ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မြန်ပေးမြန်မြန်ဆပ်

မြန်မြန်ပေးမြန်မြန်ဆပ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၄)ကြိမ်မြောက် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကြုံတွေ့နေရသော အခက်အခဲများကို ကူညီဖေးမမှုခြေလှမ်းအဖြစ် ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ၂၄.၈.၂ဝ၁၂ ရက်နေ့တွင် သွားရောက်ကြမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေး အဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိပြီး ဒုက္ခသည်များအား ကူညီဖေးမရန်အတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို ကြိုတင်စီစဉ်ပြီး ဖြစ်နေလေသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် ကြိုတင်ရောက်ရှိနေသော် ရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်းကာ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ကူညီဖေးမကြမည် ဖြစ်သည်။

ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၉.၈.၂ဝ၁၂ ရက်နေ့တွင်လည်း ပြည်ပနိုင်ငံသို့ သွားရောက်ရမည်ဖြစ် သည်။ ပြည်ပနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ရခြင်း၊ ရခိုင်ပြည်ရှိ ဒုက္ခသည်များထံသို့ သွားရောက်ကူညီ ခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ ၂၃.၈.၂ဝ၁၂ ရက် နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် လူမှုရေးလက်တွဲဖော် အသင်းသား/သူများနှင့်အတူ တိုက်ကြီးမြို့နယ်၊ တာခွတာဆုံအနီးရှိ “အေးချမ်းသာ” လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ သွားရောက်ခဲ့ကြသည်။ တာခွ လမ်းဆုံမှ သရက်ချောင်းလမ်းအတိုင်း အနည်းငယ်ဝင်လိုက်သည်နှင့် “အေးချမ်းသာ” ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်းအား လယ်ကွင်းစိမ်းစိမ်းတွေကြား ထင်ရှားစွာတွေ့မြင်ရတော့သည်။ 
ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်ကြတော့မြည့် အနာဂါတ်၏ သားကောင်း၊ သမီး ကောင်းရတနာများတို့၏ မေတ္တာပို့သံ၊ ကဗျာရွတ်သံတို့သည် လောကဓံကို ရင်ဆိုင်ရန်အသင့် အနေအထားနှင့် တိုက်ပွဲခေါ်သံအလား ကြုံးဝါးနေကြသည်ဟု ထင်မှတ်၍ အံ့သြမှင်သက်နေမိတော့သည်။ အနာဂတ်ကို ပိုင်စိုးကြမည့် ကျောင်းသားလူငယ်များ၏ စည်းလုံးညီညွှတ်မှု၊ စည်းကမ်းပြည့်ဝမှု၊ ဝတ်စား ဆင်ယဉ်မှုတို့သည် ဒီမိုကရေစီနိုင်ငံတော်အတွက် ဂုဏ်ယူစရာ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များအတွက် အတုယူစရာ “စည်းကမ်းဟူသည် လူ၏တန်ဖိုး” ဟူသော ကျွန်တော်တို့ ငယ်စဉ်ကပင် ရင်းနှီး ခဲ့သည့် ထိုစာသားလေး၏ အဓိပ္ပါယ်အားပေါ်လွင်စေရန် ထင်ဟပ်ပေးနေသလိုပင် ခံစားမိတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် ကျယ်ပြန့်လာသော လူမှုဒုက္ခများအား ဖေးကူသည့် နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကယ်ဆယ်ရေးများကို အပြေးအလွှား မနားမနေ ပေးဆပ်နေသည်ကို မြင်ရပြန်တော့ ကျွန်တော့်၏ စိတ်ထဲတွင် ပေါ်ပြူလာဂျာ နယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်လူငယ်များ အတွက် ရေးဖွဲ့ထားသည့် “မြန်မြန်ပေး … မြန်မြန်ဆပ်” ဟူသော ကဗျာလေးကို ရေရွတ်မိပါတော့သည်။

“မြန်မြန်ပေး .. မြန်မြန်ဆပ်”
မျိုးဆက်အတွက် မငဲ့
တစ်ဘဝစံစိတ်နဲ့ …
တာ့တာ .. ဘိုင့်ဘိုင် လုပ်ရင်တော့
သေရင်ပြီးတာပဲ။

မျိုးဆက်အတွက်စဉ်းစား
(ကိုယ့်အလှည့်မှာများ)
ကောက်ရိုးပွေ့သွားမိခဲ့တယ်ဆိုရင်တောင်
ရောက်ခဲ့၊ လျှောက်ခဲ့ရာလမ်းတစ်လျှောက်
အမှိုက်ပြစ်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး
မသေခင် မသွားခင်လေး
သမိုင်းပေးတာဝန် ကျေခွင့်ရတာ မဟုတ်လားဗျာ …
(ကျွန်တော်တို့လည်း)
ဘာကြာတော့မှာမို့လဲ ….
ပေးစရာရှိတာ မြန်မြန်ပေး
ဆပ်စရာရှိတာ မြန်မြန်ဆပ်
မပေးဆပ်ခင်၊ တာဝန်မကျေမီများ
မြေကြီးက ပြောလိမ့်မယ်
သားရေပေါ်အိမ် … သားရေနားစားသူတို့ …
နှောင်းလူတို့က ဆိုလိမ့်မယ်
တစ်ဘဝစံ စိတ်ထားနဲ့
လူ့ရွာမှာ လမ်းသလားခဲ့သူကြီးလို့ . . . .

ဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ
F.F.S.S (Ygn)