တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဒုတိယပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ကိုဒီမိုနဲ့ နှစ်ဦးက ရွှေထီးဆောင်းခဲ့တဲ့ မြန်မာကို ထပ်ရေးပေးပါဦး တောင်းဆိုလာလို့ ဆက်လက် ရေးသားလိုက်ပါတယ်။ တကယ်တော့ ရွှေထီးဆောင်းခဲ့ရတဲ့ခေတ်က ကျနော်တို့က တော်တော်လေးကို ငယ်ပါသေးတယ်။ ကျနော်ထက် ၅-နှစ်ကနေ ၂၀-လောက်ကြိးသူတွေ ရေးရင် ပိုလက်တွေ့ ကျပါမယ်။ အခု အသက်- ၇၀-ကျော် စာရေးဆရာကြီးတွေရေးရင် စာရေးဆရာအမြင်နဲ့ ပိုပြိးကွက်ကွက်ကွင်းကွင်း ပေါ်အောင်ရေးနိုင်ပါမယ်။ သူတို့မှတ်ထားတဲ့ အချက်အလက်တွေကလည်း ပိုမိုတိတိကျကျ ခိုင်မာမှုပိုရှိပါမယ်။ ကျနော်အထူး ပန်ကြားလိုတာကတော့ လူချင်းမသိလို့ပါ။ ဆရာကြိးမောင်သာရနဲ့ ရင်နှီးကြသူများ ဆရာကြီးကို ပန်ကြားပေးကြပါအုံး။ ဆရာကြီးက ဦးနေ၀င်းကို အစကတည်းက မျက်စောင်းတထိုးထိုး နဲ့ ရသမျှ ဂွင်ထဲက လူကိုရိုက်မရတော့ အရိပ်ကို ဘယ်ပြန်ညာပြန် လိမ္မာပါးနပ်စွာ ပါးတီးနေခဲ့သူပါ။ ယုန်နှင့်အတူပြေး ခွေးနှင့် အတူလိုက် ( RUN WITH THE HARE , CHASE WITH THE HOUND) က အလွန်ပါးနှပ်စွာ မ.ဆ.လ စီးပွားရေးလုပ်ပုံကို ရသမျှ ဂွင်ထဲကနေ လှလှပပ ဆော်ထားတာပါ။
အားလုံးဗျာ နိုင်ငံတော် တာဝန် သဘောမျိုး စိတ်ပိုက်ထားကြပြီး ရေးကြပါဦး ပန်ကြားပါတယ်ဗျာ။ ကျနော်က ကောင်းကောင်း မမှီလိုက်ပါဘူး။ အာဏာသိမ်းတဲ့ အချိန်ကဆို အာဏာသိမ်းတာကိုတောင် နားမလည်သေးပါဘူး။ ကဲကျနော်လည်း သိသလောက်လေး ရေးပါမယ်။ ဒါပေမယ့် ကျနော်သိတာက တကယ့် နည်းနည်းလေးပါ။ နေတာက နယ်မှာဆိုတော့ တကယ့်နည်းနည်းလေးဘဲ သိနိုင်တာပါ။
ပထမဆုံး လူငယ်လေးတွေက အခုရေးပြတဲ့ ကိန်းဂဏန်းတွေများ လွှဲနေတာလား ထင်ယူနိုင်စရာရှိပါတယ်။ ၁၉၅၉- ခုနှစ်က ဦးနေ၀င်း ယာယီ အာဏာသိမ်းထားချိန် တိုင်းပြည်ပြိုကွဲမယ် ခြောက်ထားချိန်မှာ မြန်မာပြည်မှာ လူဦးရေ - ၂၂-သန်းလောက်ရှိချိန်က အဓိကနွားကိုသာ အားထားထွန်ယက်ရတာနဲ့တင် ကမ္ဘာကို ဆန်တန်ချိန် ( ၂.၉၇- သန်း) တင်ပိုနိုင်ခဲ့ပါတယ်။ မင်္ဂလာဒုံ-လေယာဉ်ကွင်းကြီးဖွင့်တဲ့ နှစ်ပေါ့နော် အဲဒီနှစ်က ကနေ့ကမ္ဘာမှာ ဆန်တန်ချိန် အများဆုံးပို့နေတဲ့ထိုင်းက တန်ချိန် (၈.၀-သိန်း) ဘဲတင်ပို့ နိုင်ပါတယ်။ ကျနော်တို့ သန်းနော် သူတို့က သိန်းဂဏန်း ဘယ်လောက် ပြောင်းပြန်ဖြစ် သွားပါသလည်း။ အခုသူတို့ က တန်ချိန် (၈-သန်း ကနေ - ၁၀-သန်းအထိပို့ နေပြီ န.အ.ဖ က အများဆုံး ပို့နိုင်လှ နှစ်သိန်း) ပြီးပါးစပ်က အရှက်မရှိ လယ်ယာစိုက်ပျိုးကို အခြေခံပြီး စက်မှုဖွံ့ဖြိုးရေး ဆီသို့တဲ့။
နောက်တချက်က မ.ဆ.ဖ ခေတ်မှာ သတင်းစာ ခေါင်းကြီးပိုင်းကနေ သတင်းစာဆရာကြီးတွေကို ဖိအားပေး ရေးခိုင်းတာနေမှာပေါ့။ ဦးနေ၀င်းက တော်ရုံတန်ရုံလူ မလုပ်ရဲတဲ့ကိစ္စ ဖ.ဆ.ပ.လ မလုပ်ရဲတဲ့ အလုပ်ကို ရဲဝံ့ပြတ်သားစွာ လုပ်ဝံ့ခဲ့တယ်တဲ့။ မြန်မာငွေကို အင်္ဂလန်ပေါင်စလာလင်နဲ့  ချီတုတ်ထားရာကနေ ရဲဝံ့စွာ နုတ်ထွက် လိုက်တယ်တဲ့။ ဒါကတော့ ဆွစ်ဇာလန်ကဘဏ်ကြီးတွေမှာ မြန်မာကျပ်ငွေ ခိုင်မာအောင် ငွေကို အာမခံထားတဲ့ ရွှေချောင်းတွေကို ဘဏ်ကနေပြန်ထုတ်ယူလိုက်တာပါ။ အာမခံထားတဲ့ရွှေတန်ဖိုးက ကျပ်ငွေတန်ဖိုးနဲ့ ကုဍေ- ၂၃၀-ကျော်ပါတယ်။ ရွှေပမာဏ တန်ချိန်အားဖြင့်-အားဖြင့် တန် (၁၅၀) ကျော်တယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းတွေကို စီးပွားရေးပညာရှင်ကြိးတွေ ပိုသိပါမယ်။
တကယ်က သုံးစရာငွေခက်ခဲလာလို့ ရွှေတွေပြန်ထုတ်ပြီး သုံးပစ်တာကိုများ သူမို့ သတ္တိရှိလို့ လုပ်ရဲတာ ဆိုပြီး ဖါးကြ ရရှာပါတယ်။ နိုင်ငံတကာမှာ မြန်မာကျပ်တန်ဖိုးကို အာမခံလုပ်ထားရင် ငွေစက္ကူကို စိတ်ထင်တိုင်း စည်းမဲ့ကမ်းမဲ့ ရိုက်နှိပ်ခွင့်မရှိပါဘူး။ ဘဏ်ကြိးတွေ လက်ခံသလောက် ခွင့်ပြုသလောက်ဘဲ ရိုက်ရတာပါ။ မြန်မာပြည်မှာ လည်ပတ်သုံးစွဲနေတဲ့ ငွေပမာဏကို သူတို့က အမြဲစစ်ဆေးနေပါတယ်။ အာမခံရှိလို့ မြန်မာကျပ်ငွေကို ဂျပန်မှာ တင်မဟုတ်ဘူး ကြိုက်တဲ့နိုင်ငံမှာ မဆိုလဲလှယ်လို့ ရပါတယ်။ အာမခံရှိတာကိုး။ အာမခံရှိထားရင် အတုဖြစ်ရင်တောင် ဟိုဘဏ်ကြီးတွေက လျှော်ပေးရတာပါ။
ခေတ် ၃ခေတ် ငွေကြေးတွေပါ..
တကျပ်တန်က အစ တန်ဘိုးရှိပြီး လဲလှယ်ခွင့်ရှိကြောင်း အာမခံခဲ့တဲ့ နိုင်ငံတကာသုံး ငွေကြေးခေတ်က ငွေဒဂါင်္းတစ်ကျပ်တန်...
မဆလခေတ် တန်ဘိုးမရှိတော့တဲ့ ငွေတရာတန်ငွေစက္ကူ တန်ဘိုးမရှိရတဲ့ အထဲ ပြည်သူတွေထံက မတရားသိမ်းယူပြီး မဆလခေတ်မှာ သုံးစွဲခွင့် မရှိကြောင်း ကြေငြာခဲ့ပါတယ်...
(အာဏာရှင် ဦးနေဝင်းမှ ပြည်သူတွေကို အေးဓမြတိုက်ခဲ့တာပါ)
ဒီငွေကတော့ လက်ရှိ ပြည်တွင်းမှာ သုံးစွဲနေတဲ့ လက်ရှိ ပြည်သူတွေရဲ့ ဘဝကို ထင်ဟပ်ပေါ်လွင်စေတဲ့ နအဖခေတ် ငွေစက္ကူတွေပါ... စဉ်းစားသာကြည့်ကြပါတော့..
ကနေ့ မြန်မာတွေ နိုင်ငံတကာကို အကြောင်းအမျိုးစုံနဲ့ ပြည်ပကို ရောက်နေကြပါတယ်။ နိုင်ငံတိုင်းမှာ နိုင်ငံတကာငွေတွေကို ရောင်းလို့ဝယ်လို့ရတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။ နိုင်ငံအတော်များများက ငွေတွေကို ရောင်းချင်လည်း ၀ယ်ပါတယ်။ ရုရှားက စစ်ဗိုလ်ငတုံးလေးတွေ မင်းတို့ ကိုယ်တိုင် မြန်မာကျပ်ငွေကို ရောင်းကြည့်ပါဦး။ မင်းတို့ကိုလက်ခံထားတဲ့ ရုရှားနဲ့ န.အ.ဖ က ဘော်ဘော်ကြီးတွေမှ အရင်းကြီးတွေပါ။ မျက်နှာအပျက်ခံပြီး ဗွီတိုအာဏာနဲ့  အကာအကွယ်ပေးနေတဲ့ ဘော်ဒါကြီးတွေပါ။
ဦးနေ၀င်းက အာမခံကနေ ထုတ်လိုက်တော့ ရွှေတွေလဲ ဝိုက်လိုက်ရတယ်။ အဲဒီနောက် ဗိုလ်ချုပ်ပုံကို မူလတကယ့် ဓါတ်ပုံကို မယူတော့ဘဲ ညှင်းသိုးသိုး လူတွေ မကြည်ညိုအောင် ပန်းချီပုံနဲ့ ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို မသိမသာ ဖျက်လိုက်ကတည်းက သူ့စီးပွားရေးလည်း ထိုးကျတော့တာပါဘဲ။ သူစိတ်ထင်တိုင်း ငွေစက္ကူတွေ ရိုက်ထုတ်တော့ သူအာဏာသိမ်းစက ရွှေတကျပ်သား ၂၂၀-ကျပ်ရှိနေရာကနေ ၁၉၆၄- မှာ (မြန်မာ့ငွေကို အာမခံကနေထုတ်တဲ့နှစ်)မှာ ၄၀၀ - ၄၅၀ိ/- ထိ ခုန်တက်သွားပါတယ်။ အဲဒီကနေ ၁၉၆၇-လောက်မှာ ၇၅၀ိ/- ခုန်တက်ပြန်ပါတယ် ။
ဒီလိုခုန်တက်ရတာက ရန်ကုန်က ရွှေကုန်သည်ကြီးတွေက မြန်မာပြည်ကို ငွေစက္ကူရိုက်တဲ့ စက္ကူကုန်ကြမ်း ရာတန်ရိုက်ဖို့က တစ်စား/ငါးဆယ်တန် အရွက်က တစ်စား စသည်..စသည် ဘယ်လောက် ရောက်လာတယ်ကို အမြဲ လူထည့်ထားပြီး စုံစမ်းနေတော့ ဘယ်နှစ်တန် ရောက်ရင် ငွေပမာဏ ဘယ်လောက် ထွက်မှာ ကိုတွက်ပြိး ရွှေဈေးကို တင်လိုက်တာပါဘဲ။ အဲဒီတုံးက ငွေစက္ကူလုပ်တဲ့ စက်က မြန်မာပြည်မှာ မရှိသေးဘူး စက္ကူကိုဂျာမဏီကနေ မှာရတာပါ။ ၁၉၉၆- မှာ ၀န်ထမ်းတွေကို ဆယ်လစာ ချေးငွေ ထုတ်ပေးလိုက်တာ ရွှေဈေးဟာ ၂၀၅၀၀-ကျပ်ကနေ ထုတ်ချေးလိုက်တဲ့ ငွေပမာဏ အလိုက် တက်သွားတာပါဘဲ..၂၃၀၀၀- အထိခုန်တက်ပြိး ၂၂၅၀၀ိ/- မှာတန့် သွားပါတယ်။
အဲဒီတော့ ဦးနေ၀င်းအာဏာသိမ်းစက ရွှေဈေးက ၂၀၀-၀န်းကျင်ကနေ မ.ဆ.လ. ပြုတ်ချိန်မှာ ၆၀၀၀- ကျပ်ပါ။ အဆပေါင်း ၃၀၀-တက်သွားတာပါ။ ဒါက ကမ္ဘာ့ရွှေဈေး တက်တာလဲ ပါပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဦးနေ၀င်း အာဏာသိမ်းဆုံးက မြန်မာပြည်ထဲမှာ လည်ပတ်နေတဲ့ငွေပမာဏက ကုဋေ ၈၀၀လောက်ထင်ပါတယ်။ ၈၈၈၈-ဖြစ်တော့ ကုဍေ- ၁၂၀၀၀-လောက်ဖြစ်နေပါပြီ။ အခုဆို ကုဋေ ဘယ်လောက်ရှိတယ် ကျနော်မသိတော့ပါဘူး။ ပညာရှင်ကြီးတွေ သိကြပါတယ်။ (ဒီငွေပမာဏ ကိုတော့ကျနော် မသေချာပါ)
..
အဲဒီလို ငွေကိုတန်ဖိုးအပေါ် အာမ မခံတဲ့အတွက် ကျနော်ပြောသလိုပါဘဲ ဖဲဝိုင်း.. ဆိုပါစို့။ ဖဲဝိုင်းအစမှာ ဒိုင်ကို တိုကင်ပြားလေးတွေ ကို ငွေ ၁၀၀ိ/-ကို တိုကင်တပြားနဲ့ အပ်ထားပါတယ်။ တိုကင်ပြား-၁၀၀၀ လုပ်ထားတယ်ပေါ့။ သူလက်ထဲမှာ ငွေ-တစ်သိန်း (၁၀၀၀၀၀/) ရှိနေပါတယ်။ ဒိုင်က သူကချည်း လျှော်နေရတော့ အမ်းစရာ တိုကင်နည်းလာတော့ တိုကင်တွေကို ထိုးသားတွေ မသိအောင် ခိုးပွားပြီး တိုးထုတ်ထားပါတယ်။ ဖဲဝိုင်းက ၂၃- ရက်ကြာတယ်ထားပါ။ န.အ.ဖ တသက်ပေါ့။ ဖဲဝိုင်းပြိးတော့ တိုကင်နဲ့ ငွေထုတ်တော့ တိုကင်ပြားက မူလဈေး ဖြစ်တဲ့ (၁၀၀/-) မရတော့ဘူး။ ဒိုင်လက်ထဲမှာက ရှိတာက တစ်သိန်း တိုကင်ပြားကလည်း တစ်သိန်း နီးနီးလောက်ဆိုတော့ တိုကင်တပြားကို ငွေတစ်ကျပ်ဘဲ ပြန်အမ်း နိုင်ပါတော့တယ်။ ငွေ- ၉၉ိ/- ကျပ်အခိုးခံ လိုက်ရတာပါ။
အဲဒီတော့ ဘုန်းကြီးကျောင်းအတွက် ဘဏ်မှာ ငွေပဒေသပင် စိုက်ထားရင် ဥပမာ ၁၉၈၈-မှာ ငွေခြောက်သိန်း ကိုငွေပဒေသာပင် အာမခံထားတယ်ပေါ့။ ရွှေနဲ့ဆို ရွှေတစ်ပိသာနဲ့ ညီမျှတဲ့ငွေပမာဏ။ အိမ်ဝယ်မယ်ဆိုရင် မြေနီကုန်းဘက်မှာ စမ်းချောင်းဘက်မှာ တိုက်တလုံး (သီးသန့်တိုက်နော် တိုက်ခန်းမဟုတ်ဘူး) ၀ယ်နိုင်ပါတယ်။ အဲဒီငွေပဒေသာပင်က တနှစ်အတွက် ဘဏ်အတိုး (၁၂ိ/) တိုးနှုန်းနဲ့ ၇၀၀၀၀ိ/ -လောက်ရပါမယ်။ အနှစ်နှစ်ဆယ်အကြာ အတိုးက ၈-သိန်းလောက်တော့ရပါရဲ့။ မူလငွေက ရွှေ တန်ဖိုးနဲ့ တွက်တော့ တစ်ကျပ်သားဘဲ ရတော့တယ်။ ရွှေအားဖြင့် (၉၉-ကျပ်သား) အခိုးခံလိုက်ရပြီ ။ အိမ်ဝယ်မယ်ဆိုရင် အခုန ၀ယ်နိုင်တဲ့အိမ်ရဲ့ လှေကားထစ်တောင် မရနိုင်တော့ဘူး။ အိမ်ကိုငှားရင် နှစ်လစာလောက်ဘဲ ငှားနိုင်တဲ့ငွေဖြစ်နေပြီ ။
နောက် အခုအပိုဒ်ကတော့ စစ်ဗိုလ်ငတုံးလေးတွေကို အဓိက ထားပြောပြတာပါ။ ကျနော်ညီ အငယ်ဆုံးက ဆယ်တန်းအောင်တော့ သူလည်း ဆေးကျောင်းကိုမှီပါတယ်။ သူက ၁၉၇၇-မှာအောင်ပါတယ်။ စစ်ဗိုလ်သိပ်လုပ်ချင်တာ။ အဖေကလည်း စစ်ဗိုလ်ဘ၀ကလာတာလေ။ တားတယ်မရဘူး။ စစ်တက္ကသိုလ်ဘဲ တက်ချင်တယ် လုပ်နေပါလေရော။ ဖေဖေလည်း စစ်ဗိုလ်လုပ်ခဲ့တာဘဲ လုပ်နေတယ်။ တရက် ဖေဖေက မြို့ထဲကအပြန် အိမ်ရောက်တာနဲ့ ဟေ့ စိုးစိုး လာလာ စက်ဘီးစီး လာလိုက်ခဲ့ပေါ့ သူလိုက်သွားတယ် ။ လမ်းထိပ်ကို ထွက်သွားကြတာ။ လမ်းထိပ်မှာ ဗိုလ်ကြီးတယောက် အပါအ၀င် စစ်ဗိုလ် ငါးယောက် စစ်တပ်ဘက်ကိုခြေလျှင် လမ်းလျှောက်နေကြတယ်။ မြို့ထဲကနေပြန်ကြတာ။ မြို့ထဲကနေ စစ်တပ်ကိုဆိုတာ နှစ်မိုင်မက ဝေးတာပါ။
အိမ်ရောက်တော့ မင်းတွေ့ပြီလား။ ငါစစ်ဗိုလ် (ဗိုလ်ကြီး)ခေတ်က အိမ်မှာ အိမ်သုံးဖို့နစ်ဆန်း (ဟိုင်းလတ်ဆိုဒ်) ကတစ်စီး ဖေဖေသုံးဖို့က ၀ီလီဂျစ်ကတစ်စီး အိမ်မှာ ထမင်းချက်စစ်သားက တရားဝင်တယောက်။ ငါ့ရာရှင် ( ရိက္ခာ ခွဲတမ်းက) ပိုလို့ရောင်းရသေးတယ်။ အခုမင်းကောင်တွေ တွေ့ လား နေပူကြီးထဲ လမ်းလျှောက်နေရတာ။ (အဲဒီချိန်က ဗိုလ်ကြိးလောက်ကကို အပြင် ကို ရုံးကိစ္စမဟုတ်ဘဲ သွားချင်ရင် တပ်ရင်းမှုးဆီက ခွင့်ပြုချက် လျှလျှလေးပြတောင်းရင် ကားပေးနိုင်ပါသေးတယ်။ အိမ်မှာထားစိတ်ကြိုက် သုံးဖို့က စိတ်ကူးတောင် မယဉ်ရဲတဲ့ အရာပါ။ ကျနော်ညီ တခါထဲ ပါးစပ်ပိတ်သွားပြိး စက်မှုတက္ကသိုလ်ကို တက်ခဲ့ပါတယ်။
ရုရှားစစ်ဗိုလ်လေးတွေ ကျနော်ပြောတာကို ဟုတ်ပါတယ်လို့ အမှန်အတိုင်းဖြေရဲပါသလား။ မဟုတ်ဘူး ငြင်းရဲပါသလား။ ဒါအရင်ဖြေပါ။ အာပလာတွေ လာမအာခင် ဒါကိုအရင်ဖြေပါ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ တပ်မတော်ကြီးမှာ မင်းတို့ကို စစ်တပ်ပိုင်ကား သုံးဖို့ပေးထားပါသလား။ ဒရိုင်ဘာ နှစ်ယောက် ပေးထားပါသလား။ အိမ်ဖေါ်စစ်သား ပေးထားပါသလား။
အဲဒီတုံးက စစ်သားလစာက (၈၂-ကျပ်)ပါ။ ရွှေဈေးက (၂၂၀ -ကျပ်) ဆိုတော့ လူပျိုစစ်သား တယောက်ဟာ လစာကိုချွေတာမယ်။ ပေးတဲ့ရိက္ခာနဲ့ ချိုးချိုးခြံခြံ ငွေစုမယ်ဆိုရင် တလတလကို (ငွေ ၆၀-ထက်) မက စုနိုင်ကြပါတယ်။ လေးလ ဆိုရင် ရွှေတစ်ကျပ်သား ၀ယ်စုနိုင်သူတွေ အများကြီးရှိခဲ့ပါတယ်။ စစ်သားတွေ အိမ်မှာ ငွေလာအပ်ထားပြိး အမေက ရွှေဝယ်ပေးခဲ့ရသူတွေ ရှိပါတယ်။ နောက်အဲဒီတုန်းက ကျနော် မှတ်မိတာလေးလည်းရှိပါတယ်။ ဖေဖေက စစ်သားတချို့ကို ခေါ်ခေါ်ပြီး ဆော်ပလော်တီးခဲ့ရသူတွေ။ အပြင်ထွက် မိန်းမလိုက်စားကြသူတွေ။ သိရသလောက် အဲဒီတုန်းက ပြည့်တန်ဆာက ရှားရှားပါ။ တနည်း ဈေးမပေါပါဘူး။ အဲဒါကိုမှ (၅-ကျပ်) ဆိုလားသိရတာပါ။ အဲဒီတုန်က ဆန်ဈေးနှုန်းတွေက စားဆီက- ၂.၅ိ/ ဆန်အကြမ်းက - ပြားသုံးဆယ် (၀.၃၀-ကျပ်) ပြည်ပပိုတဲ့ ပေါ်ဆန်းမွှေးက- ပြားခြောက်ဆယ် (၀.၆၀ကျပ်)။ ကုလားမခြင်းဆွဲ နို့ဆီ (ဟော်လန်အစစ်)က တဘူး-( ၁.၁၀ - ကျပ်)။ အမဲသားက-၂.၀-ကျပ်။ ကြက်သားက ၂.၅၀-ကျပ်။ ကြက်ဥတလုံး (ဆယ်ပြား)။ အင်းစိန်ကနေ လင်းစဒေါင်းကို အသွား ဘတ်စကားခက- ၁၅-ပြား။ ကားက အသစ်စက်စက် ထိုင်ခုံက ကူရှင်တွေ အိနေတာ။ ကျနော်တို့ ရန်ကုန်ကို အလည်သွားရင် ဖေဖေက စစ်သားတဦးနဲ့ ဘတ်စ်ကားကို အသွားအပြန် စီးခိုင်းတာ။ ကျနော်တို့က ခုံဘေးမှာ ကားနည်းနည်းဆောင့်ရင် ခုန်နေကြတာ။ ပျော်လို့။ ဟိုဘက်မှာ ဘုရားဆို ဟိုဘက်ခုံကူး ကြည့်ကြပေါ့။ ကားတွေ ဘယ်လောက် ချောင်တယ် ဆိုတာ....
အခုခေတ် သားသမိးကို ဘတ်စကားကို အပျော်စီးဖို့ တင်ပေးလိုက်လို့ဆိုရင် ရူးနေပြီ အပြောခံရပြီ။ ကလေးလဲ လမ်းတ၀က် မရောက်ခင် ပြားသွားပါမယ်။ မိန်းခလေးဆိုလည်း စဉ်းစားသာ ကြည့်ပါတော့။ ကားတွေကလည်း နိုင်ငံတကာက အကျတွေ အဟောင်းတွေ။ သဘာဝဓါတ်ငွေ့တွေ အလျှံပယ် တွေ့ရှိတော့မှ ကျောက်စိမ်းတွေဘီလျှံနဲ့ ချီပြီးရောင်းနေရတဲ့ ခေတ်ရောက်မှ ခေတ်မှီဖွံ့ဖြိုးသော တပ်မတော်ကြီး ပေးလာ တပ်မတော်ကြီး အင်အားကြီးလာလေ တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးကို ပိုပို နှစ်သွားလေပါ။
အဲဒီတုန်းက ဖေဖေက (ဗိုလ်ကြီး) လစာ ၇၅၀-လောက်ရတာပါ။ ဗိုလ်မှုးက ၁၀၀၀-လောက်ရတာပါ။ ဆရာဝန်တွေလဲ ၇၅၀- ကနေ - ၁၂၀၀ လောက်ရကြတာပါ။ ဖေဖေ ပင်စင်ယူတော့ကို ပင်စင်လစာ - ရွှေဈေး - ၄၅၀-ခေတ်မှာ ၄၉၂- ကျပ်ရတာပါ။ ပြီးဂရန်းဂျူတီ ဆိုလား မသိပါဘူး အဲဒါက တလုံးတခဲတည်းပေးတာကို ၁၂၀၀၀-လောက် ရတယ်ထင်ပါတယ်။ အဲဒီငွေနဲ့ဖေဖေ အိမ်ဝယ်ဝယ်ပါတယ်။ အခုအဲဒီမြေကကို သိန်းနဲ့ဆို ထောင်ချီတန်နေပါတယ်။
အခုစစ်ဗိုလ်တွေဟာ သိပ်ကို ကျေးဇူးကန်း တတ်ကြပါတယ်။ သူတို့ စစ်ဗိုလ်ချုပ်တွေ ပင်စင်ယူလို့ ငတ်တဲ့သူမရှိပါဘူး။ ဟော်တယ်တွေတောင် တက်နေကြတာပါ။ မြေးတွေကို နိုင်ငံခြားကို ပိတ်ပင်ထားတဲ့ ကြားကနေရအောင် ပညာသင်ပို့နေကြတာပါ။ သူတို့ကို ပညာသင်ပေးလိုက်တဲ့ ဆရာ အရင်းခေါက်ခေါက်တွေကို ခွက်မဆွဲတဲ့ ခွက်ပျောက် သူတောင်းစားဘဝကို တမင် မရောက်ရောက်အောင် တွန်းပို့ခဲ့ပါတယ်။
ဒိလိုကျေးဇူးရှင်ကို ပညာသင်ပေးတဲ့ ဆရာကိုတောင် ငတ်အောင် လုပ်ရက်သူတွေ အုပ်ချုပ်လို့ နိုင်ငံကြီးပွားမယ် ပြောသူတွေ မျှော်နေသူတွေကို အပြတ်ပြောပါမယ်။ အဲဒီလို မျှော်လင့်ကြရင် ဗုဒ္ဓတရားတော်တွေကို မီးအရင်ရှို့လိုက်ပါဦးလို့။ ကိုယ်ကိုယ်ကိုယ် ဗုဒ္ဓဘာသာလို မပြောကြပါနဲ့တော့။ လုံးဝဖီလာ ဆန့်ကျင်သွားပါပြီ။
တခါ ကျနော်ဟာ ဆရာဝန်အလုပ်အတွက် ရေးဖြေ ဖြေရပါတယ်။ ၁၉၈၂ -ခုနှစ်မှာ မေးတဲ့မေးခွန်းက လာလာ ခြေသေးတယ် ။ ဖ.ဆ.ပ.လ ခေတ် နှင့် မ.ဆ.လ ခေတ် လူမှုရေး / နေရေးထိုင်ရေးတွေ ဘယ်လို ကွာခြားပြောင်းလဲခဲ့ပါသလဲပေါ့။ တကယ်က ဆရာဝန်တွေကို မင်းတို့ ဘယ်လောက် မျက်နှာပြောင်တိုက်ပြိး ငါတို့ အတွက် လိမ်ပြောရဲသလည်းဆိုတာကို စမ်းသပ်တာပါ။ အဲဒီတော့ ကျနော်ကလည်း ဒါဗြောင်လိမ်ရဲလားစမ်းတာ ငါ့ဒီလိုလာစမ်းတာ ဘယ်ရမလည်း။ ချပြီပေါ့။ အထက်က ကားစီးခဲ့ရတာတွေ။ စစ်သားလစာတွေ နဲ့ကုန်ဈေးနှုံးတွေ ထဲ့ရေးတော့တာပေါ့။ နောက် ၁၉၇၀- ခုနှစ်ရန်ကုန်ရောက်တော့ ဘတ်စ်ကားစီးရင် သူငယ်ချင်းတွေက ဆရာလေ။ ကားမချောင်ရင် မစီးကြသေးဘူး။ ၁၉၇၂ -နှစ် တခေါက်ထပ်ရောက်တော့ ဘတ်စ်ကားပေါ်မှာ ရပ်ဖို့နေရာလေးရှိရင် တက်ပေါ့။ ၁၉၇၄-နှစ်ကျတော့ တွယ်ဖို့နေရာရှိရင် တွယ်စီးပေါ့။ ၁၉၈၀-လောက်ကျတော့ နှစ်စီးတွဲ(နောက်တွဲ)ဘတ်တွေ စထွင်ပြီ။ ၁၉၈၆-လောက်ကျတော့ ကားဘန်ပါအပေါ်ပါ တွယ်စီးလာကြရပြီ။
သက္ကရာဇ် ၂၀၀၀ကျော်မှာတော့ ???? အပေါ်မှာထိုင်နေရတာ ကျောင်းသား ကလေးငယ်လေးတွေပါ...
ဖြေထည့်လိုက်တာပေါ့။ နောက် နှစ်ရက်နေ လူတွေ့ ဖြေရတော့ အဲဒိမှာ အခြေအတင် ပြောရတယ်။ မင်းက မကောင်းတဲ့ ဘက်ကိုပဲ ဇောင်းပေးထားတယ်။ ငါတို့လက်ထက်မှာ စက်ရုံတွေ ဘယ်လိုများလာတယ် တိုးတက်လာတယ် တစက်မှရေးမထားဘူးပေါ့။ ရန်ရှာတယ်။ မင်းဘာဖြစ်သွားနိုင်သလဲ သိလားပါ ခြိမ်းခြောက်တယ်။ ကျနော်ကလည်းလမလျှော့ဘူး စက်ရုံတွေက ကျနော်တို့ ပိုင်တာမဟုတ်ဘူး။ ပေးတဲ့ လစာနဲ့ ကုန်ဈေးနုံးက ကျနော်တို့ရဲ့ ဘ၀အမှန်တွေပါပေါ့။ ဆရာကြီးတို့ မယုံရင် တခါတလေ ဘတ်စ်ကားကို စီးဘူးတယ်ရှိအောင် စီးကြည့်ကြပါဦး ပြောထဲတာပေါ့။ နောက် နှစ်ရက်နေတော့ ဆရာကြီး ဦးမောင်မောင်တိတ်က အိမ်နဲ့ခင်တော့ သတင်းကြားပြီး မင်းနောင် စာမေးပွဲမဖြေနဲ့တော့။ အခုတခေါက်ကို ငါဝင်တောင်းပန်ထားရလို့ မင်းသက်သာသွားတာ ပြောပါတယ်။ ဆရာကြီးက အင်တာဗျူးမှာ ဟိုဆရာကြီးတွေကို သူ့တူပါ ပြောထားလို့။ မဟုတ်ရင် ဘယ်လို စခန်းရောက်မယ်မသိဘူး။
နောက်တခုက ၁၉၅၅-လောက်ကအစပြုပြီး မြန်မာ့အာကစားဟာ အရှေ့ တောင်အာရှကို ဗိုလ်စွဲလာပါတယ်။ အားကစားမှာဘက်စုံ လွှမ်းမိုးလာပါတယ်။ ၁၉၆၁ နောက်ပိုင်းမှာ အာရှမှာပါဗိုလ်စွဲလာပါတယ်။ အစပိုင်းတုံးက ကျနော်တို့ ငယ်သေးပေမဲ့ မာဒေးကားဖလား (၁၉၆၅- မလေးရှား လွတ်လပ်ရေးဖလား) ပြိုင်ပွဲတွေနိုင်ရင် တအားကိုပျော်ကြရတာပါ။ နိုင်ဖန်များလာတော့ သိပ်ဖီလ်း မပြင်းထန်တော့ဘူး။ မာဒေးကားလောက်ဆိုရင် အပိုင်တွက်ထားပြီ။ အာရှချန်ပီယံ (အာရှအာကစားပြိုင်ပွဲပေါ့)နဲ့ အာရှဖလား ဘောလုံး သက်သက်ပြိုင်ပွဲ)မှာ ချန်ပီယံရရင် အသေကကြခုန်ကြပေါ။ ကျနော်တို့မြန်မာက လွတ်လွတ်ကျွတ် နှစ်ကြိမ်ရဖူးတယ်။ ပူးတွဲချန်ပီယံ တကြိမ်ရဖူးတယ်။ ၁၉၇၄- မှာ အီရန်မှာ (အီရန်က အိမ်ရှင်) အုပ်ချုပ်သူက ညံ့လို့ ဖိုင်နယ်နေ့ကို တောင်ပေါ်ဘုရား တက်ဖူးရတယ်လို့ဗျာ။ အီရန်ကလဲ ချောချောလှလှ ဆော်ကလေးတွေနဲ့ မြူလိုက်တာလေ။ ပြီးဆော်ကလေးတွေက အစားကောင်းတွေ နင်းကန် ကျွေးထည့် လိုက်တယ်လေ။
အဲဒီလိုဖိုင်နယ်တွေမှာဆိုရင် ကျနော်တို့ နားမလည်တဲ့ စကားတွေနဲ့ နိုင်ငံခြား ရေဒီယိုကိုဖွင့် ဘောလုံးအသံဆိုရင် ဖမ်းနားထောင် ဗဟာဒူး လှဌေး မောင်မောင်တင် အေးမောင် စတာတွေကြားရရင် ဆက်နားထောင်ပေါ့။ နားမလည်ပါဘူး။ မှန်းနားထောင်နေရတာ။ အဲဒီမှာ ဗဟာဒူး ဗဟာဒူး လှဌေး စတာတွေကြားပြိး ( ဂိုလ်းးးးး) လို့ဆွဲဆွဲငင်ငင် ကြားလိုက်ရရင်ဟာ ဘာပြောကောင်းမလဲ အဲဒီလို ကြက်သီးမွှေးညှင်းမျိုး တခါမှ မထဘူးပါဘူးဗျာ။ ကျနော်ဓါးနဲ့ လိုက်ခဲ့တဲ့ ညီဝမ်းကွဲနဲ့တောင် ဖက်ပြိး ပျော်လွန်းလို့ မျက်ရည်တွေ ကျခဲ့ရပါတယ်ဗျာ။ ရန်ဘက်နှစ်ဥိး တဦးကိုတဦး နမ်းမိတဲ့အထိ ပျော်သွားတာပါ။ ဘ၀မှာအပျော်ဆုံး ရှိလားဆိုရင် အာရှမှာ မြန်မာကွလို့ မော်ကြွားနိုင်ခဲ့တဲ့ အရသာကို ဘယ်လိုမှ အစားထိုးမရဘူးပါဘူးဗျာ။ ညီအကိုချင်းလဲ အဲဒီမှာ ပြန်ပြိးတအားကို ပြန်ခင်သွားကြပါတယ်။ ဒီကောင်ကတော့ စက်ဘီးစီးပြီး တမြို့လုံး ပတ်ပျော်နေတော့တာ။ အော်နေတော့တာ။ လမ်းမပေါ်မှာ လူတွေု ကကြခုန်ကြပေါ့ဗျာ။ ဒိုးပတ်သမားတွေက ဘာပြောကောင်းမလဲ။ အကသမားတွေကလဲ ဘယ်ချိန်က ၀တ်စားထားတယ်မသိဘူး ။
ကနေ့ လူငယ်လေးတွေကို ပြောပြရင် နားလည်ဖို့ ခံစားတတ်ဖို့ အတော်ခက်ပါမယ်။ ယောက်ျားတယောက်ကို မီးဖွားရတုံး ဗိုက်နာရတာ ကို နားမလည်နိုင် မခံစားနိုင်သလိုပေါ့ဗျာ။ အဲင်္ဒီအပျော် ကတော့ သူများတော့မသိဘူးဗျာ ကျနော့်ဘ၀အတွက်တော့ အပျော်ဆုံး အခိုက်အတံ့ပါ။ အမှန်အတိုင်း ၀န်ခံရတာပါ။ အခုကျကြည့် န.၀.တ တက်ခါစက မြန်မာ့အာကစား ကမ္ဘာကိုလွှမ်းရမည် ဆိုတဲ့ဆောင်ပုဒ်ကြိး အင်မတန် တာဝန်ကြီးတဲ့ ဆောင်ပုဒ်ကြီးကို တင်လာတယ်။ ခင်ညွှန့်စကားဘဲနော် ကိုယ်တကယ် မလုပ်နိုင်တာကို ပြောဆိုနေတာဟာ လိမ်ညာမှုပါဘဲတဲ့။ သန်းရွှေ -၂၃ -နှစ်အုပ်ချုပ်လိုက်တာ ရံဖန်ရံခါ နိုင်ပွဲလေးရှိခဲ့တဲ့ ဗမာဘောလုံးအသင်းက အညံ့ဆုံး အသင်းတွေအောက် ရောက်သွားရပါပြီ။ ကမ္ဘာကျော် ယူနိုက်တက် ကလပ်ကြီးကိုတော့ ၀ယ်ဖို့စဉ်းစားတယ်။ ကိုယ့်တိုင်းပြည် အားကစား တိုးတက်လာဖို့  အဲဒီငွေ နည်းနည်း သုံးလိုက်ပါလား ။
နောက် သူငယ်ချင်းတဦးက အဲဒီတုန်းက ဘန်ကောက်တို့ကို မကြာခဏ ရောက်တတ်ပါတယ်။ သူပြောပြတာပါ။ ထိုင်းမှာ ထိုင်းမတွေက ဗမာဆိုအတော်လေးကို ကြိုက်ကြတာတဲ့။ ငါ့လူတခြားမဟုတ်ဘူးကွ ဗမာဆိုရင် ဘောလုံးတော်တယ်ဆိုပြိး အသလွတ်ကို ညွှတ်ချင်နေကြတာတဲ့။ အခုနေများ (ဗါ့မ) လားမေးမှာ ပူပန်နေရတယ်။ ပြောပြပါဦးမယ်။ ၁၉၉၄ မှာ ဗိုလ်ချုပ်ထွန်းကြည် လက်မှတ်နဲ့ပတ်စပို့ တပတ်အတွင်းရတော့ ဘန်ကောက်သွားတယ်။ အလုပ်ကိစ္စနဲ့ပေါ့ ဘန်ကောက်မှာ ငယ်သူငယ်ချင်းက အင်ဂျင်နီယာ။ လူကလူရိုး ရည်စားစကားတောင် တခါမှမပြောဘူးတဲ့သူ။ သူကဆူခွန်ဗစ် ဆွိုင်-(၃၀- လောက်မှာ) မှာနေတယ်။ CRDB -ဦးတင်မောင်ဝင်းက လာခေါ်ရင် သူ့ လမ်းထိပ်က နိုက်ကလပ်မှာ စားသောက် နိုင်ငံရေးဆွေးနွေးကြပေါ့။ ဒီလူက အဲဒီကလပ်တွေလည်းမ သိဘူး။ ရေခဲချောင်းကောင်းကောင်းတောင် ကျနော်က သူ့ကိုပြရတယ်။ ဘာမှသိပ် မသိဘူး။ တည သူ့ ခေါ်သွားပြိး ထိုင်စားသောက်တော့ ထိုင်းမလေးတွေ လာစကားပြောတယ်။ ဒါသူတို့အလုပ်လေ။ သူငယ်ချင်းက ဗမာလို့ပြောရင် အထင်သေးတတ်လို့ အင်ဒိုနီးရှားလို့ လိမ်ထားပါလေရော။ ကိုယ်ချင်းက ဗိုလ်လိုပြောနေတာ.. ကောင်မလေးတွေက သူတို့ကိုခေါ်ဖို့ မြူနေတာ။ ခနနေတော့ တကယ့် အင်ဒိုမ ရောက်လာပြိး အင်ဒိုလို မှုတ်တော့ ကျနော်တို့ ကျွတ်တော့တာပေါ့။ ဒါနဲ့ ဗမာလို့ ၀န်ခံရတော့တာပေါ့။ ထိုင်းမတွေက ဟားကြတယ်။
အဲငွေရှင်းချိန်ကျတော့ သူတို့က ငွေရှင်းထားနှင့်နေပြီ။ ဘယ်လောက်ကျမှန်း မသိပါဘူး။ ကျနော်တို့ ရှင်းမယ်ဆိုတာ မရဘူး။ ကျနော်လေ တော်တော်လေးကို မျက်နှာ အိုမဲသွားတယ်။ ရှင်တို့က ဗမာတွေဆိုတော့ ကျမတို့ဘဲ ဧည့်ခံလိုက်ပါတယ်တဲ့။ ကျမတို့ကအိမ်ရှင်ပါတဲ့။ ဘန်ကောက်ရောက်တုံး ချွေချွေတာတာသုံးပေါ့။ နောက်တခေါက်ကျမှ ရှင်တို့ရှင်းပါ။ အားမနာပါနဲ့ လာခဲ့ပါဦးတဲ့။ အော်ငါတို့ ဘ၀က ခန္ဒာကိုယ်ရင်းရသူထက် နှိမ့်နေတယ်လို့ အပြောခံလိုက်ရတာပါလားလို့။ ဒါ ကျနော်တို့ ဗမာတွေ အခုလို တရားမ၀င် ကျွန်ထွက်ခံနေတဲ့ လူတွေ ရှိစပြုပေမဲ့ သောင်းဂဏန်း (အသေလေးလောက်ဘဲ ရှိသေးတဲ့ အခြေအနေနော်)။ ကျနော် လဲနောက် အဲဒီကို မသွားဝံ့တော့ဘူး။ တမျိုးကြိးဘဲ ခံစားရတယ်။ အော် တချိန် ကငါ့တို့ကို မော်ကြည့်ခဲ့ရတဲ့ ထိုင်း ခန္ဒာကိုယ်ရင်းစား နေရတဲ့ သူတွေကိုတောင် ငါတို့ကျုပ်ဗမာလို့ လက်မထောင်ပြဖို့ နေနေသာသာ ဟုတ်ပါတယ်...။ ကျနော်ဗမာပါကို ၀န်မခံရဲလို့ လိမ်ပြောခဲ့ရတဲ့ အဖြစ်ပါ လားလို့။ ရင်နာရုံမကဘူး ကျောပါနာတယ်။ အဲဒါ-၁၉၉၄ ကနော်။ အခုရုရှားပြန်လေးတွေကို သွားမယ်ဆိုရင် လေယာဉ်လက်မှတ် ၀ယ်ပေးချင်ပါတယ်ဗျာ။ ငါဗမာကွလို့ လက်မထောင်ကြည့်ပေါ့။ လေယာဉ်လက်မှတ် တကယ်ပေးပါမယ် ။
ရုရှားစစ်ဗိုလ်လေးတွေ ရုရှားမတွေက ဟိုဟာလုပ်စားတာ နံမည်ကြီးပါ။ အာရှမှာ ထိုင်း အခု ဒို့ မြန်မာ။ ဥရောပမှာ သူတို့ က နံမည်ကြီး။ အဲဒီဟာမ တကောင်လောက်ဘဲ ကြည်နိုင်အောင် ကြိုးစားကြည့်ပါဦးလို့။ ခန္ဓာကိုယ် ရင်းရတဲ့သူတွေကိုဘဲ ကြည်ကြည့်ပါဦး။ လက်မထောင်မပြချင်ပါနဲ့။ မင်းတို့ ပြန်တမ်းဝင် အရာရှိလုပ်ပြီး ရုရှားမတကောင်လောက် ချိတ်ကြည့်ပါဦး။
နောက်အခု အာဆီယံပေါ့။ အာဆီယံကိုဖွဲ့တာ တရားဝင်ဖွဲ့ ဖြစ်တာ ၁၉၆၇ -ခုနှစ်မှာ။ အဲဒီ့တုန်းက အာဆီယံက မြန်မာကို သူတို့အထဲဝင်ဖို့ သူတို့က ပန်ကြားရတာနော်။ ဦးနေ၀င်းပါလာအောင် ပြည်တွင်းရေးကိစ္စ မဝေဖန်ရလို့ လုပ်ပေးထားတာ။ ဦးနေ၀င်းကလဲ အာဆီယံကို အမေရိကန်ရဲ့ ခါးပိုက်ဆောင်အဖွဲ့လို ရှုမြင်ထားပြီး အကြိမ်ကြိမ်ခေါ်နေတာကို မ၀င်ခဲ့တာ။ အခုသန်းရွှေတို့က အာဆီယံ ၀င်ခွင့်ရအောင် ထိုင်းဝန်ကြီးချုပ် မလေးရှား မဟာသီယာတို့ကို ကပ်ခဲ့လို့ ဟိုလူတွေ ခေါင်းခံ သွင်းပေးခဲ့တာပါ။ ဟိုတုံးက ၀င်ပါ ၀င်ပါ ခေါ်နေခဲ့တာပါ။ အခုက ၀င်ပါရစေ ၀င်ပါရစေပါ။ မတူပါဘူး။
နောက်အာရှမှာ ဟိုတုံးက ရထားက ကျောက်မီိးသွေးခေါင်းတွေနဲ့ မောင်းကြရတာပါ။ မြန်မာက ၁၉၅၉-လောက်မှာ ဒီဇယ်ခေါင်းတွဲတွေ စသုံးတာ အရှေ့ တောင်အာရှမှာ ဦးဆုံးလို့ ပြောသံကြားဖူးပါတယ်။ အသေအချာတော့မသိပါ။ အဲဒီတုံးက ရန်ကုန်စာပို့ကို (DAGON MAIL) မန္တလေးစာပို့ကို (SHWEMANN MAIL) အဲဒီလိုခေါ်ပြိး ရွှေမန်းမေ..ဒီဒီဒီး ဒဲဒဲ ဆိုပြိး သီချင်းလေးတောင် ခေတ်စားခဲ့ပါသေးတယ်။ ကိုယ်ပိုင်သံစဉ်ပါနော်။ အခုကမ္ဘာမှာ အထူးအမြန်ရထားတွေ (တနာရီကို... ကီလို ၂၀၀-အထက်တွေ) လုပ်နေချိန် န.အ.ဖ က (၃-ပေ -အကျယ်) ရထားလမ်းကနေ နကျော်နိုင်သေးပါဘူး ။ အခုတရုတ် အကူအညီနဲ့ လုပ်ပါတော့မယ် ။ စစ်ဗိုလ်တွေသာ အာဏာလု တိုင်းပြည်ကို မခိုးဝှက် မခိုးခဲ့ကြဘူးဆိုရင် ဒီအမြန်ရထားတွေ ကို ကျနော်တို့က ထုတ်လုပ်ပြိး တခြားနိုင်ငံတွေကို နည်းပညာရောင်းစားနေတဲ့ နိုင်ငံဖြစ်နေပြီနော် ။ အခုက တရုတ်ကူလို့ ဘဲလုပ်နိုင်တော့မှာတဲ့ ။ ရှက်တတ်ရင်ပြောပါတယ် ။
နောက် လူတွေကြားဖူးကြပါတယ်။ လူတိုင်းပြောနေကြပါတယ်။ ရန်ကုန်မန္တလေး အမြန်လမ်းဆိုတာလေ။ ၁၉၅၉-၆၀-ခုနှစ်က တိုင်းတာခဲ့တာပါ။ အင်္ဂလိပ်လိုဘယ်လိုပေါင်းလဲတော့မသိဘူး။ လူဝီဘာဂျာ စီမံကိန်းခေါ်တယ်။ လူဝီဘာဂျာကုမ္မဏီက တိုင်းတာရေးတွေ လုပ်ခဲ့တာပါ။ အဲဒီတုန်းက -ဒေါ်လာ -၁၂-သန်း /၂၀-လားမသိကုန်ပါတယ်။ တိုင်းတာထားတာတွေ ရန်ကုန်ဆောက်လုပ်ရေးရုံးကြီးမှာ ရှိပါတယ်။ ဘယ်တောင်ကိုဖြိုမယ်။ နိမ့်နေတဲ့နေရာကို ဘယ်တောင်ကမြေ ဘယ်တောင်ကကျောက်သယ်ဖို့မယ်။ အတိအကျ တိုင်းထားပြီးသားပါ။ ဦးနေ၀င်းတက်လာပြီး ဘတ်ဂျက် မတတ်နိုင်တော့ အမေရိကန်က စစ်လေယာဉ်ဆင်းနိုင်တာမို့  တရုတ်ကြီးကကန့်ကွက်လို့တို့ ဘာတို့ လှိမ့်လုံးတွေထုတ် ဦးနုစီမံကိန်းကဘဲ ဒီအန္တရာယ်တောင် မမြင်ဘူး။ သူမို့မြင်တာလိုလို လိမ်တော့တာပါ။ ဒီမိုကရေစီ အစိုးရသာရှိနေရင် အဲဒီလမ်းကြီး နှစ်ပြန်လောက် ပြင်ဆင်ပြီ ရပြီးပြီ။ မယုံရင် ဆောက်လုပ်ရေးက ၀န်ထမ်းတွေကို မေးကြည့်ကြပါ ။
နောက် အခုသန်းရွှေလက်ထက် တည်ဆောက်ခဲ့တဲ့ ရွှေဘိုအထက် (ကန့်ဘလူမြို့နယ်/ကျွန်းလှ) သဖန်းဆိပ်ရေကာတာကြီးဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးရေကာတာ စီမံကိန်းကြီးပါ။ ကျွန်းလှမြို့ကလေး မြေပုံပေါ်က ပျောက်သွားရပါတယ်။ ၁၉၆၀-ခုနှစ်က စတင်တည်ဆောက်ဖို့ ပါ။ ၅၈- အိမ်စောင့်အစိုးရဆိုပြီး ၀င်ရှုပ်တော့ ရပ်ထားရပါတယ်။ တခါ ၁၉၆၂-နှစ်မှာစဖို့နဲ့ ၁၉၆၉-မှာ ပြီးမှာပါ။ အာဏာသိမ်းလိုက်တော့ ပလုံသွားပါတယ်။ အခုန.အ.ဖ ဆောက်တာဟာ မူလ ပုံစံဆွဲထားတာထက် ပေ-၃၅-ပေ နိမ့်နေပါတယ်။ ပြောရပါအုံးမယ်။ ကျနော့်ကိုဖမ်းတော့ နိုင်ငံတော်စိမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့က အခြေခံ မရှိမဖြစ်က လျှပ်စစ် / စွမ်းအင် လို့ရေးထားတာ မိသွားတယ်။ အဖွဲ့ချုပ်ဦးကြည်မောင် အတွက်ရေးနေတာပါ။ အဲဒီမှာ အလွယ်ဆုံးနဲ့အမြန်ဆုံး ငွေအနည်းဆုံးက အခုရန်ကုန်ကိုလျှပ်ပေးနေတဲ့ ပေါင်းလောင်းစီမံကိန်းက ဘယ်လို လွယ်တာပါရေးထားတာပါ။ ပေါင်းလောင်းကို ဂျပန်က လက်နက်ကိုင်အဖွဲ့တခု အကူအညီနဲ့ ခိုးတိုင်းတာထားပါတယ်။ ကျနော်ဆီမှာတော့ အဲဒီတိုင်းထားတာ မရှိပါဘူး။ သိနေရတာပါ။ အဲဒီအချိန်က သန်းရွှေက အထက်က ပြောဘူးတဲ့ ကဘော်ဂျိုမ့်ဝှမ်း လူသတ် ရဲဘက်စခန်းတွေကနေ မြိုးမြိုးမျက်မျက် လေးရပြီအထင်နဲ့ အင်မတန်ဝေးလှတဲ့ အဲဒီဒေသကို ဆက်သွယ်ဖို့ ပုံတောင် ပုံညှာတောင်တန်းကြီကို လွန်တူးတဲ့ တောင်ဖေါက် စက်ကြီးတွေနဲ့ ခြောက်မိုင်နီးပါးရှည်မဲ့ ဥမင်လှိုဏ်ခေါင်း တူးနေပါတယ်။ သဖန်းဆိပ်ဆည်ကြီးလည်း လယ်ယာ စိုက်ပျိုရေးအတွက် ဆောက်နေပါတယ်။
ကျနော်ဆီက ပရောဂျက်လည်းရကော စွမ်းအင်ကို လွယ်လွယ်လေးနဲ့ရမယ့် ပေါင်းလောင်းစီမံကိန်းကို ဦးစားပေးရမယ် သိသွားပြီး သဖန်းဆိပ်ကိုလဲ မူလအမြင့်အထိ ဆောက်မနေတော့ဘဲ မြေသယ်စက်ကြိးတွေ မြေတူးစက်ကြီးတွေ ပေါင်းလောင်းကို ရွှေ့ပါတော့တယ်။ အဲဒီမှာ အလုပ်လုပ်နေသူတွေကလည်း အံ့အားသင့်ကုန်ကြတယ်။ ဒီလိုဘဲ ပေါင်းလောင်းစီမံကိန်းက တောင်ကို ဖေါက်ရတာလိုတော့ အခုန ပုံတောင်ပုံညာက စက်ကြီးတွေကို ပြန်ရွှေ့ လိုက်တော့ ပုံတောင် ပုံညှာ လှိုဏ်ခေါင်းကို လူအားနဲ့  ဒိုင်းနမိုင်းနဲ့ ဆက်ဖေါက်ပါတယ်။ တောင်တခုကို ဒိုင်းနမိုင်းနဲ့ ဖြိုတာလုပ်ကြပေမယ့် လှိုဏ်ခေါင်းကို ဒိုင်းနမိုင်းနဲ့ ဖေါက်တူးတာ အင်မတန် မလုပ်သင့်တဲ့ကိစ္စပါ။ တချိန် ငလျှင်လှုပ်ရင် တောင်ပြိုနိုင်တဲ့ အန္တရာယ် အင်မတန်များပါတယ်။ စက်တွေအားလုံး ပေါင်းလောင်းကို ရေးကြီးသုတ်ပြာရွှေ့ခဲ့ပါတယ်။ အဲဒီ့လှိုဏ်ခေါင်းတူးစက်ကြီးတွေက တနာရီကို နှစ်ပေလောက်တူးပြီး အင်္ဂတေပါ လောင်းပြီးသား ဖြစ်တဲ့စက်တွေပါ။ တနေ့ကို ပေငါးဆယ်လောက် အင်္ဂတေပါလောင်း အပြီးအစီးပါ။ အခုတော့လူနဲ့ အင်္ဂတေလောင်းရတော့ အမိုးပိုင်းကျတော့ ခက်ကုန်တယ်။ မခိုင်မာတော့ဘူး ။
ပေါင်းလောင်းစီမံကိန်းအပြီး ရဲရွာစီမံကိန်းကို ဆက်အားထုတ်တော့တာပါ။ တိုင်းနိုင်ငံတခုတိုးတက်ဖို့ စွမ်းအင်ကို ပထမဦးဆုံး ဦးစားပေးရမယ်ဆိုတဲ့ အသိလေးလောက်တော့ သိသင့်ပါတယ်။ အခု သမ္မတကြီးအကြံပေး ဆရာဦးမြင့်တို့ ထိပ်ဆုံးက ဦးစားပေး စဉ်းစားရမှာက စွမ်းအင်ပါ။ ပထမဆုံး စွမ်းအင်တွေ ထုတ်ရောင်းနေတာကို ရပ်ပေးဖို့ ရဲရဲဝံ့ဝံ့ မတင်ပြဘဲ စီမံကိန်းတွေ လျှောက်ဆွဲနေရင် ကားအကောင်းစားကြီး စီးနေပြိး ဓါတ်ဆီမရှိတဲ့ ကိန်းဖြစ်နေပါမယ်။ ဧရာဝတီတိုင်း ဒီရေကနေ လျှပ်စစ်တွေ အများကြီး တတိုင်းတပြည်လုံး ကျေးရွားအားလုံး မီးသွယ်ပေးပြီး အိမ်တိုင်းအိမ်တိုင်း ယူနစ် အတိုင်းအတာတခုအထိ ဖရီးပေးနိုင်ပါတယ်။ ဧရာဝတီက ထွက်နိုင်တဲ့ပမာဏက အခု တပြည်လုံး ရေကာတာတွေ အားလုံးဆောက်လုပ်ပြီးသွားရင် ထွက်ရှိမဲ့ စုစုပေါင်းပမာဏ မီဂါဝပ် (၄၅၀၀၀-) ထက်ကို ပိုများပါတယ် ။
ဒီရေ ကနေ လျှပ်စစ်ဘယ်လို ထုတ်နိုင်တယ်ဆိုတာ ဆရာကြီးဦးမြင့် စမ်းသပ် ကြည့်စေချင်ပါတယ်။ လွယ်လွယ်လေးပါ။ အခုပြောလိုက်ရင် ဟာဟုတ်သားဘဲ ပြောပါမယ်။ နောက်မြစ်ရေတင် စီမံကိန်းတွေမှာလည်း လျှပ်စစ် သို့မဟုတ် လောင်စာသုံးနေရပါတယ်။ ခိုးနေကြတာများပါတယ်။ မြစ်ရေတင် စီမံကိန်းတွေမှာလည်း နေရာအတော်များများမှာ လျှပ်စစ်မသုံးဘဲ ရေတင်လို့ ရတာတွေရှိနေပါတယ်။ ဒီမိုဝေယံ စီဘောက်မှာ တစ်ဦးက ဘာညာတွေ ပြောမနေဘဲ တိုင်းပြည်တိုးတက်အောင် ဘာလုပ်သင့်တယ် ရေးပါတဲ့။ ဟုတ်ကဲ့ပါ တိုင်းပြည်တကယ် တိုးတက်အောင် အစိုးရကိုယ်တိုင်က ခိုးနေတာ ကိုမထိန်းနိုင်သေးရင် ရှင်းပါတယ်နော်။ နတ်ပြည်ကကျလာတဲ့ ပရောဂျက်တောင် ဖင်ပြောင်သွားပါမယ်။
အဲဒီမှာ ပေါင်းလောင်းစီမံကိန်းကြီး နှစ်နှစ်အတွင်း ပြီစီးသွားပါတယ်။ စစ်ကြောရေးအပြီးမှာ ဗိုလ်မှုးဇော်လင်းနဲ့ အရာရှိကြိးတဦး လာညှိနိုင်းတုန်းက သူတို့က ပေါင်းလောင်း စီမံကိန်းအကြောင်းမေးပါတယ်။ ဆည်လုပ်ပြီးရင် ရေအားလျှပ်စစ်ထုတ်ဖို့ အနောက်နိုင်ငံက စက်တွေ (အဓိက-က ဂျာမဏီကစက်ကို ဆိုလိုတာပါ) ဘယ်လိုလုပ် ရနိုင်မလည်းမေးပါတယ်။ ကျနော်လွတ်လာတဲ့အခါ ပြောပြပါမယ်ဘဲ ပြောလိုက်ပါတယ်။ အခုတရုတ်စက်နဲ့ လည်နေရတာပါ။ အဲဒါကြောင့် ခနခန ပျက်နေတာပါ ။ လူကိုတော့ လွှတ်မပေးချင်ဘဲနဲ့  သူတို့ မို့ အားမနာ မေးရက်တယ်ဗျာ။
တချိန်က ဦးနေ၀င်းသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ကျနော်တို့ဟာ အခုဆို စင်ကာပူထက် ပိုချမ်းသာနေပါဦးမယ်။ အဲဒီတုန်းက ဆေးတက္ကသိုလ် စီးပွားရေးတက္ကသိုလ်တွေဟာ ကမ္ဘာ့အဆင့်မှာရှိနေခဲ့လို့ ၁၉၇၆-ခုနှစ်အထိ ဆေးတက္ကသိုလ်က အောင်ထားသူတွေဆိုရင် အင်္ဂလန်ဆေးကောင်စီကို လှမ်းပြီး မှတ်ပုံတင်ကြေး ပေါင်စတာလင်- ၃၅၀- သွင်းလိုက်ရင် ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ အသိအမှတ်ပြု ဆရာဝန်ဖြစ်ပါတယ်။ ၁၉၇၆-မှာ အရပ်ခံလိုက်ရတာကလည်း ဦးနေ၀င်းကြောင့်ပါဘဲ။ ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တော့ ဟိုက လေ့လာနေတယ်။ အင်္ဂလိပ်စာအဆင့်က ကျသွားပြီ။ တခါ စန္ဒာဝင်း ဆေးတက္ကသိုလ်လည်း တက်လာကော သူ့အထက်မှာ စီနီယာ အင်္ဂလန်ပြန်အထူးကု (MRCP / FRCS / FRCOG) တွေ သူ့အထက်မှာ စီနီယာတွေ ရှိနေတာ မလိုလားဘူး။ အဲဒီတော့ WHO / UNICEF / COLUMBO / ADB စတဲ့ စိမံကိန်းတွေကနေ ထောက်ပံ့နေတဲ့ တနှစ်ကို ဥပမာ WHO ကနေ အထူးကု ငါးဦး စကောလားရှစ်ပေးပါတယ်။ အဲဒါတွေကို မလွှတ်ဘူး မယူတော့ဘူး ဆိုပြိး ၁၉၇၀ -ခုနှစ်ကနေစတင်ပြီး လုပ်လိုက်ပါတယ်။ တနှစ်ကို ဆရာဝန် -၁၄- ဦးသွားနေရတာ ရပ်လိုက်ပါတယ်။ မြန်မာပြည်မှာတင် MSc, ဆိုပြီး စတင်ပါတော့တယ်။
စန္ဒာဝင်း ဆရာဝန်ဖြစ်တော့ သူကဆေးတပ် စစ်ဆေးရုံက ဆရာဝန်နော်။ အဲဒါ ဘန်ကောက်မှာ နှစ်ကြိမ် စင်ကာပူမှာ တကြိမ် အဲဒီ့ MRCP အကြိုစာမေးပွဲတွေ သွားခိုးဖြေပါတယ်။ သူက စာကျက်ဖို့ စာတော်တဲ့ အဖေါ်တွေ ခေါ်သွားပါတယ်။ အဖေါ်တွေက တယောက်ကလွှဲလို့ အားလုံးအောင်ပြီး သူတစ်ယောက်တည်း သုံးကြိမ်စလုံးကျလို့ နောင်ဖြေခွင့်တောင် မရတော့ပါဘူး။ သူ့သမီးကျတော့ စစ်တပ်ဆရာဝန်နော် ဖြေခွင့်မရှိဘူး။ စစ်စည်းကမ်းအရ ဖြေခွင့်မရှိဘူး။ ခိုးဖြေတယ်။ ကျနော်တို့ပြည်နာတာ အဲဒီလို တလွှဲမာနတွေ တိုင်းသူပြည်သားတွေအပေါ် ထားတာလည်းပါပါတယ်။ အဲဒီမှာ ၁၉၈၂- မှာ အဲဒီစာမေးပွဲတွေ ပြန်ဖြေခွင့်ပေးပြန်ပါတယ်။ ဒါပေမယ့် အထက်ကပြောတဲ့ WHOတို့က စကောလားရှစ်တွေ မရတော့ပါဘူး။ ကိုယ့်စားရိတ်နဲကိုယ် သွားကြရတော့တာပါ။ ၁၂-နှစ်တိတိ တိုင်းပြည်နာခဲ့ရပါတယ်။
အဓိက ပြောလိုတာကတော့ အဲဒီ့ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်တွေကို ကျနော်ကောင်းကောင်းမမှီိခဲ့ပါဘူး။ အဲဒီတော့ အာကစားနဲ့ ပတ်သက်လာရင် ပြောလာစရာလေးပေါ့ ။ အာရှချန်ပီယံဖြစ်တာ ဦးနေ၀င်းလက်ထက်ကပေါ့ ။ ဟုတ်ပါတယ်။ အဲဒီချန်ပီယံဆု ယူပေးခဲ့တဲ့လူတွေက ဦးနုလက်ထက်က မွေးလာခဲ့တဲ့ လူတွေပါ ။ နတ်ရေကန်ထဲ ထည့်လို့ တော်လာတာမဟုတ်ပါဘူး ။ အခုတဖြေးဖြေးကျလာတာ ဦးနေ၀င်းလက်ထက်က လူအပုလေးတွေ အညှပ်လေးတွေ မွေးထုတ်ထားလို့  အခု အဖြေထုတ်ချိန်မှာ အဖြေပေါ်တာပါ ။
၁၉၇၅- ၇၆ မှာ ကျနော့်ဆရာ သားဖွားမီးယပ်ပါမောက္ခ ဆရာကြိးဦးစိုးမြင့် ဟာ သားဖွားမီးယပ်ပညာမှာ တီထွင်စမ်းသပ်ကုသမှုတွေ အောင်မြင်လို့ နိုင်ငံပေါင်း ၁၄- ခုကနေ လက်ချာလာပေးဖို့ အဖိတ်ခေါ်ခံရပါတယ်။ တချို့လက်ချာတွေဆို တနာရီကို ဒေါ်လာ ထောင်ချီပြီး ပေးထားတာပါ။ ဒေါ်လာ ၅-သောင်းခန့်ရဖို့ ရှိတာပါ။ ၆-လကြာမယ့် ခရီးစဉ်ပါ။ ကျနော်ဖတ်ရပါတယ်။ ဆရာကြီးကလည်း အဲဒီခရီးစဉ်တွေက ပြန်လာမှ အစိုးရဆီ သူတင်ပြချင်တဲ့ သုသေသနစာတမ်းကို တင်သင့်ပါတယ်။ သူက မြန်မာမိသားစုတွေ ထဲက ကိုယ်ဝန်ပျက်ကျ / ဖျက်ချ တွေကိုမေးခွန်း ၂၅-ကျော်မေးပြီး သုသေသန စာတမ်းလုပ်ထားတာပါ။ အဲဒီကနေ သူက စာတမ်းထုတ်ထားတာပါ။
စာတမ်း အနှစ်ချုပ်ကောက်ချက်က မိသားစုတွေ စီးပွားရေးကြပ်တည်းတော့ ကလေးယူတာ ထိန်းချုပ်ပေးပြီး မွေးလာတဲ့ကလေး နည်းနည်းကို အဆင့်မှီမှီ ကျွေးမွေးပြုစုဖို့ အကြံပြုလွှာပါ။ ဆရာကြီးက နောက်ဆုံးကောက်ချက်မှာ အဲဒီလိုမလုပ်ရင် ပညာလည်း ကောင်းကောင်းမသင်နိုင် စစ်တပ်ထဲ ၀င်ရင်တောင် လူက ဂျီသရီးကို ဘက်နက်တပ်ထားရင် ဘက်နက်က လူထက်ပိုမြင့်နေပါမယ်။ ခလေးတွေဟာ တိုင်းပြည်အတွက် အပေါင်းဖြစ်မှာထက် ခိုးဆိုး အရပ်ကိုဒုက္ခပေးမဲ့ ခိုးဆိုးလေးတွေသာ ရပါမယ်လို့ ရေးထားတဲ့ စာတမ်းဖြစ်နေတော့ သူ့ခရီးစဉ်တွေ ဖျက်မရတာကလွဲလို့ အကုန်အပိတ်ခံရပါတယ်။ ဆရာကြီး အကိုအရင်းကလည်း ဗ.က.ပ. သခင်ဗသိန်းတင်လေ။ ဆရာကလဲ ကျနော်ကို အဲဒီသုသေသနမှာ ပင်တိုင် သုံးခဲ့ပါတယ်။ သူပုန်ဆရာတပည့်နှစ်ယောက် အတွဲညီခဲ့ကြတာလေ။
တခါ ၁၉၇၅-လောက်မှာ ဆရာကြီးရဲ့ အကိုအရင်းတယောက်က ဗိုလ်မှုးကြီးမျိုးအောင်။ သူ့နာရေးမှာ သခင်ဗသိန်းတင် ဆိုတဲ့ နာမည်ကို ထည့်ခွင့်မပြုတော့ ငါ့အကိုအကြီးဆုံး နာမည်မပါရရင် ငါ့နံမည်မထည့်နဲ့ လုပ်ထားသူဆိုတော့ သူ့ခရီးစဉ်တွေ အဖျက်ခံလိုက်ရပါတယ်။ ဆိုလိုတာကတော့ ဦးနုလက်ထက်က မွေးထားပေးတဲ့ ယောကျာင်္း အားကောင်း မောင်းသန်တွေက ဦးနေ၀င်းလက်ထက်မှာ သီးပွင့်ချိန်မို့ သီးပွင့်ပေးတာပါ။ ရွှေထီးဆောင်းခေတ်ရဲ့ သီးချိန်ကို ဦးနေ၀င်းက နံမည်ရတာပါ။ သူလက်ထက်ကမွေးတာတွေက ဆရာကြီးဦးစိုးမြင့် သုသေသန စာတမ်းနဲ့  ကွက်တိပါ။ ဘက်နက်ထက်ပုတဲ့ လူလေးတွေက ဘောလုံးတောင် ဝေးဝေးကန်ဖို့ လူတကိုယ်လုံး အားထုတ်သုံးနေရတာပါ။ ဦးဏှောက် သုံးတတ်ရင် မြင်ပါတယ် ။
အားလုံးကို အကူအညီတောင်းပါတယ်။ ဆရာကြီးများရေးကြပါလို့။ ကျနော်က ရွှေထီးဆောင်းရတဲ့ခေတ်ကို လူမှန်းသိတော့ ဦးနုတောင် ပြန်လွတ်နေပါပြီ။ ဆရာကြီးမောင်သာရ ကိုလည်း ပန်ကြားပေးကြပါဦး။ ဆရာကြီးရဲ့ လက်သီးပုန်းတောင် ထိမိလှတာ ဗြောင်ထိုးရရင် ပြောရင်းတောင် နားထောင်ချင်လှပါပြီ။ သိတယ်မဟုတ်လား ဆိုတာလေး။
ဆက်လက်ဆွေးနွေးပြီး ဦးနှောက်ကထုတ်နိုင်သမျှ ညှစ်ထုတ်ပေးပါဦးမယ်။ အခုတော့ ခေါင်းပူနေပြီ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ပထမပိုင်း ပြန်ဖတ်ချင်ရင်
http://www.demowaiyan.org/2011/05/blog-post_8499.html
တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ပထမပိုင်း ပြန်ဖတ်ချင်ရင်
http://www.demowaiyan.org/2011/05/blog-post_8499.html