ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ၊(၈၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း

すべて表示

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၉လ၊(၈၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၈၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံမှတ်တမ်း။ ။ကေသီသိန်း,
သတင်း။ ။(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန) မှရယူပါသည်

ကမ္ဘာမကြေဘူး......(PRMG)TOKYO,JAPAN(2010)


တေးဆို(ကိုဖုန်းမြင့်ထွန်း)(ကိုမြတ်သူ-လူ့ ဘောင်သစ်)(ကိုအောင်ဇော်ထွန်း-LDB)&PRMG-)

ပေးပို့ပေးသူ ကိုသော်ကြီး(PRMG)

စင်ကာပူမှ မြန်မာများအတွက် စာအုပ်အသစ် ထုတ်ပေးပြီး စာအုပ်ဖိုး တောင်းပါတော့မယ်။

MMSG
Photobucket
စင်ကာပူက မြန်မာများအတွက် မြန်မာသံရုံးက Machine Readable Passport- MRP ထုတ်ပေးပါမယ်တဲ့...။ အလကားထုတ်ပေးမယ်ဆိုရင်တော့ ထူးခြားတဲ့ သတင်းပါ။ ဒါမှမဟုတ်ရင်တော့ စင်ကာပူက MRT ရထားနဲ့ အပြိုင် ရထားလက်မှတ် အဆင့်လောက်ပဲ ရှိပါလိမ့်မယ်။ တိုင်းတပါးမှာ မြန်မာ Passport က လက်နဲ့ပဲလုပ်လုပ် စက်နဲ့ပဲလုပ်လုပ် မျက်နှာငယ်ရပါတယ်။ MRT ရထားလက်မှတ်လောက်တောင် တန်ဘိုးမရှိတဲ့ MRP လာပါတော့မယ်။

ကြေငြာချက်ပေးပို့လာသူ ကိုလှမျိုး....

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အယူခံအမှု တရားရုံးချုပ်မှ ပယ်ချ....


ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို တရားရုံးချုပ်မှ ပယ်ချလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ မနက် ၁၀နာရီက တရားရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမတို့ရဲ့ အယူခံအမှုကို တိုင်းတရားရုံးက ပယ်ချလိုက်ပါတယ်။ ဘာကြောင့် ပယ်တယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ အန်ကယ်တို့ မသိရသေးပါဘူး..... ။ စီရင်ချက်ရဲ့ အောက်ဆုံးအပိုဒ်က အမိန့်စာကိုပဲ ဖတ်ပြသွားတာပါ။ အန်ကယ်တို့ ကော်ပီကူးပြီးမှ ဘာကြောင့် ပယ်တယ်ဆိုတာ သိရပါမယ်။ အဲ့ဒီကော်ပီကူးပြီးရင်တော့ ဘာကြောင့်ဆိုတာ ပြောပြနိုင်ပါမယ်...။ နောက်ဆုံးတစ်ဆင့် အနေနဲ့ အထူးအယူခံပဲ ကျန်ပါတယ်။ အန်ကယ်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်မယ်။ ဥပဒေအရ ရပိုင်ခွင့်ရှိတာ တွေကိုဆုံးခန်းတိုင်တဲ့အထိ ဆက်လုပ်သွားမယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နအဖဥက္ကဋ္ဌ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံခဲ့ရပါတယ်။ အဓိက တရားခံဖြစ်တဲ့ ထောင်ဒဏ်(၇)နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကိုမူ အမေရိကန်လွှတ်တော်အမတ် လာရောက်စဉ်မှာ ပြန်လည် လွတ်ပေးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဒီအမှုဖြစ်စဉ်ကို ကြည့်ပြီး မြန်မာနိုင်ငံမှာတရားဥပဒေ စိုးမိုးမှုရှိမရှိကို သိရှိရမှာဖြစ်ကြောင်းနဲ့ ဥပဒေအရှဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ပါတယ်။


သတင်း... ဒီမိုဝေယံ


မနက်ဖြန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗဟိုတရားရုံး အယူခံအမှုစီရင်ချက်ချမည်။


နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ချမှတ်မှုအတွက် ဗဟိုတရားရုံး အယူခံအမှုကို မနက်ဖြန်မနက် ၁၀နာရီမှာ အမိန့်ချမှတ်မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟိုတရားရုံး အယူခံအမှုကို မနက်ဖြန်မနက် ၁၀နာရီမှာ အမိန့်ချမှတ် မှာဖြစ်ပါတယ်။ ဒီနေ့ဗဟိုတရားရုံး Notice Board မှာကပ်ထားပါတယ်။ " ဟုအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်မေလက အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သတ်ပြီး မတရားအမှုစီရင်ချက် ချမှတ်ခြင်းခံခဲ့ရပါတယ်။ အမှုနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ ဆုံးခန်းတိုင်အောင် ဆောင်ရွက် မည်ဟုပြောဆိုထားပါတယ်။ ပြီးခဲတဲ့ အပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

" ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်းအလိုက် CC ရွေးချယ်မှုဒီနေ့ ပြီးဆုံးပါတယ်။ မကြာခင်မှာ လူကြီးတွေ ညှိနှိုင်းဆုံးဖြတ်ပြီး အမည်စာရင်းထုတ်ပြန်ပါမယ်။ တပြည်လုံးအတိုင်းအတာနဲ့ CC အားလုံး ၁၀၀ ရှိပါတယ်ဟု" ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားပါတယ်။

ပြင်းပြင်းထန်ထန် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ကြေလည်မှုရရှိခဲ့တဲ့ ပြည်နယ်နှင့်တိုင်းအလိုက် CC ရွေးချယ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းမြောက်ကြောင်း မနေ့က အကျိုးဆောင်ရှေ့နေနှစ်ဦးနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။

သတင်း..ဒီမိုဝေယံ

စာရေးဆရာကြီး အီကြာကွေးရဲ့ လက်ဆင့်ကမ်းအမွေ...



ko kt
KKT2
ဓါတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်။







လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်တွေကို လေးစား ကျေးဇူးတင်ကြောင်း ပြောဆို...


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်တွေကို လေးစားကျေးဇူးတင်ကြောင်း ပြောဆိုတယ်လို့ ယနေ့နေ့လည် (၁)နာရီမှ (၃)နာရီအထိ ယနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေဆုံခဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေနေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့နေ့လည် (၁)နာရီကနေ (၃)နာရီအထိ ဆရာဦးကြည်ဝင်းရယ် အန်ကယ်ရယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ (၂)နာရီလောက် တွေ့ခွင့်ရခဲ့ပါတယ်။ ရှေ့နေလေးယောက်လုံးတွေ့ဖို့ တောင်းထားပေမယ့် ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ နှစ်ယောက်ပဲ တွေ့ခွင့်ရခဲ့ပါတယ်။ ဦအောင်ဆန်းဦးရဲ့နေအိမ်ပြင်ဆင်ခွင့် တားမြစ်ကိစ္စ၊ မစ္စတာကင်တားနား လာတဲ့ကိစ္စ၊ ပါတီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ အဓိကက ဦးအောင်ဆန်းဦးရဲ့ နေအိမ်တားဝရမ်းကိစ္စနဲ့ ပတ်သတ်ပြီး မတ်လ(၄)ရက်နေမှာပေးရမယ့် လျှောက်လဲချက် ရေးထားတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြည့်စွက်စရာတွေကို ဖြည့်စွက်ပေးပါတယ်။ "

ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က အကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်ခဲ့ပါတယ်....။ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ နှစ်ဘက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ပြီးလာမယ့် မတ်လ(၄)ရက်နေ့မှာ တရားရုံးကပြန်လည် ချိန်းဆိုခဲ့ပါတယ်။

ဆက်လက်ပြောဆိုရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရတာနဲ့ ပတ်သတ်ပြီး ဘာမှမပြောဘူး ၊ ဝေဖန်ချက်မပေးဘူး ဒါပေမယ့် မစ္စတာကင်းတားနား အပြန်မှာ ပြောသွားတွေကိုတော့ သဘောကျတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောထား တွေလို့ပြောဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားဟာ ရန်ကုန်က ပြန်မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ " စစ်အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည့် အရိပ်အယောင် မတွေ့ရသေးကြောင်း ဒါကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ တရားမျှတ၊ လွတ်လပ်မည့် အနေအထား မတွေ့မြင်ရကြောင်း၊ လူ့အခွင့် အရေးကို လေးစားလိုက်နာမည့် အခြေအနေမတွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး အခြေ အနေများ ဆက်လက်ဆိုးရွား နေဆဲ ဖြစ်ကြောင်း" ပြောဆိုသွားပါတယ်။

" နောက်တစ်ခုပြောတာကတော့ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ အန်ကယ်ဦးတင်ဦး နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး အဖွဲ့ချုပ်မှာ နေ့စဉ် တာဝန်ထမ်းဆောင်နေတာ ကြားရလို့ အထူးဝမ်းသာတယ်။ နောက်နိုင်ငံရေး ခံယူချက်နဲ့ ပတ်သတ်ပြီး မီဒီယာတွေမှာ ကြားနေရတဲ့ အတွက်လည်းဝမ်းသာတယ် .. ကျေးဇူးလည်းတင်ကြောင်း အန်ကယ်ဦးတင်ဦးကို ပြောပေးပါဆိုလို့ အန်ကယ်ဒီနေ့ပဲ ချက်ချင်းသွားပြော ပေးပါတယ်။ အန်ကယ်ဦးတင်ဦးလည်းကျန်းမာပါတယ်.. ဒါပေမယ့် နှလုံးသိပ်မကောင်းတဲ့ အတွက် ဆရာဝန်နဲ့ တော့ ပြနေရတော့ရှိပါတယ်။ "

" နောက်ဆုံးတစ်ခု အနေနဲ့ကတော့ အခုအဖွဲ့ချုပ် CEC တိုးချဲ့ဖွဲ့စည်းတာနဲ့ ပတ်သတ်ပြီး အားရကျေနပ်ကြောင်းနဲ့ နောက်အခုလက်ရှိ အဖွဲ့ချုပ်က လုပ်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေပါဝင်တဲ့ CECနဲ့ CC ရွေးချယ်နေတာနဲ့ ပတ်သတ်ပြီး ကြားရတဲ့ အတွက်ကျေနပ်အားရတယ်။ ပြင်းပြင်းထန်ထန် အကြေအလည် ဆွေးနွေးပြီး ကြေလည်မှုတွေ ရရှိတဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။ အဲ့ဒီအစည်းအဝေးက မနက်ဖြန်မှာ ပြီးပါမယ်။ နောက်ပါတီ ကိစ္စတွေလည်း ပြောဖြစ်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါတယ်။ နေအိမ်ကတော့ တပိုင်းတစ အခြေအနေအတိုင်းပေါ့ မျက်နှာကျက်တွေ ၊ ရေချိုးခန်းတွေက အစအကုန်ဖြုတ်လက်စ တန်းလန်းအတိုင်းပါပဲ။ မိုးရွာရင်တော့ အဆင်ပြေမယ့်ပုံ မပေါ်ဘူးပေါ့ "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်မေလက အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်ကို တိတ်တဆိတ် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သတ်ပြီး မတရားအမှုစီရင်ချက ချမှတ်ခြင်းခံခဲ့ရပြီး။ ပျက်ဆီးယိုယွင်းနေတဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်ခွင့် ရပြီး ပြန်လည်ပြင်ဆင်နေချိန်မှာပဲ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် တပိုင်းတစနဲ့ ရပ်တန့်ပြီး အမှုရင်ဆိုင်နေရပါတယ်။

သတင်း..ဒီမိုဝေယံ

အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ....။



ဦးတင်ဦး (ဓာတ်ပုံ - အေပီ)

မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။

ဦးတင်ဦးသည်၂၀၀၃ခုနှစ်မေလ၃၀ရက်တွင်ဖြစ်ပွားခဲ့သောဒီပဲယင်းလူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။


မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။

ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်းရဲအချုပ်ထဲမှာနေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာနေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကိုပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ်အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့သဘောပေါ့။ အဲတော့ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံကြားတာကတော့ ရမန်ယူပြီးတော့ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ်ဆိုရင်လည်းပဲ ရက်ပေါင်းအကုန်လုံးအပြည့်ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီးနေလိုက်ရတာ အားလုံး ၈ လနေလိုက်ရတယ်။ အဲတော့နေတာထိုင်တာ ကျွေးတာမွေးတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ကောင်း ကောင်းမွန်ဆိုတာကလည်း အဲဒီမှာကျွေးတာကိုပဲနည်းနည်းကောင်းအောင်ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက်အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေကမှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ပေးပါတယ်။

ဥပမာပြောရရင် ဟိုစားဖို့သောက်ဖို့ကောင်းတဲ့ အမယ် လေးတွေ ဘာလေးတွေထဲကနည်းနည်းပါးပါး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေါ့လေ ဒါပါပဲ။ ထည့်ပေါင်းစားဖို့ လုပ်ဖို့အဲဒါလေးတွေ တောင်းပြီး အဲဒါမျိုးလေးတွေ သူတို့ဖြည့်ဆည်းပါတယ်။ အဲတော့ ဆေးကုသပေးတာကတော့ နေ့တိုင်းလိုလိုလာပြီးတော့ ဆရာဝန်က သွေးတိုး ကြည့်ပေးတယ်။ ဆိုတော့ အဲဒီမှာနေတုန်းကတော့ ဘာဖြစ်သလဲဆိုတော့က ဗိုက် သိပ်အောင့်တယ် သေကောင်ပေါင်းလဲကို အောင့်တယ်။ အဲဒါတော့ကိုယ့်မှာပါလာတဲ့ ဆေးသောက် လိုက်ရင်းနဲ့ပဲသက်သာသွားတယ်။ အဲတော့ ဆရာဝန်ကတော့ စောစောပိုင်းကတော့ထောင်မှာရှိတယ်။ နောက်တော့ ထောင်မှာ တာဝန်ရှိတဲ့ ဆရာဝန်လေးက စာမေးပွဲအောင်သွားတော့ သူကအဲဒီကနေတဆင့် သီးသန့်သင်တန်း သွားတက်တော့ မလာဖြစ် တော့ဘူး။ အဲလိုမလာဖြစ်တဲ့ အချိန်မှာ နောက်တော့အစားထိုးတော့ လာပါတယ်။ နောက်ပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဆရာဝန်ခေါ်ပေမယ့်လို့ ခုနကအောင့်တာ ပျောက်သွားပြီးတော့မှ ရောက်ရောက်လာတယ်ပေါ့လေ။ အဲဒီလို အချိန်လေး တွေတော့ ရှိပါတယ်။

စပြီး အထိန်းသိမ်းခံရတာက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပေါ့လေ။ နောက်ကြတော့ ၂၀၀၄ ခုနှစ်ရောက်သွားတယ်။ ဖေဖော်ဝါရီလထဲမှာပေါ့။ အဲဒီနေ့ညပိုင်းမှာ သူတို့က ပစ္စည်း ပစ္စယတွေထုပ်ဖို့ ပလတ်စတစ်အိတ်တွေလာပေးတာပေါ့။

နောက်မေးလိုက်တဲ့အခါ အဘတနေရာသွားဖို့ရှိတယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ မနက်မိုးလင်းတဲ့အခါကြတော့ အထုတ်တွေ ဘာတွေပြင်ပြက်လာထုတ်ပြီးတော့စောင့်ရင်းနဲ့ နောက်ဆုံးနေ့ခင်းပိုင်း ကျတော့ ထောင်မှာခေါ်ပြီးတော့ တနေရာသွားမယ်။ ပို့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဆိုတော့အဲဒီလိုနဲ့ စောင့်ရင်းညနေ ပိုင်း လေယာဉ်နဲ့ မန္တလေး၊ နောက်ပြီးတော့မှ အိမ်ရောက်တယ်။ အိမ်ပို့လိုက်တယ်ပေါ့။ အဲအိမ်မှာတော့ နိုင်ငံတော်နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းဥပဒေနဲ့ပေါ့ အဲဒါ ၁၀/ခ နဲ့ အိမ်ချုပ်ချလိုက်တယ်ပေါ့။

မေး။ ။ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်အချုပ်နဲ့ ဘယ်လိုကွာခြားပါသလဲ။ တဆက်တည်းမှာပဲ သိချင်တာက အဲဒီလို အချိန်ကာလတွေကို အဘအနေနဲ့ ဘယ်လိုများဖြတ်ကျော်ခဲ့ပါသလဲ။

ဖြေ။ ။ အိမ်ချုပ်ချလိုက်တဲ့အခါကျတော့ အိမ်ချုပ်နေတာ ကတော့ အိမ်ချုပ်ပေါ့။မိသားစုနဲ့ပြန်ထားတာပဲရှိတာပေါ့။ အနှောင် အဖွဲ့ နဲ့နေရတယ်ဆိုတော့ ဘယ်လာ စိတ်ချမ်းသာမလဲ။ အဲတော့အိမ်ချုပ် အိမ်မှာနေရတဲ့အခါကျတော့ သွားခွင့်လာခွင့်စည်းကမ်း တွေကလည်းအများကြီးလေ။ မတွေ့နိုင်ဘူး။ မလှူနိုင်ဘူး။ ပါတီအဖွဲ့အစည်းကနေပြီးတော့ မဆက်သွယ်နိုင်ဘူး။ နောက်ပြီးတော့ စကားမပြောနိုင်ဘူး။ ဒါတွေအများကြီး ကန့်သတ်တာတွေရှိတယ်။ သတင်းစကားမကြားရဘူး။ မပြောရဘူး။ ဆက်လို့မရဘူး။ နိုင်ငံရေးပါတီအဖွဲ့အစည်းက လူတွေနဲ့ မဆက်ဆံရဘူး။ အတင်းအကျပ် အချုပ်အနှောင်တွေရှိတာပေါ့။ တကယ်တော့ အိမ်ချုပ်ဆို တာလည်း ချုပ်နှောင်ထားတာပါပဲ။ မထူးပါဘူး။ ဟိုမှာ ကလေးမှာချုပ်ချုပ်၊ အိမ်ချုပ် ချုပ်ချုပ်၊ မထူးပါဘူး။ နောက်ဒီကြားထဲမှာပဲ ဘာတွေကြားကြားနေရလဲဆိုတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့လေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ဆိုလည်းပဲ အင်းစိန်ထောင်ချတယ်။ အဲနောက်ပိုင်းမှာ ကျနော်လိုပဲ အိမ်ချုပ်ချထားတယ်ဆိုတာကြားရတော့ စိတ်မချမ်းသာဘူးပေါ့။ ဒါတွေက တော့ သောကရှိ တာပေါ့လေ။ နောက် အိမ်မှာကလည်း ဘယ်လိုလဲဆိုတော့ ဘာမှတော့ ဒုက္ခမပေးပါဘူး။

သို့သော်လည်းပဲ အိမ်မှာကိစ္စ ရှိတယ်၊ လုပ်စရာရှိတယ်ဆိုရင်တော့ အဲသူတို့က သူတို့ကိုအကြောင်းကြားရတယ်။ စောစောပိုင်း တုန်းကတော့ နှုတ်နဲ့အကြောင်းကြားလို့ ရတယ်။ နောက်ပိုင်း ကြတော့ နှုတ်နဲ့တင် မရတော့ဘူး စာရေးတင်ရတယ်။ ဥပမာဆိုလို့ ရှိရင် ဆေးစစ်မယ် ကျန်းမာရေး ကိစ္စဆိုရင်လည်း စာနဲ့တင် ဆိုတော့ အောက်ကလူတွေကလည်းပဲ သူတို့ကတာဝန်ခံချင်တဲ့သတ္တိ မရှိဘူးလေ။ သူတို့က တခုခုဆိုရင် သူတို့အပြစ်လွတ်အောင် ဆိုပြီး အထက်အထက်အဆင့်ဆင့်တွေအကြောင်းကြားရတော့ ကြာတာပေါ့။ တကယ်လို့ သေကောင်ပေါင်းလဲဖြစ်ရင်တော့ ပြဿနာရှိတာပေါ့လေ။ ဒါပေမယ့် စိတ်ထဲမှာဆုံးဖြတ်ထားပါတယ်။ သေကောင်ပေါင်းလဲဖြစ်ရင်တော့ အိမ်ကကားနဲ့ဖြစ်ဖြစ် တက္ကစီ နဲ့ဖြစ်ဖြစ် ဆေးရုံကိုသွားမယ် နောက်မှ မင်းတို့လိုက်ချင်တာနဲ့လိုက် လုပ်ချင်တာလုပ်ဆိုပြီးတော့လေ။ ဒီလိုတော့စိတ်တော့ကူး ထားတာပဲ။ ဒါပေမယ့်ကံအားလျော်စွာပဲ နောက်ထပ် နေရထိုင်ရတာ ကိုသတိကြီးမားစွာနဲ့နေတော့ ရောဂါဘယဆိုးဆိုးဝါးဝါး တော့မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်မှာတခုခုဖြစ်ပြီ ဆိုပါတော့ဗျာ ဟုတ်လား အဲယားကွန်းလေးပျက်လို့ လုပ်ချင်တယ်ဆိုရင်လူတော့ခေါ်လို့ရတယ်။ ဒါပေမယ့် ခေါ်ရတဲ့လူကို စစ်လားမေးလား လုပ်ကြတော့ လူတွေက မလာချင်ဘူး။

နောက် ဒီအဲယားကွန်းတပ်ဖို့ဆိုရင်လည်းပဲ ရောင်းတဲ့လူကတော့ တပ်မယ်လို့ဆိုပြီးတော့တပ်ပေမယ့် အိမ်ကို ဒီလိုအခြေအနေနဲ့ ကျတော့ ဘယ်သူမှ လာပြီးမလုပ်ပေးနိုင်ဘူးပေါ့။ အဲဒါမျိုးဆိုလို့ရှိရင်လည်း ကိုယ့်ဆွေးမျိုးသားချင်းထဲက လူလိုက်ရှာပြီးတော့ လုပ်ရကိုင်ရတာတွေပေါ့။ ဥပမာ ရေစက်ပျက်တယ်။ ဘာပျက်တယ်၊ ညာပျက်တယ်ဆိုရင်တော့ ပြဿနာတွေကတော့ အခက် အခဲတွေကတော့အများကြီး ကြုံခဲ့ရတာပေါ့။ ရှိတာပေါ့။ နောက် စိတ်ဒုက္ခရောက်တဲ့အခါများတော့လည်း လူကဒုက္ခရောက်တယ်ပေါ့ လေ။ အဲဒါလေးတွေတော့ရှိတာပေါ့လေ။ နောက် အောက်ကလုပ်ပေးတဲ့ကလေးတွေအနေနဲ့ကတော့ သူတို့ကတော့ တတ်နိုင် သမျှ အမိန့်ရရင်တော့ သူတို့က ပြေပြေလည်လည် ဖြစ်အောင်တော့လုပ်ကိုင်ပေးပါတယ်။ ဒီကလေးတွေ လုပ်ကိုင်ပေးတာကတော့ ကျေးဇူးတင်ရမှာပေါ့။ တတ်နိုင်သမျှကြိုးစား လုပ်ကိုင်ပေးပါတယ်။ နောက်တခုကတော့ ဘာဖြစ်လည်း ဆိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ လို့မရတဲ့ အခါကြတော့ စိတ်ထဲမှာ ညစ်ညူးမှုတွေကတော့ အများကြီးရှိတာပေါ့။

အဲဒါ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်နေရင်းကနေ ကိုယ်က နေ့စဉ်ဘာလုပ်လဲဆိုတော့ ဒီဒဏ်တွေကိုကျော်လွှားနိုင် အောင်ဆိုပြီးတော့ ၀ိပဿနာတရားလည်း လုပ်ဖြစ်တယ်။ အရင်တုန်းက မဟာစည်မှာ နှစ်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက်လုပ်တယ်။ အားထုတ်ခဲ့ဖူးတယ်ဆိုတော့ အဲဒါကိုပြန်ပြီးတော့ တရားအားထုတ်တယ်ပေါ့လေ။ တရားအားထုတ်တယ်ဆိုတော့လည်း အိမ်မှာ ဆိုတာက ဟိုရိပ်သာတို့လိုမဟုတ်ဘူးလေ။ ပြဿနာတွေက သောင်းခြောက်ထောင်ရှိတယ်။ ရှိတော့သိပ်တော့ သမာဓိအား မကောင်းဘူး။ ဒါပေမယ့် ဒါကိုတော့ နောက်မှအပြင်ရောက်ရင်တော့ ရိပ်သာသဘောမျိုးဆက်ပြီး ကျင့်စရာရှိတာကျင့်မယ်၊ လုပ်မယ်၊ အားထုတ်မယ်ပေါ့လေ။ အဲ မနက်ကိုတော့ ဘာလုပ်လဲဆိုတော့ ဘုရားဝတ်ပြုတယ်ပေါ့။ အဲနောက်ပြီးတော့ သီလယူ တယ်ပေါ့။ နောက်ဟို ဟိုဒင်းပေါ့ ပဌာန်းအရှည်ပေါ့။ ပဌာန်းရွတ်ပြီး ဘုရားမှာ ပူဇော်တယ်။ နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်တယ်။ နောက်ပြီးတော့ ဓမ္မစကြာ တခါတလေ မဟာသာမရသုတ်၊ နောက်ပြီးတော့ သတိပဌာန်တရား စသည်ဖြင့် ပေါ့လေ ဒါတွေ်ရွတ်ဖတ်ပါတယ် နောက်တော့ ဗုဒ္ဓစာပေတွေကိုလည်း အချိန်ရတဲ့အခါမှ အခါအားလျော်စွာ ဖတ်တယ်၊ မှတ်သားတယ် ပြုတယ် ပေါ့လေ။

နောက်တော့ အိမ်ကဇနီးနဲ့ သားသမီးလေးတွေကလည်းပဲ တိုက်တွန်းတယ်ပေါ့။ ကိုယ့်အကြောင်းလေးတော့ ရေးဖို့ကောင်းတယ် ဆိုတော့ အဲဒါနဲ့ကောက်ရေးတယ်ပေါ့။ ကောက်ရေးတာကလည်းပဲ တော်တော်စောစောတုန်းကလည်း စိတ်အားတက်ကြွစွာနဲ့ ရေးပါတယ်။ ရေးတော့လည်း ရေးအားလည်းမဆိုးပါဘူး။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ပဲ နောက်ပိုင်းတွေ ကြတော့ ၀မ်းနည်းစရာ လေးတွေကဖြစ်ဖြစ်လာတယ်။ ၀မ်းနည်းစရာတွေကပေါ်ပေါ်လာတဲ့အခါကြတော့ ဆိုပါတော့ အရေးအခင်း တွေဖြစ်လာတယ်။ ဘာတွေညာတွေဆိုတော့ရေးတဲ့ အားကနည်းနည်းတော့ စိတ်ကျတယ်ပေါ့။

အဲလိုရေးရင်းနဲ့ ၀မ်းနည်းစရာတွေ ဖြစ်လာတာက ဘာဖြစ်လဲဆိုတော့ ဟို အိမ်က ကလေးကလည်း သူ့မှာ မွေးရာပါ နှလုံးရောဂါဖြစ် တဲ့ အတွက် ဆေးရုံကုသတဲ့ကိစ္စကလည်း နောက်ဆုံးကုသတဲ့အချိန်တန်သော်လည်းပဲ ဟိုငွေရေးကြေးရေးပေါ့ ငွေရေးကြေးရေး ဆိုတာကလည်း အကြောင်းကြောင်း တွေကြောင့်ပေါ့လေ နောက်ဆုံးတော့ ကလေးကနောက်ဆုံးအသည်းအသန်ဖြစ်မှ ခေါ်ပြီး သွားပြတော့ ကလေးကလည်းဆုံးသွားတယ်။ အဲဒီကလေးဆုံးပြီးတော့ သင်္ဂြိုဟ်တဲ့ နောက်တနေ့မှာပဲ တပ်မတော်တာဝန်ကနေပြီး တော့ နုတ်ထွက်ရတယ်။ နုတ်ထွက်ပြီးတော့ မကြာခင်မှာပဲအချုပ်ကျတယ်။ အကျဉ်းထောင်အင်းစိန်မှာနေရတယ်။ အင်းစိန်မှာ အားလုံးပေါင်း ၇ နှစ်ကျတယ်။ နောက်ပြီးတော့ စိတ်ထိခိုက်စရာတွေ အများကြီးဖြစ်တယ်။ စိတ်ထိခိုက်စရာတွေအများကြီးပဲ။ စိတ်ထဲမှာ စိတ်မချမ်းသာစရာတွေ စိတ်မချမ်းသာစရာတွေဆိုတာက ကိုယ်က ဒီလောက်တောင် လုပ်ကိုင်ပေးရက်သားနဲ့ ပြန်လည်ပြီးတော့ ဆက်ဆံခံရတဲ့အပိုင်းမှာ တချို့နေရာတွေက ၀မ်းနည်းစရာတွေအများကြီးဖြစ်ခဲ့တယ်။ အဲတော့အပြင်ရောက်တဲ့ အခါကြတော့ ဒါဒီအကြောင်းတွေ အခုလိုပြန်ပြီးတော့ရေးရမယ် ပြုရမယ် ဆိုတဲ့အခါကြတော့ စိတ်ထဲမှာ စိတ်ထိခိုက်တယ်။ ကလေးဆုံးသွားပြီး အလုပ်ကနုတ်ထွက်ရတယ်၊ ထောင်ကျတယ်၊ ဆိုတော့ အဲဒါအခုမရေးဘဲနဲ့ရပ်ထားတာ တော်တော်လေးပဲ ကြာပြီ။ လချီ နှစ်ချီ နီးပါး လောက်ဖြစ်သွားတယ်။ မရေးဘဲ အဲဒီနေရာမှာပဲ ရပ်ထားတယ်။ အဲတော့စပြီးတော့ မွေးကတည်းက နေပြီးတော့ အဲဒီတပ်မတော်က တာဝန်ပြီးဆုံးပြီးတော့ အင်းစိန်အကျဉ်းထောင်ကျတဲ့အချိန်ထိ ပထမအပိုင်းပေါ့ အဲဒီမှာရပ်ထား တယ်။

နောက်ရေးမယ်ဆိုတော့ ဆက်ပြီးတော့ဒီနေ့ ဆက်ပြီးအများကြီးရေးစရာရှိတယ်ပေါ့လေ။ နောက်ပြီးတော့ ရဟန်းဘ၀နေတာတို့၊ နောက်ပြီးတော့ ကိုယ်တက်လာတဲ့ကျောင်းနဲ့ပတ်သက်တဲ့ တက္ကသိုလ်ပညာရပ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံး အဲဒါ ဥပဒေပညာ ရဖို့ ဥပဒေပညာနဲ့ဖြေရှင်းပြီးတော့ အလုပ်လုပ်စားဖို့ ဒါလေးတွေ ကျန်သေးတယ်။ နောက် အရေးအခင်းဖြစ်ပြီးတော့ အခုလို အကျဉ်းကျခံနေရတာတွေ အဲဒါလေးတွေလည်း ရေးဖို့ကျန်တယ်။ ထားပါတော့ အဲတော့ဘယ်လိုနေရလဲဆိုတော့ အိမ်မှာ မိသားစု နဲ့နေရသော်လည်းပဲ စိတ်ကတော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ဒီအဖွဲ့ချုပ်သတင်းကိုတော့မပြတ် နားထောင် ပြီးတော့ အမြဲ တမ်းပေါ့လေ အားနာတယ်။ သြော် ဒီလူတွေ ကျန်ရစ်သူတွေက ဒီလောက်တောင်အန္တရာယ်များကြားထဲကနေ အကျပ် အတည်း တွေကြားထဲကနေ ပါတီကျန်နေခဲ့အောင် ကျူံးကုန်းပြီးတော့ လုပ်ကိုင်နေရရှာတယ်။ မနည်းရပ်တည်နေရတယ် ဆိုတာ စိတ်ထဲက နေ နားလည်နေတယ်၊ စိတ်မကောင်းဖြစ်နေရတယ်။ ငါကတော့ဒီမှာမလုပ်နိုင်ဘဲနဲ့ အနှောင်အဖွဲ့မှာနေရတယ်။ အဲဒီ ထဲကနေ သတင်းတွေ ကြားတဲ့ အခါ စိတ်ထဲမှာမကောင်းဘူး။ အဲတော့လို ဖိဆီးမှုလေးတော့ရှိတာပေါ့။ စိတ်သောကလေးလည်း ရှိတာပေါ့။



အဲဒီတော့ နေရင်းနဲ့ပဲ နောက်တကြိမ် ထွက်ရမှာလိုလိုနဲ့ နေလာလိုက်တာ အားလုံးပေါင်း ၆ နှစ်ဖြစ်သွားတယ်ပေါ့လေ။ အဲတော့ တပိုင်းကတော့ဘယ်လိုပဲပြောပြောနေရတာ အချုပ်အနှောင်နဲ့နေရတဲ့အတွက် မိသားစုနဲ့နေရသော်လည်းပဲ တကယ် စိတ်ထဲမှာ တော့ မပျော်ရွှင်နိုင်ပါဘူး။ နော် အခုလွတ်လာတယ်ဆိုလည်းပဲ အရင်တုန်းက ဆိုရိုးစကားရှိတယ်မို့လား ရှင်လိင်ပြန်လို့ ရှိရင် လည်းပဲ ၀မ်းမြောက်တယ်။ အိမ်ထောင်ကျရင်လည်း ၀မ်းမြောက်တယ်။ အကျဉ်းကျရင်းကနေ လွတ်မြောက်တယ်ဆိုတဲ့ဟာလေ။ ကျနော့် အဖို့တော့ အချုပ်အနှောင်အဖွဲ့အစည်းကြားထဲမှာ စိတ်သောကအကြီးအမားဖြစ်တဲ့ဟာကနေ လွတ်လာငြားသော်လည်းပဲ အခုလို အနှောင်အဖွဲ့နဲ့ပဲနေရတာပါပဲ မထူးပါဘူး။ ဟုတ်လား အိမ်မှာသွားတယ် အပေါက်ဝမှာ အစောင့်နဲ့ ခြံထဲမှာ အစောင့်နဲ့ ခုလို သွားရင်လည်းလိုက်တဲ့ဟာနဲ့ ။ နောက်ပြီးတော့ နေတဲ့နေရာတွေမှာဆိုရင်လည်းပဲ တောက်လျှောက်ကြီး လိုက်နေတာ အနှောင် အဖွဲ့တွေနဲ့ ပါ။ တကယ်တမ်းတော့မလွတ်လပ်ပါဘူး။ နောက်ပြီးတော့ဒီအလားတူပဲ ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှ အကုန်လုံးအကျဉ်းကျနေတဲ့ သဘောရောက်တယ် လို့ပဲခံယူနေတယ်၊ အဲလိုပဲ ခံစားရတာပါပဲ။ အဲလိုနေရလို့တောာ့စိတ်ထဲမှာဘ၀င်မကျပါဘူး။ တခါတလေတော့လည်း သိပ်ဒေါသ ဖြစ်တယ်ပေါ့လေ။

တခါတလေတော့လည်းပဲ သိပ်မခံမရပ်နိုင်ဖြစ်တယ်။ တခါတလေတော့လည်းပဲ ဒီဘုရားရဲ့အဆုံးအမကို နားထောင်ပြီးတော့ ကိုယ့်စိတ်ကိုပြန်ဆုံးမပြီး နေရတာတွေလည်းအများကြီးရှိတာပေါ့။ နောက် အဖွဲ့ချုပ်လုပ်ငန်းနဲ့ပတ်သက်ပြီး အားလုံးဒီမှာ လုပ်ကိုင် နေတာကို ကူညီချင်တယ်။

ဥပမာလူငယ်တွေအပိုင်း၊ လူငယ်တွေ၊ ပြီးတော့ အပြစ်ချလို့ရှိရင်လည်းပဲ တခါတည်းဘာခေါ်မလဲ တပေါင်းတည်းမချဘဲနဲ့ခုနှစ်ခု ရှစ်ခုနဲ့အမှုတွေတင်ပြီးတော့အပြစ်ဒဏ်တွေကို ချနေတာ၊ နှစ်ပေါင်း ၇၀ တို့ ၈၀ တို့ ၁၀၀ တို့ ဒါတွေက စိတ်ထဲမှာဘ၀င်မကျဘူး။ အားလုံးစိတ်ထိခိုက်တယ်။ နောက်ပြီးတော့လည်း ဒီလောက်တောင်ပဲ ရက်စက်လွန်းတယ် ဆိုတဲ့ ခံစားမှုကတော့တောက်လျှောက် ဖြစ်တာပဲ။ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာဆိုရင်တော့ အများကြီးပဲ ဒီဟာမတရားမှုပဲလို့ဆိုပြီးတော့ ဒီဟာတော်တော့်ကိုဘ၀င်မကျ ဘူး။ ဘာတခုမှတရားမျှတမှု မရှိဘူး၊ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီခံစားမှုကတော့ တရားဥပဒေ အရ ပြန်လည်ပြီးတော့ဖြောင့်ဖြောင့် မတ်မတ်ဖြစ်အောင် လုပ်ပေးချင်တဲ့စိတ်က ၀င်လာတယ်၊ ပြန်လည်ပြီး ဖြောင့်ဖြောင့်မတ်မတ် ဖြစ်စေချင်တယ်၊ တရားရေး ကိစ္စတွေ ကို။ ကိုယ်က တတ်တော့မတတ်ပါဘူး။ ဥပဒေသမားလည်းမဟုတ်ပါဘူး။ ကိုယ်ကဖတ်ရုံဖတ်ဖူးတာ။ ပြောလို့ကြားရုံကြားဖူးတာပဲ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကူညီချင်တယ်။

မေး။ ။ ဟုတ်ကဲ့ပါအဘ အဲဒီလို အိမ်မှာနေတဲ့အချိန်၊ အခါအားလျော်စွာ ကျန်းမာရေးစစ်ဆေးဖို့အတွက်ကော အဆင်ပြေခဲ့ပါ သလား။

ဖြေ။ ။ ဆိုတော့ အဲဒါပြောရဦးမယ်။ အဲတော့ ပထမတခါအကျဉ်းကျတုန်းက ထွက်လာတော့ အဲသွေးတိုးကပါလာတယ်။ ဘယ်လောက်ထိတိုးလည်းဆိုရင် ကျနော်တောင်မယုံဘူး။ ၁၈၀-၁၁၀ ထိတိုးတယ်။ အဲတုန်းကတခါတည်း ချက်ချင်းဆေးရုံ မှာကြည့်ပြီးတော့သူတို့တောင်လန့်ဖျပ်သွားတယ်။ ဆေးရုံရောက်တော့ မှ တိုင်းကြည့်လိုက်တော့ ၁၈၀-၁၁၀ ပေါ့။ အဲလိုသွေးတိုးနေ တယ်။ နောက် ဒုတိယအကြိမ်မှာ ဆေးစားတယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ နောက်တကြိမ်ကြတော့ ဘာဖြစ်လာလဲ ဆိုတော့ အကျဉ်းကျတဲ့အချိန်မှာ နှလုံးခုန်တာ မမှန်ဘူး ဆီးကျိတ်ကပိုဆိုးလာတယ်။ အဲဒါကုရတယ်။ အခု တကြိမ် အထိန်းသိမ်းခံရတော့ ဘာပါလာလဲဆိုတော့ ကျနော့်မျက်စိပျက်သွားတယ်ပေါ့။ ဒါတွေကဘာကြောင့်လဲဆိုတော့ သွေးတိုး (ပရက်ရှာ) ကြောင့် ဆိုတော့ ဒါအင်မတန်နုတဲ့ နေရာလေးတွေက သွေးကျိတ်ထွက်တယ် ဆိုတဲ့သဘော ဒီကြားထဲမှာလည်း ကျနော်ရဲ့အပြစ်လဲရှိပါတယ်။

ခုနပြောတော့ ဘာသာတရားလုပ်တယ်၊ ဘာတွေ၊ ညာတွေရေးတယ်ဆိုပြီးတော့အပြင် အချိန်ကုန်အောင် ရုပ်ရှင်ကြည့်တယ်ဗျာ။ ရုပ်ရှင်ကလည်း အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကိုရီးယားကားကြည့်တယ်ဗျာ။ အဲတော့ကိုရီးယားကား ကလည်း ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ဆွဲဆောင်မှုလေးတွေရှိလာတော့လည်း ကြည့်ဖြစ်တယ်ပေါ့နော်၊ အဲတော့ နောက်တခုက ဒါတင်မကဘဲ ကျနော်က အားကစားလည်းဝါသနာပါတော့ အားကစားသတင်းဆိုလည်းမလွတ်ဘူးဗျာ။ ဆိုပါတော့ဟုတ်လား ပရီးမီးယားလိစ်တို့ ၊ တင်းနစ် ပွဲတို့နောက်ပြီးတော့ စပိန်မှာကန်တဲ့ပွဲဆိုတဲ့ ဘောလုံးအသင်းတွေအကြောင်း လည်း သိတယ်။ ဘောသမားတွေလည်းသိတယ်။ သိတော့ဒီကောင်ဟိုပြောင်းသွားပြီ။ ဟိုကောင်ဟိုပြောင်းသွားပြီ ဘယ်ကောင် ဘယ် ရောက်သွားပြီ၊ဒါတွေလည်းသိတော့ဘောလုံးပွဲ ကတော့ စိတ်ပါဝင်စားပြီးတော့ အဲဒါအကြည့်များတယ်။ အဲဘောလုံးပွဲ မြန်မာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့ အာဆင်နယ်တို့ လစ်ပါပူး တို့နဲ့ အဲဒါတွေ ကြည့်တာလည်းများတယ်ဗျာ။ အဲဒါကြောင့် ဒီ မျက်စိဖြစ်တယ်လို့ပဲအောက်မေ့ပါတယ်။ အဲတော့ အခုတော့ ဆေးဝါးကုသမှု ခံနေတဲ့အတွက်ကြောင့်မို့လို့တော့ ပြန်လည် ကောင်း မယ်လို့တော့ ထင်ပါတယ်။အကျယ်ချုပ် နေရတုန်း ကတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။

အကြောင်းကြောင်းပေါင်းများစွာ သူတို့ကလည်း ကျနော့် ကိစ္စဆိုရင်အောက်က ဘယ်သူမှအေးအေးဆေးဆေး မယူချင်ဘူး။
သူတို့က ထစ်ခနဲ ထစ်ခနဲဒီလူလာပြောတယ်ဆိုရင်ပဲ စာနဲ့ပေနဲ့ပို့တာပဲ။ပို့တော့ သူတို့နည်းသူတို့ဟန်နဲ့ အမြန်ဆုံးပို့တာပေါ့။ ဒါပေမယ့် ကြာတာပါပဲ။ အနည်းဆုံးကတော့ ရိုးရိုးဆိုရင်တော့ နှစ်ပတ်ပေါ့။ တပတ်နှစ်ပတ်ဆိုတာကတော့ ထုံးစံပဲ။ အဲဒါ အဲလိုဖြစ်တယ် ဆိုတော့ကျနော်က ခုနပြောသလိုပေါ့။ သေကောင်ပေါင်းလဲဖြစ်မယ်ဆိုရင်တော့ ဒါကိုယ့်ဟာကိုယ် ဖြစ်ဖြစ် လုပ်ရမှာပေါ့လေ။ သာမန်အနေနဲ့ကတော့ သူတို့အချိန်ကိုက်သွားတဲ့အတွက် သူတို့ကအမိန့် ကျလာပြီးလို့ရှိရင်တော့ သူတို့က ဒီအောက်က ကောင်တာထိုင်တဲ့တာဝန်စောင့်တဲ့ကလေးတွေကတော့ သူတို့ဖြစ်သလောက် တတ်သလောက်ကို အကူအညီ ပေးပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါတယ်။

မေး။ ။ နောက်တခုက မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ အဘရဲ့သဘောထား ခံယူချက်ဘယ်လိုရှိပါ သလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးအတွက် တကယ့်ကို အင်မတန်ကို လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်းတယောက်။ သူ့မှာဒီအရည်အချင်းတွေလည်းပြည့်နေပြီ။ သူ့ဘက်ကအင်မတန် လိုအပ်တဲ့ခေါင်းဆောင်ပီသတယ်။ သတ္တိကတော့မပြောနဲ့တော့။ သူရသတ္တိကော၊ဓမ္မသတ္တိကောရှိတယ်။ သူ့ အဖေဆီက ပါလာ တဲ့ဗီဇ၊ သွေး၊ အား၊ ဖခင်ရဲ့ဆန္ဒ၊နိုင်ငံအတွက် သူကိုယ်ကျိုးစွန့်တဲ့ လုပ်တဲ့ကိစ္စတို့ ဘာတို့ ရဲရင့်တာတို့၊ပြတ်သားတာ တို့၊ ဖြောင့်မတ် တာ တို့၊ တည်ကြည်တာတို့ နောက်ပြီးတော့တမျိုးသားလုံးအတွက်ကို ဟုတ်လား ကြီးပွားရာကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာ ကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တဲ့စိတ်ဓာတ်စေတနာတွေ၊ ဒါတွေက ဗီဇပါလာတာတော့အမှန်ပဲ။ သူဟာ တကယ့်ကို နိုင်ငံအတွက် အိတ်သွန်ဖာမှောက်ရှိသမျှကို ကိုယ်ကျိုးစွန့်ပြီးတော့၊ အနစ်နာခံပြီးတော့၊ သူ့ရဲ့အသက်သွေးကို စွန့်ပြီး တော့တောင် သူက ဒီနေ့လုပ်ကိုင်ပေးခဲ့တယ်။ တကယ့်ခေါင်းဆောင်ကောင်းပဲဗျာ။ အဲဒီလိုပဲမြင်တယ်။

ဒါကြောင့်မို့ပြည်သူလူထုကိုလည်း ကျနော် ပြောချင်တယ်ဗျ။ ဟုတ်လား အခုလိုအချိန်အခါမျိုးမှာ ပြည်သူလူထုရဲ့ဒီအရင်တုန်းက ထားရှိခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားလုံးအပြည့်ထားပြီးတော့ သူ့ရဲ့ကျန်းမာရာကျန်းမာကြောင်း လွတ်ရာလွတ်ကြောင်း နောက်ပြီး တော့ ဆောင်ရွက်နိုင်တာကို ချောချောမောမောနဲ့အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနဲ့ စိတ်ဓာတ်ကိုရော အားပေးထောက်ခံခဲ့ကြတယ်။ ပြည်သူတရပ်လုံးအတွက်ကော သူဟာ ခေါင်းဆောင်၊ ဒီနိုင်ငံတော် ဒီမိုကရေစီ အင်အား စုတွေကကောနိုင်ငံတကာအားလုံးကကော ခေါင်းဆောင်ကောင်း ဆိုတဲ့နေရာမှာသတ်မှတ်ခြင်းခံနေရတဲ့သူပဲ။ အဲတော့ ကျနော့်သဘောက ဒီအဖွဲ့ချုပ်နဲ့ပတ်သက်တာအားလုံး ဒေါ်အောင်ဆန်းကြည်ခေါင်းဆောင်ပြီးတော့လုပ်တဲ့ကိစ္စအ၀၀က အောင်မြင် စေချင်တယ်ဒါပဲ။ အဲဒီလို အောင်မြင်ဖို့အတွက် မလုပ်ရတဲ့အတွက် လူကနေမထိထိုင်မထိ နေနေရတဲ့သဘောပေါ့။

မေး။ ။ အဘက တချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့တော့ ယနေ့တပ်မတော်အပေါ်မှာ သဘောထား ခံယူချက် ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ထူထောင်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာကောင်းတွေရှိတယ်။ အစဉ်အလာကောင်းတွေ ထိန်းသိမ်းခဲ့တဲ့တပ်မတော် အနေနဲ့ ဒီအစဉ်အလာကောင်းတွေကိုပြန်ပြီးတော့ ထိန်းသိမ်းစေချင်ပါတယ်။ ဟုတ်တယ်မို့လား အကုန်လုံး တပ်မှူးကြီး၊ ငယ်တွေ အားလုံး လိုက်ပြီးတော့ ပြည်သူကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကိုဦးဆောင် ခေါင်းရွက်သွားနေတာသည်ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့အောက်မှာ တပ်မတော်နေပြီးတော့ တကယ့်ကို မိမိတို့ရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အဲဒါကိုတော့ တကယ့် တရားနည်းလမ်းမှန်ကန်စွာနဲ့ကျင့်သုံးနိုင်အောင်ဖြစ်စေချင်တယ်။ ဒါပါပဲ။

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အနာဂတ် အခန်းကဏ္ဍကို ဘယ်လိုသဘောထားပါသလဲ။







ဖြေ။ ။ သြော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါသူသေသေချာချာကိုပဲစပြီးတော့ဖွဲ့စည်းပြီးကတည်းက အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ်မူကြမ်းတွေမှာသေချာပါပြီးသားပဲ။ နောက်ပြီးတော့လည်းရွေးကောက်ပွဲ ရွေးတုန်းကလည်းအဖွဲ့ချုပ်ဟာ သူတို့ရဲ့ ကြွေးကြော်သံတွေကို သူတို့ရဲ့ရွေးချယ်ထားတဲ့ ဒီနိုင်ငံတော်ကြီးကိုဟုတ်လား အခုလွတ်လပ်ရေးရရခဲ့ပြီးပြီ။ လွတ်လပ်ရေးရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးအသီးအပွင့်ဟာ ဒီနေ့အထိ ပြည့်ဝအောင်မခံစားကြရသေးဘူး။ အခု တခါထပ်ပြီးတော့ ဒီစစ်အုပ်ချုပ် ရေး စနစ်က လွတ်မြောက်ပြီးတော့မှ ဒုတိယလွတ်လပ်ရေးအတွက်ကို စွမ်းဆောင်တဲ့ နေရာမှာ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသော နည်း ၊ ဆွေးနွေးသောနည်း၊ တယောက်နဲ့တယောက် ယုံကြည်မှုရအောင်ဖြစ်အောင် လုပ်တဲ့နည်း အဲလိုတွေ့ဆုံဆွေးနွေးနည်းလမ်း တွေနဲ့ ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည်ဖော်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ကတော့ အဖွဲ့ချုပ်က ဒီနေ့ ဆက်လက်ပြီး ဆုပ်ကိုင်ထားလျက်ရှိပါတယ်။



မေး။ ။ ဟုတ်ကဲ့ တကယ်လို့များ ဒီစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောခွင့်ရ မယ် ဆိုလို့ရှိရင် အဘအနေနဲ့ဘယ်လိုများပြောကြားမလဲ။

ဖြေ။ ။ သြော် တယောက်နဲ့တယောက်ဟာ ဒီယုံကြည်မှုတည်ဆောက်ကြဖို့ပဲလို့ ဦးဆုံးပြောချင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ လူထု အတွက်တွေ့ဆုံဆွေးနွေးပြီးတော့ ယုံကြည်မှုတည်ဆောက်လို့ရနိုင်ပါတယ်။ လုပ်နိုင်ပါတယ်လို့။ ယုံယုံကြည်ကြည်လုပ်ပါ ဆိုတာပါပဲ။ ။

ရင်းမြစ်..ဧရာဝတီ

ပြိုင်ပွဲ


ပြိုင်ပွဲ

အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ
စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . . မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။ အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။ မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။ မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား။ မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။

ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။ ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။ ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။

ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။
ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။

ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။

မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။

မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။ ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။

မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။
ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?

မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . .
အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။

သို့တည်းမဟုတ် . . .

တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။
ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။

ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။ အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။

သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။ “အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။ ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . . မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။


ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .

အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။

ကျော်သူ

ကိုကျော်သူ facebook မှ...

လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံး မြေသြဇာ အဖွဲ့



လှိုင်သာယာ မြို့နယ် ၊ ( ၇ ) ရပ်ကွက် ၊ တံတား ဖြူ မှတ်တိုင် ရှိ ဦးပုည လမ်းထိပ် ဆိုက်ကားဂိတ် နားတွင် ရှိသော လမ်းဆိုင်းဗုဒ် တွင် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စစ်အစိုးရ အလိုမရှိ စသော စာများပါသည့် စာသားများရေးသားထားသည့် စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများကို အကောင်းဆုံး မြေသြဇာ အဖွဲ့မှ လိုက်လံ ပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် လှိုင်သာယာမြို့နယ် အောင်မြေရိပ်သာ ဘုရား ပေါ်တွင်လည်း ၂၀၁၀ အလိုမရှိစာသားများကို ဆော့ပင် အနီ/အပြာ များဖြင့် လိုက်လံ ရေးသားကြပါတယ်။

အထပ်ပါ (၇ ) ရပ်ကွက် ဦးပုံည လမ်းသွယ် အောင်မင်းခေါင် ( ၁ ) လမ်း၊ အိမ်အမှတ်( ၂၉၉)တွင် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးဥာဏ်ဝင်း နေထိုင်သည်ဟု သိရှိရပါတယ်။

လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံး မြေသြဇာ အဖွဲ့