ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ငြိမ်းချမ်းရေးနေအိမ်ထဲက “ဆရာပါ”...

ငြိမ်းချမ်းရေးနေအိမ်ထဲက “ဆရာပါ”

၂၀၀၈ ခုနှစ်၊ ဒေါ်ပတ္တမြားခင်မွေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေးအလှူပွဲကို ပြည်လမ်းရှိ တိပိဋကတ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပစဉ် ဆရာပါရဂူမှ “ကိုကျော်သူ ခင်ဗျားရဲ့ အတ္ထုပတ္တိ၊ ခင်ဗျားရဲ့ သမိုင်းကြောင်းစာအုပ်ကို ကျွန်တော်ရေးအုံးမယ်ဗျာ” တဲ့။

၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ကျွန်တော်၏ မွေးနေ့ပွဲအမှတ်တရအဖြစ် Kyaw Thu’s Art Zone ပန်းချီပြပွဲလုပ်စဉ်က “ကိုကျော်သူ ခင်ဗျားက စုတ်တံကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ သူရဲကောင်းပဲ။ ခင်ဗျားရဲ့အကြောင်းကို ကျွန်တော်ရေးအုံးမယ်ဗျာ” တဲ့။

၂၀၁၀ ခုနှစ်၊ နေမျိုးဆေးရဲ့ ပန်းချီပြပွဲမှာ နောက်တစ်ကြိမ် “ကိုကျော်သူ ခင်ဗျားတို့ သုခအလင်း စာကြည့်တိုက်ကို ကျွန်တော် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်က စာအုပ်တွေ လှူချင်တယ်ဗျာ။ လာယူအုံး။ ကိုကျော်သူက တိုက်ပွဲဝင်နေတဲ့ အနုပညာသမား” တဲ့။

တစ်လေးလုံးနေ့ (၁.၁.၂၀၁၁) နှစ်သစ်ကူးနေ့ ကျွန်တော့်၏ဇနီး ရွှေဇီးကွက်မွေးနေ့ အမှတ်တရ Kyaw Thu’s Art Zone Vol:2 ဒုတိယအကြိမ်မြောက် ပြပွဲလုပ်တဲ့နေ့ အဲဒီနေ့ကလည်း ဆရာပါက “ကိုကျော်သူ ခင်ဗျားကို ကျွန်တော်ပြောရအုံးမယ်။ ခင်ဗျားလို လူမှုတော်လှန်ရေး အနုပညာသမားတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုတယ်။ ခင်ဗျားရဲ့ရေးချက်တွေက တော်လှန် ရေး ရေးချက်တွေ။ ပေါက်ကွဲမှုရေးချက်တွေ။ ငြိမ်းချမ်းမှုရေးချက်တွေ။ ဒီလိုလူမျိုးအကြောင်းကို ကျွန်တော်ရေးအုံးမယ်” တဲ့။ ဒါကြောင့် ကျွန်တော်အဲဒီတုန်းက ဆရာပါကို ပြန်ပြောကြားခဲ့တယ်။ “ဆရာပါရေ သမိုင်းကြောင်းတွေ ရေးမယ်ဆိုရင် မြန်မြန်သာ ရေးလိုက်ပါတော့။ ကျွန်တော်မသေခင် ဖတ်သွားချင်ပါရဲ့။ သေပြီးမှ ထွက်လာတဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော်ခံစားလို့၊ ဖတ်ရှုလို့ရတော့မှာ မဟုတ်ဘူး” လို့။ အဲဒီမှာ ဆရာပါက “ရေးထားပြီးပါပြီ။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ၊ စာရွက်ပေါ်ချမရေးရသေးတာ တစ်ခုပါဘဲ၊ စာမျက်နှာပေါ်ကနေ ခင်ဗျားအကြောင်း ချရေးခွင့်ရတဲ့နေ့ တစ်နေ့၊ စာဖတ်ပရိတ်သတ် အများပြည်သူဖတ်ရှုခွင့်ရတဲ့ အချိန်ကာလကြရင် ခင်ဗျားရဲ့ အတ္ထုပတ္တိ၊ ကျွန်တော့်ရဲ့ဆန္ဒကို အကောင်အထည်ဖော်တော့မှာပါ” တဲ့။ အဲဒီလိုနဲ့ အဲဒီအချိန် အဲဒီကာလတစ်ခုကို စောင့်စားရင်း၊ မျှော်လင့်ရင်းနဲ့ . . . . ။

ခုတော့ ဆရာပါ ဆုံးရှာပြီ။ ကမ္ဘာမြေကြီးက ထွက်ခွာသွားရှာပြီ။

ဆရာရေးချင်တဲ့ ဆရာတင်ပြချင်တဲ့ ကျွန်တော့်ရဲ့သမိုင်းကတော့ တည်ရှိနေဆဲ၊ ရှင်သန်နေဆဲ။ တကယ်တော့ သမိုင်းဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာပါ ဆရာရယ်။ ကျွန်တော့်သမိုင်းကောင်းဖို့ ကျွန်တော်ဖန်တီးရမှာပါ။ ကျွန်တော့်သမိုင်းလှဖို့ ကျွန်တော်တည်ဆောက်ရမှာပါ။
ဆရာပါ . . . ဆရာကတော့ ဆရာသမိုင်းကောင်းဖို့ ဆရာဖန်တီးခဲ့ပြီပဲ။ ဆရာသမိုင်းလှဖို့ ဆရာ တည်ဆောက်ခဲ့ပြီပဲ။ ဒါအပြင် အနာဂတ်မြန်မာပြည်ရဲ့ သမိုင်းလမ်းကြောင်း သာယာလှပဖို့ ဆရာ လမ်းဖွင့်လှစ်ပေးခဲ့ပြီပဲ။ ဆက်လျှောက်လှမ်းဖို့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားလေသူ ဆရာပါတစ်ယောက် ရှန်တိနိကေတန် (သို့) ငြိမ်းချမ်းရေးနေအိမ် အဆောက်အ အုံထဲမှာ ရှင်သန်ပျော်မွေ့နေမယ်လို့ ယုံကြည်လျက် . . . . ။
ကျော်သူ
{“ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်”ကို ထူထောင်သူ စာရေးဆရာကြီး ပါရဂူ အသက် (၉၁) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၉း၃၀) အချိန်တွင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ ကြီး၌ ကွယ်လွန်သွားပြီဖြစ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေး မှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများသည် ဆရာပါရဂူ၏ ရုပ်အလောင်းအား ရေဝေးသုဿန် ရှိ အအေးခန်းသို့ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။ ဆရာပါရဂူ၏ နောက်ဆုံးနှုတ်ဆက်ခြင်း အခမ်းအနား ကို ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီတွင် ရေဝေးသုဿန်၌ ကျင်းပမည်ဖြစ်ပါသည်။}