ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ (သတင်း၊ ဓာတ်ပုံ)

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ် နေတာဖြစ်ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ပရိသတ်တွေအများအပြား လာရောက် အားပေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ Burma VJ Media
http://www.burmavjmedia.net/?p=3347

မီးဘေးသင့် ဒုက္ခသည် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်ကူညီကြတဲ့ အလွှာပေါင်းစုံမှ မြင်ကွင်းများ (ဓာတ်ပုံ၊ သတင်း)

 ယမန်နေ့က မီးလောင်ပေါက်ကွဲမှုကြောင့်  အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု၊ အသက်ဘေး၊ ထိခိုက်ဒဏ်ရာရမှုတွေ ကြုံတွေ့ခဲ့တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ မီးဘေးဒုက္ခသည် ပြည်သူများအား ယနေ့နံနက်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် တွေ့ဆုံအားပေးခဲ့ပါတယ်...။
 ပူဆွေးဝမ်းနည်းမှု မျက်ရည်တွေကြားမှ ပြည်သူတွေရဲ့ အပြုံး..
ဒုက္ခသည် ပြည်သူတွေကို အပြုံးဆေးနဲ့ တိုက်ကြွေးနေတဲ့ အမေစု..
 တစ်ဦးချင်းစီကို လိုက်လံအားပေး နှုတ်ဆက်ခဲ့ပါတယ်..။
 တပ်မတော် စစ်သည် ဆရာဝန်အဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့များ အခြားကျန်းမာရေး လူမှုကွန်ယက် အဖွဲ့များ၏ ဆရာဝန်ကြီးများမှ ဆေးခန်းဖွင့်လှစ် ကူညီပေးကြသလို...
 ရုပ်ရှင် အနုပညာရှင်များမှလည်း ထမင်းရှင် ပြည်သူများအား လာရောက်အားပေး ခဲ့ကြပါတယ်..။
 ဆုံးရှုံးမှုတွေကြားက မြန်မာပြည်မှာ တခါမှ မမြင်ရဘူးသေးတဲ့ အလွှာပေါင်းစုံမှ တက်ညီလက်ညီ ကိုယ့်ပြည်သူအချင်းချင်း ရိုင်းပင်းကူညီမှု မြင်ကွင်းတွေပါပဲ..
ဓာတ်ပုံများ ... AP, Getty Images, Reuters, 7DAY NEWS

တရုတ်ဂတ်စ် ပိုင်းလိုင်း သွယ်တန်းမှုကြောင့် ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာမှ တရွာလုံးအသုံးပြုနေတဲ့ ရေထွက်ဂနိုင်နှင့် နှစ်ရာချီသက်တမ်းရှိ အဖိုးတန်သစ်ပင်များ ဖျက်ဆီးခံရခြင်း...

 ၂၀၁၁ ၁၀လပိုင်း ၁ရက်နေ့က နောင်ချိုမြို့နယ်မှ လုပ်ငန်းအပိုင်း(၂)ဖွင့်ပွဲ အခမ်းအနား..
 (ဓာတ်ပုံ၊ Demo/SM)
တရုတ်ဂတ်စ် ပိုင်းလိုင်း သွယ်တန်းမှုကြောင့် ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာမှ တရွာလုံးအသုံးပြုနေတဲ့ ရေထွက်ဂနိုင်နှင့် နှစ်ရာချီသက်တမ်းရှိ အဖိုးတန်သစ်ပင်များ ဖျက်ဆီးခံရခြင်း...

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်မယ့် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း ကျရောက်ရာ ပြင်ဦးလွင်မြို့နယ် ဝါပိုးရေကျေးရွာက အာရှအလင်းရောင်တိုက်က ကျောင်းထိုင်ဆရာတော် ဦးစိန္တိကရဲ့ ဆေးရုံဆောက်မဲ့မြေ ၄ ဧကကျော်ကို ပိုက်လမ်းကြောင်း ဖေါက်လုပ်အသုံးပြုခွှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာမှာ တရွာလုံးသောက်သုံး ရေအတွက် အသုံးပြုနေတဲ့ ရေထွက်ဂနိုင် မပါဝင်ဖို့ ချုပ်ဆိုခဲ့ပေမဲ့ တကယ် လမ်းဖေါက်လုပ်တဲ့ အချိန်မှာတော့ စက်ယန္တာယားကြီးတွေနဲ့ ရေထွက်ဂနိုင်ကိုသာ မက အနီးက နှစ်ပေါင်းရာကျော်ရှိတဲ့ အဖိုးတန် ရှေးဟောင်း သစ်ပင်များကိုလည်း မပြောမဆိုနဲ့ ခုတ်ထွှင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ သူတို့နဲ့ ဘုန်းကြီးနဲ့ စကားပြောစဉ်တုန်းက ရေဂနိုင်မပါဘူးဆိုပြီး။ ရေဂနိုင်ဆိုတာရေထွက်တဲ့ဟာ ပေါ့ဗျာ။ တရွာလုံးလဲသုံးတယ်၊ ကျောင်းလဲသုံးတဲ့ ရေထွက်ဂနိုင်ကြီးပေါ့။ သစ်ပင်တပင်စ၊ နှစ်ပင် စပါမယ်ပေါ့။ ဒီလမ်းကြောင်း ပြောင်းသွားရင် တခြားအိမ်တွေ ဖျက်ရမှာဆိုးတာနဲ့ သူတို့ လျှောက်တာပေါ့။ ဆိုက်ဘာစီးတီးကလည်း အဆောက်အဦးတွေ အကြီးကြီးတွေနဲ့ မိုလို့ အကူအညီ ပေးပါဆိုတော့ ဘုန်းကြီးလည်း  ရေထွက်ဂနိုင်မပါဘူး ဆိုရင်ပေးမယ်ဆိုပြီးတော့ ဘုန်းကြီးတို့ သဘောတူညီချက် လုပ်လိုက်ကြတာ။ ဘုန်းကြီးကပြောတာ ပန္နက်ကလေး ပေးပါ အုံးမယ်။ မပါပါဘူးဘုရား ယရကကလည်း မပါဘူးပေါ့ သူတို့တိုင်းထား တုန်းကပေါ့။ အဲဒါနဲ့ဘုန်းကြီးက ခွင့်ပြုလိုက်တာ။”

အဲဒီ့သဘောတူညီဖို့ စာချုပ်ကိုလွန်ခဲ့တဲ့ သုံးလလောက်ကချုပ်ဆိုခဲ့ပြီး စာချုပ်မိတ္တူကို မပေးတဲ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ မပြောမဆိုနဲ့ အဲဒိရေထွက် ဂနိုင်နေရာကို  မြေထိုးစက်ကြီးတွေနဲ့  ထိုးပြီးဖျက်ဆီး ခဲ့တယ်လို့ ဆရာတော်ကပဲ ဆက်မိန့်ပါတယ်။

B1228KMMSB2 “ ထိုးတဲ့အခါကျတော့ ဘုန်းကြီးတို့လည်း အကြောင်းမကြားဘူး ရေထွက်ဂနိုင်ကြီး အလည်တည့်တည့် ကနေ အကုန်ထိုးပစ်လိုက်တာ သူတို့ကပန္နက်လည်း ရာပေးဘူးဗျ။ ဘုန်းကြီးက ပန္နက်ရာပေးပါဆိုတော့ အကုန်လွတ် ပါတယ်ကြီးပဲ စွတ်ပြောတာ။ တကယ်ထိုးသွားတဲ့ အခါကျတော့ အလည်တည့်တည့်ကပဲ တွယ်ချသွားတာပဲ ဘာမှမတတ် နိုင်ဘူး။ သူတို့စာချုပ်ကြရင် ဘာမှမချုပ်ဘူး သူတို့ယူမဲ့ ဟာလောက်ပဲ စာချုပ်ပုံရပါတယ်။ ကျန်တဲ့ဟာကျတော့ သူတို့က ပါးစပ်နဲ့လာပြီး သစ်တောကလာပြီး အကြောင်းကြားမှာပါ ဘုရား။ မြေစာရင်းကလာပြီး အကြောင်းကြားမှာပါ ဘုရား။ ဒီလို ပဲပြောပြီး လုပ်လုပ်သွားတာပဲ။ လာတာက ပုသိမ်ဖန်ချက် စက်ရုံမှာလုပ်တဲ့ ဗိုလ်မှူးဟောင်းစိုးဝင်းလို့ ပြောတယ်ဗျ။ သူနဲ့ပဲ ဘုန်းကြီးတို့က စာချုပ်ရတယ် အဲဒါတွေလည်းဘုန်းကြီးတို့ကို မိတ္တူမပေးဘူး။”

တရုတ်ကုမ္ပဏီတွေရဲ့ သဘောထားကတော့ မြန်မာအာဏာပိုင်တွေက ဖြစ်စေချင်တဲ့ အတိုင်း ဆောင်ရွက်ပေး စေချင်တဲ့ အတိုင်းလုပ်ပေးမဲ့ အခြေအနေရှိပေမဲ့ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ကိုယ့်လူထုဘက်က မရပ်တည်ဘူး လို့လဲ ဆရာတော်ရဲ့အမြင်ကို အခုလိုဆက်မိန့်ပါတယ်။

“ ဘုန်းကြီးတို့လူထုကလေ အကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတာ နှစ်တွေအကြာကြီးပါဗျာ။ ခင်ဗျာ ဟိုဟာလဲကြောက်ရ ဒီဟာလဲကြောက်ရ ပြောရဲတာ မဟုတ်ဘူးဗျ။ ခက်တာကလုပ်တာ တရုတ်လုပ်တာ တရုတ်ကတော့ ဒီဘက်ကတာဝန်ခံ ပုဂ္ဂိုလ်တွေရဲ့ အတိုင်းအတာ အဆုံးအဖြတ် အတိုင်းသူတို့ လုပ်ပေတဲ့ သဘောရှိပါတယ်။ ဒီကိုယ့် နိုင်ငံက တာဝန်ခံလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်နိုင်ငံသားတွေ ပေါ့နော် ကိုယ့်ဘာသာ ကိုယ့်လူမျိုးအကျိုးကို ငဲ့ကွက်ပြီးတော့ ဖြစ်သင့်တာလေးတွေ ခံစားခွင့် ရှိတာလေးတွေ ဆောင်ရွက် ပေးစေချင်တယ်။ အခုအခါကျတော့ ရေငုံနှုတ်ပိတ်တွေကြီးပဲ နေကြတာဗျ မသိတာ မဟုတ်ဘူး သိတယ်ဗျ။”
ပိုက်လိုင်း စီမံကိန်းလုံခြုံရေး မြန်မာစစ်တပ်.. (ဓာတ်ပုံ၊ Demo/SM)
အာရှအလင်းရောင် ဖောင်ဒေးရှင်း တည်ထောင်သူ အဆိုပါကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ဦးစိန္တိက မိန့်ကြားသွား တာဖြစ်ပါတယ် ခင်ဗျာ။ ရိုင်မရော့ပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC)နဲ့ မြန်မာအစိုးရဘက်က စွမ်းအင်ဝန်ကြီးဌာနနဲ့ အတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  မြန်မာပြည်အတွင်း ကျောက်ဖြူကူမင်း ပိုက်လိုင်းစီမံကိန်းအား အပိုင်းလေးပိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ အောက်တိုဘာလမှ စပြီး ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအား အပိုင်း(၂)အား အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါတယ်..။

ဆက်သွယ်မေးမြန်း၊ တိုင်ကြားပေးပို့ လာသူအား ကျေးဇူးတင်ပါသည်..။

မီးဘေးဒုက္ခသည်များထံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူ...

ကူးတို့ဆိပ်အတွက် နိဗ္ဗာန်ကူးတို့

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပြန်ကြားရေးအဖွဲ့ဝင်များသည် ၁.၁.၂၀၁၂ ရက်နေ့တွင် ကျင်းပ မည်ဖြစ်သော (၁၁)နှစ်ပြည့် အခမ်းအနားအတွက် လုပ်ငန်းဆောင်တာများကို ၂၉.၁၂.၂၀၁၁ ရက်နေ့ နံနက် (၀၁း၃၀) နာရီအချိန်ခန့်အထိ လုပ်ဆောင်ကြပြီး မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် အိပ်စက်အနားယူရန် ပြင်ဆင်နေစဉ် “အုန်း” ကနဲဟူသော ကျယ်လောင်သော မြည် ဟိန်းသံကြီးနှင့်အတူ အဆောက်အဦးတစ်ခုလုံး တုန်ခါသွားတော့သည်။ ထို့ကြောင့် ပြန်ကြားရေးအဖွဲ့ဝင် များသည် ရုံးအဆောက်အဦး တစ်ခုလုံးကို အထက်အောက် လိုက်လံစစ်ဆေးကြရာ ထူးခြားမှု တစ်စုံတစ် ရာ မရှိသည့်အတွက် အနားယူအိပ်စက်ခဲ့သည်။

နံနက် (၅း၃၀) နာရီအချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်နေ အသင်းသား/သူများထံမှ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်းရှိ ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှု သတင်းဆိုးကြီးအား ကြားသိရတော့သည်။ သတင်းကြားလျှင်ကြားချင်း၌ ဥက္ကဋ္ဌ ဦးကျော်သူမှ ကူညီ ကယ်ဆယ်ရေး အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တွဲဖက်အတွင်းရေးမှူး(၂) ဦးစန်းအေး ဦးဆောင်၍ သွားရောက် စုံစမ်းမှုကို ပြုလုပ်ခဲ့သည်။ ပေါက်ကွဲမှု၊ မီးလောင်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှသိရှိကာ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် နှင့် အသင်းသား/သူအချို့တို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ လူနာများအား ဆေးဝါးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးဝါး တန်ဖိုး (၅)သိန်း၊ လူနာတစ်ဦးလျှင် (၁) သောင်းကျပ်နှင့် လူနာဦးရေ (၈၀) ဦးခန့်ကို ကိုယ်တိုင်ကိုယ်ကျ လူနာများလက်ထဲသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရုံးချုပ်တွင်လည်း စုံစမ်းရေးအဖွဲ့ ပြန်လည်ရောက်ရှိသည်နှင့် မီးဘေးဒုက္ခသည်များအတွက် လိုအပ်လျှက်ရှိသော စောင်၊ ဒန်အိုး၊ ဒန်ခွက်၊ စတီးဇလုံ၊ စတီးမတ်ခွက်၊ စတီးဇွန်းကြီး၊ ဆပ်ပြာတို့အား မင်္ဂလာဈေးနှင့် သံသုမာ လမ်းရှိ ဆိုင်ခန်းများတွင် သွားရောက်ဝယ်ယူကာ ခေါင်းလျှော်ရည်၊ အ၀တ်အထည် (ကျား/မ/ကလေး) များကို၎င်း၊ မီးဘေးဒုက္ခသည်များထဲတွင် ပါဝင်ခဲ့သော သံဃာတော်(၇)ပါး အတွက် သင်္ကန်းများနှင့် စုစုပေါင်းတန်ဖိုး သိန်း (၄၀) ကျပ်ခန့် လှူဒါန်းမှုကို ဦးကျော်သူနှင့် အသင်းသား/သူများမှ သွားရောက် လှူဒါန်းမှုများပြုခဲ့သည်။ လှူဒါန်းမှုခရီးစဉ် မထွက်ခွာမှီ အလှူရှင်တစ်ဦးမှ ခေါင်းအုံး အလုံး (၂၀၀)ကျော် လာရောက်လှူဒါန်းမှုပြုခဲ့ပါ၍ ယင်းခေါင်းအုံးများကိုပါ တစ်ပါးတည်း မီးဘေးဒုက္ခသည် စခန်းရှိရာသို့ သယ်ဆောင်လှူဒါန်းနိုင်ခဲ့သည်။

ထိုသို့ လှူဒါန်းမှုပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးအလှူငွေ လှူဒါန်းပြီး၍ ပြန်လာ ကြသော ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက်နှင့် အသင်းသူ/သားများနှင့် ချိတ်ဆက်ပူးပေါင်းကာ မင်္ဂလာ တောင်ညွှန့်မြို့နယ်ရှိ “မဟာဝိဇယာရာမတိုက် ပုသိမ်ညွှန့်ရာကျော်ကျောင်းကြီး”ရှိ ကျောင်းထိုင်ဆရာ တော်ကြီးထံတွင် ကိုယ်တိုင်ကိုယ်ကျစုပေါင်း၍ လှူဒါန်းမှုကို ပြုလုပ်နိုင်ခဲ့သည်။ ပုသိမ်ညွှန့်ရာကျော် ကျောင်းကြီးအတွင်းရှိ “အောင်သြဘာသိဒ္ဓိဓမ္မာရုံ” ၌ နေထိုင်နေရကြသော မီးဘေးဒုက္ခသည်များအား ၀င်ရောက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများ၊ ပညာရေးကိစ္စများကို (အခမဲ့) ကူညီဖေးမ ပေးလျှက်ရှိသလို ရန်သူမျိုးငါးပါးဖြစ်သော ရေဘေးဒုက္ခ၊ လေဘေးဒုက္ခ၊ စစ်ဘေးဒုက္ခ၊ မီးဘေးဒုက္ခစသည့် ဒုက္ခမျိုးစုံတို့ကိုလည်း ကူညီဖေးမ လှူဒါန်းမှုများကို အသင်းသူ/သားများ၊ ၀န်ထမ်းများ နှင့် လက်ချင်းယှက်ကာ စည်းလုံးညီညွှတ်စွာဖြင့် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ မင်္ဂလာတောင် ညွှန့်မြို့နယ် ကူးတို့ဆိပ်ရှိ မီးဘေးဒုက္ခသည်များအား အများပြည်သူတို့မှ လှူဒါန်းမှုတို့ကို နာရေးကူညီမှု အသင်း(ရန်ကုန်)မှ နိဗ္ဗာန်ကူးတို့အဖြစ် ကူညီဖေးမ ပေးဆပ်မှုပင်ဖြစ်တော့သည်။


ရေဝေးသုသာန်မှာ ပြုလုပ်တဲ့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဂုဏ်ပြုဈာပနအခမ်းအနား..

တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအား မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းမှုနဲ့အတူ လေးစားဂုဏ်ယူ ဦးညွှတ် မှတ်တမ်းတင် အလေးပြုအပ်ပါတယ်...။

ဒီမိုဝေယံ

သတင်း၊ ဓာတ်ပုံများ7Day News Journal မှကူးယူဖော်ပြပါသည်...။

အခင်းဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ရန် အစောဆုံး ရောက်ရှိသွားသော မီးသတ်တပ်ဖွဲ့ဝင်များမှာ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးခဲ့ကြရသည်။ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ တပ်သားများဖြစ်သော မျိုးကျော်ကျော်၊ အောင်အောင်၊ သော်ဇင်မျိုးထက်တို့မှာ ပေါက်ကွဲမှုကြောင့် နေရာတွင်း ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ၃ ဦး၏ အခြေအနေမှာလည်း စိုးရိမ်ဖွယ်အနေအထားမှာရှိနေသေးပြီး၊ ဒဏ်ရာရရှိသော မီးသတ်တပ်ဖွဲ့ဝင် အားလုံး ၃၀ ကျော်ရှိသည်။

ထိုပေါက်ကွဲမှုကြီး ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို ကိုယ်တိုင်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်အချို့က အက်ဆစ်သိုလှောင်ကန် မီးလောင်ပေါက်ကွဲ၍ဟု ကနဦး ပြောကြားသော်လည်း၊ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ထိုဂိုဒေါင်တွင် ယမ်းစိမ်းနှင့် ဓာတုပစ္စည်းများစွာ သိုလှောင်ထားသော ဂိုဒေါင်ကို မီးကူးစက် လောင်ကျွမ်း၍ဟု ပြောသည်။ မီးစတင်လောင်ကျွမ်းခြင်း အကြောင်းအရင်းနှင့် လူများစွာသေဆုံးခဲ့သော ပေါက်ကွဲမှုကြီး ဖြစ်ရခြင်းအကြောင်းကို တရားဝင်သတင်းမထုတ်ပြန်မီ သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြခွင့်ပြုချက်တောင်းနေကြောင်းလည်း သတင်းရရှိသည်။

မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား

တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ် မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်းပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။

"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ် ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်သတိလစ်နေ မေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်း၊ ၀မ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှု လှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။
7Day News Journal

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင် ပေါက်ကွဲမှု သတင်း၊ ဓာတ်ပုံများ။

 မီးလောင်ပြင်အတွင်းမှ ပျက်ဆီးဆုံးရှုံးသွားတဲ့ မီးသတ်ကား တစ်စီးနဲ့ မီးသတ်ရဲဘော်(၅)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်..။
ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ..။
 
 ချက်ချင်းလက်ငင်း အသက်၊အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ...
ဓာတ်ပုံများ AP,Reuters,Getty Images
နောက်ဆုံးရ သေဆုံးသူများစာရင်း။ (သတင်း.. 7Day News Journal)

၁။ မောင်စိုင်းမောင်မောင် (၃) နှစ်
၂။ မောင်မောင်ကြီး (၁၀)နှစ်
၃။ မောင်သိန်းဇော် (၉) နှစ်
၎။ မစ၀်ခွန်ချို (၅) လ
၅။ မပုံ့ပုံ့ (၂၁) နှစ်
၆။ မယုဇအောင် (၂၃) နှစ်
၇။ ဦးသိန်းစိုး (၅၀) နှစ်
၈။ ကိုသန်းလှိုင် (၃၆) နှစ်
၉။ မယဉ်ယဉ်စန်း (၃၄) နှစ်
၁၀။ မရီလွင် (၃၃) နှစ်
၁၁။ မနွယ်လေးဟန်(၇) နှစ်
၁၂။ ဦးစိုင်းလင်း (၅၅) နှစ်
၁၃။ မောင်အောင်အောင်(၂၈)နှစ် (မီးသတ်)
၁၄။ မောင်မျိုးကျော်ကျော် (၂၀) နှစ် (မီးသတ်)
၁၅။ ဦးပြည်ဇော်ဌေး( ၅၀) နှစ် (မီးသတ်)
၁၆။ မောင်သော်ဇင်မျိုးထက် (၂၁) နှစ်(မီးသတ်)
၁၇။ ဦးတင်စိုး (၃၄) နှစ် (မီးသတ်)
၁၈။ PR (လူ့အသားစများ)

အထက်ပါစာရင်းမှာ တာမွေရဲစခန်းမှ နောက်ဆုံးရစာရင်းဖြစ်ပါသည်။ အမှတ်စဉ် ၁၃ မှ ၁၇ အထိ ၅ ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။ နံပတ် ၁၈ မှာ ကောက်ယူရရှိသည့် လူ့အသားစများကို စုပေါင်းထားခြင်း ဖြစ်သည်။ နောက်ဆုံးအချက်အလက်များ ထပ်မံရရှိပါကလည်း ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းအရ လူနာစုစုပေါင်းမှာ ကျား- (၆၈) ဦး၊ မ- (၁၆) ဦး ဖြစ်ပြီး ယင်းလူနာများကို  ရန်ကုန်ဆေးရုံကြီး အဆောင်(၅၊ ၆၊ ၇၊ ၈)၊ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီး၊ အလုပ်သမား ဆေးရုံကြီးတို့တွင် တင်ပို့ ကုသလျှက်ရှိသည်။