ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရေဝေးသုသာန်မှာ ပြုလုပ်တဲ့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဂုဏ်ပြုဈာပနအခမ်းအနား..

တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအား မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းမှုနဲ့အတူ လေးစားဂုဏ်ယူ ဦးညွှတ် မှတ်တမ်းတင် အလေးပြုအပ်ပါတယ်...။

ဒီမိုဝေယံ

သတင်း၊ ဓာတ်ပုံများ7Day News Journal မှကူးယူဖော်ပြပါသည်...။

အခင်းဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ရန် အစောဆုံး ရောက်ရှိသွားသော မီးသတ်တပ်ဖွဲ့ဝင်များမှာ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးခဲ့ကြရသည်။ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ တပ်သားများဖြစ်သော မျိုးကျော်ကျော်၊ အောင်အောင်၊ သော်ဇင်မျိုးထက်တို့မှာ ပေါက်ကွဲမှုကြောင့် နေရာတွင်း ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ၃ ဦး၏ အခြေအနေမှာလည်း စိုးရိမ်ဖွယ်အနေအထားမှာရှိနေသေးပြီး၊ ဒဏ်ရာရရှိသော မီးသတ်တပ်ဖွဲ့ဝင် အားလုံး ၃၀ ကျော်ရှိသည်။

ထိုပေါက်ကွဲမှုကြီး ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို ကိုယ်တိုင်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်အချို့က အက်ဆစ်သိုလှောင်ကန် မီးလောင်ပေါက်ကွဲ၍ဟု ကနဦး ပြောကြားသော်လည်း၊ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ထိုဂိုဒေါင်တွင် ယမ်းစိမ်းနှင့် ဓာတုပစ္စည်းများစွာ သိုလှောင်ထားသော ဂိုဒေါင်ကို မီးကူးစက် လောင်ကျွမ်း၍ဟု ပြောသည်။ မီးစတင်လောင်ကျွမ်းခြင်း အကြောင်းအရင်းနှင့် လူများစွာသေဆုံးခဲ့သော ပေါက်ကွဲမှုကြီး ဖြစ်ရခြင်းအကြောင်းကို တရားဝင်သတင်းမထုတ်ပြန်မီ သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြခွင့်ပြုချက်တောင်းနေကြောင်းလည်း သတင်းရရှိသည်။

မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား

တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ် မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်းပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။

"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ် ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်သတိလစ်နေ မေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်း၊ ၀မ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှု လှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။
7Day News Journal