ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေဝယ်မြေမှ လယ်သမားတို့၏ ရင်ဖွင့်သံ (ပေးစာ)

ရွှေဝယ်မြေမှ လယ်သမားတို့၏ ရင်ဖွင့်သံ (ပေးစာ)

ထားဝယ်မြို့ ကမ်းနားလမ်း တလျှောက်ရှိ လယ်ယာများအား စီးပွားရေး လုပ်ငန်းရှင်ကြီးများမှ စက်မှုလုပ်ငန်း လုပ်ကိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် နှစ်(၃ဝ) စက်မှုဂရမ်ဖြင့် အစိုးရထံငှါးရမ်း ထားပြီးဖြစ်သည်ဟုဆိုကာ သိမ်းယူခဲ့သည်။ သိမ်းယူ ခဲ့စဉ်က လယ်သမားများအား ကြိုတင်အကြောင်းကြားခြင်း၊ လယ်သမားများနှင့် ညှိနှိုင်းခြင်းများ မပြုလုပ်ခဲ့ဘဲ အတင်းသိမ်းယူခဲ့ပြီး နှစ်ပေါင်းများစွာ ကြာလာသည် အထိပင် မည်သည့် စက်မှုလုပ်ငန်းမှ မလုပ်ကိုင်သလို၊ မည်သည့် စက်မှုဇုံမှဖြစ်ပေါ်မလာပါ။

မူလလယ်သမားများကိုလည်း လယ်ယာလုပ်ကိုင် စားသောက်ခွင့် မပြုဘဲ တခြားလယ်ငှါးများကို လုပ်ကိုင်စေခြင်းမှာ ထိုလယ်ယာမြေများတွင် နှစ်ပေါင်းများစွာ လယ်လုပ်ကိုင် စားသောက်ခဲ့သော လယ်သမားများအတွက် နစ်နာလှသဖြင့် ဤစက်မှုမြေဂရမ်များကို နိုင်ငံတော်အနေဖြင့် လယ်သမားများ အေ ရးရှေးရှုပြီး ပြန်လည်စီစစ်ပေး နိုင်ရန် နိုင်ငံတော်သမ္မတထံ အသားနားခံ တင်ပြသွားမည်ဟု လယ်သမားများ ကပြောဆိုပါသည်။

လယ်သမားများအထဲမှ 'ဦးပိုးသား'ဆိုသူမှ ပြောဆိုရာတွင် 'ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂ဝ)ကျော်ကတည်းက လယ်လုပ်ခဲ့တာပါ။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို စက်မှုဇုန်ပေါ်ပေါက်ရေး ဆိုပြီးအဓမ္မအတင်း သိမ်းယူပြီးတော့ ဘာစက်မှုဇုန်မှလည်း ဖြစ်မလာပါဘူး။ သဲဆိပ်လုပ်ပြီး သဲရောင်းစား တဲ့လူနဲ့ လယ်လုပ်နေတဲ့ လူတွေဆိုတော့ ဒီလယ်မြေတွေ မူရင်းလယ်သမားဟောင်းတွေ ဖြစ်တဲ့ ကျုပ်တို့ လယ်သမားတွေကိုပဲ ပြန်လုပ်ခိုင်းရမှာပေါ့၊ အခုတော့တလွဲတွေ လုပ်နေကြသလိုမြင်မိတယ်။ ဗျာ ဒါကြောင့် ကျွန်တော်တို့ လယ်သမားတွေရဲ့ ဘဝကိုနိုင်ငံတော် သမ္မတကြီးသိရှိပြီး အရေးယူ ဆောင်ရွက်ပေး စေလိုပါတယ်'ဟု ပြောဆိုခဲ့သည်။

ရွှေဝယ်သား..

သိန်းဂရုပ်ဆောက်လုပ်ရေးမှ တာဝန်မဲ့လုပ်ရပ်အား ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားခြင်း..


သို့
သက်ဆိုင်ရာသို့

နေ့စွဲ ။ ၂၀ ၊ ၈ ၊ ၂၀၁၂

အကြောင်းအရာ။ ။ သိန်းဂရုပ်ဆောက်လုပ်ရေးမှ တာဝန်မဲ့လုပ်ရပ်အား ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားခြင်း

၁။ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လမ်း(၃၀)၊ အမှတ်(၇၄/၇၆)တွင် သိန်းဂရုဆောက်လုပ်ရေးမှ (Pile) လုပ်ငန်း ဆောင်ရွက်စဉ် (၂၄-၁၂-၂၀၁၀)နေ့ (Pile) စက်မှ ကရိန်းလက်တံဖြင့် အဆောက်အဦးသို့ ရိုက်ခတ်မိသည့်အတွက် ကျွန်တော်/ ကျွန်မ တို့နေထိုင်လျက်ရှိသည့် အမှတ်(၇၀/၇၂) အဆောက်အဦး၏ ပထမထပ်မှ တတိယထပ်အထိ အိမ်ရှေ့/နောက်ဖေး (ဘေးအုတ်နံရံများ)အက်ကွဲသွားခဲ့ပါသည်။

၂။ သို့ကြောင့် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ မယက၊ ရယက၊ အထူးသတင်းတပ်ဖွဲ့၊ စအဖ အဖွဲ့များသို့ ချက်ချင်းအသိပေး တိုင်ကြားခဲ့ရာ လာရောက်စစ်ဆေး မှတ်တမ်းတင်၍ အဆင့်ဆင့်သို့ အကြောင်းကြား ပြောကြားခဲ့ပါသည်။ ထို့ပြင် ပျက်စီးနစ်နာ မှုများအတွက် သိန်းဂရုဆောက်လုပ်ရေးမှ မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိသောကြောင့် (၁၄-၁-၂၀၁၁) နှင့် (၁၀-၆-၂၀၁၁)နေ့များတွင် ၀န်ကြီး(ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ)၊ ဌာနမှူး(အင်ဂျင်နီယာဌာန၊ အဆောက်အဦး)များ သို့ဆက်လက်၍ အဆင့်ဆင့် အသိပေး တိုင်ကြားခဲ့ပါသည်။

၃။ သို့ရာတွင် သိန်းဂရုဆောက်လုပ်ရေးမှ ပျက်စီးနစ်နာမှုများအတွက် တစ်စုံ တစ်ရာဆောင်ရွက်မပေးသည့်အပြင် ယင်း ukrÜPD၏ ၀န်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင် ကိုအောင်သိန်း ဆိုသူတို့အားစေလွှတ်၍ သိန်းဂရုဆောက်လုပ်ရေးနှင့် တိုက်သစ် ဆောက်လုပ်ရန် ကန်ထရိုက် စာချုပ်ကြမ်းများပေး၍ စည်ရုံးပြောဆိုခဲ့သောကြောင့် ထိုကိစ္စမှာ သွေးရိုးသားရိုးမဟုတ်ဘဲ၊ ရည် ရွယ်ချက်ဖြင့် မိမိတို့ အဆောက်အဦးအား ပျက်စီးစေရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်း သံသယ၀င်မိပါသည်။

၎။ တိုင်ကြားချက်နှင့်ပက်သက်၍ ဌာနမှ(Pile)လုပ်ငန်းများအား ရပ်ဆိုင်းစေခဲ့ပြီး (၂၃-၆-၂၀၁၁)နေ့တွင် စစ်ဆေးရေးဌာနခွဲ (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ) မှ လာရောက်စစ်ဆေးခဲ့ပါသည်။ ဌာနမှသုံးသပ် စစ်ဆေးဆဲကာလ၊ တစ်စုံ တစ်ရာမဆုံးဖြတ်မီ (၁၀-၈-၂၀၁၁) နှင့် (၁၈-၈-၂၀၁၁)နေ့များတွင် သိန်းဂရုဆောက်လုပ်ရေးမှ Pile လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည့်အတွက် ခရိုင်နှင့်မြို့နယ်(စည်ပင်)မှတာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့သော်လည်း ရပ်ဆိုင်း သွားခြင်းမရှိပါ။ ထို့ကြောင့် (၁၉-၈-၂၀၁၁)ရက်နေ့တွင် ၀န်ကြီးချုပ်(ရန်ကုန်တိုင်းဒေသကြီး)အား ထပ်မံတင်ပြတိုင်ကြားခဲ့ပါ သည်။

၅။ (၂၀-၈-၂၀၁၁)နှင့် (၃-၉-၂၀၁၁)နေ့များတွင် မြို့တော်စည်ပင်အဆောက်အဦးဌာနမှ တာဝန်ရှိသူများမှ အစည်းအဝေး ခေါ်ယူ၍ အဆောက်အဦးအား (D.B) အန္တရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း သိန်းဂရု  ဆောက်လုပ်ရေးမှ ပျက်စီးနစ်နာမှုအတွက် တစ်စုံတစ်ရာ နစ်နာ ကြေးကို ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် နေထိုင်သူများ အဆောက်အဦးမှ ဖယ်ရှားသည့် အချိန်ထိ (Pile) လုပ်ငန်း အားရပ်ဆိုင်းထားစေမည်ဖြစ်ကြောင်း၊ ရှင်းလင်းပြောကြားခဲ့ပါသည်။ သို့ရာတွင် ဌာန၏ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိ ဘဲ (Pile) လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ရာ (၁၂-၉-၂၀၁၁)နေ့တွင် အဆောက်အဦးတုန်ခါမှု ဖြစ်ပေါ်သောကြောင့် ဌာနမှူး (အဆောက်အဦး)၊ မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးစသည့် အဖွဲ့အစည်းများသို့ အကြောင်းကြားကာ လုပ်ငန်းဆောင် ရွက်နေရာသို့ သွားရောက်ကန့်ကွက်ပြောဆိုမှသာ ရပ်ဆိုင်းသွားခဲ့ပါသည်။

၆။ ထို့ပြင် (၂၀-၉-၂၀၁၁)နေ့ မြို့တော်စည်ပင်သာယာရေးကော်မတီ(အဆောက်အဦး)ဌာနမှ တာဝန်ရှိ သူများမှာလျော်ကြေးငွေပေးရန်နှင့် (Pile) လုပ်ငန်း ရပ်ဆိုင်းရန်ခေါ်ယူညှိနှိုင်းသည့် အစည်းအဝေးတွင် သိန်းဂရုဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးမြင့်သိန်းသည် ယင်းတို့၏ (Pile) လုပ်ငန်းကြောင့် ထိခိုက်ပျက်စီးခြင်း မဟုတ်ကြောင်း၊ ဌာနမှ အဆင့်ဆင့် ဆုံးဖြတ်ပေးခဲ့သည့် ဆုံးဖြတ်ချက်များကို ပြောင်ကျ ကျငြင်းဆိုခဲ့သဖြင့် (Pile) လုပ်ငန်းရပ်ဆိုင်းရန်နှင့် နစ်နာမှုအတွက် တစ်စုံတစ်ရာညှိနှိုင်းဆောင် ရွက်ရန် ရည်ရွယ်၍ပြုလုပ်သော အစည်းအဝေးမှာ ဦးမြင့်သိန်းကြောင့် ပျက်ပြားသွားခဲ့ရပါသည်။

၇။ ထို့ကြောင့် သိန်းဂရုဆောက်လုပ်ရေးမှ ဦးမြင့်သိန်းသည်

- ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း (Pile) လုပ်ငန်းအား မဆောင်ရွက်သဖြင့် မိမိတို့အဆောက်အဦး ထိခိုက်ပျက်စီးပြီး (D.B) အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရခြင်း။

- ဌာနမှ (Pile) လုပ်ငန်းရပ်ဆိုင်းထားရန် ညွှန်ကြားထားသော်လည်း မလိုက်နာဘဲ ဆက်လက်လုပ်ကိုင် ဆောင်ရွက် နေခြင်း။

- မိမိတို့နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်သည့်အပြင် ထိခိုက်နစ်နာမှုအတွက် ငြိနှိုင်းခြင်း မရှိဘဲ၊ တိုက်သစ်ကို ယင်းတို့ ukrÜPDနှင့် ဆောက်လုပ်ရန်အတွက်သာ စာနာထောက်ထားမှု မရှိဘဲ စည်ရုံးပြောဆို ခဲ့ခြင်း။

- နိုင်ငံတော်မှချမှတ်ထားသော စည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဌာနဆိုင်ရာ အစည်းအဝေးတွင် မိမိကိုယ်ကျိုးစီးပွားအတွက် ပြောင်ကျကျ ချိုးဖောက်ခဲ့ခြင်း။

စသည့်ကိစ္စများကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြောင်းတွေ့ရှိရပါသည်။

၈။ အဆိုပါကန်ထရိုက်တာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပလဲနာမ သင့်မြတ်သူများ ဖြစ်သည့်အတွက် ၎င်းကန်ထရိုက်တာ၏ အကျိုးစီးပွားအားရှေ့ရှုခြင်း၊ ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း
၊ဖြေကြားရှင်းလင်းပေးခြင်း မရှိခဲ့ပါ။ သို့ဖြစ်ပါ၍ သိန်းဂရုဆောက်လုပ်ရေးအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

၉။ မိမိတို့နေထိုင်သူများမှ မိမိတို့သဘောမပါဘဲ အန္တရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ခံရသည့်အပြင် ပျက်စီးမှုကြောင့် မိုးယိုနေသော အဆောက်အဦးတွင် ဆက်လက်နေထိုင်ခွင့်မရရှိဘဲ နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့ကြောင်းတိုင်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ဦးခင်မောင်သိန်းထွဋ်ဝင်း


ကျွန်တော်တို့က လူတွေပါဗျာ...

ကျွန်တော်တို့က လူတွေပါဗျာ

၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁ဝးဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုတို့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့သို့ကြိုတင်ပြီး ရှေ့ပြေး ရောက်ရှိနေကြသော  နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများ ဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးရောဘတ်အောင်၊ ဦးထွန်းထွန်းဝင်း(ပန်းသီး) နှင့် နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့သားများ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကူညီလှူဒါန်း အားပေးစကားများ ပြောကြားခဲ့ကြသည်။
 
 မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်း ဒုက္ခသည် စခန်းမှာလှူဒါန်းနေစဉ်..
စစ်တွေမြို့သို့ရောက်ရှိသည်နှင့် စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့်နောက် ဓညဝတီ ဘောလုံးကွင်း ၊ မင်းဂံကွက်သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက်(နာဇီအနီး)၊ ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား ဆန်အိတ်များ လှူဒါန်းခဲ့ပြီး  အားပေးနှစ်သိမ့် မေတ္တာပို့သမှုများကို ပြုလုပ်ပေးခဲ့ကြသည်။ ထိုဒုက္ခသည်စခန်းများတွင် အိမ်ထောင်စုပေါင်း (၄၃၂)စု၊ လူဦးရေပေါင်း (၁၇၂၈)ဦး ကျော်ခန့်တို့သည် နေရေး၊ စားရေး၊ ကျန်းမာရေး စသည်တို့နှင့်ကြုံတွေ့နေမှုများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။ ယောကျာင်္းဖြစ်သူ အသတ်ခံရ၍ လသားအရွယ် ကလေးငယ်လေးအား ချီပိုးထားသော မိခင်တစ်ဦး၊ မိဘမဲ့ကလေးငယ်များ၊ သားသမီးမဲ့ မိအိုဖအိုများ၊ အိုးအိမ်မီးလောင်ပျက်ဆီးခဲ့ရသော အခြေအနေမဲ့ဒုက္ခသည်များစသည့် ဘဝပေါင်းမြောက်များစွာပျက်စီးခဲ့ရသော မိသားစုဝင်များတို့၏ ကြေကွဲ ဖွယ်ရာဘဝများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။


ထိုကဲ့သို့ဘဝပေါင်းများစွာဆုံးရှုံးခဲ့ရသော ရခိုင်ဒေသရှိဒုက္ခသည် များထဲတွင် မြန်မာ၊ ရခိုင်၊ ဟိန္ဒူ စသည့် ဗုဒ္ဓဘာသာဝင်များအား လှူဒါန်းကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်း မေတ္တာပို့သပေးခဲ့ခြင်းတို့သည် ဒုက္ခသည်အပေါင်းအားလုံးအတွက် လောကဓံကိုရင်ဆိုင် နိုင်သည့်အင်အားများပေါ်ပေါက်စေခဲ့သည်။ ထို့ပြင်စစ်တွေမြို့ရှိ ရွှေဂရုနာ အခမဲ့ ဆေးပေးခန်းသို့လည်း သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီး ဦကျော်သူ၊ ဒေါ်ရွှေဇီးကွက်တိုမှ အလှူငွေ (တစ်သိန်းကျပ်)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ (ခုနှစ်သိန်းကျပ်)၊ အသင်းသား ဖြစ်သူ ဦးကျော်ဝင်းမှ အလှူငွေကျပ်(ငါးသောင်း) တို့ကို လှူဒါန်းခဲ့သည်။ ထို့နောက် ညနေ ၅နာရီအချိန်တွင် နာရေးကူညီမှုအသင်း(စစ်တွေ)နှင့်မောင်းတောမြို့၊ အမျိုးသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း၊ ဒုက္ခသည်ကူညီရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် အတွင်းရှိ ကူညီစောင့်ရှောက်ရေး ကိစ္စများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းစဉ်များ၊ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများနှင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူတတ်မှု စသည့် လူမှုရေးကိစ္စရပ်များအား ပွင့်လင်းစွာဆွေးနွေးပွဲအား ကျင်းပခဲ့ကြသည်။

ဥက္ကဌဦးကျော်သူသည် ပြည်ပခရီးသို့ သြဂုတ်လ ၂၉ရက်နေ့တွင် ထွက်ခွာ ရတော့မည်ဖြစ်၍၊ ဒေါ်ရွှေဇီးကွက်နှင့် ဦးဖြိုးကိုကိုတို့နှင့်အတူ ၂၀၁၂ခုနှစ်၊သြဂုတ်လ၊ ၂၅ရက်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ ကျန်ရစ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် သြဂုတ်လ ၂၆ရက်နေ့ တွင် ရန်ကုန်မှ သင်္ဘော၊ မော်တော်ကားတို့ဖြင့် ကြိုတင်၍ စစ်တွေမြို့သို့ ပို့ထားသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများအား ဘူးသီးတောင်၊ မောင်းတောမြို့များရှိ ဒုက္ခသည်များထံသို့ ဆက်လက်ချီတက်ကာ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ပေးဆပ်သွားမည်ဖြစ်ပါသည်။
ရန်ကုန်မြို့သို့ အပြန်ခရီးလမ်းကြောင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မီးလောင်လွင်ပြင်များ၊ မိမဲ့ဘမဲ့ ဖြစ်သွားသော ကလေးငယ်များ၊ အိုးအိမ်အဝတ်အထည် ပစ္စည်းဥစ္စာများ ပျက်ဆီးဆုံးရှုံးသွားကြရသော မိသားစုဝင်များ၏ ပုံရိပ်များသည် ကျွန်တော်တို့အတွက် စိတ်အစဉ်တွင် မေ့ဖျောက်၍မရနိုင်အောင် စွဲလန်းမိကာ ငြိမ်းချမ်းရေးကို တောင့်တမိပြီး တစ်ချိန်က ကျွန်တော်ရေးဖွဲ့ထားခဲ့သော “ ကျွန်တော်တို့က လူတွေပါဗျာ ” ဟူသော ကဗျာ စာပိုဒ်အား မြင်ယောင်မိတော့သည်။

ကျွန်တော်တို့က လူတွေပါဗျာ

တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊
သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊
အာဃာတတွေ ဘယ်လောက်ထားထား၊
အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊
ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့ မြင်ကွင်းလေးတွေက ငြိမ်းချမ်းမှုကိုရစေတယ်လေ။
သူတို့က တိရစ္ဆာန်တွေပါ။ အခု … ကျွန်တော်တို့က လူတွေပါဗျာ။
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။
တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။
မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။
ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။
ကျွန်တော်တို့က လူတွေပါဗျာ . . . . ။ ။

(ကျော်သူ)

ဒုသမ္မတ ဦးဥာဏ်ထွန်း မလာမှီ ခါတော်မှီ လမ်းခင်းနေတဲ့ ခရမ်းမြို့မှ ပြည်သူ့မျက်နှာ မကြည့်တဲ့ လုပ်စားနေကြသူ ဋ္ဌာနဆိုင်ရာ အာဏာပိုင်များ (ပေးစာ)

ဒုသမ္မတကြီး မလာမှီ တစ်ည အလို

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ကို မနက်ဖြန် (၂၅ရက်နေ့မှာ)ဆိုရင် ဒုသမ္မတ ဦးဥာဏ်ထွန်း လာပါမည်။ ထို့ကြောင့်လမ်းနှင့် ဌာနဆိုင်ရာ အဆောက်အဦးများ ဆေးသုတ်၊ လမ်းခင်း ပြုလုပ်ကြရပါသည်။ တစ်သက်လုံး မပြုပြင် မတည်ဆောက် ခဲ့သော လမ်းများကို ညတွင်းချင်း(တစ်ညတည်းနှင့်) အပြီး လမ်းခင်းဖာထေးနေကြသည်မှာ အတော် အံသြဖို့ ကောင်းလှပါသည်။ သမ္မတကြီး ပြောကြားထားသော စကား(ပွင့်လင်းမြင်သာမူ)ကို အတည်ပြု ပေးနေပုံမှာ အင်မ တန်မှပင် ချီးကျူးစရာပါ။

ဒုသမ္မတကြီး မလာခင်ည လမ်းများကို (သဲနှင့် ရွံ့) ခင်း၊ မရှိတဲ့ ပလတ်ဖောင်း ထုံးသုတ်၊ ချိုင့်ကြီးလျှင် ကားနှင့် ကာကွယ်ထားပါသည်။ လမ်းဘေးဈေးသည် ဆိုင်ခန်းများ (၁၂၀) ခန့်ကြိုဖျက်ထားသည်။ သမ္မတကြီးပြန်လျင် ၀ါးဝယ်၊ အမိုး ၀ယ်နှင့် မရှိလို့ ဈေးရောင်းစားပါတယ်။ သမ္မတကြီးလာမှ ဆိုင်အဟောင်းဖျက် အသစ်ထပ်ဆောက် ရပါမည်။ မြို့အင်္ဂါရပ် ရှိရမည်အချိန်သည် သမ္မတကြီး လာချိန် လို့ယူဆရမလိုဖြစ်နေပါသည်။ ယခုလို လိမ်လည် လှည့်စားနေသော အောက်ခြေ ၀န်ထမ်းများကို ကောင်းမွန်စွာ သတိပေးသင့် နေပါပြီ။ လူကြီးလာမှ အလုပ်လုပ်၊ လူကြီးမျက်နှာကြည့်၊ လူကြီးကို လိမ်၊ ပြည်သူကို မကြည့် ဒူးခေါင်း လောက်မြုပ်နေတဲ့ လမ်းကို မပြ၊ ခေတ် အဆက်ဆက်လိမ်ခဲ့ ကြသည်မှာ တော်သင့်ပါပြီဗျာ။ ဒုသမ္မတကြီးလာလျှင် ကားစောင့် မှာစိုးလို့ သဲခင်းထားပါသည်။ (ဖြည်းဖြည်းမောင်းနော် ကားဆရာ) ကားတွန်းနေရအုံးမယ်။ ထို့ကြောင့် သမ္မတကြီး ပြန်လျှင် ခရမ်းမြို့တော့ ဗွတ်ထပါပြီဗျာ။ အကြံပြုလိုသည်မှာ လမ်းဆင်းလျှောက်ပြီး ပြည်သူကို လိုက်ကြည့်စေချင်ပါသည်။

ခရမ်းသား..


အမှန်တကယ် မရှိသော ဝန်ထမ်းလစာများ ထုတ်ယူသုံးစွဲနေခြင်းအပေါ် ပြည်ထောင်စု ဆက်သွယ်ရေးဝန်ကြီးနှင့် စာရင်းစစ်ချုပ်ကြီးသိစေရန် (တိုင်ကြားစာ)

အမှန်တကယ် မရှိသော ဝန်ထမ်းလစာများ ထုတ်ယူသုံးစွဲနေခြင်းအပေါ် ပြည်ထောင်စု ဆက်သွယ်ရေးဝန်ကြီးနှင့် စာရင်းစစ်ချုပ်ကြီးသိစေရန် (တိုင်ကြားစာ)

ပြည်ပရောက် မြန်မာနိုင်ငံ အကျဉ်းသား/သူများအား ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်အသနားခံခြင်း...

အကြောင်းအရာ ။ ။ပြည်ပရောက် မြန်မာနိုင်ငံ အကျဉ်းသား/သူများအား ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်အသနားခံခြင်း။

အထက်ပါအကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မောင်ထွန်းဟိန်းမှ လူကြီးမင်းဆီသို့ စာရေးသားပြီး အကူအညီတောင်း၊ အသနားခံလိုက်ရပါသည်။ ကျွန်တော်သည် သင်းပေါင်းခြံကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်တွင် နေထိုင်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပါသည်။

ကျွန်တော်သည် မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ်ကျခံနေရပြီး နွန်ထဘူရီမြို့၏ ဘန်းကွင် ထောင်ထဲတွင် နေထိုင်လာခဲ့သည်မှာ (၁၁)နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်နှင့်ထပ်တူ ဤထောင်ထဲတွင် မြန်မာနိုင်ငံ အကျဉ်းသား (၃ဝဝ)ခန့်ရှိပြီး ထိုင်းတစ်နိုင်ငံလုံးဆိုပါက ပြစ်ဒဏ်(၁)နှစ်မှ သေဒဏ်ထိဆိုလျှင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံ အကျဉ်းသား/သူ တစ်သောင်းဝန်းကျင်ရှိပါသည်။

တိုင်းတစ်ပါးတွင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ဒဏ်ကျ ဒုက္ခရောက်နေကျသော ကျွန်တော်/ကျွန်မတို့၏ အနာဂတ် ဘဝကံကြမ္မာကို ကျွန်တော်/ကျွန်မတို့၏ မိဘဟုယူဆရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရကသာ ဥပဒေနည်းလမ်းအရ စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ဟုလည်း ယုံကြည်စွာဖြင့် အားကိုးမိပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈ဝ၌ ဖေါ်ပြထားရာတွင် (နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည်၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်)ဟု နိုင်ငံသားများ၏ မူလအခွင့်အရေး များကို စေတနာ မေတ္တာကြီးစွာဖြင့် ဖွင့်ဆိုထားပါ၍ အလွန်တရာမှ အားရကျေနပ်မှု ဖြစ်ရပါသည်။

ကျွန်တော်တို့ လေ့လာသိရှိရသလောက်မှာ မြန်မာနိုင်ငံ ထောင်အသီးသီး၌ တရားမဝင်ငါးခိုးဖမ်းမှု၊ သစ်ခိုးထုတ်မှုဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံအကျဉ်းသားများကို အမှုစီရင်ချက်ချပြီး ပြီးစီးသွားပါက ထိုင်းအစိုးရအဆက်ဆက်က ထိုင်းဘုရင်မွေးနေ့၊ ဘုရင်မမွေးနေ့တို့တွင် အထိမ်းအမှတ်အဖြစ် တောင်းဆိုခဲ့သမျှတို့ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ အစိုးရ၊ နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ လက်ထက်တွင် အိမ်နီးချင်း မိတ်ဆွေကောင်း ပီသစွာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ ခိုင်မြဲရေးကို အဓိကထား၍ အကျဉ်းသားလဲလှယ်ရေး စာချုပ်အား ချုပ်ဆိုထားမှု မရှိသော်လည်း အမျှော်အမြင်ကြီစွာ အမြဲတမ်း ပြန်လည်လွဲအပ် ပေးခဲ့ဖူးပါသည်။ 

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ထိုင်းနိုင်ငံ ထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား/သူများအား ၎င်းအစိုးရလက်ထက်တွင် ပြည်တော် ပြန်လာနိုင်ရေးအတွက် တစ်ကြိမ်တစ်ခါမှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။

ထိုင်းနိုင်ငံနှင့်အကျဉ်းသား လဲလှယ်ရေးစာချုပ်ချုပ် ဆိုထားသော ဥရောပနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ကနေဒါ၊ သြစတီးရီးယားနှင့် အာရှနိုင်ငံအခိျု့သည် ထိုင်းနိုင်ငံထောင်အတွင်းမှ သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ဒဏ်ကျ အကျဉ်းသားများကို အမှုပြီးစီးသွားပါက (၈)နှစ်ပြည့်လျှင် သက်ဆိုင်ရာနိုင်ငံမှ နှစ်စဉ်ခေါ်ယူပြီး၊ တစ်ခြားပြစ်ဒဏ်ကျ နှစ်ကြီးသမားများ (ဥပမာ နှစ်၅ဝ၊ နှစ် ၁ဝဝ စသဖြင့်)ကို တရားရုံးအမှုပြီးစီး သွားပါက ထောင်တွင်း၌ (၄)နှစ်နေထိုင်ပြီးလျှင် သက်ဆိုင်ရာ နိုင်ငံမှ နှစ်စဉ်ပြန်ခေါ်ယူလေ့ရှိပါသည်။
 
သို့သော်လည်း ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့သည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြ၍ နှစ်ပြည်တစ်ပြည် အကျဉ်းသားလဲလှယ်ရေး စာချူပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း အိမ်နီးချင်းအစိုးရများ၏ နားလည်မှုအရ အမှုပြီးစီးသော အကျဉ်းသားများကို မကြာခဏ လဲလှယ်နေကြပါသည်။ နှစ်ပြည်တစ်ပြည် စာချုပ် မချုပ်ဆိုထားသော်လည်း ရောက်ရှိလာသော အကျဉ်းသားများသည် သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းပြီးစီးပါက မိသားစုနှင့်အတူတကွ လွတ်လပ်စွာ နေထိုင်နိုင်ပါသည်။ ထိုင်းနိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားသော အခြားနိုင်ငံ များမှာကား ခေါ်ယူလာသော အကျဉ်းသားများ သက်ဆိုင်ရာနိုင်ငံသို့ ရောက်ရှိသော်လည်း အကျဉ်းထောင် ထဲတွင်ဆက်လက်နေထိုင်ရကာ ထိုင်းဥပဒေက အမှုပြီးစီးသွားကြောင်း အတည်ပြုမှသက်ဆိုင်ရာ နိုင်ငံထောင်မှ လွတ်မြောက်ရပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၉၆(ဇယား-၁) အခန်း(၂) နိုင်ငံခြားရေးကဏ္ဍ(ဆ)တွင် ဖေါ်ပြထားရာ၌ (ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲအပ်ပေးရေးနှင့် သက်ဆိုင်ရာနိုင်ငံမှ တောင်းဆိုရေး)ဟု ဖေါ်ပြထားခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် အကျဉ်းကျခံနေကြရသော ကျွန်တော်/ကျွန်မတို့အတွက် နိုင်ငံတော်မှ ဥပဒေအရ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးများကို ကဏ္ဍအစုံမှ အပြည့်အဝပေးထား၍ ရယူခံစားခွင့်ရှိသည်ဟု ယုံကြည်မိပြီး ကျွန်တော်/ကျွန်မတို့၏ မိဘဟုယူဆသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရက သာလျှင် ဒုက္ခရောက်နေကြသော ပြည်ပမှ အကျဉ်းသား/သူများဘဝကို အမှောင်မှ အလင်းသို့ ရောက်ရှိအောင် ပို့ဆောင်နိုင်စွမ်းရှိသည်ဟု မျှော်လင့်ယုံကြည်မိပါသည်။
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ၂ဝ၁၃ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ အားကစား ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသည်က တစ်ကြောင်း၊ ၂ဝ၁၄ခုနှစ်တွင် အရှေ့တောင် အာရှ နိုင်ငံများ၏ အစည်းအဝေးပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိသည်က တစ်ကြောင်း၊ ၂ဝ၁၅ခုနှစ်တွင် တစ်ခုတည်းသော အရှေ့တောင် အာရှနိုင်ငံများကို ပေါင်းစည်းရန် ရှိသည်ကတစ်ကြောင်းတို့ကြောင့် အထိမ်းအမှတ်အဖြစ် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျ ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား/သူများ ပြန်လာနိုင်ရေးအတွက် စာရေးပြီး အသနားခံ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံ ထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော မြန်မာများသည် လူမျိုးရေးကွဲပြားမှုဒုက္ခ၊ ဘာသာစကား ကွဲပြားမှုဒုက္ခ၊ အတိတ်သမိုင်း ဖြစ်ရပ်များကို လက်ကိုင်ထားပြီး ဆက်ဆံခံရမှု၊ စသော ဒုက္ခများအပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟုအကြောင်းပြပြီး မူးယစ်ဆေးဝါး ရောင်းသူရော၊  ဝယ်သူရော၊ မူးယစ်ဆေးဝါးရောင်းသူနှင့် အတူတကွ နေထိုင်မိခြင်း၊ လမ်းဆုံ၍ စကားပြောမိခြင်း၊ အတူတကွ သွားလာမိခြင်း၊ ဆက်သွယ်မိခြင်းစသည့် ဆက်နွယ်မှုများကို အကြောင်းပြုပြီး အပြစ်မဲ့ ထောင်ကျခံ နေရသူများလည်း ရာပေါင်းများစွာရှိကြပါသည်။

ကျွန်တော်/ကျွန်မတို့သည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတိုင်းတစ်ပါးတွင် မိသားစုများဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံထားရ၍လည်း မိဘကိုလုပ်ကျွေးရမည့် တာဝန်များ၊ သားသမီးတာဝန်များ၊ မိသားစု များကိုပြုစု စောင့်ရှောက်ရမည့် တာဝန်များအပြင် ရပ်ရွာရေးနှင့် တစ်ခြားမည့်သည့် ကိစ္စများကိုလည်း ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိ၍ အမှီခိုခံရသူများရော၊ ကျွန်တော်/ကျွန်မတို့ပါ စိတ်ဝေဒနာများကို ရင်ဆိုင်ခံစား နေကြရပါသည်။ ကျွန်တော်တို့၏ မလိမ္မာ၍ တစ်ခါတစ်လေ မှားခဲ့သောအပြစ်များကို ကျွန်တော်/ကျွန်မတို့၏ မိဘသဖွယ်ယူဆသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရမှ သား/သမီးများ အပေါ်တွင် ခွင့်လွှတ်နိုင်သော မိဘတို့၏ မေတ္တာစိတ်ဖြင့် ခွင့်လွှတ်နားလည်နိုင်ခြင်း ရှိလိမ့်မည်ဟု အကြွင်းမဲ့ မျှော်လင့်ယုံကြည် မိပါသည်။

ကျွန်တော်/ကျွန်မတို့၏ မိဘသဖွယ်ဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ အစိုးရသည် အမျှော်အမြင်ကြီးမားပြီး ဗုဒ္ဓဘာသာ၌ သက်ဝင်ယုံကြည်မှုရှိသလို ပြည်သူ/ပြည်သာများ အပေါ်၌ လည်း သားသမီးကဲ့သို့ မေတ္တာ၊ ဂရုဏာ သဘောရှိ၍လည်း မလိမ္မာ၍ တစ်ကြိမ်မှားခဲ့သော သားသမီးများ အပေါ်၌ ခွင့်လွှတ်နိုင်ခြင်းရှိသော မိဘများကဲ့သို့ ပြည်တွင်းမှ အကျဉ်းကျခံနေကြရသော ပြစ်မှုမျိုးစုံဖြင့် ထောင်ကျသူများအား ဒီမိုကရေစီအစိုးရလက်ထက်တွင် အကြိမ်ပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်များက သက်သေခံလျှက် ရှိနေပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး တိုင်းပြည်နှင့်တကွ မိသားစုများနှင့်ပါ ဝေးကွာနေရပြီး ဒုက္ခဝေဒနာမျိုးစုံကို ခံစားနေကြရသော ကျွန်တော်/ကျွန်မတို့၏ ပြည်တော်ပြန်လာနိုင်ရေး ကိစ္စကို လွှတ်တော်ထဲတွင်ဖြစ်စေ၊ နိုင်ငံတော် သမ္မတကြီးထံသို့ ဖြစ်စေ ဥပဒေဘောင်အတွင်းမှ တရားဝင်တင်ပြ တောင်းဆိုပေးပါရန် မေတ္တာရပ်ခံ၍ စာရေးသားကာ အသနားခံ တင်ပြလိုက်ရပါသည်

ရိုသေလေးစားစွာဖြင့်
မောင်ထွန်းဟိန်း
ထောင်ဝင်အမှတ် (၃၉၃/၄၅)

မေ့မထားသင့်တဲ့ ဘဝတွေ..

မေ့မထားသင့်တဲ့ ဘဝတွေ

ကျွန်တော်တို့ ပြည်ထောင်စုကြီးထဲက ကချင်တိုင်းရင်းသားတွေရဲ့ဒေသမှာ တကျော့ပြန် ပြည်တွင်း စစ် မီးတောက်လောင်နေခဲ့တာ (၁) နှစ် ကျော်ခဲ့ပါပြီ။

ကျွန်တော်တို့ စစ်ဘေးနဲ့ ဝေးနေတဲ့ဒေသတွေ၊ မြို့ပေါ်ကပြည်သူတွေ အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် နေကြရပေမယ့် စစ်ဘေးဒုက္ခကြုံနေကြရတဲ့ ကချင်ဒေသကပြည်သူတွေခမျာမှာတော့ ကျီးလန့်စာ စားဘဝနဲ့ ယမ်းငွေ့တွေအူ ကျည်ဆံတွေပလူပျံနေတဲ့ကြားက အမေတကွဲ သားတကွဲ မိသားစုတွေဖရိုဖရဲနဲ့ သွေးတွေ၊ မျက်ရည်တွေ အလူးလူးနဲ့ ခြေဦးတည့်ရာ ပြေးရှောင်ပုန်းနေကြရရှာပါတယ်။

သူတို့ဟာ ကျွန်တော်တို့ရဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေပါ ပြည်ထောင်စုဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးနဲ့တူပါတယ်။ ခန္ဓာကိုယ်ရဲ့ လက်ဖျား ခြေဖျားလေးတွေ ထိခိုက်ဒဏ်ရာ ရရင် ခန္ဓာကိုယ်ကြီးရဲ့ အသည်းနှလုံးကပါ နာကျဉ်ခံစားရမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်ကြီးရဲ့ လက်ဖျား ခြေဖျားလေးတွေနဲ့တူတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ အစွန်အဖျား နယ်စပ်ဒေသတွေက တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်နေတာဟာ ကျွန်တော်တို့ အားလုံးဒုက္ခရောက်နေသလို ခံစားရ စာနာနားလည်ရမှာပါ။ သူတို့ရဲ့ဒုက္ခတွေကို ကျွန်တော်တို့ မေ့မထား သင့်ပါဘူး။

အဲဒါကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို “အများပြည်သူအတွက် . . . အများပြည်သူ ကောင်းမှု” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူအလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ အမြဲတမ်းကူညီပေး နေတဲ့ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဝေးလံခေါင်းပါးပြီး အဆက်အသွယ်ပြတ်နေတဲ့ တရုတ်ပြည်နယ်စပ် ကချင်ဒေသက တိုင်းရင်းသားဒုက္ခသည်တွေကို သွားရောက်ကူညီဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့ “ကချင်ငြိမ်းချမ်းရေးကွန်ယက်” အဖွဲ့နဲ့ဆက်သွယ်ပြီး (၁၂.၈.၂ဝ၁၂) ရက်နေ့မှာ ရန်ကုန်မြို့ကနေ မူဆယ်မြို့ကိုထွက်ခွာခဲ့ကြတယ်။ ကျွန်တော်တို့နဲ့အတူ လိုက်ပါလာတဲ့ အဖွဲ့ တွေကတော့ “အဖြူရောင်တွဲလက်များအဖွဲ့”၊ “ကလေးချစ်သူများကွန်ယက်(မန္တလေး)”၊ “ရိမ်းဖော အမျိုး သမီးများအဖွဲ့”၊ မော်ဒန်ဂျာနယ်နှင့် ကုမုဒြာဂျာနယ်မှ မီဒီယာသမားများ အပါအဝင် အဖွဲ့ဝင် (၁၂)ယောက် လိုက်ပါလာကြပါတယ်။
 
 မူဆယ်ကနေ “ကြယ်ဂေါင်” ဆိုတဲ့ တရုတ်ပြည်နယ်စပ်မြို့ကိုကူးပြီး တရုတ်ပြည်ထဲကနေ “ဂျာဆူ ကောင်” ဆိုတဲ့ တရုတ်+ကချင်နယ်ခြားစခန်းကနေ ကချင်ပြည်နယ်ထဲက “လိုင်ဇာ” ဆိုတဲ့ နယ်စပ်ဒေသ မြို့ကို ရောက်ခဲ့ကြတယ်။

တရုတ်နဲ့ကချင်ဒေသနယ်စပ်မှာ ကျွန်တော်တို့ဘက်က အလွယ်တကူ လက်လှမ်းမမီတဲ့ ဒုက္ခသည် စခန်းပေါင်း (၂၇) ခု ရှိနေပါတယ်။ ပြီးတော့ တရုတ်ပြည်ထဲမှာလည်း (၉) ခုလောက်ရှိတယ်လို့ သိခဲ့ရ ပါတယ်။ ကျွန်တော်တို့ လိုင်ဇာမြို့ကိုရောက်ပြီးတော့ ဒေသခံ ငြိမ်းချမ်းရေးအဖွဲ့တွေ ဒုက္ခသည် ကယ်ဆယ် စောင့်ရှောက်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးလက်တွဲပြီး ဒုက္ခသည်စခန်းတချို့ကို သွားရောက်လေ့လာပြီး အားပေးကူညီပေးခဲ့ကြတယ်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လှူဒါန်းလိုက်တဲ့အလှူငွေ သိန်း (၂ဝဝ) ကျပ် သည် ဒုက္ခသည်စခန်းပေါင်း (၂၇)ခု မှ ဒုက္ခသည်စခန်း (၇) ခုရှိ ဒုက္ခသည်နှစ်သောင်းအတွက် အခြေခံ အစားအစာဖြစ်တဲ့ ဆီ၊ ပဲ တို့သာ ဖြည့်ဆည်း လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ဒုက္ခသည်စခန်းပေါင်း (၂၇) ခုတွင် ဒုက္ခသည်ပေါင်း ခြောက်သောင်းကျော် ခုနှစ် သောင်းနီးပါးဟာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ စားဝတ်နေရေးမပြည့်စုံ မလုံလောက်တဲ့ဒုက္ခတွေ နေ့စဉ် ကြုံတွေ့နေရပါတယ်။

ပြီးတော့ မိဘမဲ့ကလေးတွေနဲ့ မိတကွဲ၊ ဖတကွဲဖြစ်နေရှာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ် များစွာအတွက် ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ တွေးမိရင်လည်း ရင်မောစရာ ကောင်းလှပါတယ်။ အဲဒီကလေးတွေဟာ တစ်နေ့ကျွန်တော်တို့အရွယ် ကျွန်တော်တို့နေရာရောက်လာမယ့် ကလေး တွေပါ။ ကျွန်တော်တို့လူ့ဘောင် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ကိုဖန်တီးမယ့် ကလေးတွေပါ။ သူတို့ညံ့ရင်၊ သူတို့ပညာမတတ်ရင် သူတို့ဖန်ဆီးမယ့် ကျွန်တော်တို့လူ့ဘောင်၊ ကျွန်တော်တို့အသိုင်းအဝိုင်း ပတ်ဝန်း ကျင်ဟာ ကောင်းလာဖို့ သာယာအေးချမ်းဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ ပစ်မထားရက်ပါဘူး။

ကျွန်တော်တို့ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ “ဂျေရန်းခ” ဒုက္ခသည်စခန်းနှင့် “ဖုန်လုန်ယန်” ဒုက္ခသည်စခန်းသို့ (၁၆.၈.၂ဝ၁၂) ရက်နေ့ “နုခေါင်းပါ” ဒုက္ခသည်စခန်းသို့ (၁၈.၈.၂ဝ၁၂) ရက်နေ့၊ မိုင်ဂျာယန်မြို့ရှိ “ပါကထောင်” ဒုက္ခသည်စခန်းသို့ (၁၉.၈.၂ဝ၁၂) ရက်နေ့များမှာ တောတောင် အထပ်ထပ်ကိုဖြတ် ခက်ခက်ခဲခဲဖြင့် သွားရောက်လေ့လာကြည့်ရှု့ပြီး ဒုက္ခသည်တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ကလေးငယ်များကို နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပါတယ်။

အပြန်ခရီးမှာတော့ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိပြီး ဒုက္ခရောက်နေတဲ့ ကချင်တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ သူတို့ရွာ သူတို့နေရပ်ဒေသ၊ သူတို့ပြန်ပြီး အေးအေးချမ်းချမ်းဖြင့် တောင်ယာလုပ် ကလေး ငယ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းသွားကြ ညီညီညာညာနဲ့ စာအံနေကြတဲ့ အသံတွေမြင်ကွင်းတွေကို စိတ်ကူးယဉ်ပြီး ဆုတောင်းနေမိပါတယ်။

ရန်ကုန်ကို ချောချောမောမောဖြင့် ပြန်ရောက်ပြီးရင် သူတို့အတွက် နောက်ထပ်ကူညီနိုင်ဖို့ ကြိုးစား မယ် သူတို့ရဲ့ဒုက္ခတွေ သူတို့ရဲ့ဘဝတွေကို မေ့နေကြတဲ့ သူတွေသိအောင် ကူညီနိုင်အောင် ပြောပြမယ်လို့ စဉ်းစားလာခဲ့တာ လားရှိုးမြို့အဝင်ရောက်တော့ ကျွန်တော်တွေးထားသလို ရန်ကုန်ကို ချောချောမောမော မရောက်နိုင်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။
စစ်ဘေး ဒုက္ခသည်တွေကို ကူညီအားပေးပြီးအပြန် ကျွန်တော်တို့ကိုယ်တိုင် ရေဘေးဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။ လားရှိုးမြို့အဝင်က (AT)ချောင်း၌ တောင်ပေါ်မှ အရှိန်အဟုန်ပြင်းထန်စွာ စီးဆင်းလာတဲ့ တောင်ကျရေကြောင့် ကားရော လူများပါ ဖြတ်ကူးလို့မရတာနဲ့ လားရှိုးမြို့ အဝင်လမ်းဘေးအိပ်၊ လမ်းဘေးစားပြီး (၂ဝ/၂၁.၈.၂ဝ၁၂) ရက်နေ့တွေကို ဖြတ်သန်းခဲ့ရပါတယ်။

အများနည်းတူ ကျွန်တော်လည်းပြည့်လျှံနေတဲ့ ချောင်းရေတွေကို ကမ်းစပ်ကနေ သက်ပြင်းတချချ ငေးကြည့်ရင်း ကဗျာလေးတစ်ပုဒ်က ကျွန်တော့်ရင်ထဲမှာ မွေးဖွားလာခဲ့ပါတော့တယ်။

ဒို့ သွားခဲ့ကြတယ်
လူတွေက
ရေတွေကို မမြင်ဖူးသလို ဝိုင်းကြည့်နေကြတယ်
ကမ်းလုံးညွှတ်နေတဲ့
လူတွေ ကားတွေနဲ့ ငါနဲ့
လားရှိုးမြို့ကြီးနဲ့
ကိန္နရီ ကိန္နရာ ချောင်းခြားသလို
ကမ်းတဖက်စီခြား
အလွမ်းဇာတ်ကားရိုက်နေရတယ်
မနေ့တနေ့ကတော့
ယမ်းငွေ့တွေအူ
ကျည်ဆံတွေ ပလူပျံနေတဲ့ကြားက
သားတွဲလွဲ သမီးတွဲလွဲ
မိအိုဖအိုတွေ လက်ကိုဆွဲလို့
မျက်ရည်စက်လက်နဲ့ … အသက်လုပြေးလာခဲ့ရတဲ့
မနောမြေ တောထူထူထဲက
မနောဖြူတဲ့ ဒုက္ခသည် ပြည်သူတွေကို ကူညီဖို့
ငါတို့သွားခဲ့ကြတယ် … ။
“F.F.S.S (Ygn)”
“ကချင်ငြိမ်းချမ်းရေး ကွန်ယက်”
“ ကလေးချစ်သူများကွန်ယက်” နဲ့
“ အဖြူရောင်တွဲလက်များ ” ဆိုတဲ့
နှလုံးသားချင်းတူတဲ့ အဖြူရောင်ချိုး (ဂျိုး) ငှက်တွေ
ကရုဏာရှေ့ရှု့တဲ့
“မော်ဒန် … ကုမုဒြာ” မီဒီယာသမားတွေ
အမျိုးသမီးများအရေး ရတက်မအေးသော
“ ရိန်းဖောအမျိုးသမီးများအဖွဲ့” က
တက်ကြွနိုးကြားတဲ့ နိုင်ငံရေးသမားတွေ
ကျောသား ရင်သား … ဘာသားမှမခွဲ
တောထဲတောင်ထဲအထိ
မပြယ်သေးတဲ့ ယမ်းငွေ့တွေကြားထဲအထိ
ရဲရဲဝံ့ဝံ့ … စွန့်စွန့်စားစား ငါတို့ပျံသန်းသွားခဲ့ကြတယ် … ။
သံလွင်ခက်တွေ အမြဲစိမ်းလန်းနေစေဖို့
ငါတို့တွေ (တတ်စွမ်းသမျှ) ကြိုးပမ်းခဲ့ကြတယ် … ။
အပြန်ခရီးတထောက်
လားရှိုးကိုအရောက်မှာတော့ …
စစ်ဘေးဒုက္ခသည်တွေဆီကအပြန်
ငါတို့ကိုယ်တိုင် ရေဘေးဒုက္ခခံရ
တစ်နေ့နဲ့ တစ်ညလုံးလုံး
လမ်းဘေးအိပ် လမ်းဘေးစားဘဝနဲ့
ပိုက်ဆံမပေးဘဲ ရထားတဲ့အချိန်တွေကို
ပိုက်ဆံပေးပြီး ဖြုန်းနေရ
တကယ့် အမှတ်တရပါပဲ
နေ့စွဲက … သြဂုတ်လ ၂ဝ/၂၁ ၊ ၈ ၊ ၂ဝ၁၂ ခုနှစ်။ ။
မိုးခြိမ်းညံ
(ဦးမြတ်ဆွေ)
နာရေးကူညီမှုအသင်း(ရန်ကုန်)


မြန်မြန်ပေးမြန်မြန်ဆပ်

မြန်မြန်ပေးမြန်မြန်ဆပ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၄)ကြိမ်မြောက် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကြုံတွေ့နေရသော အခက်အခဲများကို ကူညီဖေးမမှုခြေလှမ်းအဖြစ် ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ၂၄.၈.၂ဝ၁၂ ရက်နေ့တွင် သွားရောက်ကြမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေး အဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိပြီး ဒုက္ခသည်များအား ကူညီဖေးမရန်အတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို ကြိုတင်စီစဉ်ပြီး ဖြစ်နေလေသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် ကြိုတင်ရောက်ရှိနေသော် ရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်းကာ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ကူညီဖေးမကြမည် ဖြစ်သည်။

ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၉.၈.၂ဝ၁၂ ရက်နေ့တွင်လည်း ပြည်ပနိုင်ငံသို့ သွားရောက်ရမည်ဖြစ် သည်။ ပြည်ပနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ရခြင်း၊ ရခိုင်ပြည်ရှိ ဒုက္ခသည်များထံသို့ သွားရောက်ကူညီ ခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ ၂၃.၈.၂ဝ၁၂ ရက် နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် လူမှုရေးလက်တွဲဖော် အသင်းသား/သူများနှင့်အတူ တိုက်ကြီးမြို့နယ်၊ တာခွတာဆုံအနီးရှိ “အေးချမ်းသာ” လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ သွားရောက်ခဲ့ကြသည်။ တာခွ လမ်းဆုံမှ သရက်ချောင်းလမ်းအတိုင်း အနည်းငယ်ဝင်လိုက်သည်နှင့် “အေးချမ်းသာ” ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်းအား လယ်ကွင်းစိမ်းစိမ်းတွေကြား ထင်ရှားစွာတွေ့မြင်ရတော့သည်။ 
ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်ကြတော့မြည့် အနာဂါတ်၏ သားကောင်း၊ သမီး ကောင်းရတနာများတို့၏ မေတ္တာပို့သံ၊ ကဗျာရွတ်သံတို့သည် လောကဓံကို ရင်ဆိုင်ရန်အသင့် အနေအထားနှင့် တိုက်ပွဲခေါ်သံအလား ကြုံးဝါးနေကြသည်ဟု ထင်မှတ်၍ အံ့သြမှင်သက်နေမိတော့သည်။ အနာဂတ်ကို ပိုင်စိုးကြမည့် ကျောင်းသားလူငယ်များ၏ စည်းလုံးညီညွှတ်မှု၊ စည်းကမ်းပြည့်ဝမှု၊ ဝတ်စား ဆင်ယဉ်မှုတို့သည် ဒီမိုကရေစီနိုင်ငံတော်အတွက် ဂုဏ်ယူစရာ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များအတွက် အတုယူစရာ “စည်းကမ်းဟူသည် လူ၏တန်ဖိုး” ဟူသော ကျွန်တော်တို့ ငယ်စဉ်ကပင် ရင်းနှီး ခဲ့သည့် ထိုစာသားလေး၏ အဓိပ္ပါယ်အားပေါ်လွင်စေရန် ထင်ဟပ်ပေးနေသလိုပင် ခံစားမိတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် ကျယ်ပြန့်လာသော လူမှုဒုက္ခများအား ဖေးကူသည့် နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကယ်ဆယ်ရေးများကို အပြေးအလွှား မနားမနေ ပေးဆပ်နေသည်ကို မြင်ရပြန်တော့ ကျွန်တော့်၏ စိတ်ထဲတွင် ပေါ်ပြူလာဂျာ နယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်လူငယ်များ အတွက် ရေးဖွဲ့ထားသည့် “မြန်မြန်ပေး … မြန်မြန်ဆပ်” ဟူသော ကဗျာလေးကို ရေရွတ်မိပါတော့သည်။

“မြန်မြန်ပေး .. မြန်မြန်ဆပ်”
မျိုးဆက်အတွက် မငဲ့
တစ်ဘဝစံစိတ်နဲ့ …
တာ့တာ .. ဘိုင့်ဘိုင် လုပ်ရင်တော့
သေရင်ပြီးတာပဲ။

မျိုးဆက်အတွက်စဉ်းစား
(ကိုယ့်အလှည့်မှာများ)
ကောက်ရိုးပွေ့သွားမိခဲ့တယ်ဆိုရင်တောင်
ရောက်ခဲ့၊ လျှောက်ခဲ့ရာလမ်းတစ်လျှောက်
အမှိုက်ပြစ်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး
မသေခင် မသွားခင်လေး
သမိုင်းပေးတာဝန် ကျေခွင့်ရတာ မဟုတ်လားဗျာ …
(ကျွန်တော်တို့လည်း)
ဘာကြာတော့မှာမို့လဲ ….
ပေးစရာရှိတာ မြန်မြန်ပေး
ဆပ်စရာရှိတာ မြန်မြန်ဆပ်
မပေးဆပ်ခင်၊ တာဝန်မကျေမီများ
မြေကြီးက ပြောလိမ့်မယ်
သားရေပေါ်အိမ် … သားရေနားစားသူတို့ …
နှောင်းလူတို့က ဆိုလိမ့်မယ်
တစ်ဘဝစံ စိတ်ထားနဲ့
လူ့ရွာမှာ လမ်းသလားခဲ့သူကြီးလို့ . . . .

ဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ
F.F.S.S (Ygn)

ဆရာတော်ဥူးသုမင်္ဂလာ (ဒယ်အိုးဆရာတော်)၏ တိုကျိုနာရီတာ လေဆိပ်မှ ပြည်ပရောက် မြန်မာလူငယ်များအတွက် အမှာစကား.. (အသံဖိုင်)

 တိုကျိုဘုန်းတော်ကြီးကျောင်း
တိုကျိုနာရီတာ လေဆိပ်


ဆရာတော်ဥူးသုမင်္ဂလာ (ဒယ်အိုးဆရာတော်)၏ တိုကျိုနာရီတာ လေဆိပ်မှ ပြည်ပရောက် လူငယ်များအတွက် အမှာစကား.. (အသံဖိုင်မှ ကောက်နှုတ်ချက်) 
မိမိတိုင်းပြည်အတွက် ထူထောင်ရမယ့် အင်အားတွေဟာ သူတပါး တိုင်းပြည်အတွက် ခွန်အားတွေ ဖြစ်သွားတယ်..။

ယခုဖြစ်နေတဲ့ ရခိုင်ဒေသလို အရေးအခင်းတွေနဲ့ ပြန်တွက်ကြည့်ရင် မြန်မာလူငယ်တွေ မြန်မာတိုင်းရင်းသား လူငယ်တွေ ကိုယ့်တိုင်ပြည်တွင်းမှာ မရှိတဲ့အတွက် သူတပါးလူမျိုးတွေက စော်ကားချင်းကိုလည်း ခံရတယ်။ အနိုင်ကျင့်ချင်းလည်း ခံရတယ်..။ ဒါကြောင့် မြန်မာလူမျိုးတွေ ကိုယ့်တိုင်းပြည် ကိုယ်ထူထောင်နိုင်ဖို့နဲ့ အမျိုးဘာသာ သာသနာကို ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဋ္ဌာနမှာ ကာကွယ်စောင့်ရှောက် ကြပါလို့ ဦးဇင်းက ဒီနေရာကနေ အားလုံးကို သတိပေး ပြောကြားလိုပါတယ်..။

ဆရာတော်ဥူးသုမင်္ဂလာ (ဒယ်အိုးဆရာတော်)

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပာိုပုံးမြို့မှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်း..

 
 
ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) နှင့် Myanmar Egress တို့ ပူးပေါင်း၍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်းကို ရှမ်းပြည်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပာိုပုံးမြို့ ၊ မွေတော်ကျောင်းတွင်( ၂၀-၈-၂၀၁၂) မှ (၂၃-၈-၂၀၁၂) ထိ ဆွေးနွေး ပို့ချသွားမည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် ကျားဖြူပါတီမှ ၇၂ ဦး၊ PNO မှ ၁ ဦး၊ NLD မှ ၅ ဦး ၊ NGO ၂၆ ဦး၊ စုစုပေါင်း ၁၀၄ ဦး တက်ရောက်ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် ပာိုပုံးမြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဒေါ်နန်းသန်းသန်းရွှေမှ အမှာစကား ပြောကြားပါသည်။

အဆိုပါသင်တန်းသို့ ပင်လုံ ၊ ကာလိ ၊ မိုးနဲ ၊ လင်းခေး ၊ လဲချား ၊ ဆီဆိုင် မြို့နယ်တွင် ပို့ချခဲ့ပြီး ဖြစ်ပါသည်။ ပာိုပုံးမြို့နယ်တွင် ပို့ချပြီးပါက ညောင်ရွှေမြို့နယ် ၊ ပင်လောင်း မြို့နယ် တို့တွင် ဆက်လက် ပို့ချမည်ပာု ကြားသိရပါသည်။

ပေးပို့သူ လွိုင်မောဝ် မီဒီယာ ဂရု