ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

larshioserious1-may30
ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးကာ အကြမ်းဖက် ဖျက်ဆီးမှုများ ရှိနေသော လားရှိုးပဋိပက္ခ ဖြစ်စဉ်အတွင်း မေ ၂၉ ရက်က တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုကို တွေ့ရစဉ်

လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ
 
လားရှိုးမြို့တွင် မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့ခဲ့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မေ ၂၉ ရက်တွင်လည်း နေရာအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မေ ၂၉ ရက်တွင် ဆူပူမှု၊ အကြမ်းဖက် ဖျက်ဆီးမှု အချို့ကြောင့် ရုပ်ရှင်ရုံ တစ်ရုံနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးရေ ၂၀၀ ခန့်ရှိသော လူများက ဆူပူအကြမ်းဖက်မှု ပြန်လည်ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် သေဆုံးသူမှာ (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်း (ဘ) ဦးစမိုင်ဆိုသူ ဖြစ်ပြီး ဒေါ်ခင်ခင် (၅၂ နှစ်) (ဗုဒ္ဓ)၊ မောင်ဝဏ္ဏ မင်းထိုက် ၃၀ နှစ်(ဗုဒ္ဓ)၊ ဦးအောင်အောင် ၃၈ နှစ်(ဗုဒ္ဓ)၊ ဦးချစ်ကို(ဗုဒ္ဓ)၊ ဦးမြင့်နိုင် ၄၁ နှစ်(ဗုဒ္ဓ)နှင့် DVB သတင်းထောက် ဦးခွန်ဇော်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မောင်ဝဏ္ဏမင်းထိုက်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ခွဲစိတ်ခန်းသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း၊ ကျန်လူနာများမှာ လက်ရှိတွင် မစိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း သိရသည်။
larshioserious2-may30
သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့က အကြမ်းဖက် ဆူပူသူများအား မေတ္တာရပ်ခံ ပြောကြားနေသည်ကို မေ ၂၉ ရက် ညနေ ၃ နာရီခွဲက တွေ့ရစဉ်

ထို့ပြင် ဆူပူ အကြမ်းဖက်မှုများကြောင့် အမှတ် (၂) ရပ်ကွက်ရှိ သီတာအေးရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင်ဖျက်ဆီး ခံခဲ့ရသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သောကြောင့် နောက်တန်းခုံများနှင့် ရုပ်ရှင်ပိတ်ကားတို့သာ ပျက်စီးခဲ့သည်။ ထို့အတူ အမှတ် (၇) ရပ်ကွက်တွင် လူဦးရေ ၃၀ ခန့်က ဆလွန်းကား တစ်စီးကိုလည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့သည်။

အကြမ်းဖက်လူတစ်စုမှ လားရှိုးမြို့နယ် (၃) ရပ်ကွက် ဈေးအနီးရှိ ဗလီတစ်ခုအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်းက (ပ) ၂၅၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ အစ္စလာမ်မိဘမဲ့ ဂေဟာအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်း (ပ) ၂၅၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ ရပ်ကွက် (၉) ရှိ အစ္စလာမ် စာသင်ကျောင်း တစ်ခုအား ဖျက်ဆီးမှုကြောင့် လားရှိုးမြို့နယ် နယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၂/၄၂၇/၃၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
larshioserious3-may30
ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနေစဉ်
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက "ဖြစ်သွားတဲ့ ဒီဖြစ်စဉ်ကို သုံးသပ်ရမယ်ဆိုရင် အဓိက လူတွေရဲ့ တရားဥပဒေ စိုးမိုးမှုအပေါ် လိုက်နာမှု အပိုင်းတွေ အားနည်းတယ်။ ဒေါသကို ရှေ့ထားပြီးတော့ လုပ်ဆောင်ခဲ့ကြတာတွေကို တွေ့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ နေ၀င်းကို ရဲတပ်ဖွဲ့က ဥပဒေအရ ဖမ်းဆီးစစ်ဆေးနေတဲ့ အချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်။ အမှန်တော့ တာဝန်ရှိသူတွေက ကျူးလွန်တဲ့သူကို ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးဆိုရင် ကျေနပ်မှု မရှိတဲ့သူတွေ ဥပဒေအတိုင်း ဆက်လက်လုပ်ပိုင်ခွင့် ရှိတယ်။ ဒါ့အပြင် ထိထိရောက်ရောက် မီဒီယာတွေ အနေနဲ့ ထောက်ပြရေးသားပိုင်ခွင့် ရှိတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် နိုင်ငံတကာက မြန်မာလူမျိုးတွေအပေါ် အထင်မှားစရာတွေ ဖြစ်လာနိုင်တယ်။ 

 မြန်မာလူမျိုးတွေက မင်းမဲ့စရိုက် ဆန်တယ်ဆိုတဲ့ အတွေးမျိုးတွေ ၀င်သွားနိုင်ပါတယ်" ဟု မေ၂၉ ရက် နံနက်ပိုင်းက ပြောပြခဲ့သည်။
ဖြစ်ပွားနေသည့် ဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်နှင့် တပ်မတော်အင်အား ၃၀၀ ကျော်တို့ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
larshioserious4-may30
တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုတစ်စုကို မေ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ်
မေ ၂၉ ရက်ည နိုင်ငံပိုင် ရုပ်သံသတင်း ကြေညာချက်တွင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ တို့မှာ အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခန့်အထိ တိုက်ခိုက် မီးရှို့ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မေ ၂၈ ရက်မှ ၂၉ ရက်အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ် ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင်ရုံ တစ်ရုံ၊ ဂိုဒေါင် လေးလုံး၊ ဆိုင်ခန်း ၃၁ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြစ်မှုကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခအသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု သိရသည်။
larshioserious5-may30
တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုနှင့် ဖျက်ဆီးခံထားရသော မော်တော်ယာဉ် တစ်စီးအား မေ ၂၉ ရက် ညနေပိုင်းတွင် တွေ့ရစဉ်

မေ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မန်ဆူရှမ်းကျောင်း ဆရာတော်တို့ ဦးဆောင်သော အဖွဲ့က ပဋိပက္ခများ ဖြစ်ပွားနေသည့် လားရှိုးမြို့ အမှတ်(၇) ရပ်ကွက်အတွင်း လှည့်လည်၍ အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန် တားမြစ်ခဲ့ပြီး ယင်းဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက "အခုလက်ရှိ လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အများစုကို ထိန်းချုပ်နိုင်ပါပြီ။ ဒါပေမဲ့ လားရှိုးမြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူတစ်စုက အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေကို လာရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိနေသေးတဲ့အတွက် ဒါတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးအင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်" ဟု မေ ၂၉ ရက် ညနေပိုင်းတွင် ပြောကြားထားသည်။
မေ ၂၉ ညပိုင်းတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး တားမြစ်နေရာများသို့ မည်သူ့ကိုမှ သွားလာခွင့် မပြုကြောင်း သိရသည်။
larshioserious6-may30
တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူများကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ဖျောင်းဖျနေစဉ်

ထို့ပြင် မေ ၂၉ ရက် ညပိုင်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆရာတော် သံဃာတော်ကြီးများ ပါဝင်သော အဖွဲ့ငါးဖွဲ့က မြို့တွင်းလှည့်လည်၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေ ၂၈ ရက်နေ့က ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရသော မအေးအေးဝင်းသည် လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း သိရသည်။  

EMG