေးကြည်၏မိခင်
သတင်းဓာတ်ပုံ
 ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
၃၁ နှစ်တဲ့ဗျာ..
၃၁ နှစ်တဲ့ဗျာ
(၃၁) နှစ်တဲ့ဗျာ …
အရေးအကြောင်းတွေက စလာခဲ့ပြီပေါ့ … ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေက ထက်မြက်နေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ခြေလှမ်းတွေက နှေးကွေးလာစမြဲ … ကျွန်တော်တို့ရဲ့ လှမ်းချက်တွေက တက်ကြွနေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
အရွယ်နှောင်းလို့ ဖေးမကူတွဲ … ကျွန်တော်တို့ရဲ့ ဖေးမမှုက လူသားမျိုးစုံဘဲ။
(၃၁) နှစ်တဲ့ဗျာ …
ဖြတ်သန်းမှုတွေက ဘဝမျိုးစုံဘဲ … ကျွန်တော်တို့ရဲ့ ဘဝတွေကတော့ သီလလုံဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ဇရာဖက်ကို ခြေလှမ်းလာပြီဘဲ … ကျွန်တော်တို့က လောကကြီးတစ်ခုလုံးကို နုပျိုနေအောင်ဖေးမနေဆဲ။
(၃၁) နှစ်တဲ့ဗျာ့ …
ကျွန်တော်နဲ့ သူမတို့က မယိမ်းမယိုင်ရှိနေဆဲ … ကျွန်တော်တို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ
ငြိမ်းချမ်းနေမည့် အရပ်ဒေသတစ်ခုဘဲ။
(ကျော်သူ)
(သြဂုတ်လ (၃၁) ရက်နေ့တွင် ကြရောက်သော ကျွန်တော် ကျော်သူနှင့် ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ရွှေဇီးကွက်တို့၏ မင်္ဂလာနှစ် (၃၁) နှစ်မြောက် နေ့ရက်အတွက် ပြည်ပမှ ရေးဖွဲ့လိုက်တဲ့ နှလုံးသားထက်မှ စာသားစု)
(မျက်လုံးချင်း ဘယ်လောက်ဝေးဝေး နှလုံးသားချင်း နီးနီးလေးရှိနေဖို့ပါဘဲ)
တိုင်းပြည်အကျိုး၊ အများအကျိုး မနားမနေ ထမ်းရွက် သယ်ပိုးဆောင်ရွက်နေတဲ့ လက်တွဲညီလှတဲ့  အကိုကြီး ကိုကျော်သူနှင့် အမမရွှေဇီးကွက်တို့ရဲ့ ၃၁နှစ်မြောက် မင်္ဂလာနေ့ရက်မှသည်.. နောင်နှစ်(၁၀၀)တိုင်ပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ အများအကျိုးကို ဆက်လက် သယ်ပိုး ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။
ဒီမိုဝေယံ
“ထမင်း ဖြောင့်ဖြောင့် စားနိုင်ကြပါစေ” (ဆောင်းပါးရှင် လောကပါလ)..
“ထမင်း ဖြောင့်ဖြောင့် စားနိုင်ကြပါစေ”
(ဆောင်းပါးရှင် လောကပါလ)
ကျွန်တော့အဖေအသက် ၃၈ နှစ်မှာဆုံးပါးတော့ အမေက ၃ရ နှစ်။ သားသမီး (၇) ယောက်ကျန်ခဲ့တယ်။ သားအကြီးဆုံးက ၁၈နှစ်၊ အငယ်ဆုံးဖြစ်လာမယ့်သားက ဝမ်းမှာလွယ်ထားဆဲ။ အဖေဆေးရုံတက်တဲ့အခါ အဲဒီသားကြီးက လူနာစောင့်ရတော့ ၁၆နှစ် အရွယ် သမီးကြီးကို ဆေးရုံထမင်းပို့ လွှတ်ရတယ်။ အမေကိုယ်တိုင် မပို့နိုင်မှ ခိုင်းတာမို့ ရက်ခြားပါ။ ဒါပေမဲ့ ဆေးရုံတက်ရက်နှစ်လ အတွင်းမှာဘဲ တလမ်းကျော်က လူငယ် တစ်ယောက်နဲ့ ရည်ငံပြီး ဖအေဆုံးလို့ လမှမလဲသေးခင် လိုက်ပြေးပါလေရော။ အမေ့အတွက် မြွေပူရာကင်းမှောင့်ပေါ့။ လက်ကျန် သားသမီးငါးယောက်နဲ့ တစ်ဗိုက် ရဲ့ တာဝန်ဟာလဲ မုဆိုးမပူပူနွေးနွေး အမေ့ပုခုံးပေါ်မှာ အလုံးအရင်းနဲ့။ ဆိုတော့ကာ လင်အလွမ်း သမီးအလွမ်းတွေ ဘယ်မှာဇာချဲ့အားပါ့မလဲ။ အငယ်ကောင် မွေးပြီးပြီးချင်းဆိုသလို အမေဈေးတောင်းခေါင်းရွက်ခဲ့ရတာပါ။ စက်ရုံတခုမှာ နေ့ဘက်အလုပ်ဆင်းပြီး လူငယ့်ရေးရာညကျောင်းတက်တဲ့ သားကြီးက တတ်စွမ်းသရွေ့ တဖက်တလှမ်းပေါ့။ ကျွန်တော် အပါအဝင် ကျန်သားသမီး ဘုစုခရုတွေကတော့ ကျောင်းသွားရုံ၊ စားရုံကစားရုံသာ ပံ့ပိုးနိုင် ခဲ့ကြပါတယ်။ 
ဟိုတလောကမီးလောင်သွားတဲ့ ရှမ်းလမ်း ဂွဈေးဟာ အမေကုန်စိမ်းရောင်းပြီး ကျွန်တော်တို့ကို လူတလုံး သူတလုံး ဖြစ်အောင် ပျိုးထောင်သွားခဲ့တဲ့ ဘူမိနက်သန်လေးပါ။ ကုန်စိမ်းတို့ သားစိမ်းတို့ ဆိုတာတခြားကုန် အမျိုးအစားတွေနဲ့ မတူဘဲအချိန်နဲ့ဝယ် အချိန်နဲ့ ရောင်းကြရတာမို့ ပိုပင်ပန်းပါတယ်။ အမေဟာမနက် ၂နာရီအိမ်ရှေ့အရောက်လာခေါ်တဲ့ ကုန်စိမ်းကြိုကားနဲ့ ကီလီဈေးလို့ ခေါ်ကြတဲ့ ကီလီလမ်း (ဝါးတန်းလမ်း) ဆိပ်ကမ်းဈေးကြီးကိုသွား၊ သင့်တော်ရာဟင်းသီးဟင်းရွက် အသီးအနှံတွေဝယ် အဲသည်ကားနဲ့ ပြန်တင်ပြီး ဂွဈေးကိုဈေးဖွင့်ချိန်အမှီပြန် ဆိုင်ခင်းရောင်း၊ ဈေးကွဲချိန် အိမ်ပြန် (အိမ်ကဈေးအနီး ရပ်ကွက် တခုမှာပါ)၊ မိသားစုစားဘို့ချက်ပြုတ၊် စားသောက်ပြီးနေ့လည်နေ့ခင်း (လျှော်ရေးဖွတ်ရေးမရှိတဲ့အခါ) တအောင့်တဖြုတ် နား၊ ညနေဈေးပြန်ထွက်၊ မှောင်မှတနေ့တာအတွက် ဈေးသိမ်းပြီး အိမ်ပြန်ရောက်ပါတယ်။ ဒါဟာ နေ့စဉ် ရက်ဆက်အလုပ်ပါ။ အိပ်ယာထဲလဲအောင် ဖျားနာတာမျိုးကလွဲရင် အမေ့မှာနားရက်မရှိသလို နားလဲ မနားပါဘူး။ စိတ်ဆောင်လို့လား မာန်တင်းထားတာလားမသိခဲ့ပေမယ့် အမေဈေးရောင်းပျက်တဲ့ရက် မရှိသလောက်ဆိုတာတော့ မှတ်မိနေပါတယ်။ 
အဲသလို (အမေ့စကားအရ) ကြက်ယက်သလို ရှာစားနေရပေမယ့် သားသမီးတွေ အပေါ်မှာ စားဝတ်နေရေး ပညာရေး ကျန်းမာရေးကအစ မလစ်ဟင်းခဲ့သလို ပင်ပန်းတယ်လို့လဲ မညည်းညူခဲ့ပါဘူး။ တခါတခါ အမေ့ကိုကြည့်ပြီး ဂရုဏာသက်လို့ရော အမေ့စိတ်ကို စမ်းချင်တာ ကြောင့်ရော ဆွေမျိုးနီးစပ်တွေက သားသမီးတယောက်တလေ သူတို့ကို ဒါမှမဟုတ် သူများကို (မွေးစားဘို့ဘဲ ဖြစ်ဖြစ်)  ပေးဘို့ စကားတောက်လာ ကြသမျှကိုလဲ အမေ ရယ်ရယ်မောမာနဲ့ ငြင်းဆန်ခဲ့တာချည်းပါဘဲ။ တချို့အမေ့အပေါ် သြဇာညောင်းတယ်လို့ ခံယူထားကြတဲ့ (အမေ့လို မုဆိုးမကုန်စိမ်းသည်အပေါ် လူတကာက သြဇာညောင်း ချင်ကြတာ တကယ်တော့ မဆန်းပါဘူး) အရင်းအချာတွေကိုယ်တိုင် ဒီကိစ္စ အတည်ပေါက်နဲ့ ထပ်တလဲလဲ ပြောလာပြီဆိုရင် အမေပြတ်ပြတ်သားသား တုံ့ပြန်လေ့ရှိတဲ့ စကားတခွန်းကတော့ “ကျွန်မ ဟင်းရွက်ကန်စွမ်းရောင်းနေတာ မှန်ပေမယ့် ကျွန်မသားသားသမီးတွေကိုတော့ ဟင်းရွက်ကန်စွမ်းလို သဘောမထားနိုင်ပါဘူး” ဆိုတာပါဘဲ။ ဒါဟာ သားသမီးတွေနဲ့ပတ်သက်လို့ အမေ့ရဲ့ရပ်တည်ချက် ဖြစ်ပါလိမ့်မယ်။ 
ခုတော့ အမေမရှိတော့ပါဘူး။ ကိုယ်ကိုယ်တိုင် မိဘနေရာရောက်ပြီး အမေ့လိုပင်ပန်းကြီးစွာ ရှာမစားရ ရှာမကြွေးရတာ အမေ့ ကျေးဇူးကြောင့်ပါလားလို့ နက်နက်နဲနဲ သိလာတဲ့အခါ ကျေးဇူးဆပ်လိုစိတ် ပြင်းပြင်းပြပြ ဖြစ်ရတတ်ပါရဲ့။ ဒါပေမဲ့ ဆပ်စရာ အမေမရှိတာလည်း နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ ဒီလိုလူမိုက်မျိုးတွေရဲ့ ထုံးဆံအတိုင်း နောင်တတွေ တနင့်တပိုးနဲ့ အကြောင်းတိုက်ဆိုင်တိုင်း သတိရလိုက်၊ သတိရတိုင်း အနီးအပါးက ကိုယ့်သားသမီး သူများသားသမီး မခွဲခြား၊ စိမ်းသောကျက်သော နာလိုသော မနာလိုသော မစောကြောဘဲ ကိုယ်ရသလို နောင်တမျိုး သူတို့မရကြစေဘို့ လူတွင်ကျယ်လုပ်ပြီး ပြောလိုက်ဆိုလိုက်နဲ့ ဘဝနေတောင် အတော် စောင်းပါပေါ့။ ဟိုအရေးသည်အရေး ငေးရင်းမောရင်း တွေးတောရင်း ဖျတ်ကနဲအမေ့ကိုအမှတ်ရလိုက်မိတဲ့ ဒီတခါမှာတော့ ခုလိုစာတစောင်ပေတဖွဲ့အထိ ရေးဖြစ်တော့တာပါဘဲ။
မိုးလင်းမိုးချုပ် အလုပ်လုပ်ရတဲ့ အမေဟာ နားရက်မရှိသလို တနေ့တနေ့ သားသမီးတွေနဲ့ မျက်နှာချင်း ဆိုင်ရတယ်လို့လဲ သိပ်မရှိပါဘူး။ 
မနက်အမေဈေးကြို သွားချိန်ဟာ ကျွန်တော်တို့တတွေ အိပ်ကောင်းတုံး အချိန်ဖြစ်ပြီး နေ့လည်နေ့ခင်း အမေချက်ပြုတ်ဘို့ပြန်ချိန်မှာတော့ ကျွန်တော်တို့ အသီးသီး ကျောင်းကို ရောက်နေကြပါပြီ။ ကျောင်းကပြန် ကစား ရေချိုးပြီး အမေ့ကိုမစောင့်ဘဲ (အမေကလည်း မစောင့်ဘို့ မှာထားပါတယ်) ညစာစားနှင့်ကြတာမို့ အမေပြန်လာတဲ့အခါ သူ့ဘာသာခူးခပ်ပြီး တယောက်ထဲ စားရလေ့ရှိပါတယ်။ ဒါကြောင့်လဲအမေ့ထမင်းဝိုင်းဟာ သာမာန်အားဖြင့် တိတ်ဆိတ်နေတတ်ပါတယ်။ တယောက်ယောက်က မနှာက်ယှက်ရင် ဆိုပါတော့။ တနေကုန်ပင်ပန်းရာက ပြန်လာ၊ ကိုယ့်ထမင်းကိုယ် ခူးခပ်စားနေရတဲ့ အမေ့ထမင်းဝိုင်းကို နှောက်ယှက်ရက်သူကလဲ ရှိတတ်သေးတာကိုး။ တခြား ဟုတ်ပါရိုးလား အမေ့သားသမီးအရင်း ဖြစ်ကြတဲ့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေပါဘဲ။
ပြဿနာရှာပုံကလဲ တမျိုးပြီးတမျိုးမရိုးနိုင်အောင် လို့ပြောနိုင်မယ်ထင်ပါတယ်။ စာအုပ်ဘိုးခဲတန်ဘိုး လိုချင်တဲ့အချိန် မရနိုင်တာကအစ ပပက (ပြည်သူ့ဆိုင်) မှာပစ္စည်းသွားမထုတ်ချင်တာအလယ် အရုပ်အိမ် (ပလပ်စတစ်အရုပ် စက်ရုံရှိတဲ့အိမ်) က အဒေါ်ကြီး နေ့တိုင်းအိမ်ကိုလာပြီး သူ့သားသမီးတွေအကြောင်း အခြောက်တိုက် ကြွားကြွားသွားတာ ကြည့်မရပေမဲ့ အမေ့ကြောင့် သီးခံနေရတာအဆုံး (နောက်မှ  တဖြေးဖြေးသိလာရတာက အဲဒီ အဒေါ်ကြီးဟာ အမေ့ဆီကနေ့ပြန်တိုး လာလာသိမ်းတာပါတဲ့)။ အဆိုးဆုံးဖြစ်မယ် ထင်တာကတော့ ကျွန်တော်တို့ချင်း တယောက်ကိုတယောက် မကျေမချမ်းနဲ့ အပြန်အလှန် အတိုင်အတောထူကြတာပါဘဲ။ အခါအားလျော်စွာ ဖြစ်လေ့ရှိတဲ့ ကျွန်တော့်အထက်ကအစ်မ၊ ကျွန်တော်နဲ့ ကျွန်တော့်အောက်ညီ သုံးပွင့်ဆိုင် အခန့်မသင့်မှုကို အကြောင်းပြုလို့ပါ။ ဒီနေရာမှာ အလယ်လူကျွန်တော်ဟာ များသောအားဖြင့် တကိုယ်တော် ရန်လိုငဖြိုး ဖြစ်ရတတ်ပါတယ်။ အစ်မနဲ့ရန်ဖြစ်ရင် ညီကအမဘက်က၊ ညီနဲ့ဖြစ်ပြန်တော့ အမကညီဘက်က၊ အမေ့တိုင်ပြန်တော့ သူတို့က နှစ်ယောက်စကားမို့ ကျွန်တော်သာအလွန်ဖြစ်ရ။
တရက် ကျွန်တော်တို့ချင်း အလုပ်တွက်ကပ်ရာကစ သုံးပွင့်ဆိုင်ရန်ဖြစ်ကြ ပြန်ပါတယ်။ အိမ်အတွက် ရေခပ်တဲ့ကိစ္စပါ။ ဆင်းရဲသားရပ်ကွက်မို့ အများသုံးရေဘုံဘိုင်ကိုသာ အားထားကြရတဲ့ ကျွန်တော်တို့ မိသားစုအတွက် သောက်သုံးရေကို မနက်ကျောင်းမသွားမီ ဒါမှမဟုတ် ညနေကျာင်းကပြန်ရင် အပြေးအလွှား ခပ်ကြရပါတယ်။  ကိုယ်လိုလူတွေ အများစုဆိုတော့လဲ ရေဘုံဘိုင်မှာလူရှင်းတယ်လို့ သိပ်မရှိတဲ့ အပြင် တခါတခါတန်းစီပြီး အလှည့်ကျခပ်ရတာမျိုးကြုံရပါတယ်။ ကျွန်တော်က ရေခပ်ရတာ ဝန်မလေးပေမဲ့ (ဘာကြောင့်မှန်းမသိ မိန်းခလေးတွေသာများတဲ့) ဘုံဘိုင်မှာ ရေတန်းစီတဲ့အလုပ်ကို မလုပ်ချင်ဘူး။ 
ဒါကြောင့် ဘုံဘိုင်လူများတဲ့ နေ့တွေဆို ကျွန်တော့် အမနဲ့ညီတို့သာ ရေခပ်ကြလေ့ရှိပါတယ်။ အဲဒီနေ့ကတော့ သူငယ်ချင်းတွေ နဲ့ ဘော်လုံးကန်ဘို့ကလည်း ရှိနေတော့ အဆော့မက်တာနဲ့ အပျင်းထူတာ နဲ့ ရောပြီး ရေမခပ်ဖြစ်တော့ပါဘူး။ ကစားရာကပြန်လာပြီး သူတို့ခပ်ထားတဲ့ရေ အဆင်သင့် ချိုးတာကို တာဝန်မဲ့မှုအရပ်အဖြစ် ကျွန်တော့်အမက ထောက်ပြတဲ့အပေါ် ကျွန်တော်ကလဲ ကျွန်တော့် ဝသီ အတိုင်း နှုတ်လှံပက်ပါတော့တယ်။ ဒါကို ညီဖြစ်သူက ကိုယ်ကလဲပျက်ကွက်သေး အမကိုလဲခံပြောသေး ဆိုပြီး ဝင်ပြောရာက အခြေအတင် ဖြစ်ကြရတာပါ။ 
အမေပြန်လာတော့ ထုံးဆံအတိုင်း ထမင်းစားပြီးအောင် မစောင့်နိုင်ဘဲ ဝိုင်းပြီး တိုင်ကြတောကြပါတယ်။ အမေ့ခမျာ ထမင်းမသီးရုံ တမည် စားရင်းသောက်ရင်းက ကျွန်တော်တို့ပြဿနာကို ဖြေရှင်းဖျောင့်ဖြပေး ပေမဲ့ သဘောကောင်းစိတ်တို ကျွန်တော့်ညီနဲ့ ဆင်ခြေဆင်လက် အင်မတန်များတဲ့ ကျွန်တော်တို့အကြား ပဋိပက္ခက တော်ရုံနဲ့မငြိမ်းခဲ့ပါဘူး။ ကျွန်တော်က စကားအနိုင်ရရေးကိုသာ ရှေ့ရှုနေပေမယ့် ကျွန်တော့်ညီရဲ့ စိတ်ထဲမှာတော့ မိသားစုထဲမှာ ပညာလေးနဲနဲပါးပါး ထူးချွန်သူမို့ အားလုံးက အလိုလိုက်ထားတဲ့အပေါ် (ဟုတ်သင့် သလောက်လဲ ဟုတ်ပါတယ်)  အခွင့်အရေးယူလွန်းသူအဖြစ် ကျွန်တော့်ကို မြင်နေကြောင်း သူ့စကားတွေအရ သိသာနေပါတယ်။ ပြောရင်းပြောရင်း စကားနဲ့အနိုင်မရနိုင်တဲ့ အခါမှာတော့ လက်မြန်ခြေမြန် ကျွန်တော့်ညီက သူ့အနီးမှာရှိနေတဲ့ ကြိမ်တံမြက်စီးဆွဲပြီး ကျွန်တော့်ဆီပြေးအလာ အမဖြစ်သူလှမ်းဆွဲ လို့ မရိုက်ဖြစ်လိုက်ပေမယ့် အခြေအနေက နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။ 
အမေလဲ ထမင်းဆက် မစားနိုင်တော့ဘဲ စားလက်စ ထမင်းပန်းကန်လေး ဆွဲပြီး မီးဖိုချောင်ထဲ ဝင်သွားပါ တော့တယ်။ ထမင်းစားပွဲကအထမှာ အမေပြောလိုက်တဲ့ စကားဟာ ရန်စောင်နေဆဲ ကျွန်တော်တို့ ညီအကို နှစ်ယောက်စလုံး ငြိမ်သွားစေခဲ့သလို ကျွန်တော့်အတွက် ဒီကနေ့အထိမမေ့နိုင်တဲ့ စကားတခွန်းလဲ ဖြစ်ခဲ့ရပါတယ်။ ခုဒီစာရေးဖြစ်ရတာလဲ အဲဒီစကားကို အမှတ်ရလိုက်လို့ဆိုတာ ဝန်ခံပါရစေ။
“ထမင်းတလုပ်စားရတာ အပင်းလျှိုရသလိုပါလား” တဲ့။ 
အမေ့ဘဝမှာ ကျွန်တော်တို့ရဲ့ မလိမ်မာမှုကြောင့် အကြိမ်ဘယ်လောက်များများ ထမင်းကို အပင်းလို မြင်သွားခဲ့ရပါလိမ့်။ သားရေးသမီးရေးကြောင့် ကိုယ်တိုင် ထမင်းနင်ရတဲ့ အဖြစ်တွေကြုံရတိုင်း အမေနဲ့ အမေ့ မှတ်ချက်စကား (မသက်မသာ ညည်းတွားသံ) လေးကို အမှတ်ရဖြစ်ပါတယ်။ ဒါတောင် ကျွန်တော်တို့ တတွေ (အမေ့ကျေးဇူးကြောင့်) အမေ့လောက် ပင်ပန်းကြီးစွာ မရုန်းကန်ကြရသလို ကျွန်တော်တို့ သားသမီးတွေဟာလဲ အမေ့ သားသမီးတွေ (ကျွန်တော်တို့) လောက် ပြောရဆိုရ လက်ဝင်လှသူတွေ မဟုတ်ကြပါဘူး။ တနေ့နေ့မှာ မိဘနေရာ မလွဲမသွေရောက်ကြရမဲ့ ခေတ်ပြိုင်သားသမီးတွေ အားလုံး (နောင်တ ရတတ်သူတွေဖြစ်ခဲ့ရင်) ကျွန်တော်လို နောင်တမျိုး မရစေချင်လို့ ပြောလိုတာက အမေနဲ့ အတူနေခွင့်ရှိကြခိုက်မှာ အမေတွေ ထမင်းစား မဖြောင့်မဲ့ ကိုယ် နှုတ် နှလုံး သုံးပါးမျိုးကို ရှောင်ရှားသင့်၊ ရှောင်ရှားဘို့ ကြိုးစားသင့်ကြပါတယ် လို့ပါ။ ပြောရရင် ဒီစကားက ခုချိန်ခါမှာ ပိုပြီးလေးနက်လိမ့်မယ်လို့လဲ ထင်ပါတယ်။ ဘာကြောင့်ဆို အမေဆိုတဲ့ အသံတွေ ဘဝဂ်လျှံနေတဲ့ အချိန်မို့ပါဘဲ။ လျှံသမှ အိမ်တွင်း အိမ်ပြင် လမ်းပေါ်လမ်းမ နိုင်ငံတွင်း နိုင်ငံပ သောင်းသောင်းညံအောင် ကြားနေကြရတယ် မဟုတ်ပါလား။ အမေအားလုံး ထမင်းဖြောင့်ဖြောင့် စားနိုင်ကြပါစေ။
ဝန်ခံချက်။ တလောက အင်တာနက်သတင်းတပုဒ်မှာ ဖတ်လိုက်ရတဲ့ ဆိုက်ကားသမ မုဆိုးမ မိခင်တဦးရဲ့ အားမာန်ကို အကြောင်းပြုပြီး အမေ့ကိုသတိရမိရာက ဒီစာစုကိုရေးဖြစ်ပါတယ်။ 
လောကပါလ..