ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖိနှိပ်မှုရဲ့ ပဲ့တင်ရိုက်သံ...


စစ်ကိုင်းတိုင်း ကလေးမြို့နယ် ထိုမာရွာ က ရယက ဥက္ကဌရဲ့ ကျေးရွာသူ/ သားအပေါ်မတရား အနိုင်ကျင့်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး အဖိနှိပ်ခံ ရွာသူ/ သားများ အားလုံးရဲ့ ကိုယ်စား အများသိစေရန် ရင်ဖွင့်လိုက်ရပါတယ်

ဖြစ်ပုံကဒီလိုပါ၊ စစ်ကိုင်းတိုင်း ကလေးမြို့ နယ် ထိုမာရွာ ရဲ့ အရှေ့ဘက်မှာ ပဲခင်း ယာတော များကို သွားတဲ့ ကုန်ထုတ်ဖွံ့ ဖြိုးရေးးလမ်းဆိုပြီး လမ်းတစ်ခုဖေါက်လုပ်နေပါတယ်။ အဆိုပါလမ်းအတွက် လမ်းတံတားကော်မတီတွေ ဖွဲ့ထားပေမယ်လည်း လမ်းအတွက် ရ သုံးငွေစာရင်းများကို ဘယ်သူကိုမှ အသိမခံပဲ ၄င်းတို့ကော်မတီအမည်ခံအဖွဲ့ဝင်များမှ ရရှိငွေများကို အလွဲသုံးစား လုပ်ဆောင်နေကြပါတယ်။ တံတားဆောက်လုပ်တဲ့နေရာမှာလည်း ချောင်းကူးတံတားလေးတစ်စင်းကို မြစ်ကူးတံတားရှည်ကြီး ဆောက်လုပ်နေသလို အချိန်ဆွဲပြီး လုပ်ဆောင်နေကြပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးချိန်ကာလတုန်းကလည်း ဓာတ်မြေ-သြဇာတစ်အိပ်ပေါက်ဈေး ကျပ် (၁၈ဝဝဝ) ကို စပါးပြီးပေး(၂၄ဝဝဝ) ကျပ်နှုန်းနဲ့နှင့် ရောင်းချခဲ့ပါသေးတယ်။ ယခုနှစ် နွေရာသီ စပါးစိုက်ပျိုးချိန်ကာလ ရောက်လာချိန်မှာလည်း ကလေးမြို့ ပေါ်ကဓာတ်မြေသြဇာ အရောင်းဆိုင်များနှင့် ပေါင်းပြီး မြေ-သြဇာတစ်အိပ်(၂၄ဝဝဝ) ကျပ်နှုန်းနဲ့  မ၀ယ် မနေရဆိုပြီး အတင်းအကျပ် ရောင်းချနေကြပြန်ပါတယ်။
ပြီးခဲ့တဲ့ (၂) နှစ်ခန့်လောက်ကလဲ ရွာအတွက် ခွဲတမ်းကြေးရတဲ့ ဓာတ်မြေ-သြဇာများကို ရွာရှိ တောင်သူများကို ထုတ်မပေးဘဲ သူ့ ကိုယ်ကျိုးအတွက် ရောင်းစားခဲ့ဘူးပါတယ်။ ရပ်ရွာအတွင်းမှာ ဘာလိုကိစ္စမျိုးပဲဖြစ်လာ ဖြစ်လာ ငွေရဖို့အရေးလောက်ကိုဘဲ လုပ်ဆောင်နေပါတယ်။ သူဟာ ရွာရဲ့ လက်ရှိ ဥက္ကဌ ရာထူးကိုယူထားတယ်ဆိုပေမယ့်လဲ ဥက္ကဌရာထူးအတွက် ရွေးကောက်ပွဲလုပ်စဉ်တုန်းက ရှုံးနိမ့်ခဲ့သူပါ၊ ဒါပေမယ့်လည်း မြို့ နယ် မယကအဖွဲ့ ကလူကြီးတွေကို ငွေပေးပြီး ဥက္ကဌရာထူးကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

လယ်ယာမြေ အငြင်းပွားမှုများ ဖြစ်လာတဲ့အခါမျိုးမှာလည်း လာဘ်ငွေပေးနိုင်သူများကိုသာ အနိုင်ပေးဆုံးဖြတ်ပြီး လယ်ယာပိုင်ဆိုင်ခွင့် ချပေးခဲ့တာမျိုးတွေလည်း ရှိနေပါတယ်။ အခုချိန်မှာ အနီးနားရှိ ကျေးရွာများမှ ဥက္ကဌများ အပြောင်းအလည်း လုပ်နေကြချိန်မှာ ကျွန်တော်တို့ ထိုမာရွာ ဥက္ကဌအနေနဲ့ကတော့ သူရဲ့ရာထူးက ဆင်းပေးဖို့ အစီစဉ်ရှိသေးပုံမပေါ်သေးပါ။ ယခုလက်ရှိ ထိုမာရွာ ဥက္ကဌရဲ့ လက်ထက်မှာ ရာအိမ်မှူးအချို့လည်း အဆိုပါဥက္ကဌရဲ့ ပြုမူဆောင်ရွက်ပုံတွေကို မကျေနပ်လို့ နှုတ်ထွက်ကုန်ကြပါတယ်။ သူရဲ့အုပ်ချုပ်မှုအောက်မှာ အများအကျိုးကို ရှေ့ရှုပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ်ရှိတဲ့ ဆယ်အိမ်မှုး ရာအိမ်မှုးလုပ်လိုသူများတိုင် မရှိအောင်ဖြစ်လာနေပါတယ်။ ကျွန်တော်တို့ ထိုမာရွာ ဥက္ကဌရဲ့ ရွာသူ / သားအပေါ် မတရား အနိုင်ကျင့် အုပ်ချုပ်နေတာနဲ့ပတ်သက်ပြီး အများသိစေရန် တင်ပြလိုက်ရပါတယ်။

ကျေးရွာသူ /သားများ

ထိုမာရွာ

ကလေးမြို့

ပေးပို့ပေးသူ ကိုဝဏ္ဏအားကျေးဇူးတင်ပါသည်...။