ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော ဖ.ဆ.ပ.လညီလာခံမိန့်ခွန်းတွင်လည်း
ဗြဟ္မစိုရ်တရားခေါင်းပါးနေသရွေ့ ကာလပတ်လုံး
ကပ်ဘေးအမျိုးမျိုးကြုံတွေ့ရမည်ဟူသော မှန်ကန်လှသည့် မိန့်မှာချက်အတိုင်း
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရန်သူမျိုးငါးပါးဖြစ်သော ရေဘေး၊
လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေးစသည့် ဒုက္ခအမျိုးမျိုးသော
ကပ်ဘေးအမျိုးမျိုးကြုံတွေ့ခံစားနေရပြီဖြစ်တော့သည်။ မြန်မာပြည်သူလူထုအပေါင်း
ရေရှားပါးမှုဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်၊ လေဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊
စစ်ဘေးဒဏ်တို့ကြောင့် ဘဝပေါင်းမြောက်များစွာ သေကြေပျက်စီး အမိတကွဲ၊ အဖတကွဲ၊
အိုးပစ်/အိမ်ပစ်၊ စားရမဲ့/သောက်ရမဲ့ ဘဝများ တိုင်းပြည်ကိုစွန့်ခွာ၍
ပြည်ပနိုင်ငံများတွင် အလုပ်အကျွေးသွားပြု၍ ကျွန်ခံနေရသော အနာဂတ်လူငယ်များ၏
ဘဝပေါင်းများစွာတို့ဖြင့် ပြည့်လျှံနေရသော ဆိုးရွားလှသည့် အခြေအနေတရပ်သို့
ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ခံစားမိတော့သည်။
သို့သော် ကျွန်တော်တို့လူမှုရေးသမားများ အရပ်ဘက် ကိုယ်ထူကိုယ်ထ
လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ဘုရားရှင်၏ ဗြဟ္မစိုရ်တရား(၄)ပါးဖြစ်သော
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ကို လက်ကိုင်ပြု၍
လူသားချင်းစာနာစိတ်မွေးဖွားကာ အတတ်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိသည်။
- မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့နိုင်ငံအသီးသီးတို့သည်လည်း အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းရေးတရားများ အမြန်ဆုံးလွှမ်းခြုံ စေချင်တော့သည်။
ထိုအတွေး၊ ထိုအာရုံခံစားမှုတို့သည် ကျွန်တော် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊
ဒီပဲယင်း၊ ရွှေဘို၊ ပြည်၊ ကြို့ပင်ကောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာပြည် အရပ်ဒေသအသီးသီးသို့ သွားရောက်၍
ဗြဟ္မစိုရ်ခြေလှမ်းလူမှုရေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့စဉ်က
ဖြစ်ပေါ်ခဲ့သည်။
ယခု ကြို့ပင်ကောက်၊ ရေဘေးကယ်ဆယ်ရေးသွားစဉ်
ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကယ်ဆယ်ကူညီရေး စက်လှေပေါ်မှ
မြင်တွေ့ခဲ့ရသော သက်ရှိလူသားများ သက်ရှိကျေးဇူးရှင် ကုန်းနေတိရစ္ဆာန်များ၏
ဘဝများကာ ပျက်စီးယိုယွင်း ဘဝပျက်မှုများကို မြင်တွေ့ခံစားရင်း
ကိုယ်ချင်းစာနာစိတ်တို့ဖြင့် မျက်ရည်လည်ခဲ့ရသည်။
“သြော် …..
မြို့ကြီးပြကြီးများတွင် သဘာဝကြုံတွေ့ရသော်လည်း စားရေးသောက်ရေး၊ နေရေး
ထိုင်ရေး ဘဝတို့သည် ခံသာသေးသည်။ ယခုကဲ့သို့ ကျေးလက်ဒေသများရှိဘဝများသည်ကား
…..။” ထိုအတွေး ထိုခံစားချက် ထိုသို့ ကိုယ်ချင်းစာနာစိတ် ကျွန်တော့်တွင်
ဖြစ်ပေါ်နေဆဲ ကျွန်တော်တို့ ရေဘေး ကယ်ဆယ်ရေး စက်လှေပေါ်တွင်
တက်ကြွစွာလိုက်ပါလာကြသော ပရဟိတလူမှုရေးသမားများအားတက်သော တက်ကြွသော
စည်းလုံးသော၊ ညီညွတ်သောစကားသံများသည် ခုတ်မောင်းနေသော စက်လှေ၏ စက်ခုတ်သံအား
လွှမ်းခြုံနေတော့သည်။ ရေပြင်ဖြူဖွေးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီး
စက်ခုတ်သံအား လွှမ်းခြုံနေသော ပရဟိတမောင်၊ မယ်တို့၏ အသံများအား
“အေး … အေး မင်းတို့ကတော့ ပျော်မြူးနေကြ၊ ဒီမှာက ဘဝတွေအားလုံး ဆုတ်ပြတ်သတ်နေကြပြီ” ဟူသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရေပြင်လွှာကြီးတစ်ခုလုံး စက်လှေပေါ်ရှိ
ပရဟိတသမားများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်
အံ့သြတကြီးအသံထွက်ပေါ်လာသော နေရာသို့ မျက်လုံးများရွှေ့လျား
ကြည့်ရှုခဲ့တော့သည်။ အားလုံးသော မျက်လုံးပေါင်းမြောက်များစွာတို့သည်
ကျွန်တော့်ထံသို့ ဝိုင်းဝန်းကြည့်ရှုနေကြတော့သည်။ ကျွန်တော်သည်
လှေဦးထက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်နေသည်။
ကျွန်တော့်၏မျက်လုံးအစုံတို့သည်
လှေဦးထက်ရေပြင်လွှာပေါ်သို့ရောက်ရှိကြည့်ရှုနေသည်။ ကျွန်တော်မြင်ရသော
ကျွန်တော်ကြည့်ရှုနေသော ကျွန်တော့်အား ဒေါသတကြီး အသံနက်ကြီးဖြစ်ပေါ်ခဲ့ရသော
မြင်ကွင်းသည်ကား ရေပြင်လွှာပေါ်တွင် ကျက်စားနေထိုင်ကြသော ပျော်မြူးနေကြကာ
တောင်ပံခတ်၍ ကူးခတ်နေကြသော ရေဘဲသတ္တဝါ (၃) ကောင်ပင်ဖြစ်တော့သည်။
သက်ရှိလူသားများ ကုန်းနေသတ္တဝါများ ယခုကဲ့သို့ ရေဘေးဒုက္ခများ
အကြီးအကျယ်ခံစားနေရချိန်တွင် ယခုကဲ့သို့ ပျော်ရွှင်မြူးတူးစွာ
ရေပြင်လွှာပေါ်တွင်သွားလာ ကျက်စားနေသော ရေဘဲလေးများအား ကျွန်တော်ယခုကဲ့သို့
အသံနက်ကြီးဖြင့် သတိလစ် အော်ဟစ်ကြုံးဝါးလိုက်မှုသည် ဗြဟ္မစိုရ်တရားလေးပါးအား
ဖောက်ဖျက်ကျူးလွန်မိတော့သည်ကား ကျွန်တော်ကိုယ်တိုင် မသိတော့ချေ။
အော် … သူတို့သည်ကား ရေနေသတ္တဝါများဖြစ်၍ ရေကြီးလေ သူတို့ကြိုက်လေ .. ပျော်လေပေါ့။
ကျွန်တော်တို့သည်ကား ……. ။
(ကမ္ဘာမြေပြင်ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊
လူသားတိုင်းတွင် ဗြဟ္မစိုရ်တရား လက်ကိုင်ပြု ကျင့်သုံးကြစေချင်တော့သည်။)