ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကချင်ပြည်နယ်သို့ ဒုတိယနေ့ခြေလှမ်း..

ကချင်ပြည်နယ်သို့ ဒုတိယနေ့ခြေလှမ်း

၅.၁၂.၂၀၁၁ ရက်နေ့တွင် နံနက် (၉း၀၀)နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၊ အမရပူရမြို့ “ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ဒေသခံ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အစည်းအဝေး ပြုလုပ်ကြပြီး (၁၁း၄၅) နာရီ အချိန်တွင် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ဒုက္ခသည်စခန်းများသို့ စတင် ထွက်ခွာခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ၀န်းသို ဘုန်းတော်ကြီးကျောင်းသို့ ထွက်ခွာခဲ့ ရာ အဆိုပါကျောင်းတွင် ရောက်ရှိနေသော ကျောင်းသား/သူများသည် ၁.၁၂.၂၀၁၁ ရက်နေ့တွင် စတင် ရောက်ရှိလာခဲ့ပြီး တာလောကြီး ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေကြသော ကျောင်းသား/သူ (၁၉၉) ဦး တို့ဖြစ်ကြသည်။
၎င်းကလေးငယ်များမှာ တာလောကြီး ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေမှုကြောင့် စာသင်ကြားရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘေး ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထပ်မံ၍ စီတာပူ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းရှိ (၄၅၆) ဦး၊ မန်ခိန်ဘုရားရှိခိုးကျောင်းရှိ (၃၀၃) ဦး၊ ရွှေစက်နှစ်ခြင်းအသင်းတော်ရှိ (၂၁၇) ဦး၊ အင်ဂျန်ခုံ ဘုရားကျောင်းရှိ (၁၇၀) ဦးတို့အား တစ်ဦးလျှင် အလှူငွေ (၃၅၀၀) ကျပ်နှုန်းဖြင့် ကူညီလှူဒါန်း ထောက်ပံ့ခဲ့သည်။ ညနေ (၄း၀၀) နာရီ အချိန်မှ စ၍ နယ်မြေလုံခြုံရေးအရ မိမိတို့ တည်းခိုရာနေရာဖြစ်သော ဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်၍ ရောက်ရှိကြကာ ညပိုင်းတွင် ၆.၁၂.၂၀၁၁ ရက်နေ့ လှူဒါန်းမှုအစီအစဉ်အား ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုကို ပြုလုပ်ခဲ့ကြသည်။
“လူမှုရေးသမားများ၏ ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်။”
ကျော်သူ

အမေ့အိမ် တက္ကသိုလ်ဝင်တန်း အထူးစာသင်ဝိုင်း..

အမေ့အိမ် တက္ကသိုလ်ဝင်တန်း အထူးစာသင်ဝိုင်း

အမေ့အိမ် တက္ကသိုလ်ဝင်တန်း အထူးစာသင်ဝိုင်းကို ( ၅.၁၂.၂၀၁၁) မှာ စတင်ဖွင့်လှစ်သင်ကြား ပေးနေပါပြီ။ တနလာင်္မှ တနင်္ဂနွေ ထိ တပတ်လုံး မွန်းလွဲ(၁း၀၀) နာရီမှ (၂း၃၀)နာရီ ထိ တစ်ချိန် (၂း၃၀) နာရီ မှ (၄း၀၀) နာရီ ထိ နှစ်ချိန်ခွဲ ပြီး ဘာသာစုံ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ မနေ့ကကျောင်း ဖွင့်ဖွင့်ချင်း ကျောင်းသား(၄၁)ယောက် စတင်တက်ရောက် ပညာသင်ယူနေကြပါပြီ။

လေးစားစွာဖြင့်
ကိုငယ်(၀၉၅၁၆၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

မတရားဖမ်းဆီး ထောင်ချခံတော့မည့် လယ်သမားတဦးအား အချိန်မှီ ကယ်တင်ပေးကြပါရန် (တိုင်ကြားစာ).

ပန်းတနော်မြို့နယ်တွင်းရှိ မိရိုးဖလာ လယ်လုပ်ငန်းဖြင့် အသက်မွေးနေသူ ဦးသန်းထွန်းအား လွန်ခဲ့သည့်(၁၃.၇.၂၀၁၁)နေ့တွင် ပန်းတနော်မြို့နယ် ရဲဝန်ထမ်းများမှ မတရားအမှုဆင် ဖမ်းဆီးခဲ့ပြီး မနက်ဖြန်တွင် ပန်းတနော်မြို့နယ် တရားရုံးတွင်  မြို့နယ် တရားသူကြီး ဦးစိန်ကြည်မှ မိန့်ချမှတ်မည်ဖြစ်သည်။ သို့သော် ယခုညနေပိုင်းတွင် စွပ်စွဲခံရသူ ဦးသန်းထွန်း၏ ရှေ့နေ ဖြစ်သူအား မြို့နယ်တရားသူကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် ၂၅သိန်း ပေးမည်ဆိုပါက ထောင်ဒါဏ် တနှစ်ခွဲသာ ချမှတ်မည်ဖြစ်ကြောင်း အကယ်၍ မပေးနိုင်ပါက ၂ နှစ်မှ ၃နှစ်အထိ ချမည် ပြောဆိုခဲ့သည်ဟုသိရပါသည်။ 

ထို့သို့ရှေ့နေမှတဆင့် အကြောင်းကြားလာသည့်အတွက် ဦးသန်းထွန်း၏ အကိုဖြစ်သူ ဦးကျော်ဆန်းနှင့် ဦးသန်းထွန်းဇနီး ဒေါ်အုန်းမြင့်တို့ မှ ရှေ့နေဖြစ်သူ ဦးကျော်အောင်နှင့် သွားရောက် တွေ့ဆုံခဲ့ရာ (6.12.2011) မနက်ဖြန် အမိန့်ချမည့် နံနက် (၇) နာရီတွင် အမိန့်မချမှီ တရားသူကြီး ဦးစိန်ကြည်နှင့် တွေ့ဆုံ ရမည် ဖြစ်ကြောင်းကို ထပ်မံပြောဆိုခဲ့ ပါသည်။

ယခုအမှုဖြစ် စဉ်သည် မတရားအမှုဆင်ဖမ်းဆီးခံခဲ့ရသည်အတွက် ၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်တွေ တွင် ပူးတွဲပါ အမှုဖြစ်စဉ်အကျဉ်းနှင့် အသနားခံစာကို နိုင်ငံတော်သမတ္တကြီးထံ အသနားခံစာ ပေးပို့ခဲ့သော်လည်း မည်သို့မှ ဆောင်ရွက်ပေးခဲ့ခြင်း မရှိဟုသိရပါသည်။ သို့ပါသောကြောင့် အများပြည်သူများ သိရှိကူညီနိုင်ရန် အတွက် သတင်းပေးပို့လာပါသည်။

အသေးစိတ် သိရှိလိုပါက တရားစွဲဆိုခြင်း ခံရသည်မိသားစုများအား အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဦးသန်းထွန်း အိမ်ဖုန်း ( 0949719453 )

မှတ်ချက်- (6.12.2011)မနက်ဖြန်တွင် တရားရုံးသို့ မိသားစုဝင်များ သွားရောက်မည် ဖြစ်သောကြောင့် ညနေပိုင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၄ရက်နေ့ မဲဆောက်စာပေဟောပြောပွဲ ဆရာချစ်ဦးညို အသံဖိုင်..

 ဓာတ်ပုံ ကိုလတ်
ဒီဇင်ဘာလ ၄ရက်နေ့က မဲဆောက်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှ ဆရာချစ်ဦးညို ဟောပြောချက်.. အသံဖိုင်ပါ။

မဲဆောက် စာပေဟောပြောပွဲ (ဆရာချစ်ဦးညို) by demowaiyan
အသံဖိုင် ပေးပို့တဲ့ ကိုသူလွင်အား ကျေးဇူးတင်ပါသည်..။

ကချင်ပြည်နယ်သို့ ပထမခြေလှမ်း..

ကချင်ပြည်နယ်သို့ ပထမခြေလှမ်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီကယ်ဆယ်ရေး ကုသိုလ်ရေးလုပ်ငန်းများကို သိန်း (၂၀၀) ကျပ်ဖြင့် စတင်မတည်ကာ စစ်ဘေးဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံသို့ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် သွားရောက်ကူညီ လှူဒါန်းမှုများပြုရန်အတွက် ၂.၁၂.၂၀၁၁ ည (၉း၀၀) နာရီ အချိန်တွင် အောင်မင်္ဂလာအဝေးပြေးမှ ရွှေစင်စင်္ကြာ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ မန္တလေးမြို့သို့ ၃.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ဆိုက်ရောက်ခဲ့သည်။

မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ရထားဖြင့် ၃.၁၂.၂၀၁၁ ရက်နေ့ ညနေ (၆း၂၀) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ရာ ည (၁၁း၀၀) နာရီအချိန်တွင် ရွှေဘိုဘူတာသို့၎င်း၊ ၄.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ကောလင်းဘူတာသို့၎င်း၊ နံနက် (၁၀း၁၅) နာရီတွင် အင်းတော်ဘူတာသို့၎င်း၊ (၁၁း၀၀) နာရီအချိန်တွင် မော်လူးဘူတာသို့ ရောက်ရှိခဲ့ပြီးနောက် စီးနင်းလိုက်ပါလာသော တွဲအမှတ်(၂)တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဗီနိုင်းချိတ်ဆွဲခဲ့ရာ အများပြည်သူအပေါင်းတို့မှ စိတ်ဝင်စားစွာ လာရောက်ဖတ်ရှု ခဲ့ကြသည်။ နေ့လည် (၁း၃၀) နာရီအချိန်တွင် မိုးညှင်းဘူတာသို့ ဆိုက်ရောက်ခဲ့ပြီးနောက် မိမိတို့နှင့် အတူ တကွ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား သွားရောက်လှူဒါန်းမှုများကို ပြုလုပ်မည့် မန္တလေးမြို့ အမရပူရမြို့ရှိ “ဘ၀အလင်း” ပရဟိတအဖွဲ့အား မိုးညှင်းမြို့ခံ ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးသည့်နောက် မြစ်ကြီးနားမြို့သို့ သွားရောက်ကူညီလှူဒါန်းကြမည့် လူမှုရေးသမားများအား ထမင်းထုပ်များ လှူဒါန်းကျွေးမွေးခဲ့သည်။

ည (၆း၀၀) နာရီအချိန်တွင် နမ္မတီးဘူတာသို့ ဆိုက်ရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ဆက်သွယ်ထားသော မြို့ခံ နာရေးကူညီမှုအသင်းများတို့မှ လာရောက်ကြိုဆိုကြကာ ထမင်းထုပ်များဖြင့် ထပ်မံ၍ ကျွေးမွေးခဲ့သည်။ ည (၈း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့သို့ အောင်မြင်စွာဆိုက်ရောက်ခဲ့သည်။

“ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ချိတ်ဆက်ထားသော မြစ်ကြီးနားမြို့ခံ ဒေါ်ခန်းရင် ကချင်ရိုးရာ အ၀တ် အထည်များရောင်းသည့်ဆိုင်တွင် လူမှုရေးသမားများအဖွဲ့အား ညစာထမင်းများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ထို့နောက်တွင် အေးစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ စခန်းချ တည်းခိုခဲ့ပါသည်။

ယနေ့ ၅.၁၂.၂၀၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ခံ ပရဟိတအဖွဲ့အစည်းများ၊ အမရပူရ မြို့ရှိ “ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့စုစည်းကာ ကယ်ဆယ်လှူဒါန်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်း တိုင်ပင်ဆုံးဖြတ်ကာ လူသားချင်းစာနာမှု၊ လှူဒါန်းမှုများကို စစ်ဘေး ဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လက်ဝယ်သို့ရောက်ရှိရန်အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ပေးဆပ်နေပြီ ဖြစ်တော့သည်။
နာရေးကူညီမှုအသင်းသားများနှင့် အသင်းကိုယ်စားပြုသူများ၊ “ဘ၀အလင်း” ပရဟိတအဖွဲ့သားများ သည် ပြည်တွင်းစစ် တိမ်းရှောင်နေရသော ဒုက္ခသည်များနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများအရ မြစ်ကြီးနား၊ ၀ိုင်းမော် ဒုက္ခသည်စခန်းများတွင်သာမက ဗန်းမော်မြို့အနီး ပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများ တွင် ရောက်ရှိနေကြသော စစ်ဘေးသင့် တိုင်းရင်းသား မိဘပြည်သူများအတွက်ပါ အကူအညီ အထောက် အပံ့များ အပူတပြင်း လိုအပ်နေကြောင်း သိရှိရသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အမေရိကန်နိုင်ငံ Bufflo ပြည်နယ်ရှိ မြန်မာနိုင်ငံသားများတို့မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ 775 $ နှင့် အခြားအလှူရှင် များလှူဒါန်းထားသော အလှူငွေများအပါအ၀င် ထပ်မံ၍ သိန်း (၁၃၀) ကျပ်တိတိကို ယနေ့ အားချင်းပေးပို့ လှူဒါန်းလိုက်ပြီ ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုတွေ ရောက်စေသော်

ကော့မှူးမြို့  အမေ့အလင်းရောင်ပညာဒါနကျောင်း.....

ကော့မှူးမြို့ အမေ့အလင်းရောင် ပညာဒါနကျောင်း ပြန်လည် ပြုပြင်တည်ဆောက်ရန်

မနေ့ကအဖွဲ့ချုပ်မှ တာဝန်ရှိ လူကြီးများနှင့် အမေ့အိမ်ပညာရေး ကော်မတီမှလူငယ်များ ကော့မှူးမြို့ အမေ့အလင်းရောင် ပညာဒါနကျောင်းလေး ပြန်လည် ပြုပြင်တည်ဆောက်ရန် အတွက် ဘိလပ်မြေနှင့် ကလေးများအတွက် ကျောင်းသုံးလွယ်အိတ်များ သွားရောက်လှုဒါန်း ခဲ့ကြပါတယ်။ ဒီကျောင်းလေးမှာ ကလေးငယ် (၁၃၀) ယောက်ကို စေတနာဆရာ၊ ဆရာမ (၉) ယောက်တို့က စာပေ သင်ကြားပေးလျှက် ရှိပါတယ်။

အမေ့အလင်းရောင် ပညာဒါနကျောင်းလေးကို (20' x 60') ကွန်ကရစ်ကြမ်းခင်း၊ ၀ါးထရံကာ၊ သွပ်မိုး အဆောက်အဦးအဖြစ် မကြာမှီ ပြန်လည်ပြုပြင် ဆောက်လုပ်ပါတော့မည်။ စေတနာရှင်များ ပါဝင် လှုဒါန်းနိုင်ပါသည်။

ကျောင်းလိပ်စာ......... .... ဘုရားကြီးလမ်း၊ ဘုရားလမ်းရပ်ကွက်၊ ကောမှူးမြို့ 
ကျောင်းတာဝန်ခံ ............ မသန်းလှ

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ


အကြီးအကဲ၏ ယတြာနှင့်အာဏာ အပိုင်း(၃) နိဂုံး (ကဗျာဆရာ နေရဲနီ)

အကြီးအကဲ၏ ယတြာနှင့်အာဏာ အပိုင်း(၃)နိဂုံး
 (ကဗျာဆရာ နေရဲနီ)

ကာလာမတို့တဆင့်စကား
ကြားကာမျှဖြင့်လည်း မယုံကြလင့်
ဘိုးဘွားစဉ်ဆက် လက်ခံလာသောကြောင့်
ဟူ၍လည်း မယုံကြလင့်
ကောလဟလဖြင့်လည်း မယုံကြလင့်
သင်ထားသောစာနှင့် ညီညွတ်သည်ဟုလည်း မယုံကြလင့်
မိမိကြံစည်ထားသော အကြံဖြင့်၍လည်း မယုံကြလင့်
အထောက်အထား ရှိ၍လည်း မယုံကြလင့်
ဝါဒတူယုံမျှဖြင့်လည်း မယုံကြလင့်
ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏
စကားဖြစ်သောကြောင့်လည်း မယုံကြလင့်
ဆရာ့စကားဖြစ်သောကြောင့် ဟူ၍လည်း မယုံကြလင့်
ကိုယ်တိုင်ကြုံတွေ့ သိမြင်ခံစားပြီးမှသာလျှင် ယုံကြည်ကြပါ ဟူ၍
မြ၀တီရုပ်မြင်သံကြား စတင်ထုတ်လွှင့်စဉ်က
အေးစန္ဒာကြည် မည်သော အမျိုးသမီးတယောက်၏
ကြည်လင်ချိုမြသော အသံဖြင့်
အထက်ပါ ကာလာမသုတ်တရား အကျဉ်းချုပ်ကို
ည၈နာရီသတင်းပြီး တိုင်ကြားနေရ၏။

ပြည်သူပြည်သား အပေါင်းတို့သည်လည်း
နေမြင့်လေ အရူးရင့်လေ ဆိုဘိသကဲ့သို့
အုပ်ချုပ်သောအစိုးရမင်းတို့၏အကြာင်းကို
ကြာကြာဝါးလေ ခါးမှန်းသိလေ ဖြစ်လာသောအခါ
ထိုကာလာမသုတ္တန်သည်လည်း မြ၀တီရုပ်မြင်သံကြားမှ
ကယ်သူမဲ့နေသော ရေနစ်သူကဲ့သို့
ဖြေးဖြေးချင်းစုန်းစုန်း မြုပ်လေတော့သည်။
ကန်တော်ကြီး လှေသဘင်ပွဲတော်မှ
ရှေးမှီနောက်မှီ ဇာတ်မင်းသားကြီးက
ဝတ်စုံပြည့်ဖြင့် မျက်မှန်တပ်ကာ
ချီးကျူးထောမနာပြုသော ရတုပိုဒ်စုံကို ဆိုလေသောအခါ
ဤလောကဇဗ္ဗူတွင် ငါမှငါတကားဟု အထင်ရှိလေ၏။
ရွှေဘုန်းတော်တိုးပါလို့ ရွှေမိုးတွေရွာ ဟူသော
ဘုန်းတော်ဘွဲ့ကို ကြားရပြန်လေသော်
မယ်မယ်ဘုရား မမဘုရားဟူသော အသုံးအနှုန်းနှင့်တကွ
ရောက်လေရာရာတွင် ကြီးကြီးငယ်ငယ် ရွယ်တူပါမကျန်
လက်အုပ်ချီ၍ အရိုအသေပေးကြရသည်။
သမီးတော်တို့ ညောင်းညာ၍
တိုင်းမှူးကတော်တို့က ခြေဆုပ်လက်နယ် ပြုကြရသည်လည်းရှိ၏။
အိမ်တော်သို့ လာသမျှ လူအားလုံး မည်သူမဆို
ကြမ်းပြင်၌ကျုံ့ကျုံ့ထိုင်ကာ ခစားကြရသည်။
အခမ်းအနား ဟူသမျှတို့၌လည်း
ဇနီးမယား၊သမီးများနှင့် တကွ
မျောက်မူးလဲပါမကျန် မြေးများ၏ နောက်တော်ပါးက
ဗိုလ်ချုပ်ကြီးများမှာ မျက်နှာငယ်စွာ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ကြရရှာ၏။

သာလွန်မင်း ကောင်းမှုတော်စေတီ တည်သည်ကို နမူနာယူ၍
တရုပ်ပြည်မှ စွယ်တော်ကို ပင့်ပြီးသကာလ
စွယ်တော်စေတီတို့ကို ရန်ကုန်၊ မန္တလေးတို့၌ တစ်ဆူစီတည်သော်
စွယ်တော်နှစ်ဆူ အရွယ်တူ
ပြည်သူလည်းမွဲ တပ်လည်းကွဲ ဟူသော တဘောင်ပေါ်ခဲ့လေသည်။
ဤတဘောင်သည်ကား သွေးထွက်အောင်မှန်၏။
ထောင်ထောင်ရှိ၍ မျက်စေ့စပါး မွှေးစူးလှသော တိုင်းမှူးတို့ကို
ဝန်ကြီးဟူသော ရာထူးအချွန်ဖြင့်ပင့်ကာ
ဖြေးဖြေးချင်း တသုတ်ပြီး တသုတ်ရှင်းခဲ့သည်။
တစ်ဖန် ရာဇဂဟဓဇရာဇာ မည်သော
ဆင်ဖြူတော်ဟု သမုတ်လေသော သတ္တ၀ါ ပေါ်ထွန်းပြန်ရာ
တရားသောမင်း အုပ်ချုပ်လေသောကြောင့်
တိုင်းပြည်သာယာ ၀ပြောမည့် နိမိတ်ဟူ၍
ပြည်သူတို့အား မျက်မှန်စိမ်းတပ်ကာ
တိုင်းပြည်အား မဟာအ၀ီစိငရဲတည်းဟူသော
တရုပ်လက်သို့ တွန်းပို့ခဲ့လေသည်။
ကျေးဇူးမကင်းသော တပည့်အား ပေါက်ဖေါ်တို့က
ကော်ဇောနီခင်း၍ ကြိုလေသော် မနာလို ၀န်တိုစိတ်နှင့်တကွ
မိမိကုလားထိုင်ကို ကိုင်လှုပ်မည်စိုးရိမ်ရကား
ဒူးရင်းသီးအား အခွံမနွှာဘဲ ပါးစပ်ဖြဲ၍ အတင်းသွင်းသကဲ့သို့
ဝန်ကြီးချုပ်ဟူသော ရာထူးအချွန်ဖြင့်ပင့်ကာ
မကြာမြင့်မီပင် ထောက်လှမ်းရေးတရွာလုံးကိုမြေလှန်၍
နရသိန်စံနန်းတော်သို့တဖွဲ့လုံးတွန်းပို့ခဲ့လေသည်။

ဟိုအတန်း မီးလောင်သော် ဆူဆူညံညံနှင့်
ပြေးကြလွှား ကြဆိုဘိလေသကဲ့သို့
လူတကာ မျက်မုန်းကျိုး၍ အော့နှလုံးနာသည့်
M.I ရွာကို မြေလှန်ပြီးသကာလ ခေါင်းဆောင်နှင့်တကွ
တဖွဲ့လုံးကို ထောင်နန်းတော်သို့ အတင်းတွန်းပို့၍ စံစေသော်
အချို့သည်ကား သွေးပျက်၍ အနိစ္စရောက်ကြ၏
အချို့သည်ကား စီးပွားပျက်၍ ဒုက္ခရောက်ကြရ၏
အချို့သည်ကား စိတ်ပျက်၍ ရူးသွပ်ကြရ၏။
အချို့သည်ကားမိမိပို့ခဲ့သော သူက အတွင်းမှ နေ၍အပြုံးဖြင့် ဆီးကြိုလေသော်
ငါထင်သလို မဟုတ်ပါလားဟူ၍ နောင်တကြီးစွာရလျှက်
ရင်တွင်း၌ မီးဝင်လောင်သကဲ့သို့ အနေအထိုင် ခက်ရလေ၏။

ကောင်းကင်ယံ၌ သောကြာကြယ်သည် လနှင့်နီးသော်
တိုင်းပြည်ပျက်မည့် အတိတ်နိမိတ်ဟူ၍
ခေတ်အဆက်ဆက်က နက္ခတ်ဆရာတို့ လက်ခံလာသည်ကိုပင်
တိုင်းပြည်သာယာဝပြောပေလိမ့်မည်ဟူ၍
ဓာတ်ပုံနှင့်တကွ သတင်းစာတွင် ဖေါ်ပြလေသော်
တတိုင်းတပြည်လုံးက လူ့ကလိမ်ခြုံ လူလိမ်ကြီးဟူ၍
ပြုံးစေ့စေ့နှင့်မှတ်ချက်ပြုကြ၏။

တပ်မတော်သာအမိ တပ်မတော်သာအဖ
ဟူသော ဆောင်ပုဒ်အောက်၌
အဘ ဟူသည်မှာအမေ့လင်မဟုတ်
အထက်အရာရှိအား လက်အောက်ငယ်သားတို့က
စားဖားကြီး ဟူ၍စိတ်တွင်းမှ မှတ်ချက်ပြုကာ
ရာထူးအဆင့်ဆင့် ဖား၍ခေါ်ကြသော မြန်မာဝေါဟာရအသစ်ဖြစ်၏။
တရုပ်ပြည်သို့ သွားဖန်များသော်
ပြည်ပအားကိုး ပုဆိန်ရိုး ဟူသောစာသားသည်လည်း
သတင်းစာ ရုပ်မြင်သံကြား ရေဒီယိုတို့မှ
ပျောက်ချင်းမလှ ပျောက်ခဲ့လေပြီ။
ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည် ဟူသော ကြွေးကြော်သံအောက်၌
အချင်းချင်းစားခွက်လုကြ၍ ခွက်စောင်းခုတ်ကြသည်မှာ
လျင်သူစား အ သူခံ ဦးသူဆော်
လက်နှေးသည်ရှိသော် ကုလားထိုင်ပျောက်၍ နရသိန်စံကြရသည်လည်းရှိ၏။
စက်မှုစွမ်းအားခေတ်ကျော်လွှားဟု
ဆိုင်းဘုတ်ကြီးများ ထောင်ထားသော စက်ရုံတို့မှ
တူရွင်း ပေါက်တူး ဂေါ်ပြား ပုဆိန် တင်းပုတ် အစရှိသော
ကျောက်ခေတ် အသုံးအဆောင်တို့ကို ထုတ်လုပ်ဖြန့်ဖြူး၏
နိုင်ငံအ၀ှန်း သစ်တောစွမ်းဖြင့် စိမ်းလန်းစေရမည်ဟု
မာန်ဖီကာကြုံးဝါးသော အသံအောက်၌
တချိန်သောအခါက အမြဲစိမ်းသစ်တောတို့ဖြင့်
ကမ္ဘာ့အလည်၌ ၀င့်ဝင့်ထည်ထည် ဂုဏ်ယူလောက်သော
ရိုးမတောတို့သည်ပင် တစပြင်အဖြစ်
အကျည်းတန်စွာ ငိုညည်းနေကြလေပြီ။
သမုဒ္ဒရာရေကိုတခွက်ချင်းခပ်၍သွန်သော်ကုန်နိုင်စရာရှိ၏
န အ ဖ လက်ထက်အပြောနှင့် အလုပ်မညီသော
ခါးတောင်းကျိုက်တခြား တင်တခြားတို့ကို
လက်ညှိုးထိုးပြသော် ကုန်နိုင်မည် မဟုတ်ပေ

ဝန်ထမ်းအပေါင်းတို့သည်လည်း
အထက်ဖား အောက်ဖိ ငါ့ဖို့ကြည့် ဟူသော
ဖ သုံးလုံးကိုကြေညက်ကြရလေသည်။
အဖားတော်ရမည်။ ဆွေမျိုးတော်ရမည်။ ပညာတော်ရမည်။
စသော တော် သုံးတော်နှင့်လည်းပြည့်စုံကြရ၏။
မုသာဝါဒကို ကျမ်းကျေ၍
မလိမ့်တပတ်ညစ်နည်းကိုလည်း
တဖက်ကမ်းခတ်တတ်ကျွမ်းကြရသည်။
နောက်ဆုံး၌ကား လူရိုး ဟူသည်
သုဿန်၌သာ ရှိလေတော့၏။

ပိဋကတ်တော်ကို ထုံးလိုမွှေ ရေလိုနှောက်နိုင်သော ဆရာတော်တို့က
တရားတော်နှင့် အညီဟောပြလေသော်
သင်္ကန်းချွတ်၍ နရသိန်ကျောင်းတော်၌ သီတင်းသုံးကြရ၏
မမှန်သည်ကို လုပ်ဇာတ်ခင်း၍
ကြမ်းပိုးကိုလိပ်ဖြစ်အောင် ချဲ့ကား၍
န အ ဖ အလိုတော်ကျဟောနိုင်ပြောနိုင်သောကိုယ်တော်တို့သည်ကား
ကားကြီးကားငယ်အသွယ်သွယ်နှင့်တကွ
ရွတ်ဖတ်၍မဆုံးနိုင်သောဘွဲ့အသီးသီးရကြ၏။
ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ယတြာအရာ၌တဖက်ကမ်းခတ်
တတ်ကျွမ်းသောကိုယ်တော်တို့သည်ကား
ကိုးကွယ်သည့်ပုဂ္ဂိုလ်ဘုန်းမီးနေလတောက်ပသည်ရှိသော်
သူလည်းတန်ခိုးထွား၏။
တပည့်အရာကျ၍ကုလားထိုင်ပျောက်သော်
သူလည်းပလ္လင်ပျောက်ကာစုန်းစုန်းမြုပ်ရလေတော့သည်။
ဆင်ဖြူတော်ပေါ်ခဲ့သည်မှာလည်း ဆယ်နှစ်ကျော်ခဲ့လေပြီ။
ထပ်၍ထပ်၍လည်းပေါ်ခဲ့လေပြီ။
နာဂစ် ဂီရိ အစရှိသောအမျိုးမျိုးသောလေမုန်တိုင်းဘေး
ကျိုင်းတုံ ငလျင်ဘေးပခုက္ကူရေဘေး
ဈေးများ ရပ်ကွက်များကို မကြာခဏလောင်သောမီးဘေး
ဆင်းရဲတွင်း နက်လေသော စားစရာမရှိသည့် အငတ်ဘေး
လယ်သိမ်း၊ ယာသိမ်းဆိုင်ခန်း အသိမ်းခံရသောမင်းဘေး
ပြည်ပတွင် ရောင်းစားခံရပြီး ပြန်လာသည့်အခါပါလာသည့် အေ ဟူသောရောဂါဘေး
အစရှိသော ဘေးအပေါင်းတို့ကိုလည်း မြန်မာပြည်သူပြည်သားတို့
တနင့်တပိုး ခံစားခဲ့ကြရပြီးပြီ။
ဆင်ဖြူတော်တို့သည်လည်း ဆက်၍ဆက်၍ ပေါ်နေဆဲပင်
မြန်မာပြည်သူတို့၏ ဆင်းရဲတွင်းသည်လည်း ဆက်၍ဆက်၍ နက်၍နေဆဲပင်။

နေရဲနီ

အကြီးအကဲ၏ ယတြာနှင့်အာဏာ အပိုင်း(၂) Click
အကြီးအကဲ၏ ယတြာနှင့်အာဏာ အပိုင်း(၁) Click
ပြောင်မြောက်ထိမိလှသော ကဗျာများ ရေးသားပေးပို့တဲ့ ပင်တိုင်ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူးတင်ပါသည်..။

ဒလမြို့ တော်ကြီး စီမံကိန်း တတိယပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ယခုဒလမြို့တော် စီမံကိန်းအား တရုတ်နဲ့ ပူပေါင်းလုပ်ဆောင်မယ်လို့ သတင်းထွက်နေတဲ့ စီမံကိန်းပြပုံစံ..
ဒလမြို့ တော်ကြီး စီမံကိန်း တတိယပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

အထက်မှာ ဒလမြို့တော်ကြီး တိုးချဲ့တဲ့အခါ ဒလဘက်ခြမ်း မြို့နယ်အားလုံး ကော့မှုး/ ကွမ်းခြံကုန်း/ လက်ခုပ်ကုန်း/ ကျိုက်ထော်/ တွံတေး ရှိသမျှ အားလုံးအထိကို တိုးချဲ့ရပါမယ်ဆိုတော့ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ဧကပေါင်း များစွာ အသိမ်းခံရမှာပါ လယ်တစ်ဧကကို ဥပမာ သိန်းနှစ်ဆယ် လျော်ကြေးပေးပါဦး အစိုးရကပြန်ပြီး လူနေအိမ် တိုက်ဆောက်ဖို့ ရာင်းရင်နေရာအလိုက် တစ်ဧကကို သိန်းပေါင်း သောင်းချီရမှာပါ။ လုပ်ငန်းလိုပ်ဖို့ ချပေးရင်လဲ အဆင်ပြေပြေ တစ်ဧကကို ရာနဲ့ချီရမှာပါ။ အဲဒီတော့ မိမိလယ်သမားတွေကို သက်သက်ညှာညှာ မျှမျှတတလေး လူကြီးလူကောင်း စိတ်ဓါတ်လေးတော့ ထားပေးပါမှ ကံတရားရဲ့ ပံ့ပိုးမှု ပြည့်ပြည့်၀၀ရပြီး မြို့တော် စီမံကိန်းကြီး အဆင်ပြေ အောင်မြင်ပါမယ်။ ကံတရားကို ထည့်မစဉ်းစားရင်တော့ တိုင်းပြည်လဲနာမယ် ဒီမြို့တော်ကြီးဟာလဲ မင်္ဂလာကင်းမဲ့သော မတရားမှုနဲ့ အုတ်မြစ်ချလိုက်တဲ့ မြို့တော်ကြီး ဖြစ်သွားမယ်ဆိုရင် ဒါဟာပြန်ပြုပြင်လို့ ရကောင်းတဲ့ အရာမဟုတ်ပါဘူး။

ဆရာတော်ကြီးများကလည်း လူကြီးမင်းများကို ကံတရားရှုဒေါင့်ကနေ ကြိုကြိုတင်တင်လေး ဟောထားပေးရန် ဒီဆောင်းပါးပေါ်ကနေ လျှောက်ထား အပ်ပါသည်ဘုရား။ မြို့တော်ကြီးဟာ တိုင်းပြည်ကို ကိုယ်စားပြုမဲ့ အောင်မြေလို မင်္ဂလာတရား ကျက်သရေအပေါင်း ခညောင်းနေရန် အလွန်ပင် အရေးကြီးလှပါတယ်။ အခါရက်လဲ အလွန်စေ့စေ့စပ်စပ် ရွေးချယ်ရန် လိုအပ်လှပါတယ်။

မြို့တော်ကြီးဟာ ဒလမှာတင် ကွက်ကွက်လေး တည်မှာမဟုတ်ပါဘူး။ နိုင်ငံတကာအဆင့်မှီ လေယာဉ်ကွင်းကြီးဟာလဲ ရန်ကုန်မှာ တည်လို့မရပါဘူး။ န.၀.တ.လက်ထက် ဗိုလ်ခင်ညွှန့် လက်ညိုးထိုးခဲ့တဲ့ ပဲခူးဘက်က လေယာဉ်ကွင်းဟာလဲ အလွန်ခရီးလမ်း ဝေးလှပါတယ်။ ဒလဘက်မှာ တည်ဆောက်လိုက်ရင် အလွန်အချက်အခြာကျပြီး စီးပွားလည်ပတ်မှုကို အကောင်းဆုံးပံ့ပိုးမှု (Optimum Efficient) ရစေပါမယ်။ လေယဉ်ပြေးလမ်း နှစ်ခုလုပ်ထားပြီ.. နှစ်များမကြာမှီမှာ နောက်ထပ်ပြေးလမ်း သုံးခု၊ လေးခုအထိ တိုးချဲ့နိုင်ရန် နေရာ ရာထားရန် လိုလာပါမယ်။

ဒလမြို့တော်ကြီး  ဆောက်လိုက်တာနဲ့ ဒလမြို့တော်နဲ့ နယ်ဒေသများရဲ့ ဆက်သွယ်ရေး လမ်းကြောင်းများဟာ ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းနဲ့ လုံးဝ ကွဲလွှဲသွားပါမယ်။ ဥပမာပေးရရင် အခု ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ သွားနေတဲ့ ရေကြောင်း သင်္ဘောလမ်းကြောင်းဟာ အခုလက်ရှိ ရန်ကုန်ကို လာရသလို တိုးမြစ်ကနေ အထက်ပြန်ဆန်ပြီး တွံတေးတူးမြောင်းကို ဖြတ်နေရတာမျိုး မရှိတော့ဘဲ ကျိုက်ထော် သိုမဟုတ် ကွမ်းခြံကုန်းတို့ဟာ ပြည်တွင်း သင်္ဘောဆိပ်ကမ်းတွေ ဖြစ်လာပါမယ်။ ရေကြောင်း ခရီးသွားရချိန်တွေ ကျုံ့သွားပါမယ်။ သင်္ဘောဆိပ်တွေကလဲ အခုရန်ကုန်မှာလို သင်္ဘောတစ်စီးနဲ့ တစ်စီးထပ်ကပ်ရပ် နေစရာမလိုအောင် သင်္ဘောဆိပ်တွေ အများကြီးထားလာနိုင်ပါမယ် ။ အဲဒီလိုထားနိုင်ပြီ ဆိုတာနဲ့တင် ကွမ်ဘေယာကြီးတွေနဲ့ (Conveyors) ကုန်အတင်အချ ကရိန်းတွေနဲ့ကုန်အတင်အချ သင်္ဘောအမျိုးအစားတွေ ပါလုပ်ထားရင် ကုန်ကျစားရိတ်သက်သာ မြန်ဆန် လုပ်အားသက်သာတဲ့ နည်းစနစ်တွေနဲ့ ကမ္ဘာကို ရင်ဘောင်တန်း လာနိုင်ပါမယ်။ ဆိပ်ကမ်းရှားပါးလို့ အခုရန်ကုန်မှာဆို ဆိပ်ကမ်းဆိုရင် အကောင်ကြီး နိုင်သမျှကြီးကြီးတို့သာ ရနိုင်သော အရာဖြစ်နေတာတွေ ပျောက်သွားရင် ၀န်ဆောင်မှု သက်သက်သာသာ ဖြစ်လာပါမယ်။ ၀န်ဆောင်မှု လျှော့ချနိုင်ရင် ကုန်ဈေးနှုန်း ကျလာပါမယ်။

အခုကျနော်တို့ သွားနေတဲ့ လုပ်သားနဲ့ ပိုကုန်းရုံးနေတာ ချန်ထားခဲ့ရပါတော့မယ်။ ဆိပ်ကမ်းရှားပါးမှု ပယ်ဖျက်ရပါမယ်။ မြေပုံထဲမှာ သေသေခြာခြာကြည့်လိုက်ပါ။ ရန်ကုန်မှာ ပုဂ္ဂလိက လုပ်နိုင်တာ ကြည့်မြင်တိုင်မှာ နေရာကွက်ကွက်ကလေး။ အကောင်ကြီးတွေသာ ပိုင်ဆိုင်ပါတယ်။ ဒလဘက်ဆိုရင် အဲဒီနေရာတွေထက် အဆ ပေါင်း ၅၀-လောက်ကို ဆိပ်ကမ်းတွေ ပေါ်ထွက်လာပါမယ်။ ဒီလိုပါဘဲ ရန်ကုန်မှာ ပင်လယ်ကူး သင်္ဘောက အခုတိုးချဲ့ဖို့ စိတ်ကူးထားတာတောင် ၁၂-စီးခန့်သာ ကပ်နိုင်ပါမယ်။ ဒလဘက်မှာ အစီး-၅၀ ကပ်ချင်လား ရတယ်။ အစီးတရာကပ်ချင်လား ရတယ်။ ပင်လယ်ကမ်းစပ်မှာတင် တံတာကြီး ထိုးကပ်ချင်သေးလား ရတယ်။ တိုးမြစ်ဘက်မှာ ကပ်ချင်သေးလား ရတယ်။ နေရာတွေမှ အများကြီး။ ပြီးတိုးမြစ်က ရေစူးနက်တယ်။ ကြိုက်သလိုချဲ့လို့ ရသွားပါပြီ။ သင်္ဘောဆိပ်နေရာ အတွက်တော့ ရန်ကုန်က ဒလကို ယှဉ်ဖို့ဆိုတာ စိတ်တောင်မကူးနဲ့လို့ ပြောနိုင်တဲ့အထိ ကွာခြားပါတယ်။

သင်္ဘောဆိပ်မှာတင် မယှဉ်နိုင်ရုံမက ခရီးအချိန်ကျုံ့သွားတာလဲ အတော်ကို ကွာခြားသွားပါတယ်။ ဒလဘက်ပြောင်းရင် စီိးပွားရေး အကျိုးသက်ရောက်မှုတွေ ပိုမိုကောင်းမွန်လာတာတွေ့ ကြရပါမယ်။ ဥပမာ ဂဏန်းအရှင်တွေ တင်ပို့ရာမှာ ပိုမိုမြန်ဆန်သလို ဂဏန်းမွေးကန်တွေဟာ လေယာဉ်ကွင်းနဲ့ လက်တကမ်းမှာ ရှိနေပါပြီ။ ဧရာဝတီတိုင်းက ငါးတွေဟာ နေ့တ၀က်ဆိုရင် ရန်ကုန်ကို သင်္ဘာနဲ့ ရောက်နေပါပြီ။ တနည်း ဥပမာ ဘိုကလေးကနေ အခုဆိုသင်္ဘောက နေ့လည် ၁၁-နာရီထွက်မှ ရန်ကုန်ကို မနက်ရန်ကုန်ကို ရောက်တာပါ။ သင်္ဘောမောင်းချိန် - ၁၅-နာရီပါ။ ဒလ ဘက်ဆိုရင် ဘိုကလေးကနေ သင်္ဘောလမ်းနဲ့ လာတယ် ဘဲထားပါ။ ညနေ ၇.၀၀-နာရီိလောက်ထွက်ရင်ကို မနက်မလင်းခင် မြို့ တော်ကို ရောက်နေပါပြီ။ သင်္ဘောမောင်းချိန် ..၅-နာရီမက တိုသွားပါမယ်။ ဘိုကလေးမှာ သင်္ဘောပေါ်ကို ကုန်တွေ တနေကုန် တင်ချလို့ ရနေပါတယ်။ ကျိုက်ထော်ရောက်ရင် မြို့တော်ရောက်နေပြီလေ။ ကားလမ်းနဲ့ကတော့ ရွှတ်ဆိုရောက်နေပါပြီ။

လေယဉ်ကွင်းမှာလဲ ယှဉ်ဖို့နေနေသာသာ အခုရန်ကုန်လေယဉ်ကွင်းက ၁၉၇၄-ကပေါ်ခဲ့တဲ့ ဘိုးရင်း-၇၄၇ တွေတောင် မဆင်းနိုင်သေးပါဘူး။ နောက်ပေါ်တဲ့ အဲယားဘတ် ၃၈၀-ဧရာမကြီးမျိုးကတော့ ဝေလာဝေးပါ။ ဒါလဲ ယှဉ်ဖို့စိတ်တောင် မကူးနဲ့ပါဘဲ။ ပြေးလမ်း နှစ်သုံးးခု ဆိုတာလဲ မလုပ်နိုင်ပါဘူး။ ရန်ကုန်လေယဉ်ကွင်းက ၁၉၅၉ နှစ်က တည်ဆောက်ခဲ့တာပါ။ အရှေ့တောင်အာရှမှာ အဲဒီအချိန်က အကြီးဆုံး လေယဉ်ကွင်းကြီးပါ။ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကလက်ကျန်ပါ။ အခုတော့ အသေးဆုံး အဖြစ်ကျန်ခဲ့ပါတယ်။ ဟိုတုန်းက မြန်မာတွေ ပြည်ပခရီးထွက်ကြပေါ့။ အဲဒီအချိန်က ဘယ်သူမှာ ပြည်ပသွားနေဖို့ထိုင်ဖို့ သိပ်စိတ်မကူး ကြသေးပါဘူး ကိုယ့်နိုင်ငံက တိုးတက်နေတာကိုး။ အခုလိုကျွန်အလုပ်တွေ သွားလုပ်လို့ကတော့ မိတ်ဆွေတွေက အဖက်တောင် လုပ်ကြမှာမဟုတ်ပါဘူး။ အခုတော့ ကျွန်ခံပြီးပို့လာမဲ့ ပိုက်ဆံလေးကို ပြည်တွင်းမှာ ကျန်ရစ်သူမိသားစုတွေက လည်လေးဆန့် တမျှော်မျှော် နေကြရတာပါ။

ဒီကျွန်အလုပ်လို့ သုံးလိုက်ရတဲ့ အသုံးလေးနဲ့ ပတ်သက်ပြီ တရက်တင်ပြပါဦးမယ်။ အခုတော့ ဒလမြို့တော် ဆက်ရေးပါမယ်။

တခါ သံလျှင် ဘက်နဲ့က ပထမပိုင်းမှာ ကူးတို့နဲ့ဆက်သွယ်ပြီး မရှေးမနှောင်းမှာ မြေအောက်လှိုင်ခေါင်း ဖေါက်လိုက်ရင် မြို့တော်ရဲ့ အကျယ်အ၀န်းဟာ ဧရာမကြီးကျယ် ပြောသွားပါပြီ။ သံလျှင်ကနေ လေယာဉ်ကွင်းနဲ့ ဧရာဝတီ သင်္ဘောဆိပ်တွေကို လာရင် နာရီဝက် တစ်နာရီဆို ရောက်နေပါပြီ။ စက်မှုဇုံတွေ တခုနဲ့ တခုက လေယာဉ်ကွင်း သင်္ဘောဆိပ်တွေနဲ့ သွားရတာလွယ်ကူ သက်သာ မြန်ဆန်နေရာမှာ ရန်ကုန်နဲ့ ယှဉ်စရာ မလိုအောင် ကွာခြားသွားပါပြီ။ သန်လျှင်- ဒလ ကူးတို့နဲ့က ရန်ကုန်-ဒလ လိုတော့ လုံခြုံစိတ်ချရမှု နည်းပါတယ်။ လေတိုက်တဲ့ လမ်းကြောင်းကို ကန့်လန့် ဖြတ်ကူးရတာရယ် ပင်လယ်ပေါက် လေတိုက်နှုန်းက တဒင်္ဂအတွင်း ရုတ်တရက် ပြောင်းတတ်တာတွေက အင်မတန် အန္တရယ်များပါတယ်။

ဒလဘက်ကိုမြန်မြန်ပြောင်းနိုင်လေ နိုင်ငံတကာတိုက်ရိုက် ရင်းနှီိးမြုပ်နှံမှုတွေ (Foreign Direct Investment -FDI)တွေ မြန်မြန်ဝင်လာပါမယ်။ အစိုးရကသာ ပထမဥိးဆုံး ၀င်လာသူတွေကို မြေဧရိယာ ဆိုင်းငံ့ကာလ တခုထားပေးတာမျိုး ဈေးသက်သက်သာသာ ချပေးတာမျိုး Early Bird Incentives တွေကမ်းလှမ်းလိုက်ရင် လာကြပါမယ်။ အစုလိုက်အပြုံလိုက် ၀င်လာကြပါမယ်။ တခါ အမေရိကန်ကလဲ လာမဲ့ ၂၀၁၂ မှာ စီးပွားရေး ပိတ်ဆို့ထားတာ ပြန်ရုတ်သိမ်းရန် တာဆူနေပါပြီ။ ထိုနည်းအတူ ဥရာပကတော့ နောက်နစ်တွေမှာ သက်တမ်း ထပ်တိုးရန် အစီအစဉ်မရှိတော့ လောက်ဖြစ်နေပါပြီ။ ကျနော်တို့ အစိုးရကသာ ပြင်ပြင်ဆင်ဆင် လုပ်ထားဘို့ လိုနေပါပြီ။ အခုဆို ထိုင်းနိုင်ငံက လုပ်ငန်းတွေ မြန်မာဘက်ကို ပြောင်းဖို့ လေ့လာနေကြပါပြီ။ ထိုင်းနိုင်ငံမှာ အခုလို ရာသီဥတု ဖေါက်ပြန်မှုကြောင့် လာမဲ့နှစ်တွေမှာ ရေထပ်ကြီး နိုင်ချေတွေ များနေတာ တချက် ထိုင်းနိုင်ငံမှာနိုင်ငံရေး နစ်ခြမ်းကွဲနေတာနဲ့ ဂယက်နဲ့ မြန်မာပြည်ဘက် ပြောင်းဖို့ လုပ်နေကြပါပြီ။ ဒီလိုအချိန်မှာ အစိုးရက ခြေလှမ်းကျဲကျဲလေး လှမ်းပြီး ဒလဘက်မှာ ချပေးလိုက်.. တံတားလဲ ထိုးလိုက်ရင် ဘာပြောကောင်းမလဲ ထိုင်းတွေ မျက်လုံး ပြူးထွက်သွားပါမယ်။

အဲဒီလိုအချိန်မှာ နိုင်ငံတော်က ၀င်လာတဲ့ ရင်းနှီးမြုပ်နံမှုတွေကို နွေးနွေးထွေးထွေး ကြိုဆိုမယ် လာဘ်ပေးလာဘ်ယူမှုတွေ အရေးယူပေးမယ် ဆိုရင် ပွင့်ပွင့်လင်းလင်း လုပ်ကိုင်လာရင် အာလုံးနေ့ချင်း ညချင်း ပြောင်းပြီးတိုးတက်လာပါမယ်။ သင်္ဘောဆိပ်ကမ်းတွေကလဲ သင်္ဘောကြီးတွေ ရောက်တာနဲ့ ဆိုက်ကပ် ကုန်အတင်အချကလဲ ထိုင်း၊ မလေးရှားလို ရောက်တာနဲ့ ပြန်ထွက်အောင် လုပ်ပေးနိုင်ရင် ကမ္ဘာကို ကျနော်တို့ ယှဉ်နိုင်လာပါမယ်။

တခါ ကြွားဝါတယ်။ ကိုယ့်ကို အထင်ကြီးလွန်တယ်လဲ မထင်ကြပါနဲ့။ ကျနော်အခု ပြည်ပနိုင်ငံတခုမှာ ပင်လယ်ရေလှိုင်း (Sea Waves)။ ပင်လယ်အောက်ကြမ်းပြင် ရေစီးကြောင်းကြီးများ (Under Water Sea Currents)။ ဒီရေအတက်အကျ (Tidal Surge)။ မြစ်များ ချောင်းများရှိ ရေစီးကြောင်းများ (Rivers and Creeks Currents)ကနေ လျှပ်စစ်ထုတ်လုပ်တဲ့ နည်းပညာမူပိုင်မှု (INTELLECTUAL PROPERTY PATENT) တင်နေပါတယ်။ ပထမအဆင့် ကျနော်နည်းပညာနဲ့ ပုံစံတူ နည်းပညာမူပိုင် ရှိပြီးသား ရှိ/မရှိ ရှာဖွေစစ်ဆေးတဲ့ အဆင့် ပြီးနေပါပြီ။ ကျနော့်ရှေ့မှာ ကျနော်တွေ့ ရှိထားတဲ့နည်းနဲ့ ပုံစံတူမရှိသေးပါဘူး။ မကြာခင် ကျနော့်နည်းပညာကို မူပိုင်လျှောက် ရပါတော့မယ်။ နိုင်ငံတကာ မူပိုင်လုပ်ရမှာပါ (INTERNATIONAL PATENT)။ မူပိုင်လုပ်ဖို့က လျှောက်လွှာတင်ပြီး မူပိုင်ခွင့်ကျဖို့ အချိန်အတော်လေး ကြာတတ်ပါတယ် ။

ဒါပေမဲ့ မူပိုင်ရုံးက ကျနော့်နည်းကို လက်ခံလိုက်ရင် ကျနော်က သုတေသန လို့အကြောင်းပြပြီး လုပ်ငန်းတွေ စတင်လို့ရပါပြီ။ လူငယ်လေးတွေ လူလတ်တွေ တီထွင်ကြံဆတာ ၀ါသနာပါသူတွေ ကိုဖိတ်ခေါ်ပါတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ အစွမ်းပြခွင့်က လက်တကမ်းမှာပါ။ အခုနေ ကျနော့်နည်း (Drawings) ကိုဆွဲပြလိုက်ရင် ခင်ဗျားတို့အားလုံး (အားလုံးနော်) ဟာဟုတ်တာပေါ့ ပြောယူစေရပါမယ်။ ကျနော်ဟာ ပထမက မြန်မာနိုင်ငံမှာံ ဒီရေ အတက်အကျကနေ ရေအားလျှပ်စစ်ထုတ်လို့ ရတာကို ၁၉၉၁- ခုနှစ်က စတင်တွေ့ရှိတာပါ။ ကျနော်ညီဝမ်းကွဲ တစ်ယောက် (အဖွဲ့ချုပ်လူငယ်) အဖမ်းခံရတော့ ကျနော်က ပြေးရပုန်းရတော့ ဘိုကလေးဘက် လယ်တဲလေးတခုမှာ သွားပုန်းနေရတုန်းက ပျင်းကလဲပျင်း ဘယ်မှလဲမထွက်ရဲ အားအားရှိ ငါးမျှားနေရာကနေ တရက်မြင်လာပါတယ်။

အဲဒါကို ညီအကို အင်ဂျင်နီယာတွေ သူငယ်ချင်း အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပါတယ်။ သူတို့လဲ မထုတ်တတ်ကြဘူး။ ရေစီးအားမှာ စွမ်းအင်တွေရှိနေတာကို သူတို့က လက်ခံကြတယ်။ စွမ်းအင်တွေကို ပြောင်းယူ နိုင်တာကတော့ သူတို့လဲ လက်ခံကြတယ်။ ထုတ်လုပ်နိုင်ဖို့ စဉ်းစားမရကြဘူး။ ကျနော် ထောင်ကျတော့ အားအားရှိတိုင်း ထိုင်စဉ်းစားတယ်။ ရှေးခေတ်ဟောင်း သင်္ဘောဟောင်းကြီးတွေက ဒလက်ကြီးတွေ သုံးပြီးစိတ်ကူးနဲ့ ပုံဖေါ်ကြည့်တယ်။ စုံနေတာဘဲ... ပေါ်မလာပါဘူး။ နောက်ဆုံးတော့ မထင်မှတ်တဲ့ လုပ်အားပေးလေးတခု လုပ်ရင်း အရာတခုကို သွားတွေ့မိရာနေ.. EUREKA လို့အာခီမီးဒီးလို အော်မိရပါတော့တယ်။

ကျနော် အလွန်ကို အားရ၀မ်းသာ မိသွားပါတယ်။ ကနေ့ကမ္ဘာကြီး ပူနွေးနေမှုကို ကျနော့်တွေ့ရှိချက်က ကုစားနိုင်ပါတော့မယ်။ ပစ္စဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ပင်လယ်ရေအောက် မြုပ်ခါနီးကျွန်းစုလေးတွေ KIRIBATI ISLANDS.. MALDIVES လေးတွေကို ကယ်တင်ခွင့် ကြုံရပါတော့မယ်။

ရီစရာလေးပါ။ ကျနော့်အဖိုးက ရှေးခေတ် Irrawaddy Flottila ဧရာဝတီရေကြောင်း ပို့ဆောင်ရေး ကုမ္မဏီရဲ့ အထက်မြန်မာနိုင်ငံ ကိုယ်စားလှယ်ပါ။ Mr. Alfred Mackenzie ခေါ်ပါတယ်။ Scott လူမျိုးပါ။ ဒီဧရာဝတီ သင်္ဘောကြီးတွေ အားလုံးစုစုပေါင်း အစီးရေ-၁၂၀၀- ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ပြည်တွင်း ရေကြောင်းသွား သဘောင်္လိုင်းကြီး အဖြစ် စံချိန်တင်ထားပါတယ်။ အဲဒီသင်္ဘောကြီးတွေ သယ်ယူပေးမှုကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆန်တန်ချိန် - ၃-သန်းအထိ တင်ပို့နိုင်ခဲ့တာပါ။

မွန်သူဌေးကြီး ဦးနာအောက်တို့နဲ့ ပြိုင်ခဲ့တဲ့ကုမ္မဏီိပေါ့။ အဲဒီသင်္ဘောကြီးတွေရဲ့ ဒလက်အဟောင်း တွေနဲ့ ကြံဆ ကြည့်နေမိပါတယ်။ ပေါ်မလာဘူး။ ကျနော်ဟာ စက်မှုနဲ့ သိပ္ပံပညာရှင် မဟုတ်ဘဲ ဘာလို့ဒီလို စွမ်းအင်နည်းပညာကို တွေ့ရှိရပါသလဲ ဆိုတာကို နောက်ဆောင်းပါးမှာ အကျယ်တ၀င့် ရှင်းပြပါမယ်။ လူငယ်လေးတွေကို အထူးအထူး မျှဝေချင်ပါတယ်။ စောင့်ပြီး ဖတ်စေချင်ပါတယ်။ မြန်မာအချင်းချင်း လက်ဆင့်ကမ်း မျှဝေပေးဖို့လဲ ပန်ကြားပါတယ်။ ကံအကြောင်း တရားကြောင့် တွေိ့ရှိလာရတာပါ ။

အဲဒီတော့ ကျနော်တွေ့ ရှိထားတဲ့ နည်းပညာနဲ့ ဒလပတ်ဝန်းကျင် မြစ်ကြီးတွေ ချောင်းလက်တက်တွေ ကနေ ရေစီးအားနဲ့ လျှပ်စစ်တွေ အများကြီးထုတ်ပြီး စက်မှုလုပ်ငန်းတွေ မြန်မာပြည်ထဲ လှိမ့်ဝင်လာစေရပါမယ်။ ၂၄-နာရီမီးအားအပြည့် ဈေးပေါပေါ သုံးနိုင်စေရပါမယ်။ မြန်မာနိုင်ငံသား အများစုကိုလဲ ဘဏ်ကြီးတွေကနေ ငွေချေးထုတ်ပေးအောင် ကျနော် ကုမ္ပဏီက ညှိနိုင်းပြီး ရှယ်ယာအဖြစ် ထည့်ဝင်ကြစေပြီး မိသားစုတိုင်း အပိုဝင်ငွေတွေ ဖန်တီးပေးပါမယ်ခင်ဗျာ။ ချမ်းသာသူလူစုထဲ လက်ဝါးကြီး အုပ်နေမယ့် စိးပွားမျိုး ဖြစ်မသွားအောင် ကျနော်ကြံဆောင် နေပါတယ်။ ကျနော်တို့ မြန်မာတွေ လူအများစုချမ်းသာမှ တိုင်းပြည် စီးပွားတွေ တခုအပေါ်တခု မှီခိုပြီး ဆင့်ပွားဆင့်ပွား တိုးတက်လာပါမယ်။ တတိုင်းတပြည်လုံး တိုးတက်လာမှာပါ။ တိုင်းပြည် သယံဇာတကရမဲ့ အမြတ်အစွန်းကို ကျနော်တဦးထဲ လက်ဝါးကြီး အုပ်ထားချင်ရင်လဲ ရပါတယ်။ မလုပ်ကောင်းတဲ့ အရာပါ။ တိုင်းပြည်သယံဇာတ ကရတဲ့ စီးပွားကို ပြည်သူအားလုံး ခွဲဝေယူကြတာ အကောင်းဆုံးလို့ဘဲ မြင်ပါတယ် ။

ကျနော့်အတွက်က ကျနော့်မူပိုင်ကို နိုင်ငံခြား တိုင်းပြည်တွေကို ရောင်းရတာနဲ့တင် မြန်မာပြည်ကနေ ယူနေစရာ မလိုတော့ပါဘူး။ စွမ်းအင်ဘဲဗျာ။ ကြိုက်သလို တောင်းလို့ရနိုင်တဲ့ ပညာပါ။ မတောင်းပါဘူး။ မတရားချမ်းသာလဲ ဒီလောက်ဘဲ စားကြရတာပါ။ နင်းကန်စားရင် အဆီပိတ် သေမှာဘဲလေ။ ကျနော့်မှာ မတော်လောဘ လုံးဝမရှိပါ။

ဧရာဝတီတိုင်း တခုလုံး.. တတိုင်းတပြည်လုံးကနေ ထွက်လာမဲ့ လျှပ်စစ်တွေမှ နည်းနည်းမဟုတ်ဘူး။ ဘာရေကာတာမှလဲ လုပ်နေစရာမလိုဘူး။ ကုန်ကျစားရိတ်လဲ နည်းတယ်။ ထိန်းသိမ်းမှုလေးနဲနဲ လုပ်နေတာနဲ့တင် အမြဲတမ်း လျှပ်စစ်တွေ ထွက်နေပါမယ်။ ဘဏ်ကြီးတွေကနေ ငွေချေးပေးပြီး မိသားစုတွေ အတွက် တခါရင်းထားလိုက် ဆွေစဉ်မျိုးဆက် ထိုင်စားပေတော့။ အခု ဘရူနိုင်းနိုင်ငံလို ကျနော်တို့ မြန်မာတွေ ဆေးကုမလား ဖရီး ကျောင်းတက်မလား ဖရီး မီတာခတောင် ယူနစ် အတိုင်းအတာတခုအထိ (ဥပမာ-ယူနစ် ၁၀၀-ပေါ့) ဖရီးပေးနိုင်တဲ့အထိ ဖြစ်လာပါမယ်။ ပိုတဲ့ လျှပ်စစ်ထိုင်းဘက် ထုတ်ရောင်းဦးမလား။ ဘင်္ဂလာဒေရှ့်ဘက် ထုတ်ရောင်းမလား ကမ္ဘာတည်သမျှ ရောင်းပေတော့။

သဘာဝဓါတ်ငွေလို ကုန်ခမ်းသွားစရာ မရှိတော့ပါဘူး။ အန္တာရယ်လဲ မဖြစ်စေနိင်ပါဘူး။ သဘာဝဓါတ်ငွေ့တွေ အများကြီး ထုတ်လိုက်ရင် မြေလွှာအောက် ဖိအားတွေ ပြောင်းသွားရင် ငလျှင်ဖြစ်စေဖို့ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ရေကနေ လျှပ်စစ်ထုတ်လိုက်တာနဲ့ သဘာဝဓါတ်ငွေ့ ဈေးနှုန်း ရေနံစိမ်းဈေးနှုန်းတွေ ထိုးကျသွားပါမယ်။

ကျနော့်နိုင်ငံရေးက အုပ်ချုပ်မှုကို တစက်ကလေးမှ ထဲ့မစဉ်းစား ထားခဲ့ဘူးပါဘူး။ ကျနော်က တော်လှန်ရေးသမား သက်သက်။ ငယ်ငယ်ကထဲက မိဘကိုလဲ ဂလန်ကဆန် ပြန်ပြောလို့ အိမ်မှာ အတီးအခံရဆုံး။ မိသားစု ၇-ယောက်ရှိတာ ကျန်လူတွေအတွက် ကြိမ်တစ်ချောင်းထားတယ်။ ကျနော့်အတွက်က ကျနော့်နံမည်လေး ထိုးထားပြီး စပယ်ရှယ် တစ်ချောင်း လုပ်ထားတယ်။ ဟို၆-ယောက်အတွက် ကြိမ်က တလနေလို့ တခါမထုတ်ရဘူး။ ကျနော်ကြိမ်က ခနခန ထုတ်ရတော့ ကြိုးလို့ အစားလဲရတာခနခန။ ကျောင်းထုတ်ခံရ။ အမေက ကျနော်ကို မိုးဇာဗျောကြီး (စစ်ကိုင်း) လို့ခေါ်တယ်။ အတီးမခံရရင် မနေတတ်ဘူး။ တီးပေးမှနေသာ ထိုင်သာရှိသူလေ။ ရီစရာလေးပါ။ ကျနော်မွေးတော့ အသက်မရှုဘူး။ မွေးရတာလဲ အမေမှာ မသေရုံတမယ်။ ခေါင်းကြီးတော့ အမေမွေးရ အခက်ဆုံးသား။ ဆရာမတွေ ပါးစပ်တေ့မှုတ်တယ် မရှုဘူး။ နဲနဲလေးပြာစ ပြုလာတော့ ဆရာမကြီးက ကျောပြင်ကို ဖျန်းကနဲ လက်ဝါးနဲ့ တီးလိုက်မှဝါး- ဆိုပြီးငိုလာတယ်။ မေမေက ပြောနေကြ ဒီကောင်က မွေးစကကို တီးပေးမှ ရှုသာချောင်သာ ရှိတဲ့အကောင်။ ကျနော့်ဘ၀က ပထမဆုံး အသက်ရှုတာက အတီးလေးနဲ့ စလာတဲ့အကောင်။ တီးပေးမှ နေသာထိုင်သာရှိတဲ့ အကောင်ဆိုတာ မေမေကပြောနေကြ။

တော်လှန်ရေးသမား သက်သက်။ တော်လှန်ရတာလဲ စိတ်ပန်းလှပါပြီ။ အခုဆို ငွေတွေလဲ သောက်သောက်လဲ ကုန်လှပါပြီ။ လခရရင် နောက်နေ့ လက်ထဲ ဆယ်ပုံတပုံ မကျန်တော့ဘူး။ ရထားခ ကားခလေး တွက်ကြည့်ချန်။ ပိုတာပို့တာဘဲ။ အကြွေးဆွဲပို့တာက ရှိသေးတယ်။ အခုအပြုသဘော ဘက်လှမ်းနေတာ အားရပါတယ်။ ကြိုဆိုပါတယ်။ တိုက်ရတာ တကယ်တော့ မိုက်ရူးရဲလို့သာ စိတ်မနိုင်လို့ ထလုပ်မိတာ။ လုပ်တုံးကတော့ ပူထူနေတာ ကြောက်ရမှန်းမသိဘူး။ ပြန်တွေးကြည့်ရင် ကြောက်မိတယဗျာ။

ကျနော့်နိုင်ငံရေးက ကိုကျော်ဟိန်းကြီးက ကိုကျော်သူကြီးကို ပြောသလို.. (ဆယ်နှစ် ဆယ်နှစ်) ဆယ်နှစ်နေရင် ထိုင်းကိုကျော်တက် ပြအောင်လုပ်ချင်တယ်။ လုပ်နိုင်တယ်လို့ မြင်နေတယ်။ ဘန်ကောက်သွားရင် ဗီဇာ မတောင်းရတဲ့နေ့ မကြာခင်ပေါ်လာပြီး ဘန်ကောက်လေဆိပ် မလေးရှား လေဆိပ်တွေမှာ ကျနော်တို့ မြန်မာတွေ ပတ်ပိုစ့် နီနီလေးကို ရော့ ဒီမှာဆိုပြီး ကိုင်ပေါက်ပြနိုင်တဲ့ ခေတ်ရောက်ဖို့ပါဘဲ။ အဲဒီလို ကိုင်ပေါက်ပြနိုင်ရင် ကျနော်သေပျော်ပြီ။ မကြာစေရတော့ပါဘူး။ မကြာခင် သူတို့က မြန်မာတွေကို ဗီဇာလျှောက်ခိုင်းရင် သူတို့ကိုလဲ ပြန်လျှောက်အောင် ညစ်ထားပြပါမယ်။ ရှိုးမန်းနီးပြခိုင်းရင် သူတို့ကိုလဲ ပြန်ပြခိုင်းတာ လုပ်နိုင်တဲ့တနေ့  ရောက်စေရပါမယ်။

ထပ်ပြောပါမယ်။ ကိုကျော်ဟိန်းစကား အပြတ်ယူသုံးပြီဗျာ... ဆယ်နှစ် ဆယ်နှစ်ဟေ့ မင်းတို့ ယိုးဒယာတွေ ပြေးထားနှင့်...... ဆယ်နှစ် ဆယ်နှစ် ..အလောင်းမင်းတရားကြီးမြို့ သား လာပြီကွ။ မှီအောင်လုပ်ပြပါမယ်။ အရေးထဲ ကျနော်က အလောင်းမင်းတရားကြီး နန်းတော်ရဲ့ ကျုံးကမ်းစပ်မှာ မွေးတယ်။ မွေးရက်ကလဲ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြီး စတင်တဲ့နေ့နှင့် အယုဒ္ဓယမြို့ကို မြန်မာတွေ အောင်နိုင်တော်မူတဲ့နေ့။ ဒါကြောင့် ကျနော်က ကြုံးဝါးရတာ အရသာရှိလို့ပါ။ တကယ်လဲ မှီစေရမယ်ဗျာ။

တခုရှိတယ်။ ကျုပ်တို့ရေစီးကနေ လျှပ်စစ်ထုတ်သလို သူတို့လဲ လိုက်ထုတ်နိုင်ပါမယ်။ ဒါပေမဲ့ ရေမြေသဘာဝ မတူတော့ ကျုပ်တို့လောက် သူတို့မရနိုင်ပါဘူး။ ကျုပ်တို့ဆီက ၀ယ်နေရပါမယ်။ အခုထားဝယ် ရေနက်ဆိပ်ကမ်းကိုလဲ အများကြီး ရောင်းချပေးနိုင်ပါတယ်။ အခုသူတို့ နိုင်တီးဝမ်တီး နည်း ကျောက်မီးသွေး စက်ရုံဆောက်စရာ မလိုပါဘူး။ ကျနော်တို့ ရောင်းပေးနိုင်ပါပြီ။ တသက်လုံး ထိုင်ရောင်းပေတော့။ ကျနော်တို့ မြန်မာတွေ သူဌေးဖြစ်ကြရပါတော့မယ်။ မမြင်သေးတော့ ပြောရင် ယုံဖို့ခက်နေကြပါမယ်။ သံသယတွေ ခေါက်ထားဘဲ ပြောပါရစေ။

၁၉၈၆ လောက်က ကျနော်က သောက်ရေသန့်ရောင်းဖို့ ညီအကိုတွေ မိတ်ဆွေတွေနဲ့ လုပ်ငန်းအရင်းအနှီး စပ်လုပ်ဖို့ လျှောက်စပ်တော့ ကျနော့်ဆွေမျိုး တွေလည်းပါတယ်။ အားလုံးမှ အားလုံးဗျာ ကိုလှိုင်မြင့်ကတော့ သိပ်မဟုတ်တော့ဘူး ယဉ်ယဉ်လေး ဖေါက်စပြုနေပြီ ပြောကြတာပါဗျာ။ နောက်တော့ ရေသန့် ပုလင်းတွေ ပေါ်လာတော့မှ ကိုလှိုင်မြင့် ကြိုမြင်တာကို ရှင်းပြတာတောင် ငါတို့က မမြင်တာလို့ ၀န်ခံကြပါတယ်။

နောက် ရန်ကုန်မြစ်ပေါက်က သဲတွေကို သောင်တူးစက်တွေနဲ့ တူးပြီး ဒလကိုမြေဖို့တာရယ် စင်ကာပူကို ရောင်းတာလုပ်လိုက်ရင် တချက်ခုတ် နှစ်ချက်ပြတ်ပါ။ တခါ မြစ်ရေစီးကြောင်းကို ချိုးပေးရင် (Training ) လုပ်ပေးလိုက်ရင် ပင်လယ်အပေါက်ဝ ရေစူးနက်လာပါမယ်။ အဲဒါဆိုတန်ချိန် -၃၀၀၀၀- ထက်သင်္ဘောကြီးတွေ အချိန်မရွေး ၀င်ထွက်လာနိုင်ပါမယ်။ အခုလက်ရှိဆိုရင် တန်-၁၂၀၀၀- တွေတောင် ပင်လယ်ရေထရက် ( လပြည့်ကျော်ရက်များနှင့် လကွယ်လွန်ရက်) လေးတွေလောက်သာ ၀င်ထွက်နိုင်တာ စီးပွားရေးမှာ အနှောက်အယှက် ဖြစ်ပါတယ်။ တခါ ဧရာဝတီမြစ်ထဲကနေ အထက်ပိုင်း (ညောင်တုန်း-အထက်နားကနေ ပန်လှိုင်မြစ်ထဲ)ကို၎င်း (အဖျောက် အထက်နားလေးကနေ) မြစ်မခချောင်း ထဲကို၎င်း ဧရာဝတီမြစ်ရေတွေ ဖေါက်သွင်းယူလိုက်ရင် ရန်ကုန်မြစ်ရေဟာ ကြည်လင်လာပြီး ရေစီးအား ကောင်းလာလို့ မြစ်ပေါက်က သောင်တွေကို တွန်းဖယ်သွားစေပါမယ်။ ရေစူးနက်လာပါမယ်။

ပန်းလှိုင်ချောင်းထဲကနေ ရေပြွန်ကြီးတွေနဲ့ ဒလမြို့တော်ကို ရေသန့်ပေးဝေနိုင်ပါတယ်။ မြို့တော်မှာလဲ အင်ယားကန်လို ဧရာမကန်ကြိးတွေလုပ် အပျော်ရေလွှာ လျှောစီးတာတွေ လဲလုပ် မြို့တော်အလည်မှာ ရေကန်ကြီးတွေရှိနေတော့ ရာသီဥတုလဲ သင့်တင့်မျှတ မီးရေးဖြစ်ရင်လဲ ရေကလက်တကမ်း။ သောက်သုံးရေ အစုံဖြည့်ဆည်းနိုင်ပါတယ်။

(ဆက်လက်) ပို့ပါမည်။ ရှေ့အပတ်မှာ ရန်ကုန်ကတိုက်တွေဟာ ငလျှင်ဒါဏ်မခံနိုင်လို့ ဒလကိုမြန်မြန် အကာင်အထည်ဖေါ် သင့်တာတင်ပြပါမယ်။ ရန်ကုန်မှာသာ ငလျှင် ရစ်ချက်တာ စကေး..၆.၀ အထက်လှုပ်လိုက်ရင် တမြို့ လုံးသိန်းချီ သေသွားနိုင်ပါတယ်။

အားလုံးကို လေးစားလျှက်

ဖော်လံဖား (၀တ္ထု) - အမှာစာ (သွန်းနေစိုး)


ဖော်လံဖား  (၀တ္ထု) - အမှာစာ

(သွန်းနေစိုး)

by Thorn Nay Soe on Sunday, December 4, 2011 at 2:24pm
ဤ၀တ္ထုရေးရသော ခံစားမှု

မနေ့ကတင် Facebook ပေါ်မှာ ဖတ်လိုက်ရပါသည်။ သာကူးတွေကို မခံချိမခံသာဖြစ်နေသော စာများ။ အထူးသဖြင့် ကျနော့်ရင်ကို ထိရှသွားရသည်ကတော့ `စစ်တပ်အစိုးရတုန်းကလဲ သူတို့ပဲ ပြေးကပ်လိုက်ကြ၊ နေရာတွေရကြ။ အခု အမေစုကျပြန်တော့ သူတို့ပဲ ပြေးကပ်ကြပြန်ပြီ။ ပြည်သူတွေမှာတော့ ဒုံရင်းက ဒုံရင်းပဲ´ ဟူသော မှတ်ချက်စကားဖြစ်ပါသည်။ ဘာမှမဟုတ်ရှာသော ထိုသို့ ပြေးကပ်ဖို့ပင် အခွင့်မသာရှာသော ပြည်သူတွေကိုယ်စား ကျနော် လူမိုက်လုပ်ပါတော့မည်။ ကျနော့်တစ်ဦးတည်း အနေနှင့်တော့ သိပ်ဂရုစိုက်လှသည် မဟုတ်ပါ။ ကိုယ်လဲ ပြေးကပ်ချင်ရင် ပြေးကပ်စရာ အနေအထားတွေ ရှိခဲ့ပါသည်။ သို့သော် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ပြေးမကပ်ခဲ့။ ထို့ကြောင့် ဂျာနယ် ထုတ်ဝေချင်သော်လည်း ခက်ခဲနေရသလို စာရေးဆရာတစ်ချို့ ကားတွေရသွားသည်ကိုလည်း `သြော် ဟုတ်လား၊ ပြည်သူ့ဘက်သား ဆိုသူကြီး ကားတွေ ရသွားပါပကော´ ဟုသာ နေခဲ့ပါသည်။ အခု ပြည်သူက မခံမရပ်နိုင်တာ မြင်သောအခါ မနေသာပါ။ ၀င်ပြောပါမည်။ ထို့ကြောင့် သာကူးများ မုန်းလိုကလည်း ဘ၀အသေင်္ချေ မုန်းစေသတည်း။

ဤ၀တ္ထုရေးရခြင်း ရည်ရွယ်ချက်

မနေ့ကကျနော် ကြေငြာလိုက်သလိုပါပဲ။ သာကူးကြီးများကို ခပ်စပ်စပ်လေးနှက်လိုခြင်းက အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။ အခုအချိန်သည် ညီညွတ်ရေး ရှေးရှုရမည့်ကာလဆိုတာ ကျနော် နားလည်ပါသည်။ ကျနော်ကိုယ်တိုင်လည်း ညီညွတ်ရေးစာတွေ ရေးခဲ့ပါသည်။ သို့သော် ကျနော့်စိတ်ထဲ အင်မတန်စိုးရိမ်တာရှိ၏။ ထိုသာကူးကြီးများမှာ အင်မတန် အကပ်ကောင်းပါသည်။ အင်မတန်လည်း ရည်ရွယ်ချက်ကြီးကြပါပေသည်။

ယင်းကဲ့သို့သောလူမျိုး နေရာရသွားလျှင် တိုင်းပြည်နာပါလိမ့်မည်။ အစဉ်အလာအရလည်း ထိုကဲ့သို့သော သူမျိုးပင် ကောင်းစားတတ်သည်ကို မြင်ရပါသည်။ သူတို့က နေရာလိုချင်သည်ကိုး၊ နေရာရပေမပေါ့။ ထိုကဲ့သို့နေရာရအောင် လုပ်နိုင်သော အစွမ်း၊ အင်အားလည်း ရှိကြပါသည်။ အမေစုက ပညာရှိသည်မို့ ဆင်ခြင်နိုင်မည်ထား။ နှစ်ဘက်လုံးနှင့်အလွမ်းသင့်တယ်ဆိုပြီး တစ်ဘက်ကို တစ်မျိုးပြော တစ်ဘက်ကို တစ်မျိုးပြပြီး နေရာရအောင် ယူသွားမည့် ခြေလှမ်းကို ကျနော်မြင်နေမိပါသည်။

တကယ်စေတနာထားသူ၊ တကယ်လှုပ်ရှားဆောင်ရွက်ခဲ့သူများကတော့ နံရံလေးဘက်ကြားတွင်ပင် ဘ၀ကို အဆုံးသတ်ရတော့မည်လော။ သေချာသည်က ကျနော်တို့ ဒီနေ့ ဒီလိုအခြေအနေ ရောက်လာသည်မှာ ထိုသာကူးကြီးများ၏ စွမ်းဆောင်ချက် တစ်စိုးတစ်စေ့မျှ မပါပါ။ တကယ်စွမ်းဆောင်ခဲ့သူများထဲမှ အင်အားစုကြီး ယခုထိ နံရံလေးဘက်ကြားတွင် ရှိနေဆဲဖြစ်ပါသည်။ သူတို့က သဘောထားကြီးသူများမို့ ဘယ်လိုမှ မနေပေမယ့် ကျနော်က သူတို့ကိုယ်စား နာပါသည်။ ထို့ကြောင့် ရေးပါသည်။

ဤ၀တ္ထုရေးရခြင်း ရပ်တည်ချက်

သာကူးကြီးများအန္တရာယ် သတိပေးနိုးဆော်စာ သဖွယ် ဖြစ်ပါလိမ့်မည်။ ကျနော်တို့ မြန်မာများသည်ကား အင်မတန်ခွင့်လွှတ်နိုင်သော စိတ်စေတနာမျိုးရှိကြပါသည်။ ဂဠုန်ဦးစောတုန်းကပင် အသက်ကို လွတ်ငြိမ်းခွင့်ပေးရန် ၀ိုင်းတောင်းပန်ကြသေးသည်ပဲ။ တကယ်တော့ ဒီစာမှာ ကျနော့်ကိုယ်ကျနော် စိတ်တင်းပေးသော စာလည်းဖြစ်ပါလိမ့်မည်။ ပြောသာ ပြောတာ ကျနော်လည်း စိတ်ပျော့ပါသည်။ မြန်မာမို့ မေ့လွယ် ပျောက်လွယ်လည်း ရှိတတ်ပါသည်။

ထိုကဲ့သို့ ကျနော်တို့က ခွင့်လွှတ်ထားမိလျှင် နောက်ကျောဓားနဲ့ ထိုးမယ့်အရေး၊ ဂုတ်ခွစီးမယ့် အရေးကို စိုးရိမ်ရပါသည်။ သာကူးဆိုသည်ကတော့ သာလျှင် ကူးမည်ပဲ။ ဘယ်သူဘာပြောပြောလဲ ဂရုစိုက်မည် မဟုတ်ပါ။ ကျနော်တို့ချင်း သတိထားရန်သာ ရေးခြင်းဖြစ်ပါသည်။ ကျနော်အင်မတန် လေးစားသော အချုပ်တန်းဆရာဖေတုန်းက `ပလူးကြပြေးကျို့ခါခါ ခွေးသို့ပမာ´ ဟု ရေးခဲ့ပါသည်။ ကျနော်က ဆရာဖေ့လို ပုဂ္ဂိုလ်ကြီးနှင့် မနှိုင်းဝံ့ မနှိုင်းသာပါ။ သို့သော် ဆရာဖေ့လိုဖြစ်ရန် အားကျကြိုးပမ်းနေသော သူတစ်ယောက်တော့ ဖြစ်နိုင်လိမ့်မည် ထင်ပါသည်။

ကျနော်တို့ စာရေးဆရာ ဆိုသည်မှာလည်း ပြည်သူ့အသံ နာခံရမည်ဟု ကျနော်ခံယူထားပါသည်။ ပြည်သူက မခံရပ်နိုင်လာလျှင် ပြည်သူ့အသံကိုထင်ဟပ်ပေးရန် တာဝန်ရှိသည်ဟု ထင်ပါသည်။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအလုပ်လုပ်ကြပါ။ ညီညွတ်ရေးအတွက် ဆွေးနွေးစေ့စပ်ကြပါ။ ကျနော်ကား စာရေးဆရာစစ်စစ်ဖြစ်ပါ၏။ စာရေးဆရာအလုပ်ကို လုပ်ပါတော့မည်။

ဤ၀တ္ထု၏ ဦးတည်ချက်

တစ်ဦးတစ်ယောက်တည်းကို တိုက်ရိုက်မရည်ရွယ်ပါ။ လောကတစ်ခုတည်းမှ လူများကိုလည်း မရည်ရွယ်ပါ။ စီးပွားရေးသမား ယောင်ဆောင်နေသော သာကူးကြီးများ၊ နိုင်ငံရေးသမား ယောင်ဆောင်နေသော သာကူးကြီးများ၊ စာနယ်ဇင်းသမား ယောင်ဆောင်နေသော သာကူးကြီးများ၊ အနုပညာသမား ယောင်ဆောင်နေသော သာကူးကြီးများ ... တို့ကိုရည်ရွယ်ပါသည်။ အယောင်ဆောင်နေသောဟု ကျနော်ပြောခဲ့ပါသည်။

နိုင်ငံရေးသမားအစစ်၊ စီးပွားရေးသမား အစစ်၊ စာနယ်ဇင်းသမား အစစ်၊ အနုပညာသမား အစစ်များဆိုလျှင် ထိုကဲ့သို လုပ်လိမ့်မည် မဟုတ်ပါ။ အတုတွေ များလာလျှင် ရွာနာပါလိမ့်မည်။ ငါးခုံးမတစ်ကောင်ကြောင့်ပင် တစ်လှေလုံးပုတ်နိုင်သလို ငါးခုံးမ များသထက်များလာလျှင် လှေပေါ်မှ ခုန်ချပြီး ရေနစ် သေပစ်လိုက်ဖို့သာရှိ၏။ ကိုယ်စီးနေသော လှေကလေးတော့ဖြင့် အနံ့ဆိုးများ ကင်းစေ့ချင်ပါသည်။ အကယ်၍များ မတော်တဆ ကျနော့်စာအားဖတ်မိကာ အရှက်တရားရ အသိတရားဝင်ပြီး နောင်ထိုကဲ့သို့မမှားတော့ပဲ နောင်ကြဉ်သွားစေမည်ဆိုငြားအံ့။ ကျနော်အတွက် အတိုင်းထက်အလွန်ပင် ဖြစ်ပါလိမ့်မည်။

ဤ၀တ္ထု၏ ဖွဲ့စည်းပုံ

ဇာတ်လမ်းတစ်ခု ဖန်တီးထားပါသည်။ သို့သော် ပိုအဓိက ကျသည်မှာ ထိုဇာတ်လမ်းထဲတွင် ပြောသောစကားများ၊ ပေးချင်သော ခံစားချက် အချက်အလက်များ ဖြစ်ပါသည်။ ငယ်ငယ်တုန်းက သင်္ကြန်သံချပ်လေးတစ်ခုကို သွားသတိရလိုက်မိ၏။ `မှတ်ထား၊ နောက်ဒါမျိုးမလုပ်နဲ့´ ဆိုသော စကား။ ဘာပဲ ဖြစ်ဖြစ် ရေးမယ့် ရေးတော့ မှတ်လောက်သားလောက်အောင် တွယ်ပါတော့မည်။ ကျနော့်ဝတ္ထုပါ ဇာတ်ကောင်အမည်မှာ အောင်မောင်း ဖြစ်ပါသည်။

ထိုဇာတ်ကောင်နာမည်မှာ ဘယ်သူ့နာမည်ကိုမှ ထည့်သွင်းထားခြင်းမဟုတ်ပါ။ သို့သော် ထိုဇာတ်ကောင်၏ အမူအကျင့်များ၊ ဇာတ်လမ်းတွင်းပါ ထိုဇာတ်ကောင်ကို ပြောကြသော စကားများကတော့ဖြင့် တည့်တည့်ကြီးကို ရည်ရွယ်ပါသည်။

ကျေးဇူးတင်ပါသည်။
ကျနော်၏ ၀တ္ထုအမည်မှာ ... `ဖော်လံဖား´ ဖြစ်ပါသည်။

ပရိသတ်အား လေးစားစွာ ...
သာကူးကြီးများအား မလေးစားစွာ ... ဖြင့် ...

သွန်းနေစိုး (Thorn Nay Soe)
မကြာမှီ ရေးသားဖော်ပြမယ့် ဆရာသွန်းစိုးရဲ့ ဖော်လံဖား ဝတ္ထုအမှာစာပါ...။

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးရေးအတွက် ဒီကနေ့ ရုပ်ရှင်အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပွဲ.. (ရုပ်သံ)

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးရေးအတွက် ဒီကနေ့ ရုပ်ရှင်အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပွဲ.. (Burma VJ Media)(ရုပ်သံ)