ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်တွင်းမှ သောက်သုံးရေ၊ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာပြည်သားများအား ဝိုင်းဝန်းကူညီကြပါ...

အောင်ပန်းစိန် ရွာအတွင်း လယ်ထွန်စက်ဖြင့် လာလှူသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သောက်ရေ အလှူကို လက်ခံနေကြသော ရွာသားများ (ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖေ့စ်ဘွတ်ခ်မှ)

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်မှ မြန်မာပြည်အတွင်း ရေရှားရာ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးနေပါတယ်..။ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များမှလည်း ကိုယ့်ပြည်တွင်းမှ ကိုယ့်မြန်မာပြည်သားတွေ အတွက် တတပ်တအား ကူညီဆောင်ရွက် လှူဒါန်းပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ် ခင်ဗျာ...။ (ကိုနေမျိုးဇင်ရုပ်သံအား ညီငယ်ဇေယျာ ပြန်လည် ဖန်တီးဖော်ပြပါသည်)
 
ကိုနေမျိုးဇင် Facebook 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ်ရရှိပြီ...

၁၉၈၅/၈၆ ခုနှစ်က ဂျပန်နိုင်ငံကို ရောက်ရှိစဉ်က ရိုက်ကူးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ ကျိုတိုတက္ကသိုလ်မှာ (၉)လကြာ "မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်း" စာတမ်းပြုစုစဉ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ အခန်းအတွင်း ဓာတ်ပုံ (Album)မှ မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ ပုံပါ..။

အကြောင်းကြောင်းကြောင့် ကြန့်ကြာ နေတယ်ဆိုပြီး သတင်းများ ထွက်ပေါ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ရရှိနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်...။

လာမယ့် ဇွန်လလယ်မှာ သွားရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၂၄)နှစ်နီးပါးကြာ ပထမဦးဆုံး ပြည်ပ ခရီးစဉ်အတွက် မြန်မာနိုင်ငံကူးလက်မှတ် ရရှိနေပြီ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမှ လာရောက်ထုတ်ယူဖို့ အကြောင်းကြားထား ပြီးဖြစ်ကြောင်း သိရှိရပါတယ်..။ ကိုယ်တိုင် သွားရောက်  ထုတ်ယူဖို့ပဲ လိုအပ်တော့ကြောင်း သိရှိရပါတယ်..။ လာမယ့် ဇွန်လလယ်မှာ ၂၄နှစ်ကြာပြီ ဖြစ်တဲ့ လူထုခေါင်းဆောင်ရဲ့ ပထမဦးဆုံး ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံကို အလည်အပတ် သွားရောက်မှာ ဖြစ်ကြောင်း သိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားကြမယ့် အဖွဲ့ဝင်များ စာရင်းကိုတော့ မသိရှိရသေးပါဘူး..။
၁၉၈၆ခုနှစ် ဧပြီလက ကျိုတိုမြို့ရှိ ဆာကူရပန်းများအား နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတင် ဓာတ်ပုံ တပုံ..
ထို့အတူ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာလည်း ၁၉၈၅ခုနှစ်မှာ ရောက်ရှိခဲ့ပြီး စာတမ်းပြုစုခဲ့တဲ့ ဂျပန်နိုင်ငံကိုလည်း အလည်အပတ် လာရောက်မှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်...။  ဂျပန်နိုင်ငံ လာရောက်မယ့် အဆိုပါ ခရီးစဉ်ဟာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၆)နှစ်အတွင်း ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်..။

သတင်း... ဒီမိုဝေယံ

၂၀၁၂ခုနှစ် (မတ်လ ၂၃ရက်)နေ့က အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း သွားရောက်စစ်ဆေးခဲ့တဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ် စီမံကိန်း အစီရင်ခံစာ..

၂၀၁၁ခုနှစ် ဇန္နဝါရီလက တာပိန်ရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲအခမ်းအနားမှ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းအား တွေ့ရစဉ်
၂၀၁၂ခုနှစ်က အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း သွားရောက်စစ်ဆေးခဲ့တဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ် စီမံကိန်း အစီရင်ခံစာ..

ပြည်တွင်းက Sky Netရုပ်သံလိုင်းနဲ့ စပါးလုံးသတင်း တချို့...

ပြည်တွင်းက Sky Netရုပ်သံလိုင်းနဲ့ စပါးလုံးသတင်း တချို့...

တနေ့က ပြည်ပရောက် မြန်မာတွေအတွက် ပြည်တွင်းအခြေအနေတွေကို လေ့လာနိုင်ဖို့ Sky Net ရုပ်သံ တွေကို ကြည့်ရှုဖို့ ကိုယ်ကိုယ်တိုင် Link လုပ်ပေးပြီး ဆော်သြခဲ့ပါတယ်..။

ပြည်တွင်းမှာ ဖြစ်ပေါ်လာတော့မယ့် ပြည်တွင်းအခြေအနေကို မျက်ခြေမပြတ်နိုင်အောင်ပေါ့...။ ဖြစ်ချင်တော့ သောကြာနေ့ညက Sky Net က မြန်မာပြည်တွင်းက ပရိသတ်တွေ ဂျပန်နိုင်ငံရဲ့ မြင်ကွင်းတွေကို သိစေမြင်စေလိုလို့ ထင်ပါရဲ့ တိုကျိုမြို့ Gotanda (မြန်မာသံရုံးရှိတဲ့မြို့) နားက မြင်ကွင်းတွေ ရိုက်ပြလေရဲ့..။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ဂျပန်နိုင်ငံ မြင်ကွင်းတွေကို ရိုက်ပြတယ်ဆိုတော့.. ကြည့်ဖြစ်တာပေါ့..။ Sky Net ကမြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်တွေ ပြီးခဲ့တဲ့လက ဂျပန်ခရီးစဉ်မှာ သတင်းယူဖို့ လိုက်ပါလာတယ်လို့ ထင်ပါရဲ့..။ သတင်းယူရင်း လမ်းကြုံ ဂျပန်မြင်ကွင်းတွေ ရိုက်ကူး တင်ဆက်ပြသ လေသလားပဲ။

ထားပါတော့... ဂျပန်မြင်ကွင်း မြန်မာပြည်သူတွေ သိအောင် ရိုက်ပြတဲ့ Sky Net ရုပ်သံလိုင်း အစီအစဉ်ရဲ့ အားနည်းချက်တွေကို တွေ့လိုက်ရလေရဲ့..။ အဆိုပါ သံရုံးဝန်းကျင် Gotanda မြို့ရဲ့ ပတ်ဝန်းကျင်တွေကို လိုက်လံရိုက်ကူးရာမှာ ဂျပန်မှာ နေထိုင်နေတဲ့ မြန်မာတဦးဦးကို ခေါ်လာပြီး ရှင်းလင်းပြသစေတာ မဟုတ်ပဲ... သတင်း ကြေငြာသူတွေ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်ရင်း စကားပြော ပတ်ဝန်းကျင် အခြေအနေတွေကို ထင်ရာမြင်ရာ ပြောဆိုသွားတာ အမှားမှား အယွင်းယွင်းပေါ့..။ စမှားတာကတော့ ဂျပန်က တယ်လီဖုန်းရုံတွေဟာ အကြွေရော ကဒ်ပြားရော သုံးနိုင်တာ အများစုပါ..။ အကြွေနဲ့ ဆက်တဲ့ တယ်လီဖုန်း ရုံပါဆိုပြီး စမှားလာခဲ့တာပါ...။

အဆိုးဆုံး မှားယွင်းမှုကတော့ မိနစ်အလိုက် ငွေပေးပြီး ရပ်နားရတဲ့ ကားပါကင်ကို ဂျပန်မှာ အငှားယာဉ်တွေ ငှားတဲ့ Rent Car နေရာပါဆိုပြီး ထင်ရာ ပြောဆိုသွားချက်ပါ။ နောက်တခုကတော့ Coin Laundryမှာ အဝတ်လျှော်ပြီးရင် အခြောက်ခံတဲ့ နေရာမှာသုံးတဲ့ အမွှေးနံပါတဲ့ ဖော့ပြားချက်လေးကို စက်မှာ မှားယွင်းဝယ်ယူပြီး အဝတ်လျှော်တဲ့ ဆပ်ပြာမှုန့်ပါဆိုပြီး ခပ်တည်တည်နဲ့ အဝတ်လျှော်ပြခဲ့တဲ့ မြင်ကွင်းတွေပါပဲ..။ ဒီမြင်ကွင်းကို ကြည့်ပြီး အတူနေတဲ့ မိတ်ဆွေတဦးက ပြည်တွင်းကလူတွေ အမှားကို အမှန်ထင်မှတ်မှာ စိုးရိမ်ပြီး Sky Net ဖုန်းနံပါတ်ကို ရှာပြီးဖုန်းခေါ်လေရဲ့..။ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ဆက်တဲ့အခါမှာတော့ ဘယ်ကို ဆက်ပါဆိုပြီး ဖုန်းနံပါတ်တခုကို ထပ်ဆင့်ပေးလေရဲ့..။ နောက်ဆုံးတော့ ဆက်မရလို့ လက်လျှော့လိုက်ရလေပြီး ကျွန်ုပ်ဆက်မိ အပြစ်ရှိ၏လို့ ညီးတွားသံကို ကြားလိုက်ရလေရဲ့။ ကျွန်တော်တင်ထားတဲ့ Sky Net ရုပ်သံလင့်ခ်မှာ တယောက် ကွန်မာန့်ရေးထားတာလည်း တွေ့မိပါတယ် မယုံဘူးတဲ..။ ဟုတ်ပါတယ်.. ကျွန်တော်တို့ အကျိုးရှိတာတွေကို မှတ်သားရမှာ ဖြစ်သလို မလိုအပ်တဲ့ စပါးလုံး သတင်းတွေလည်း ဖယ်ထုတ်ရမှာပါ...။

ကျွန်တော် အမှားတွေကို အဖျက်သဘော ဝေဖန်နေတာ မဟုတ်ပါ။ ပြည်တွင်းက အများသိတဲ့ နာမည်ကြီး ရုပ်သံလိုင်းတခုအနေနဲ့ ဒီလိုလွယ်လွယ်နဲ့ ပြည်တွင်းက ကြည့်ရှုနေသူတွေအတွက် ဂျပန်မှာ နေထိုင်နေသူ မြန်မာလူမျိုး တဦးဦးကို ခေါ်မသွားသင့်ပေဘူးလား။ ကိုယ်အကျွမ်းတဝင် သိရှိခြင်း မရှိတဲ့ အရပ်တခုက မြင်ကွင်းတွေကို သတင်းအဖြစ် ဖော်ပြရာမှာ အမြင်၊ အထင်တွေနဲ့ ပြောဆို ထုတ်လွှင့်သွားတာ ဖြစ်သင့် မဖြစ်သင့်ဆိုတာပါပဲ...။ ထုတ်လွှင့်ချက်အတွက် တာဝန်ယူမှုဆိုတာ ရှိရမှာပါ..။ အများစုက မသိလို့ ထင်နိုင်ပေမယ့် သိနေတဲ့သူတွေ ကြည့်နေတဲ့သူတွေ ရှိနေတယ်ဆိုတာလေးကို သိစေချင်တာပါ...။ ဂျပန်နိုင်ငံရဲ့ သန့်ရှင်းသပ်ရပ်ပုံ၊ စည်းကမ်းရှိပုံတင်ပြချက်တွေကို မြန်မာပြည်သူတွေ သိအောင် ထုတ်လွှင့်ပြသတာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ပေမယ့်.. ကိုယ်မသိတဲ့ နေရာဒေသက အခြေအနေတွေကို ဒေသခံတွေ မပါပဲ.. မိမိထင်ရာ မှားယွင်း ပြောဆို သုံးသပ်သွားတာကတော့ သိရှိနေသူတွေ အတွက် ထော်လော်ကန့်လန့် ဖြစ်စေတာတော့ အမှန်ပါပဲ...။ အပြူသဘော ဝေဖန်ထောက်ပြခြင်း ဖြစ်ပါတယ်..။

သိုပေတည့် ကျွန်တော်တို့ ထမင်းပန်းကန်ထဲမှာ ထမင်းနဲ့အတူပါလာတဲ့ စပါးလုံး အနည်းအကျဉ်းကိုတော့ ကျွန်တော်တို့ ဖယ်ထုတ်ပြီး စားရမှာပါ။ စပါးလုံးပါတယ်ဆိုပြီး ထမင်းကိုတော့ သွန်ပစ်လို့ မရပါ...။ ထို့အတူ ပြည်ပမှာ ရောက်ရှိနေပြီး အမိမြေနဲ့ ဝေးကွာနေရတဲ့ မြန်မာပြည်သားတွေ အနေနဲ့ လာမယ့် အနာဂတ်မှာ ဖြစ်ပေါ်လာတော့မယ့် ပြည်တွင်းရေး အခြေအနေတွေကို မျက်ခြေမပြတ် စေဖို့ တိုက်ရိုက် သိရှိနိုင်တဲ့ ဒီလို Sky Net ပြည်တွင်း ရုပ်သံ ထုတ်လွှင့်ချက်တွေကို လေ့လာကြည့်ရှုရမှာပါ..။

Sky Net ရုပ်သံချန်နယ်အားလည်း လေ့လာမှတ်သားစရာ ပြည်တွင်းသတင်း တိုက်ရိုက် ထုတ်လွှင့်ချက်တွေ ကြည့်ရှုခွင့်ရတဲ့ အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်..။ အပြုသဘော ဝေဖန်ထောက်ပြ ရခြင်း ဖြစ်ပါတယ်..။ ထို့အတူ ထမင်းချက်ရာမှာ သဘာဝအတိုင်း မဖယ်ရှားမိပဲ အထက်က ဖော်ပြသလို အမှုမဲ့ အမှတ်မဲ့ ပါဝင်လာတဲ့ စပါးလုံးတွေကို ကျွန်တော်တို့တွေ လက်ခံနိုင်ပေမယ့်နဲ့ ထမင်းစားပျက်အောင် တမင်ထည့်ထားတဲ့ Propaganda ဝါဒဖြန့် စပါးလုံး သတင်းတွေကိုတော့ ကျွန်တော်တို့ ခွဲခြားဖယ်ထုတ် ကြည့်ရှုကြရမှာ ဖြစ်ပါကြောင်း...

ဒီမိုဝေယံ

Sky Netရုပ်သံလိုင်း ကြည့်ရှုမယ်ဆိုရင်.. ဒီမှာဖတ်ပြီး ဒေါင်းလုပ်လုပ်ပါ...

(၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန်အား မုဒိမ်းကျင့်၍ ဒဏ်ရာများဖြင့် အလောင်းအား တွေ့သည့်ကိစ္စအား ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုထံသို့ တိုင်ကြားစာ...

မွန်ပြည်နယ် အတွင်း လူကုန်ကူးမှုနှင့် ဆက်စပ်နေသော မိန်းကလေးငယ် အသတ်ခံရမှု ဆိုပြီး
ပေးပို့လာတဲ့ စာအား ဖော်ပြလိုက်ပါတယ်..။ 

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မောကနင်ကျေးရွာ ခလရ (၁၀၆)တပ်ရင်းအရာရှိ လိုင်းခန်းအဆောင်ထဲတွင် (၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန်အား မုဒိမ်းကျင့်၍ ဒဏ်ရာများဖြင့် အလောင်းအား တွေ့သည့်ကိစ္စအား ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုထံသို့ လာမည့် မေလ(၇)ရက်နေ့ တနင်္လာနေ့မှာ တိုင်ကြား ပေးပို့မည့်စာ ဖြစ်ပါတယ်..။

အမေနှင့် လောကဓံ (ကဗျာရှင် နေရဲနီ)

အမေနှင့် လောကဓံ
(ကဗျာရှင် နေရဲနီ)

ဤလောက လူ့ရွာတခွင်ဝယ်
လာဘော အလာဘော
ယသော အယသော
နိန္ဒံ ပဿန္တံ
သုခံ ဒုက္ခံ။
စီးပွားလာဘ်လာဘ ပေါများခြင်း နည်းပါးခြင်း
အခြွေအရံသင်းပင်း ပေါများခြင်း နည်းပါးခြင်း
ချီးကျူးခြင်း ကဲ့ရဲ့ခြင်း
ချမ်းသာခြင်း ဆင်းရဲခြင်း ဟူ၍
လောကဓံတရား ရှစ်ပါးရှိ၏။
ဤရှစ်ပါးအတွင်းမှ
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း
အစရှိသောဒဏ်တွေကိုခံလာခဲ့ရသည်မှာ
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပြီ။

ယနေ့ကမ္ဘာတွင်
မြန်မာပြည်သူပြည်သားတို့
အဘယ်သူမျှ မရခဲ့ဘူးလေသော
နိုင်ငံတကာမှချီးမြှင့်သည့်
ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရခဲ့ဘူးလေပြီ
ထိုဆုများနှင့်အတူ ချီးကျူးထောမနာပြုသော
စကားသံတို့ကိုလည်း အထက်ဘဝဂ်ညံအောင်
ကြားခဲ့ရဘူးပြီ။
သို့သော်မတုန်လှုပ်။

ကဲ့ရဲ့သင်္ဂြုလ်သော  စကား
ပြစ်တင်ရှုံ့ချသောစကား
တိုင်းပြည်မှ ထွက်ခွာသွားဘို့ရာ
ဘာသာရေးအရှိန်အဝါသြဇာကြီးမားသော
ဆရာတော်ကြီးများမှတဆင့် မေတ္တာရပ်ခံချက်
ရာထူးစည်းစိမ် ငွေကြေးအစရှိသည်တို့နှင့်
အမျိုးမျိုးသော ဖြားယောင်းသွေးဆောင်လှည့်ဖြားမှု
ဤသည်တို့ကိုလည်း ဥပေက္ခာပြုနိုင်ခဲ့၏။

အာဏာပိုင်တို့၏
မတရားသောဖိနှိပ်မှုများကို
ကြံ့ကြံ့ခံရင်ဆိုင်ရင်း
ပြည်သူတို့၏ဘဝအတွက် မယိမ်းမယိုင်သောစိတ်ထားဖြင့်
မားမားမတ်မတ်ရပ်တည်လာခဲ့စဉ်
လမ်းခုလတ်မှာပင် လမ်းခွဲ ထွက်သွားသူများလည်းရှိ၏။

ပွဲမဝင်ခင် အပြင်မှာတော့ ဟန်ရေးတပြပြ
ပွဲအစမှာပင်စည်းဝိုင်းတွင်းမရောက်မှီ
နောက်လှည့်ကြည့်သော် တစ်ယောက်မှမရှိတော့
တကိုယ်ထီးတည်း လျှောက်လှမ်းခဲ့ရသော
ခရောင်းလမ်းနှင့်တူသောနိုင်ငံရေးခရီးကြမ်းကို
ပန်းခင်းပေးသောသူများရှိသကဲ့သို့
ဆူးကြဲပေးသောသူများသည်ကားဒုနှင့်ဒေး။

နိုင်ငံရေးအရှိန်အဝါ သြဇာရှိသူများကို ယုံစားမိခဲ့၍
မိမိတည်ထောင်သော အဖွဲ့အစည်း
သပ်လျှိုခံရပြီး ပြိုကွဲမတတ် ဖြစ်ခဲ့ရပုံနှင့်လည်း ကြုံခဲ့ရပြီးပြီ။
လူရိုသေ ရှင်ရိုသေ ထင်ပေါ်ကျော်ကြားမှုများကြောင့်
စိတ်ချယုံကြည်မိ၍
ကိုယ့်လူသူ့ ဘက်သားဖြစ်သွားသည်များလည်းရှိခဲ့၏။
၁၉၈၈ခုနှစ် အောက်တိုဘာလက မြင်ကွင်းတခု(On Asia)

မိမိကိုယ်တိုင် ဝမ်းနှင့်လွယ်၍ မွေးခဲ့လေသော
ရင်သွေး ရင်နှစ်သည်းချာတို့နှင့်လည်း
ရှင်ကွဲ ကွဲနေဆဲ။
ခင်ပွန်းသည်နှင့်လည်း သေကွဲ ကွဲခဲ့လေပြီ။
တစ်ဦးတည်းသောသွေးသားရင်းချာ
လောကတွင် ဘယ်လိုမှ အစားထိုးမရနိုင်တော့သော
အစ်ကိုဖြစ်သူနှင့်ပင် သေခန်းပြတ်မတတ် ရှိခဲ့လေ၏။

မိမိစီးလာသောကားကို
ခဲနှင့် ဝိုင်းပေါက်သည်ကိုလည်းကြုံခဲ့ရ၏။
မိမိအပါအဝင် မိမိအဖွဲ့သားအားလုံး
အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော
သေသူသေ ကြေသူကြေ ကျိုးသူကျိုး ပဲ့သူပဲ့နှင့်
ဒီပဲယင်းအဖြစ်ဆိုးကြီးသည်ကား
ပြန်တွေးလျှင်ပင် ကြက်သီးထလောက်၏။
ဤသည်တို့ကာဒုက္ခတရားစင်စစ်
သို့သော်ငြားလည်းမည်သို့မျှ မတုန်လှုပ်။
အတွင်းနွားချေးခံ အပေါ်ယံရွှေမှုန့်ကြဲ
အနှစ်မပါ အကာချည်းသက်သက်
သကာရည်ဆမ်းသော မေတ္တာတို့ဖြင့်
တိုင်းပြည်နှင့်ပြည်သူလူထု အတွက်ဟူသော
စကားလုံးတို့ကို တွင်တွင်သုံးကာ
မိမိအားကဲ့ရဲ့ပြစ်တင်ရှုံ့ချသော စကားတို့ဖြင့်
ပြည်သူလူထုအပါ်၌ လှည့်ဖျားလိုသောသူတို့
အပေါ်ယံ ရွှေမှုန်ရွှေစတို့ ကွာကျလေသောအခါ
အဘယ်သူကမျှ ပမာမခန့် မလေးမစား ပြောသမျှ စကားအရာမထင်
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ ဖြစ်နေရပုံကိုလည်း
မျက်ဝါးထင်ထင် တွေ့မြင်နေရ၏။
မစစ်မှန်သော မေတ္တာတရား၏
စေစားရာ ကံကြမ္မာသည်ကား
တရားရဖွယ်ကောင်းလေစွ။

မိမိလျှောက်ခဲ့သော လမ်းတစ်လျှောက်
မိမိအား ချီးကျူးဂုဏ်ပြုစကား ပြောဆိုလာသောသူ
အားပေးနှစ်သိမ့် စကားပြောဆိုလာသော သူတို့အား
တုံ့ပြန်သော အပြုံးတို့ဖြင့် ကျေးဇူးတင် စကားဆိုခဲ့ငြားသော်လည်း
သာယာတပ်မက်မှု စိုးစဉ်းမျှမဖြစ်မိ။

ငါ၏ဆန္ဒ
ငါ၏ပညာ
ငါ၏ဇွဲလုံ့လ၊ ဝီရိယ
ငါ၏ခွန်အားသတ္တိ တို့ဖြင့်ပေါင်းစည်းထားသော
ငါ၏စိတ်ဓာတ်တည်းဟူသော ကျောက်တိုင်သည်
ဒုက္ခဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်သေးသော
ပြည်သူတို့၏ နှလုံးသည်းပွတ်နှင့်တူသည့်
ဤမြန်မာပြည် မြေအပြင်ပေါ်၌
မယိုင်မလဲ ခိုင်ခိုင်ခံ့ခံ့ မားမားမတ်မတ် စိုက်ထူလျှက်ရှိ၏။
ဤသည်ကားငါ၏သစ္စာတရား။

ပြင်းထန်သောလေမုန်တိုင်းနှင့်တူသည့်
ထက်အောက် ဝန်းကျင်
အဖက်ဖက်သော အရပ်အရပ်တို့မှ
ငါ့အားကဲ့ရဲ့ ပြစ်တင်ရှုံချသော စကားတို့အား
ငါကြားနေရသော်ငြားလည်း
ငါမတုန်လှုပ် ဝမ်းမနည်းမိ။
ဘယ်သောအခါမျှ ထိုစကားတို့အား အလေးဂရု ပြုမည်မဟုတ်။
1999 (ဓာတ်ပုံ)On Asia
ငါ၏စိတ်ဓာတ်တည်းဟူသော ကျောက်တိုင်သည်
မည်သို့သော အကြောင်းကြောင့်နှင့်မျှ
ဘယ်သောအခါမျှ ယိမ်းယိုင်မည်မဟုတ်။
ဤသည်ကား ငါ၏သမာဓိ။

ပြည်သူ့အကျိုး သယ်ပိုးသည်ဟု ဆိုရာ၌
ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ်
မင်းရေးကျယ်၏ ဟူသောဆိုရိုးစကားရှိ၏။
ကောက်နေသော မျဉ်းတစ်ကြောင်းကို ပြိုင်လိုသော်
ထိုမျဉ်းနှင့်အပြိုင် မျဉ်းကောက်ကိုပင်ဆွဲရ၏။
လိမ်နေသောကြိုးတစ်စကို ဖြေလိုသော်
ပြောင်းပြန် ပြန်၍လိမ်ရ၏။
ထိုသည်ကား လောက၏ ဓမ္မတာသဘောပေတည်း။

ငါသည်မိန်းမသား တစ်ယောက်ပင် ဖြစ်သော်ငြားလည်း
ငါ့အားပစ်ခတ်ရန် ချိန်ရွယ်ထားသော
သေနတ်ပြောင်းဝ ထိပ်ရှေ့တည့်တည့်သို့ပင်
မကြောက်မရွံ့လျှောက်လှမ်းခဲ့ဘူးလေပြီ
ဤသည်ကားငါ၏သတ္တိ။
ပြည်သူသည်သာ ငါ၏အသက်
ပြည်သူသည်သာ ငါ၏နှလုံးသား
ပြည်သူ့မျက်နှာမှလွဲ၍ အဘယ်သူ့မျက်နှာကိုမျှ မကြည့်နိုင်
ပြည်သူအတွက်ဆိုလျှင် ဘယ်အရာကိုမဆို ရင်ဆိုင်ရဲ၏။
ပြည်သူတို့၏ဘဝ သာယာချမ်းမြေ့မည်ဆိုလျှင် ဘယ်အရာကိုမဆိုစွန့်လွှတ်ရဲ၏
ငါအသက်ရှင်နေသရွေ့
ငါ၏အသက်နှင့်ခန္ဓာသည် ပြည်သူ့အတွက်ဖြစ်၏။
ဤသည်ကား ငါ၏ခံယူချက်။

ပြည်သူတို့၏ဘဝ ဆင်းရဲတွင်းမှလွတ်မြောက်ရေးသည်
ငါ၏ ရည်မှန်းချက်ပန်းတိုင်။
အောင်မြင်ရမည်ဟူသည်ကား ငါ၏ယုံကြည်ချက်။
ပြည်သူ၏အပြုံးသည် ငါ၏နှလုံးသားဖြစ်၍
ပြည်သူ၏ဒုက္ခတရားသည် ငါ၏ဘဝပင်ဖြစ်သည်။
ပြည်သူတို့၏ မျက်ရည်သည် ငါ၏နှလုံးသည်းပွတ်တို့ ကြေကြွဲခင်းပင်တည်း။

နေရဲနီ

ဓာတ်ပုံ On Asia & Getty Images


ဆရာနေရဲနီ ကဗျာများ တစုတဝေးတည်း ပြန်ဖတ်လိုလျှင်..
http://www.demowaiyan.org/search/label/%E1%80%B1%E1%80%94%E1%80%9B%E1%80%B2%E1%80%94%E1%80%AE%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8


ပခုက္ကူ မြန်မာ့မီးရထား ကွန်ကရိ ဇလီဖာတုံးစက်ရုံမှ အလုပ်သမားများအား အလုပ်ရှင်မှ အလုပ်မှ ထုတ်ပယ်နေခြင်းအပေါ်... (တိုင်ကြားစာ)

ပခုက္ကူမြို့ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန လက်အောက်ခံ ကွန်ကရိ ဇလီဖားတုံး စက်ရုံ တွင် အလုပ်ရှင်နှင့် ၀န်ထမ်းအလုပ်သမားများ ၃၀.၄.၂၀၁၂ နေ့ အလုပ်ရှင်ဘက်မှ ခေါ်ယူသော အစည်းအဝေး မှတ်တမ်းအား မြန်မာပြည်သူများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အာဏာရှိ အစိုးရ လူကြီးမင်းများ သိရှိစေနိုင်ပါရန် တင်ပြအပ်ပါသည်။ ....

၁။ အလုပ်သမားများ အလုပ်ခွင်တွင် ပျော်ရွှင်စွာ မလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး ဌာနတူ ၊ အဆင့်တူ များကို လုပ်ခ၊ လစာ မတူညီစေမှုများ ဖန်တီးထားပြီး စိတ်ဝမ်းကွဲပြားအောင် ကန်ထရိုက်တာမှ ပြုလုပ်ထားပါသည်။

၂။ သူပေးချင်သလောက် လုပ်ခ၊ လစာဖြင့် အချိန်မရွေး အလုပ်သမား ပေါများကြောင်းခြိမ်းခြောက် အကြပ်ကိုင်ကာ လက်ရှိကျွမ်းကျဝန်ထမ်း အလုပ် သမားများ၏ ကုမ္ပဏီအပေါ် ရိုးသားကြိုးစား သစ္စာရှိရှိ လုပ်ကိုင်နေမှုကို အသိအမှတ် မပြုခြင်း။ ရေရှည် အမြဲတမ်း အလုပ်သမား မထားလိုကြောင်း ပေါ်လွင်နေခြင်း၊ အင်အား လျှော့ ပစ်ခြင်း၊

၃။ အလုပ်သမား အချင်းချင်း ရန်တိုက်ပေးသော အနေဖြင့် ၀န်ထမ်းအခြင်းခြင်း အပြန်အလှန်အပြစ်ရှာ အင်အား လျှော့ခိုင်းစေခြင်း၊ ဖြုတ်ခိုင်းစေခြင်းဖြင့် ၀န်ထမ်းများ မညီမညွှတ် ဖြစ်စေကာ သူလုပ်လိုသည့် အနေအထားကို အလုပ်သမားများ ကိုယ်တိုင် လုပ်ကြလေဟန် လှည့်စားပြီး သူ့အပြစ်ကို ဖုံးကွယ်ထားခြင်း၊

၎။ အစိုးရ၏ အမိန့်အတိုင်း ကုမ္ပဏီမှ လုပ်ခလစာ တိုးမပေးနိုင်ကြောင်း၊ ၄င်းတို့ကုမ္ပဏီထက် သာသော နေရာသို့ ထွက်ခွာသွားကြရန်သာ ဖိအားပေး အကြပ်ကိုင်ခြင်း၊ ၀န်ထမ်း အလုပ်သမား များ၏ အလုပ်တည်တံ့ခိုင်မြဲမှု နှင့် ကုမ္ပဏီခိုင်မာမှု လုပ်ငန်းအောင်မြင်မှုများကို မပေါင်းစပ်ခြင်း၊ မစဉ်းစားခြင်း။

၅။ ၄င်းကုမ္ပဏီသည် နာမည် မရှိခြင်း၊ လုပ်ငန်းလိုင်စင် မှတ်ပုံတင် မရှိခြင်းနှင့် ယခင်မြန်မာ့မီးရထား ဒု-၀န်ကြီး ဦးဖေသန်း၏ အရှိန်အ၀ါဖြင့် လုပ်ငန်း လုပ်ကိုင်နေပြီး လက်ရှိ ၃၀.၄.၂၀၁၂ နေ့တွင် ၀န်ထမ်း(၂)ဦးအား လည်းကောင်း၊ ၂.၅.၂၀၁၂ နေ့တွင် ၀န်ထမ်း(၅)ဦးအား လည်းကောင်း သက်ဆိုင်ရာ အလုပ်သမား ဦးစီးဌာနများ၏ သဘောထားအား မေးမြန်းစုံစမ်း ညှိနှိုင်းခြင်းမရှိပဲ အလုပ်မှ ထုတ်ပယ်သည်ကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ အလုပ်မှ နှုတ်ထွက်ကြောင်း အသိသက်သေများ ရှေ့တွင် အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်ပါသည်။ 

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ၃၀.၄.၂၀၁၂ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးမှတ်တမ်း အသံဖိုင်အား သက်ဆိုင်ရာ တာဝန်ရှိလူကြီးများ သိစေနိုင်ရန် ပူးတွဲ တင်ပြ ပေးဦးမည် ဖြစ်ကြောင်း/

ရေကြည်ချမ်းမြေ့တပေါက် သောက်ပါရစေလေ... (ရန်ကုန်မြို့လယ်ခေါင်မှ ရေအခက်အခဲအား ဖြေရှင်းပေးပါရန်)

 ရေကြည်ချမ်းမြေ့တပေါက် သောက်ပါရစေလေ... 
(ရန်ကုန်မြို့လယ်ခေါင်မှ ရေအခက်အခဲအား ဖြေရှင်းပေးပါရန်)

ကျွန်တော်များ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အပေါ်ဘလောက်၊ ဗိုလ်ဆွန်ပက်လမ်း၊ ၃၁လမ်း၊ ၃၂လမ်းများ အတွက် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထိပ်တွင်၊ အဝီစိတွင်းမှ သုံးရေ ဖြန့်ဖြူး ပေးဝေခဲ့ပါတယ်...။ 

ယခုလို နွေရာသီ ရေလိုအပ်ချိန်တွင်၊ ကျွန်တော်တို့ မြို့လယ်ခေါင်မှ ရပ်ကွက်နေ ပြည်သူများအား အဝီစိတွင်းမှ သုံးရေ ယခင်ပုံမှန် ဖြန့်ဖြူးပေးသော အချိုးထက်ထက်ဝက်ခန့်သာ လျော့ဖြန့်ဝေရန် မြို့နယ်စည်ပင် ရေသန့် တာဝန်ခံမှ ရေစက်မောင်းကို အမိန့်ပေးထားသဖြင့် နဂိုကပင် ရေဖြန့်ဖြူးခြင်းကို လုပ်စားနေသော ရေစက် မောင်းဖို့ ပွဲတော်ကြီး ဖြစ်နေပါသည်။ ယခင် တိုက်ခန်းများထက် ယခုအခါ ဒီပီစံနစ်အရ အဆောက်အဉီး အသစ်များကြောင့်၊ မိမိတို့ ရပ်ကွက်တွင် လူနေထူထပ်ပြီး နေထိုင်သူဦးရေ  ပိုမိုများပြား လာသော်လည်း ပုံမှန်ဖြန့်ဝေနေသော ရေအား လျော့ချ ဖြန့်ဝေလိုက်ခြင်းကြောင့် ရပ်ကွက်တွင်း နေထိုင်သူများမှာ ရေမလုံလောက်ခြင်း ဒုက္ခ ကြုံတွေ့နေရပါသည်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် ရေရရှိရေး ကော်မတီမှလည်း ရေတွင်းတူးစဉ်က အလှူခံရရှိ၍ အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ကြသော်လည်း၊ ယခုအခါ ရပိုင်ခွင့် အကျိုးအမြတ် မရရှိသောအခါ မည်သည့် လှုပ်ရှားမှုမှ မရှိတော့ပါ။ ရန်ကုန်မြို့လယ်ခေါင်မှာ ရေကြည်ချမ်းမြေ့ သောက်၊ သုံးရဖို့အတွက် ကြုံတွေ့နေရသည့် ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူများ၏ ရေဒုက္ခကို ကယ်တင်သောအားဖြင့် သက်ဆိုင်ရာမှ အလျင်အမြန် စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်..။

ရန်ကုန်မြို့လယ်ခေါင်မှ ရေအခက်အခဲဖြစ်နေသည့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ..

N LD-BG ပညာဒါနကျောင်း အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ လှူဒါန်းငွေအား လက်ခံရယူ သုံးစွဲပုံ မှတ်တမ်း..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ လှူဒါန်းပေးအပ်သော ပညာဒါနကျောင်း (၂၅) ထဲမှ NLD-BG ပညာဒါနကျောင်း အတွက် ရရှိသော အလှူငွေ၏ သုံးစွဲပုံ သတင်းစဉ်။
ပညာရေးရံပုံငွေ ပေးအပ်ပွဲအခမ်းအနားတွင် -နာယကကြီး ဘဘဦးတင်ဦးမှ အဖွင့် အမှာစကား ပြောကြားနေပုံ။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက်ရှိ ပညာဒါနကျောင်းပေါင်း ၂၅ ကျောင်းအား ရွှေဂုံတိုင်အမျိုးသားဒီမိုကရေစီဌာနချုပ်တွင် ယုဒဿန်နှင့် MCC ပညာရေးရံပုံငွေ ဈေးရောင်းပွဲမှရရှိသော အလှူငွေများနှင့် အခြားသောစေတနာအလှူရှင်များလှူဒါန်းခဲ့သော အလှူငွေများကို နေ့လည်- ၁း၀၀ အချိန်တွင် သဘာပတိကြီးများ၊ နာယကကြီးများဖြစ်သော ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်တို့မှ ဦးစီး၍ အစီအစဉ် (၇) ရပ်ဖြင့် ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ အမေ့အိမ်ကျောင်းများ အပါဝင် အခမဲ့သင်ကြားပေးရေး ပညာဒါနကျောင်းပေါင်း (၂၅)ကျောင်းမှ ကော်မတီအဖွဲ့ဝင်များ၊တာဝန်ခံဆရာ၊ဆရာမများ၊ သင်ကြား လေ့ကျင့်ပေးရေး ဆရာ၊ ဆရာမများစုံညီစွာ တက်ရောက်ခဲ့ပါသည်။

ထို (၂၅) ကျောင်းကို အုပ်စု (၃) ခုခွဲပြီး လှူဒါန်းခဲ့ပါသည်။ ထိုမှ NLD-BG (အသိပညာ၊အတတ်ပညာ အသက်မွေးဝမ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်း) သည် အုပ်စု (၁)တွင် ပါဝင်ခဲ့ပါသည်။ ထိုမှ ယနေ့ရရှိခဲ့သော အလှူငွေ (၆)သိန်းတိတိကို ပညာသင်အရွယ်တွင် ပညာမသင်ရရှာသော အမှိုက်ကောက် ကလေးများအတွက် အနီးကပ် ကြပ်မှတ် လေ့ကျင့်သင်ကြား ပေးနိုင်ရန်ရည်ရွယ်ပြီး ဆောက်လုပ်ဆဲ ဖြစ်သောနှစ်ထပ် တိုးချဲ့ဆောင်၏ အပေါ်ခင်းပြင်နေရာတွင် ဖြည့်စွက် အသုံးပြုသွားမည် ဖြစ်သည်။

မှတ်ချက်= အပေါ်ခင်းပြင် ပြီးစီးပါက ပြီးစီးသည့် ပုံအား ထပ်မံ တင်ပြသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို ဆက်သွယ် စုံစမ်း၊ မေးမြန်း ကူညီ လှူဒါန်းလိုပါက NLD-BG သွေးအကူအညီ ပေးရေးနှင့် အသိပညာ၊ အတတ်ပညာ အသက်မွေး ၀မ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်း တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ Ph: 09-49328055 - ကျောင်း/ရုံး Ph: 09-73125885 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
အမှိုက်ကောက် ကလေးများအတွက် အနီးကပ် ကြပ်မှတ် လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ဆဲဖြစ်သော တိုးချဲ့ဆောင်။
 NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ်ပညာ အသက်မွေးဝမ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်းမှ တာဝန်ခံတစ်ဦးဖြစ်သော ဒေါ်သီတာဝင်းအောင်အား ဘဘဦးဝင်းတင်မှ အလှူငွေ (၆) သိန်းပေးအပ်ပုံ။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက်မှ လှူဒါန်းငွေ ပေးအပ်ပွဲသို့ တက်ရောက် ခံခဲ့တဲ့ NLD-BG အသက်ကယ်သွေး အကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ အသက်မွေးဝမ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်းမှ တာဝန်ခံ ကိုညီညီနှင့် NLD-BG ကျောင်းရှိ ကလေးငယ်များအား ကျန်းမာရေးပုံမှန် စစ်ဆေးပေးနေသော NLD-BG ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကိုကျော်စွာဦး (ယုဇနဥယျာဉ်မြို့တော်-ရောင်ခြည်သစ် ပညာဒါနကျောင်းတာဝန်ခံ) တို့အားတွေ့ရစဉ်

မေမေ့သား- လင်းဆက်
 (NLD-BG)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် ရန်ပုံငွေပေးအပ် လှူဒါန်းပွဲ (၄.၅.၂၀၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမေ့အိမ်ပညာရေး ကွန်ရက်မှ ရန်ကုန်တိုင်းအတွင်းရှိ အမေ့အိမ် ပညာဒါနကျောင်း (၂၅) ကျောင်းအား (၂၀၁၂-၁၃) ပညာသင်နှစ်အတွက် ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးတွင် ယနေ့(၄.၅.၁၂) မွန်းလွဲ (၁း၀၀)နာရီမှာ စတင်ကျင်းပပြီး အလှူရှင် မိဘပြည်သူများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၉၀) ကိုကျောင်းများသို့ ခွဲဝေလှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ အဖွဲ့ချုပ်နာယကများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ အမေ့အိမ်ကျောင်း(၂၅)ကျောင်းမှ ကျောင်းတာဝန်ခံနှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ အမေ့အိမ်ကျောင်းများကို ခြေခံမူ (၄) ချက်ဖြင့် Group(၃) ခုခွဲခြား သတ်မှတ်ပြီး A group မှ ကျောင်း(၅) ကျောင်းကို တစ်ကျောင်းလျှင် (၆)သိန်းကျပ်၊ B group မှကျောင်း(၁၀) ကျောင်းကို တစ်ကျောင်းလျှင် (၄)သိန်းကျပ်၊ C group မှကျောင်း(၁၀)ကို တစ်ကျောင်းလျှင်(၂) သိန်းကျပ်နှင့် ဗလာစာအုပ်ဒါဇင် (၅၀၀) ကိုလည်း မျှဝေလှူဒါန်း ပေးအပ်ခဲ့ပါသည်။
ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
ကိုငယ်..