ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“၈၃နှစ်မြောက်” ဘဘဦးတင်ဦ်းမွေးနေ့ နှင့်“၈၀နှစ်မြောက်” ဘဘဦးဝင်းတင်မွေးနေ့...

Happy 83rd Birthday to BaBa U Tin Oo !!!

Happy 80th Birthday to BaBa U Win Tin !!!

ဒီကနေ့ (၁၂-၀၃-၂၀၁၀)ဟာ ဘဘဦတင်ဦးရဲ့“၈၃နှစ်မြောက်” ဘဘဦးဝင်းတင်ရဲ့ “၈၀နှစ်မြောက်” မွေးနေ့ ရက်မြတ်မင်္ဂလာ ဖြစ်ပါတယ်။ မွေးနေ့မှာ ဘဘတို့အသက်ရှည်ရာ အနာမဲ့ကြောင်း မွေးနေ့ဆုတောင်းမေတ္တာ ပို့သကြရင်း အကျဉ်းကျခံရစဉ် ထောင်အတွင်း ဘဘဦးဝင်းတင်ရေးခဲ့တဲ့ ကဗျာလေးကို ခံစားကြည့်လိုက်ကြရအောင်....

ကျားရဲ

နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ် မအိပ်လျှင်တွေး။
သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။

စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ။

တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိကံ သံသရာ
ငါ့ကမ္ဘာ့ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝရပ်လိုက်
တမတ်တပ်တပ် တနေကုန်။

မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်အုန်းမယ်။

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။

တရက် ကုန်မလား၊ တသက် ကုန်မလား။
တလ ကုန်မလား၊ တဘ၀ကုန်မလား။
တနှစ် ကုန်မလား၊
တခေတ် ကုန်မလား။

အားမလျှော့ဘူး၊ မပျော့ဘူး။
ပေဖြစ်တော့ခံမယ်၊ တူဖြစ်တော့ နှံမယ်။

အမှန်တရား တို့ဘက်မှာရှိတယ်။
ပြည်သူအများ တို့ဘက်မှာရှိတယ်။
ကာလယန္တရား တို့ဘက်မှာရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာရှိတယ်။

သိကြရဲ့လား... ဟား ဟား ဟား ဟား။

တိရိစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှတ်ထားဟေ့။

အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။

အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။

ငါလဲ အဲဒီလိုပဲကွ ဟေ့။ ။


(poem from Moemaka Media)
source။။စုချစ်တဲ့မြေ မစုချစ်ကိုကျေးဇူးတင်ပါတယ်။
http://nldlajb.blogspot.com/ ရယူပါသည်။