ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဥပဒေမဲ့ ပြည်သူ့ကို အနိုင်ကျင့်စော်ကားနေတဲ့ စစ်ကိုင်းမြို့မှ ယာဉ်ထိန်းတပ်ဖွဲ့မှူးနှင့် အဖွဲ့၏ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်နေမှုအား တိုင်ကြားစာနှင့် (ရုပ်သံဖိုင်)


       http://www.youtube.com/watch?v=MPiaKwyXEAA&feature=youtu.be

အထက်ပါ စစ်ကိုင်းမြို့မှ ပေးပို့ တိုင်ကြားလာတဲ့ ရုပ်သံဖိုင်ရဲ့ ၉စက္ကန့်အချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ဆိုင်ကယ်မောင်းဝင်လာတဲ့ စုံတွဲပြည်သူ၂ဦးအား ပြည်သူ့အခွန်နဲ့ လခရယူနေတဲ့ စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးမှ ရုပ်သံမှာမြင်ရတဲ့ အတိုင်း ဆိုင်ကယ်အား တွန်းထိုးလိုက်တဲ့ အတွက် ဆိုင်ကယ်တိမ်းမှောက်သွားပြီး ဘေးက ကားကိုဝင်တိုက်မိကာ ဆိုင်ကယ်ပေါ်ပါသူ အမျိုးသမီး လဲကျသွားတဲ့ အန္တရယ်များလှတဲ့ မြင်ကွင်းကို မြင်တွေ့ရမှာပါ..။ နောက်ဆုံး မထေမြဲ့မင်အသွင်နဲ့ လူမိုက်အားပေး အားရကျေနပ်တဲ့ မြင်ကွင်းကိုလည်း မြင်တွေ့ရမှာပါ..။
 
 ဒီမြင်ကွင်းတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အောက်ခြေမှာ ပြည်သူကို လူလိုမမြင် အာဏာကို အလွန်အကျွံ့ အသုံးပြုနေတဲ့ ယနေ့လက်ရှိ မြင်ကွင်းတွေပါ..။ လမ်းမှား၍ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ်မဆောင်း ၍ဖြစ်စေ ခေါ်ယူ ပညာပေး ဒဏ်ရိုက်ရမည့်အစား ယခုကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်ခြင်းဟာ ဝန်ထမ်းတဦးရဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံလုပ်ဆောင် ဥပဒေမဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်..။ ပြည်သူ့အခွန်စား ဝန်ထမ်းများရဲ့ ပြည်သူကို အလုပ်အကျွေး ပြုရမယ့်အစား ယခင် ခေါက်ရိုးကျိုးလာတဲ့ အာဏာရှင်ဆန်ဆန် ပြုမူနေကြတဲ့ မြင်ကွင်းတွေကို အထက်အာဏာပိုင်တွေ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်လှပါသည်.။


အထက်ပါ ဝန်ထမ်းဆိုးများရဲ့ လုပ်ရပ်ဟာ ယာဉ်ထိန်းရဲဋ္ဌာနကို ဂုဏ်သိက္ခာကို အမှန်တကယ် ကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်..။ ယာဉ်ထိန်းရဲဋ္ဌာနနဲ့ တခြားဝန်ထမ်းကောင်းများရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ထိုကဲ့သို့သော အာဏာရှင်ဆန်ဆန် ပြည်သူအပေါ် ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်မှုအား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုက်တွန်းအပ်ပါသည်..။

ဒီမိုဝေယံ

 စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးနှင့် အဖွဲ့၏ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်နေမှုအား တိုင်ကြားစာ.. 

ယနေ့အချိန်- မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါသည်၊ နိုင်ထက်စီးနင်း aစ်ာကားခဲ့သော ယခင်စHနစ်ဆိုးကို အများရွံရှာ မုန်းတီးခဲ့ကြသည်၊ ဥပဒေမဲ့လုပ်ရပ်များကိုစက်ဆုပ်ခဲ့ကြသည်၊ ထို့ကြောင့်ယနေ့ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ စီမံချက် ချမှတ် အကောင်အထည် ဖော်ဆောင်နေသော အချိန်လည်း ဖြစ်ပါသည်။

အထက်အဖွဲ့အစည်း များ၏ လမ်းညွှန်လုပ်ဆောင်ချက်များ ဘယ်လောက်ပင် ကောင်းကောင်း ယခုအချိန်ထိ အခွင့်အာဏာကို လက်လွတ် စပယ်တလွဲ အသုံးချနေသူများ ရှိနေရာ၊ ၎င်းစုံးပြူးများကြောင့် နိုင်ငံ၏ ဒီမိုကရေစီအသွင် ပြောင်းရေးအား၊ ထိခိုက် နေလျှက်ရှိပါသည်..။ ထို့နည်းတူ စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်း အဖွဲ့နှင့်အပေါင်းအပါတစုတို့၏ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအမည်ခံ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရသည်မှာ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်သူ့လွှတ်တော်ဦးဆောင်မှုတို့အား မထီမဲ့မြင်ပြုလုပ်ရာဖြစ်နေပါသည်။

 မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး၊ စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှုးနှင့် အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစား လူမိုက်များပါဝင်သော အဖွဲ့သည် ပြစ်မှုပြစ်ဒဏ် ဆီလျော် အောင် မဆောင်ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေသည့် မြင်ကွင်းကို နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ သိရှိပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်သေအဖြစ် ဗီဒီယိုဖိုင်ကို တင်ပြအပ်ပါသည်။

 စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့သည် လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်းကျင်များနှင့် လူစည်ကားရာ နေရာများတွင် ယာဉ်တိုက်ခိုက်မှု မဖြစ်ပေါ်ရေးအတွက်တာဝန်ချထား ခြင်းလုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ (ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင် အနီး)တွင် နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါသည်။ ထို့အတွက်ကြောင့် အထက်ပါဖြစ်စဉ်အား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်..။

 အောက်ခြေ ပြည်သူများ ကိုယ်စား (စစ်ကိုင်းသား)

ခဲတလုံးနဲ့ ငှက်(၂)ကောင် ပစ်ခဲ့တဲ့ ရိုလိမ်ညာ ဝါဒဖြန့် ရုပ်သံနှင့် သတင်းဆောင်းပါးအား တုန့်ပြန်ခြင်း..

ခဲတလုံးနဲ့ ငှက်(၂)ကောင် ပစ်ခဲ့တဲ့ ရိုလိမ်ညာ ဝါဒဖြန့် ရုပ်သံနှင့် သတင်းဆောင်းပါးအား တုန့်ပြန်ခြင်း

ယခုတလော ဖေ့စ်ဘွတ်ခ်မှာ ဦးအောင်သောင်း နှင့် တိုင်းပြည်အန္တရာယ်(ရုပ်သံ)ဆိုတဲ့ Post နဲ့အတူ ဦးအောင်သောင်းအကြောင်း အတိအကျ ရေးသားဖော်ပြထားတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါးကိုပါ တွဲလျှက်ဖော်ပြထားတဲ့ သတင်းကို... ဘင်္ဂလီရိုဟင်ဂျာ ဝါဒဖြန့်Page တခုဖြစ်တဲ့ https://www.facebook.com/nyckogyi မှာဖော်ပြထားတာ တွေ့ရပါတယ်..။

ဒီရုပ်သံမှာ ဖော်ပြချက်ဟာ ဘာကိုရည်ရွယ်တယ်.. အများအကြိုက် ဘယ်ဟာကို စောင်းပေးပြီး ဘာကိုဝါဒဖြန့်သွားတယ် ဆိုတာကို သေသေချာချာရုပ်သံကို နားထောင်ကြည့်သူတွေ မြင်တွေ့ကြရမှာပါ..။ ခဲတလုံးနဲ့ ငှက် ၅ကောင်လောက်ကို ဘင်္ဂါလီနည်းနဲ့ ပစ်သွားတယ်ဆိုတာ မြင်တွေ့ကြရမှာ..။ ဒီရုပ်သံကို ယုံကြည်လောက်အောင် အထောက်အကူ ဖြစ်စေတာကတော့ ဦးအောင်သောင်းရဲ့ ဘဝဖြစ်စဉ်နဲ့ ပိုင်ဆိုင်မှု အကြောင်း အသေးစိတ် အချက်အလက်နဲ့ ဖော်ပြပါရှိတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါးပါ..။

အဆိုပါ ဘင်္ဂါလီဖေ့စ်ဘွတ်ခ်မှာ လတ်တလော ရရှိတဲ့ သတင်းယောင်ယောင် ဖော်ပြပါရှိတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါးဟာ ၂၀၁၂ခုနှစ် မတ်လ(၂၅)ရက်နေ့က ဒီမိုဝေယံဘလော့ဂ်မှာ ဖော်ပြပါရှိပြီး ဖြစ်တဲ့(အရောင်ပြောင်းသော လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်း) (ဆောင်းပါးရှင် ရွှေဓူဝံ)ရဲ့ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်..။ ဒီမိုဝေယံလင့်ခ် http://www.demowaiyan.org/2012/03/blog-post_9385.html

သိုပေမယ့် အဆိုပါ ရိဟင်ဂျာဝါဒဖြန့်ဆိုဒ် မှာတော့ ၎င်းတို့ လက်တလော ရရှိထားတဲ့ သတင်းယောင်ယောင် စာဖတ်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေအောင် ဆောင်းပါးအား ရုပ်သံနဲ့ တွဲဖက်ဖော်ပြကာ ဆိုဒ်ဝါးလုပ်ထားပါတယ်..။ (ဆိုက်ဝါးလင့်ခ် https://www.facebook.com/photo.php?v=10201099507763872 )
ရုပ်သံထဲမှာတော့ ထိုင်းနိုင်ငံအတွင်း ဖမ်းမိတဲ့ ဘင်္ဂလီ ရိုဟင်ဂျာများပုံအား ရခိုင်ဖြစ်စဉ် ဖြစ်သယောင် ဖော်ပြထားပြီး ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်းမှ ဗဟန်းကြားတောရလမ်းမှ ဖြစ်စဉ်အားလည်း သံဃာတော်များမှ လတ်တလော ဖြစ်ပေါ်နေသော ဘာသာရေး အဓိကရုန်းများမှာ ဝင်ရောက်ဖျက်ဆီးနေသယောင် ဖော်ပြထားပါတယ်..။

ထိုကဲ့သို့ အများစိတ်ဝင်စားသည့် ဦးအောင်သောင်း ဆောင်းပါး သတင်းမှန်အား သတင်းမှားဖြင့် ရောနှောကာ ၎င်းတို့လိုချင်သည့် အနေအထားရောက်အောင် ရုပ်သံနဲ့ ဆွဲဆောင်ဝါဒဖြန့် ဖော်ပြသွားတာကို မြင်တွေ့ရမှာပါ..။ အဆိုပါ သတင်းတင်သူရဲ့ Wall ပေါ်က သတင်းအချက် အလက်တွေကိုလည်း စီစစ်လေ့လာဖို့ လိုပါတယ်..။ ကျွန်တော်ယခုလို ရေးသားရခြင်းဟာ ဦးအောင်သောင်းအား ကာကွယ် ရေးသားနေခြင်း မဟုတ်ပါ...။ ယခုလတ်တလော ထွက်ပေါ်နေသော နာမည်ကြီး သတင်းများရဲ့ ဟာကွက် လွတ်ကွက်တွေကို ကိုယ်ပိုင်တွေးခေါ်မှုနဲ့ ဆင်ခြင် သုံးသပ်နိုင်ဖို့ပါ..။

ကျွန်တော်တို့ ဖေ့စ်ဘွတ်တခွင် သတင်းများပြန်ရှယ်တဲ့ အခါမှာ အထူးသတိထားစေ လိုတာ ကတော့ မိမိကိုယ်တိုင် မရှယ်ခင် တင်သူရဲ့ Wall ပေါ်ကတင်ထားတဲ့ သတင်း အချက်အလက်များကို ပြန်လည်လေ့လာ ဆန်းစစ်ပြီး တင်သင့်မတင်သင့် ရှယ်သင့် မရှယ်သင့် ပြန်လည် စဉ်းစားလေ့လာ သုံးသပ်ဖို့ လိုအပ်တာပါပဲ..။ သတင်းထူးတယ် ဆိုပြီး ရှယ်မိရင်တော့ ကျွန်တော့်တို့ စာဖတ်သူတွေ အမြင်မှား အထင်မှား ဝေဝါးမှုကိုလည်း ဖြစ်စေမှာပါပဲ..။ ထို့အတူ ကွန်မာန့်များ ရုန်းရင်းကြမ်းတမ်းများ ဝင်ရောက်ရေးသားပါကလည်း အဆိုပါရေးသားသူရဲ့ Profileနဲ့ Wall ပေါ်က ရေးသားချက်များကို ပြန်လည် ဝင်ရောက်လေ့လာ ကြည်ရှု စီစစ်ပြီးမှ ပြန်ဖြေသင့်မဖြေသင့် ပြန်ရေးသင့်မရေးသင့် ဆင်ခြင်သုံးသပ်ကြဖို့ ဝါဒဖြန့်သူများရဲ့ အသုံးချခံ မဖြစ်ဖို့ အပြုသဘောဆောင် စေတနာဖြင့် တိုက်တွန်းလိုက်ရပါတယ်..။
ဒီမိုဝေယံ

ရန်ကုန်မြေဈေးနောက်ကွယ်၌ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသလော..

 
ရန်ကုန်မြေဈေးနောက်ကွယ်၌ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသလော..

ကမ္ဘာ့မြို့ကြီးများရဲ့ မြေဈေး အိမ်ဈေးတွေထက်ပင် ကြီးမြင့်နေတဲ့ ရန်ကုန် မြေဈေးတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ သတင်းအချို့ ရရှိထားပါတယ်..။

ရန်ကုန် အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူ မြေအကျိုးဆောင် လုပ်ငန်းရှင် အချို့ရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရမှ ငွေကြေးထောက်ပံ့မှု ရယူထားတဲ့ ကုမ္ပဏီအချို့ရှိနေတယ်လို့ သိရပါတယ်..။

ပေးပို့လာသူရဲ့ ပြောကြားချက်အရ တရုတ်အစိုးရရဲ့ အထောက်အပံ့ကို ရရှိထားတဲ့ ကုမ္ပဏီအချို့ကြောင့် ရန်ကုန်မြို့ မြေဈေးဟာ သူ့အိုးနဲ့ သူ့ဆန် မတန်ပဲ ခေါင်ခိုက်နေရတယ်လို့ ဆိုပါတယ်..။ အဓိက အကြောင်းကတော့ ယခင် စစ်အစိုးရရဲ့ လက်ထက် နိုင်ငံတကာက ဝိုင်းပယ်ထားချိန်မှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ အထူးအခွင့်အရေးရရှိခဲ့ပြီး ပြိုင်ဘက်မရှိ တဦးတည်း စစ်အာဏာရှင် အချို့နဲ့ ပူးပေါင်းကာ မြန်မာ့သယံဇာတတွေကို သူခိုးဈေးနဲ့ ဂုတ်သွေးစုပ် ရယူနိုင်ခဲ့ပါတယ်..။

ယနေ့ မြန်မာပြည်ရဲ့ ရုတ်တရက် မထင်မှတ်တဲ့ ပြောင်းလဲမှု အချို့ကို အငိုက်မိခဲ့တဲ့ တရုတ်အစိုးရဟာ ပွင့်လင်းလာတဲ့ လက်ရှိအနေမထားမှာ မြန်မာပြည်မှ ရင်းနှီးမြုပ်နှံခွင့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးရပြီး နောက်ကောက် အလဲထိုးခံနေရတဲ့ အနေအထားရောက်ရှိနေပါပြီ..။
ပြီးခဲ့တဲ့ မြစ်ဆုံနဲ့ လက်ပံတောင်းတောင် အရေးတွေဟာ တရုတ်အစိုးရအတွက် မျက်ဖြူဆိုက်ရမယ့် အနေအထားတွေ ဖြစ်ခဲ့သလို တခြားသော ရင်းနှီးမြုပ်နှံမှုတွေမှာလည်း ဂျပန်နဲ့ အနောက်နိုင်ငံတွေအား မယှဉ်ပြိုင်နိုင်ပဲ လက်လွတ် ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါပြီ..။
တနည်း မြန်မာပြည်သူလူထုရဲ့ တရုတ်နိုင်ငံအပေါ် သမိုင်းဒဏ်ခတ်မှုနဲ့ တပတ်လည်ကျိန်စာဆိုလည်း မမှားပါဘူး..။

ဒီအတွက်ကြောင့် တရုတ်အစိုးရရဲ့ နောက်ဆုံးပိတ် မြန်မာပြည်မှ စီးပွားရေး လက်လွတ်ဆုံးရှုံးမှုများကို ကာကွယ်ရန်နဲ့ မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီများကို အကာအကွယ် ပေးနိုင်ဖို့အတွက် နောက်ဆုံးလက်နက်ကတော့ မြန်မာ့မြေယာ၊ အိမ်ဈေးကွက်မှာ ဝင်ရောက် ငွေကစားခြင်းဖြင့် တချက်ခုတ် (၂)ချက်ပြတ် ကြက်လည်းမော ယာလည်းညက်အောင် ရန်ကုန် မြေအရောင်းအဝယ် ပြုလုပ်တဲ့ ကုမ္ပဏီအချို့အား နောက်ကွယ်မှ ငွေကြေးထောက်ပံ့ခြင်းဖြင့် ရန်ကုန်မြေဈေးတွေ ကမောက်ကမဖြစ်၊ ကြီးမားလှတဲ့ မြေဈေး၊ အိမ်ဈေးတွေအောက်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုလည်း အဟန့်အတား ဖြစ်စေရန်နဲ့ ဒီမိုကရေစီ ကူးပြောင်းစ မြန်မာနိုင်ငံအား ခြေထိုးခံပြီး နိုင်ငံရေး မတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်..။

တရုတ်အစိုးရမှ ငွေကြေး ကျောထောက်နောက်ခံ ပြုထားတဲ့ အိမ်မြေအကျိုးဆောင် ကုမ္ပဏီတချို့ကြောင့် ရန်ကုန်မြေဈေး ခေါင်ခိုက်နေရတယ်ဆိုပြီး ပေးပို့လာတဲ့ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို အတင်းမဟုတ်ပဲ ဖြစ်နိုင်ချေရှိတဲ့ သတင်းကိုလည်း လျစ်လျှူရှုလို့ မရသလို နိုင်ငံခြားမှာ အပ်ထားတဲ့ အကောင့်(၅)ခုရဲ့ ၁၁ဘီလံယံကိစ္စကိုလည်း မေ့လျော့လို့ မဖြစ်ပါ...။
ထို့အတွက်ကြောင့် သက်ဆိုင်ရာ သက်ဆိုင်ရာ မီဒီယာများအနေနဲ့ ညောင်သီးကိုလည်းစား လေးသံကိုလည်း နားထောင်ပြီး သတင်းများရှာဖွေ ဖော်ထုတ်ပေးကြဖို့ အသိပေး တိုက်တွန်းအပ်ပါတယ်..။
 

ဒီမိုဝေယံ

ခရမ်းမြို့နယ်မှ မြို့နယ်ဆေးရုံ အုပ်ကြီး၏ အကျင့်ပျတ် ခြစားမှုများနှင့် ပတ်သက်၍ မကျေနပ်၍ သက်ဆိုင်ရာသို့ အကြောင်းကြားတိုင်ကြားသော သားဖွားဆရာ မများအား နယ်ပြောင်းမှုအပေါ် (တိုင်ကြားစာ)


 ဓာတ်ပုံ ခရမ်းမြို့မှ ကြိုဆိုပါ၏

ပြီးခဲ့တဲ့ ဇူလိုင်လ(၄)ရက်နေ့က ခရမ်းမြို့နယ် ဆရာဝန်ကြီး ဦးမင်းလွင်၏ အကျင့်ပျက် ခြစားမှုအား သားဖွားဆရာမ (၆)ဦး လက်မှတ်နဲ့ အတူ ပြည်သူများမှ   ဒီမိုဝေယံသို့ တိုင်ကြားပေးပို့လာသည့် အတွက် အများသိစေရန် ဖော်ပြပေးခဲ့ပါတယ်..။
ထိုသို့ တိုင်ကြားပေးပို့လာသော ပြည်သူများနှင့် သားဖွားဆရာမ(၆)ဦး၏ တိုင်ကြားချက်အား သက်ဆိုင်ရာမှ အရေးမယူသည့်အပြင် အဆိုပါ တိုင်ကြားစာ ပေးပို့တဲ့ သားဖွားဆရာမများအားလည်း နယ်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ပါတယ်..။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံတိုင်ကြားလာသည့် တိုင်ကြားချက်အား ဖော်ပြလိုက်ပါတယ်..။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်မှ မြို့နယ်ဆေးရုံ အုပ်ကြီး၏ အကျင့်ပျတ် ခြစား မှုများနှင့် ပတ်သက်၍ မကျေနပ်၍ သက်ဆိုင်ရာသို့ အကြောင်းကြားတိုင်ကြားသော သားဖွားဆရာ မများအား နယ်ပြောင်းပေးမှု အပေါ် သက်ဆိုင်ရာ ၀န်ကြီးဌာန နှင့် နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူများ  သိစေရန် တိုင်ကြားခြင်း..
နာမည်ကြီး လူသိမများသော မြို့ နယ်ဆရာ ၀န်ကြီး ဦးမင်းလွင်၏ မတရားသဖြင့် လူထုအပေါ်ငွေတောင်းခံမှုအတွက် သက်ဆိုင်ရာသို့ တိုင်ကြားသော ဆရာမလေး (၆)ဦးမှာ ယခုအခါ ကျနော်တို့ ဧရာဝတီတိုင်းသို့ ပြောင်းရွှေ့ ခြင်းခံရပါသည်။ အပြစ်မရှိသူကို အရေးယူသော ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ယခုအခါ ထိုဆရာဝန်ကြီးမှာ ဆရာမများမပြောင်းခင် နိုင်ငံတော်မှအခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ထုတ်ပေးထားသော ဆေးမျိုးစုံကို 21.9.2013 ရက်နေ့ မနက် ပိုင်းတွင် light-truck ယာဉ်အမှတ် ၈ဏ/ ၈၂၆၂ ကားဖြင့်အပြည့်တင်ကာ သူတပည့် ကျန်းမာရေးမှူးများနှင့် ရောင်းချလိုက်ကြောင်း သိရှိရပါသည်။

၎င်းအပြင် ၀န်ထမ်းများအတွက် ချထားပေးသည့် တန်ဖိုးနည်းဖုန်းအား တစ်လုံးလျှင် ၄၅၀၀ ကျပ်တောင်းခံကာ ပွင့်လင်းမြင်သာမှုမရှိဘဲ ရောင်းချနေပါသည်။ မြို့ နယ်အတွက် အခမဲ့ ထုတ်ပေးထားသော ဆေးများအားလည်း သူတပည့် ဆရာမ ၂ ဦးအားဆေးဆိုင်ဖွင့် ရောင်းချစေပါသည်။

ထိုသို့ လူမဆန်စွာလုပ်ဆောင်နေသော ဆရာဝန်ကြီးနှင့်အဖွဲ့ ကို ခရမ်းမြို့ နယ်ကိုယ်စား အများအကျိုး ဆောင်ရွက်နေသော ဆရာတို့ အဖွဲ့ မှ ထိရောက်သော တိုင်ကြားမှုပြုလုပ်ပေးပါ ရန် လေးစားစွာ သတင်းပေးပို့ အပ်ပါသည်...။ အမှန်တရားအတွက် သက်ဆိုင်ရာဝန်ကြီးများမှလည်း လာရောက်စစ်ဆေးသင့်ကြောင်း အများပြည်သူ သိအောင် တိုင်ကြားအပ်ပါသည်။

အမှန်တရားလိုလားသူ ခရမ်းသားများ..

ယခင် ဇူလိုင်လက ပေးပို့လာတဲ့ တိုင်ကြားစာအား အောက်မှာဖတ်ရှူနိုင်ပါသည်..။

 ဒေါက်တာမင်းလွင်အား တရားဝင် တိုင်ကြားထားမူဖြစ်စဉ်များကိုတင်ပြပါမယ်။

ဖြစ်စဉ် (၁)
သို့...

 နေစွဲ့ ၂၇.၆.၂၀၁၃

 သက်ဆိုင်ရာလူကြီးမင်း

အကြောင်းအရာ ။ ။ ကူညီဆောင်ရွက်ပေးပါရန် တင်ပြခြင်း ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာနေ (အဘ ဦးတင်ဝင်း+ အမိဒေါ်တုတ်တို့၏ သမီးဖြစ်သူ မမာလာနွယ်သည် ခရမ်းမြို့နယ် ပေါက်ပန်းဖြူစုကျေးရွာ (အဘဦးမြင့်ဦး+အမိဒေါ်အမာအေး) တို့၏သားဖြစ်သူမောင်မြင့်စိုးမြတ်နှင့် အိမ်ထောင်ကျ ပြီး၎င်း၏ ဇနီးမမာလာနွယ်မှ သမီးဦးလေးအား ခရမ်းမြို့ ပြည်သူဆေးရုံ ကြီးတွင် ၁၈.၂.၂၀၁၃ နေ့ကတက်ရောက် မွေးဖွားခဲ့ပါသည်။

ခလေးမွေးဖွားပြီး သုံးလကျော်လောက်တွင် ကျန်းမာရေး မကောင်းသဖြင့် ၃.၆.၂၀၁၃ နေ့တွင် သက္ကလ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသရာ ကျွန်မ၏ချွေးမဖြစ်သူ မမာလာနွယ်၏ သားအိမ်တွင်းမှ ကွမ်းသီးခြမ်းခန့် ဂွမ်းစနှစ်စတွေ့ရှိကြောင်း သက္ကလဆေးရုံမှ ဆရာမကြီးများ ပြောကြားချက်အရ သိရှိရပါသည်။ ဖော်ပြပါ မီးဖွားစဉ်က ကျန်ရစ်ခဲ့သော ဂွမ်းစကြောင့် သားအိမ်တွင်းသို့ ပိုးဝင်ပြီး ရောဂါဝေဒနာ ခံစားရသည်ဟု ဆေးရုံမှပြောကြားချက်အရ
ကျွန်မသိရှိရပါသည်။ သက္ကလဆေးရုံတွင် သွေးနှစ်ပုလင်းသွင်းပြီး (၉)ရက် ဆေးရုံတက်ပြီးကုသသော်လည်း ယနေ့ထိကျန်းမာရေးမကောင်းသဖြင့် ထမင်းစား၍ မရပဲ အရည်သာသောက်ပြီး နေနေရပါသည်။

အိမ်မှာနေရင်းဆေးရုံမှ ပေးသောဆေးများ သောက်နေသော်လည်း မကောင်းသေးသဖြင့် ခွဲစိပ်ကုသမှ ရမည်ဖြစ်ကြောင်း ဆရာဝန်မှ ပြောကြားချက်အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ ကျွန်မတို့အနေနှင့် လယ်ယာမဲ့ လုပ်သားများဖြစ်ပြီး ဆင်းရဲချို့တဲ့သူများ ဖြစ်သည့်အတွက် ဆက်လက် ကုသရန် ငွေကြေးခက်ခဲများတွေ့ကြုံနေရပါသည်။

 အထက်ပါကိစ္စကို သက်ဆိုင်ရာလူကြီးမင်းများမှ သိရှိစေရန်နှင့် ခရမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ
တာဝန်မယူ ပေါ့ဆစွာ မီးဖွားပေးခဲ့သော ဆရာဝန်ကြီးဒေါက်တာမင်းလွင်အား လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန်နှင့်အများပြည်သူသိရှိရန်တင်ပြအပ်ပါသည်။
မမာလာနွယ် (ကရင်ကန်ကျေးရွာ)

 ဖြစ်စဉ် (၂)     
တိုင်ကြားစာ ဓာတ်ပုံ ဖိုင်များအား ဆက်လက်ကြည့်ရှုပါရန်..
ငွေကျပ်(၁)သိန်းပေးမှ မွေးဖွားပေးသည့် ဖြစ်စဉ် (တိုင်ကြားသူများ)
သားဖွားဆရာမ ဝန်ထမ်းများအပေါ် ရိုင်းပြ မောက်မာစွာ ဆက်ဆံမှုအား
(ဝန်ထမ်း သားဖွားဆရာမများမှ တိုင်ကြားစာ)

ဘုံးထားသမျှ ခုမှပေါ်... (ပေးစာ)

(အတွင်းသိ ကျုပ်ယာ) ပေးပို့လာတဲ့
ဘုံးထားသမျှ ခုမှပေါ်ဆိုတဲ့ ပေးစာကို ဖော်ပြလိုက်ပါတယ်..

နိုင်ငံခြားမှာ အပ်နှံထားတဲ့ အကောင့်ငါးခုနဲ့ ဒေါ်လာ ၁၁ဘီလီယံနဲ့ ပတ်သက်ပြီး အနံ့ထွက်လာတော့ ဘဏ္ဍာရေးဝန်ကြီးက အစိုးရ အကောင့်ဆိုလို့ ဘာအစိုးရရဲ့ အကောင့်လဲ။  ဘဏ္ဍာရေးဝန်ကြီး  လုပ်ခဲ့လေသမျှရှင်းတမ်းမှာ ဒီအကြောင်း တစေ့တစောင်းလေးတောင် မပါဘူး။  ကိုယ့်ငွေတွေရှိလျှက်နဲ့   သမ္မတကြီးက  နိုင်ငံကိုအရှက်ရစေရအောင်  လာသမျှ တခြားနိုင်ငံခေါင်းဆောင်တိုင်းကို လက်ဝါးဖြန့် တောင်းရမ်းနေတယ်။

ကျုပ်က  တပ်ချုပ်ကြီးကို သူခိုးကြီး သူခိုးချုပ်မှုးကြီးလို့  ပြောတော့၊ အမေ  ပေးခွင့်မရလို့   သူခိုးကြီးအနား အားရပါးရ ကပ်ခွင့်မရရှာကြတဲ့  အမေပေါင်စားချင်နေတဲ့  သေနာတွေက  ကျုပ်ကိုအားမနာပ ဝိုင်းတုတ်ကြတယ်။

  ဒီသူငယ်နာလေးတွေက  အမေ  နှမ ထိုးအပ်ချင်ပေမဲ့     ဒီသူခိုးကြီးက  သူ့မယားကြောက်ရတယ်။  ဘယ်အမြှီးနန့်ဝံ့ပါ့မလဲ။  အဲဒီနေရာမှာတော့  သွားလေသူ  ပထမ သူခိုးချုပ်ကြီး (ဦးနေဝင်း)နဲ့ တော့ ကွာပါ့။ ပထမ သူခိုးချုပ်ကြီးက  သူ့ဘော်ဒါ   ယောင်ခဲရဲ့ သမီးဆရာဝန်မလေး (ပန်းနံမည်လေးနဲ့ ပါဗျာ) ကို  အိမ်ခေါ် အထူးကုခိုင်းတဲ့ အထိ  ကိုယ်ဖိရင်ဖိ  ကုသ၏။ ဟိုကလဲ  ကဲကဲ၊  အရပ်အမောင်းက ကောင်းကောင်း၊ ဘော်ဒီကသွယ်သွယ်၊ အသားက ဖြူသလားမမေးနဲ့။  ဘာပြောကောင်း   (ကြောင်ခံတွင်းပျက်နဲ့  ဇရက်  တောင်ပံကျိုး)။  ဂျွတ်ဂျွတ်နဲ့   ပလပ်ပလပ်ပေါ့။

နောက်တစ်ယောက်လဲ  အနီးကပ် ပြုစုလိုက်ပါသေးတယ်၊ သတင်းထွက်သေး။  ထားပါတော့  အဲဒီမမရဲ့  အဖေကလဲ  နေရာကောင်း ပေးထားတာဘဲ။ သူက လဲဒေါင်ကောင်းကောင်း   ဖြူဖြူဖွေးဖွေး၊  ရွှေဘိုမင်းကြိုက်။

အခုသူခိုးကြီးက  အမြှီးမနှံ့ရဲရှာဘူး။  ဝါသနာမပါတာမဟုတ်ဘူး။  သူများမယားတောင်  အချောင်အလစ် ဝင်ခုတ်တော့ခုတ်တာဘဲ။  ဟိုက  ဇိကုတ်ထဲ့လိုက်လို့ ယူလိုက်ရတာ။ အခုသူခိုးကြီး  ဘုန်းထားတာတွေ ပေါ်ပြီ။  ဒေါ်လာမြင်ရင် အမေထိုးကျွေးပြီး  ကပ်ချင်နေတဲ့  ဒေါ်လာငမ်းငနာတွေ  ဘာပြောချင်သေးလဲ။

ကိုထွန်းအောင်ကျော်   ထောက်ပြသလို  ဓါတ်ငွေ့ ဝယ်ယူတာက  ထိုင်း။  ဝယ်တဲ့ငွေတွေအတွက်ဘယ်လို၊   ဘယ်အကောင့်ထဲ  ထဲ့ပေးရတယ်  မေးရုံးပေါ့။  လိမ်ပြီးဖြေလျင်  ဓါတ်ငွေ့ ဆက်လက် မရောင်းရအောင်  တိုက်ကြလိုက်ရုံပေါ့။
ပွင့်လင်းမြင်သာမှု  မရှိသူကို  ဆက်လက် ရောင်းချတာ ရပ်ရပါမယ်။

နောက်တခုက    စီးပွားရေးပညာရှင် အမည်ခံ ပုဂ္ဂိုလ်တွေအားလုံးက   ဓါတ်ငွေရောင်းရငွေ့ လောက်ဘဲ  ကွက်ကွက်လေးပဲ တွေးထင်နေကြပါတယ် ။  ဓါတ်ငွေ့ ရောင်းချငွေတွေက  တနစ်ကို ၂.ဝ ဘီလျံလောက်ရှိပေမဲ့   န.အ.ဖ ရတာက ၁၃.၅ % ပါ။   တနည်း  တနှစ်မှ ဒေါ်လာ သန်း ၄ဝဝ ကနေ ၆၅ဝ လောက်ဘဲရတာပါ။  ကျန်တာက  ထုတ်လုပ်နေတဲ့ ကုမ္မဏီတွေ ကိုပေးရတာ။

အဲဒီငွေထက်  ၃ -ဆ မကများတာက  ကားသွင်းခွင့်  ပါမစ် ဖိုးငွေတွေ။   ဖုန်းပါမစ်ငွေတွေ။  ကန်ထရိုက်ပါမစ် ငွေတွေ။  ယခင်က တနှစ်ကို ကား အစီး ၃ဝဝဝဝ ကနေ ၄ဝဝဝဝ အထိ သွင်းခွင့်ပြုတယ်။  ပျှမ်းမျှ ကားတစ်စီးကို ဒေါ်လာ ၃ဝဝဝဝ ကနေ ၅ဝဝဝဝ လောက်  ဒေါ်ကြိုင်ကြိုင် ဝိုက်ရတယ်။  ဖုန်းပါမစ်လဲ  ဖုန်းတစ်လုံး (ဆင်းကဒ်တခုကို - ဒေါ်လာ ၁၂ဝဝ ကနေ ၂ဝဝဝ)  လောက် မကြိုင် ဝိုက်တယ်။  တနှစ်ဖုံး အလုံး ၃ဝဝဝဝ   ချပေးတာမှာ သူက ၂ဝဝဝဝ လောက် ကိုင်တယ်။

အဲဒီတော့ သူ့ လက်ထဲ (သူ့ လက်ဝေခံတဲ့လူတွေ) ကျပ်ငွေတွေ ကုဋေနဲ့ 
ချီရှိနေတယ်။ အဲဒီငွေတွေကို  နိုင်ငံခြားရောက်မြန်မာတွေက ပြည်တွင်းပြန်လွှဲတဲ့ ငွေလွှဲ လုပ်ငန်းတွေကို ကျပ်ငွေ ထုတ်ပေးပြီး    ဟိုကလွှဲလိုက်တဲ့  ဒေါ်လာငွေတွေကို  စင်ကာပူမှာ စုရပ်လုပ်။  အဲဒီငွေတွေကို ခရိုနီကြီးနစ်ယောက်က  ဘဏ်တွေထဲ အပ်ပေးထားတာပါ။    အဲဒါကြောင့်  ဒီလောက်အများကြီးငွေလွှဲနေတာ  ဘယ်သူ့ ကိုမှ  မဖမ်းဘူး။
ဟဲဟဲ   သူခိုးကြီးက  ခရိုနီနစ်ကောင်ကို  ချီးမွှန်းဆိုပါ့လား။  ( xx နဲ့  xx ) လိုလူမျိုး   များများမဟုတ်ဘူး။  ငါးယောက်လောက်ရရင်  စင်ကာပူကို ကျော်ပြမယ်ဆိုပါ့လား။

ကနေ့   မီဒီယာကြီးတွေမှာ  ဆရာကြီးလုပ်နေတဲ့  ဘာစီးပွားရေးပညာရှင်  ညာစီးပွားရေးပညာရှင် ဆိုသူကြီးတွေ  တနှစ်ကို ဒေါ်လာ ၁.၅ ဘီလျံကနေ ၂.ဝ ဘီလျံအထိ ရှိတဲ့ အဲဒီ  လွှဲငွေတွေ  ဘယ်လို မြန်မာပြည်ထဲကို ဘယ်လို်ရောက်လာတယ်ဆိုတာ  သုံးသပ်ထားသူ  တစ်ဦးတစ်ယောက်မှ  မရှိသေးတာ  အဲဒီပညာရှင်ဆိုသူတွေဟာ  ရိုးသားသူတွေမှ ဟုတ်ကြလေရဲ့လား။  သုံးသပ်သူ တစ်ဦးဘဲ ရှိတယ်။ ဒါပေမဲ့ စီးပွားရေးပညာရှင်မဟုတ်ဘူး။
ဒီယုံမြင်လို့   တခြားအာရုံလွှဲသွားအောင်  ဓါတ်ငွေ့ ရောင်းရငွေ ဘဲ စွတ်အော်ပေးနေကြတယ်လို့  သုံးသပ်လို့ရပါပြီ။

အဲဒီလွှဲငွေတွေကြောင့်  ဒီလောက်များပြားလှတဲ့  ငွေလွှဲလုပ်ငန်းလုပ်သူတွေကိုတစ်ခါမှာ  မဖမ်းတာက  သက်သေပြနေပါတယ်။  လုပ်ဖေါ်ကိုင်ဖက်တွေလေ။  ဒီလူတွေကို ခေါ်စစ်လိုက်စမ်းပါ။  ရှင်းနေတာဘဲ။

အခုထက်ထိ အစိုးရက ကားပါမစ်  ဖုန်းပါမစ်ကရထားတဲ့ ငွေတွေကိုဝင်ငွေစာရင်းထဲ ထဲ့ မရှင်းသေးဘူး။  အခုဦးပိုင်ကိုစစ်ဖို့ တောင်းဆိုရတော့မယ်။   နိုင်ငံတော် စီမံကိန်းတွေ  လက်ဝါးကြီးအုပ်ထားသူရဲ့   စာရင်းတွေကို  စစ်ခွင့်မပြုနိုင်လျှင်  နိုင်ငံတော် စီမံကိန်းကိုလုပ်ကိုင်ခွင့် ပိတ်သိမ်းရတာ  နိုင်ငံတကာကျင့်ထုံးပါ။

ဒါတင်လား  မကသေးပါဘူး။   ကားတွေ သွင်းတဲ့ ကုမ္မဏီတွေကိုပါ  ပါမစ်တန်ဖိုး  ဘယ်သူ့ ပေးရတယ်။ ငွေတွေဘယ်ရောက်သွားတယ်  စစ်ဆေးရပါမယ်။  ယခင်အစိုးရ  လက်ထက်ကလုပ်ခဲ့တာ  မဖြေနိုင်ဘူးလုပ်ရင်  ဖမ်းချုပ်ထားတဲ့အထိ။  ကုမ္မဏီကို ပိတ်သိမ်းတဲ့အထိ  အရေးယူရပါမယ်။

ဒါကိုကြံ့ ဖွတ်အစိုးရက နှာစေးပြချင်လား။   ရပါတယ်  ၊  ၂ဝ၁၅ - ကျရင်  ဘာမီတွန်ကျွေး ပြီး  နှပ်နေစေရပါမယ်။  အခုတစ်စဘဲ ပေါ်သေးတာ။  ဟဲဟဲ   လာဦးမယ် ။ အခု  လူငယ်တွေက  အစိုးရကိုစုပေါင်းပြီး သူခိုးကြီးလက်ထက်က  မူမမှန်တဲ့ ငွေကြေးလုပ်ထားဘူးသူတွေကိုမိမိအသိတရားနဲ့ ဝန်ခံခိုင်းဖို့ ကြေညာချက်ထုတ်ရပါမယ်။  မိမိ အသိနဲ့ ဝန်ခံလာလျင်  ၅ဝ % ပိုင်စေ။  ဝန်မခံဘဲ  စစ်ဆေးမှ ပေါ်လာလျင်  ထိုသူနင့် မိသားစု ပိုင်ဆိုင်သမျှ  ပြည်သူပိုင်သိမ်းပြီး  နစ်ရှည်ထောင်ဒါဏ်နဲ့ ရာသက်ပန် စီးပွားရေးလုပ်ခွင့် ပိတ်ပင်တာ  လုပ်ရပါမယ်။

အခုနိုင်ငံတော် ပိုင်ဆိုင်တဲ့  ၇.၅ ဘီလျံ  လျှို့ ဝှက်အပ်ထားတဲ့ငွေတွေ ပေါ်လာပါပြီ ။  နိုင်ငံတော်သမ္မတကြီးက   ဆင်းရဲသားပြည်သူတွေကို  ဘဝမြှင့်တင်လိုလှတယ်လို့  မကြာခန ပြောနေပါတယ်။ ခလေးငယ်တွေ  အရပ်ပုနေလို့  နွားနို့ တိုက်ကျွေးလိုလှပါတယ်  ပါးစပ်က  လူကြားကောင်းအောင်  တဖွဖွပြောနေပါတယ်။  အခု ပေါ်လာတဲ့ငွေတွေ  ကိုချသုံးလိုက်ပါဗျာ။
အခြေခံလူထုကို  ဦးစားပေးဆိုလား  ပြောလိုက်တာလဲ  အာပေါက်နေပြီ။  သမ္မတကြီး  ရယ်  စေတနာတွေ မှန်ရင်  လုပ်လိုက်လေ   အဲဒီ ဘီလျံငွေထုတ်  ခတ်သုတ်သုတ်၊  မထုတ်နိုင်ရင်  ပါးစပ်ပိတ်၊  လေတွေ လျော့လို့  လက်တွေ့လုပ်။

အခုဒီငွေတွေကို  နိုင်ငံခြားအရံငွေ  လုပ်မနေပါနဲ့။  အခုမှ အရံငွေ  လုပ်မနေနဲ့။  အဲဒီငွေနဲ့   နိုင်ငံတော် တည်ဆောက်ရေးတွေ လုပ်ပေးပါ။  လုပ်မပေးလျင်  အပျော့ဆွဲ နဲ့ ညာနေတဲ့  သမ္မတလို့ အပြောခံနေရတာ  အတည်ဖြစ်သွားပါမယ်။
ဒီငွေတွေ  မထုတ်ပေးဘူးဆိုလျင်  ၂ဝ၁၅  သမ္မတပြန်လုပ်ဖို့  စိတ်ကူးလေး  စင်ကာပူဘဏ်ထဲမှာ  သိမ်းထားလိုက်တော့။

မြို့ တော်တိုးချဲ့ ရေး လုပ်ပေးရန် အထူးလိုအပ်နေပါတယ်။  နိုင်ငံခြားရင်းနှီးမြုပ်နံမှုတွေ  ဝင်လာဖို့   အခြေခံအဆောက်အအုံတွေ လိုနေပါတယ်လို့   အစိုးရကိုယ်တိုင် ၊  လွှတ်တော်၊  ဝန်ကြီးတွေ  အကြိမ်ကြိမ်ဖွင့်ဟ  ဝန်ခံထားပြီးသားပါ။ Infrastructure တွေ တည်ဆောက်တာနဲ့ တင်  လူတွေ  သိန်းချီပြီးအလုပ်အကိုင်တွေပေါ်လာပါမယ်။  FDI  လှိမ့်ဝင်လာပါမယ်။  ဝင်လာလျှင်ကို  အလုပ်အကိုင်သစ်တွေ  ထပ်ပေါ်လာပါမယ်။ ဒီငွေတွေကို  ထုတ်မသုံးလျင်   လူငယ်တွေ  တချက် ကမ်ပိန်းလုပ်လိုက်တာနဲ့   စီးပွားရေးကြပ်နေသူတွေ  ယမ်းအိုးကြီးက  ရှိနေပြီ။  မီးစလေး  တချက်  နေရာကောင်းတို့ လိုက်တာနဲ့    အာရှနွေဦးပေါ်လာပါမယ်။

ကဲကဲလူငယ်တို့ ရေ    လမ်းပေါ်ထွက်စရာမလိုပါဘူး။   မြန်မာလူငယ်တွေ  အလုပ်လက်မဲ့ ( % ) နင့်  ဝန်ထမ်းမိသားစုတွေရဲ့  ဝင်ငွေ နဲ့  ထွက်ငွေ ဘယ်လိုဖြစ်နေတယ်ဆိုတာသာ  စာရင်းကောက်တာလေး လုပ်လိုက်ပါ။  အမှန်အကန် စာရင်းအစစ်တွေ ဖြစ်ဖို့ တော့လိုပါတယ်။

ဒေတာ   အစစ်ပြလို့မှ  နေသာ   တယ်ဆိုလျင်  ဒီလူကို  သမ္မတကနေတောင် ဖြုတ်ချသင့်ပါတယ်။  နေသာတယ်ဆိုလျင်  မဗေဒါ  ကို  လက်တွဲဖြုတ်ဖို့   ဝိုင်းအော်ကြရတာပေါ့။  လုပ်လို်က်ကြတာပေါ့။  ကင်းကောင်နဲ့  တစ်ပွဲ လုပ်လိုက်ရုံပေါ့ ။

ကဲပါလေ။  မီဒီယာကြီးတွေ   နိုင်ငံခြားက  ငွေလွှဲ လုပ်နေသူတွေ  ဘယ်သူဆိုတာ  သိနေတာဘဲ။  ဗျူးကြပါဦး။  သူတို့ လက်ခံထားတဲ့ငွေတွေ  ဘယ်ကိုပို့ ပေးရပါသလဲ။  မဖြေလျင်  ငွေလွှဲဖူးသူတွေကို  စစ်ဆေး  အရေးယူရပါမယ်။  နိုင်ငံတကာ ဥပဒေအရ  ဒါဟာ  ငွေခဝါချမှု မြောက်နေပါတယ်။  တရားမဝင် ငွေလွှဲမှုလဲ  မြောက်နေပါတယ်။  ကဲ  မီဒီယာကြီးတွေ   တာဝန်ကျေကြပါစေ။  ဗျူးကြပါဦး။

အဲဒီလို  ခိုးဝှက်ထားတဲ့ငွေတွေ  ပေါ်လာတာရဲ့  ဂယက်က  ရန်ကုန်မှာ  မြေဈေးကစားနေတဲ့ ငွေတွေ မိသွားပြီမို့ ရန်ကုန်မြေဈေး  တည်ငြိမ်လာပါမယ်။ ရန်ကုန်မြေဈေးကို  ဒို့ပြည်ထဲက ခိုးထားတဲ့ငွေတွေနဲ့   ပြန်ပြီး  မြေဈေး တက်အောင် ဈေးကစားနေတာ။ မြေဈေးတက်လေ  ကုန်ဈေးနုံးက  တက်လေ။  ဝန်ထမ်းတွေ  ပြည်သူလူထု ကြပ်တည်းလေ။

ပြည်သူလူထု ကိုချောင်လည်စေချင်တယ်ဆိုလျင်  နအဖလက်ထက်   ကားပါမစ်ကစားပြီး  ပြည်သူဆီက သဲ့ယူထားတဲ့ငွေတွေ  ပြန်သိမ်းပေးရန်လိုပါတယ်။  ဒီငွေတွေရှိနေတာ  ပြည်သူဆီက  မတရားသဖြင့် သဲ့ယူသေးတယ်။  ပြီးပြည်သူကိုပြန်ဒုက္ခပေးနေတယ်။

ယခင်ကားပါမစ်  ဖုန်းပါမစ် ကိုင်ရောင်းစားခဲ့တဲ့သူတွေကို  လူထုက  စာရင်းပြန်ကောက်ပြီး  နိုင်ငံတော် အစိုးရကို  ပြန်ယူပေးဖို့   စာရင်းကောက် ပြီးတင်ပြရပါမယ် ။  အစိုးရက ဒီလိုမတရားယူထားတဲ့ငွေတွေကို   ပြန်တောင်းဆို  ပေးရပါမယ်။

အတွင်းသိ ကျုပ်ယာ...

ခရီးသွားမှတ်တမ်း(၂) ဟိုပုံး ထမ်းဆမ်းဂူ..

ခရီးသွားမှတ်တမ်း(၂) ဟိုပုံး ထမ်းဆမ်းဂူ.. 

 ဒီတခေါက်မြန်မာပြန်ခရီး ထွက်စဉ် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နဲ့ ၂၅မိုင်ခန့်ဝေးတဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ထမ်းဆမ်းဂူကို ရောက်ရှိခဲ့တဲ့ အကြောင်းလေးပါ..။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အလှကို မနက်စောစော ရွှေဘုန်းပွင့် စေတီပေါ်က ကြည့်ရှုခဲ့ရပြီး သကာလ.. တောင်ကြီးက မိတ်ဆွေရဲ့ ကောင်းမှုနဲ့ ရင်သပ်ရှုမောဖွယ် ထမ်းဆမ်းထုံးကျောက် လှိုဏ်ဂူကို ရောက်ခဲ့ပါတယ်..။ တောင်ကြီးက ဟိုပုန်းထိ ၁၂မိုင်၊ ဟိုပုန်းကနေ ၁၄မိုင်လောက် ထပ်သွားရင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ထမ်းဆမ်းဂူကို ရောက်ပါတယ်...။ လမ်းတွေကလည်း ယခင်နဲ့မတူ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် ပေးထားတဲ့ အတွက်ဖြောင့်ဖြူးသာယာနေလို့ ၁နာရီကျော်ကျော် လောက်အတွင်းမှာ ရောက်ရှိသွားပါတယ်...။ 

လမ်းခရီးမှာတော့ ၂၀၁၁ခုနှစ်က ကျွန်တော့်ဆီ တိုင်စာတွေ ရောက်လာဘူးတဲ့ ပင်းပက်သံမဏိစီမံကိန်းကို တွေ့ခဲ့ရလို့ ပြုံးမိပါသေးတယ်..။ တောင်ကြီး ဟိုပုန်းလမ်းဟာ အင်မတန်မှာ သာယာလှပတဲ့ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေလို့ ကင်မရာကို အလွတ်မပေးနိုင်ပဲ မှတ်တမ်းတွေ တပွေ့တပိုက်နဲ့ပေါ့။ တုခတော့ ပြောချင်သည် ကျွန်တော်တို့ နိုင်ငံမှာ ဆိုင်းဘုတ်တွေမှာ ဆောင်ပုဒ်တွေ လုပ်ဆောင်ချက်တွေကတော့ ပျံလန်ထွက်နေတာပါပဲ..။ ဥပမာ အနေနှင့် ဥတုရာသီ တောကိုမှီတို့ သစ်ပင်ခုတ်က ထောင်ဒဏ်(၃)နှစ်တို့ ဘာတို့ စသည့် ဆိုင်းဘုတ်များ တောင်ပေါ်မြို့များရဲ့ မြို့အဝင် မြို့အထွက်များမှာ အစီအရီမြင်နေရပါတယ်..။ 

ထို့ကြောင့်လားမသိ မြို့အဝင် မြို့အထွက် လူမြင်ကွင်းများတွင် သစ်ပင်များ စိမ်းစိမ်းစိုစို စိုစိုပြေပြေမြင် တွေ့နေရသော်လည်း မြို့နဲ့ ဝေးတဲ့ နေရာများမှာတော့ တောင်ကတုံးများ နေရာအနှံ့ပေါ့..။ နီးရာလူမြင်ရာ သစ်ပင်များ စိုက်နေကြသလားလို့ပါ..။ ဓာတ်ပုံရိုက်လိုက် ပြင်ပ ရှုခင်းတွေ ကြည့်လိုက်နဲ့ ရောက်လို့ ရောက်မှန်းမသိ ၁နာရီကျော်ကျော်လေးမှာ ရောက်ရှိခဲ့ပါတယ်..။ 
ရင်သပ်ရှုမောဘွယ်ရာ ထမ်းဆမ်းထုံးကျောက်ဂူဟာ ရှေးယခင်ကတည်းက ဟိုပုံး၊ လွိုင်လင်လမ်းဘေးမှာ ရှိပေမယ့် မည်သူမျှ မသိရှိခဲ့ပါဘူး။ လိုက်ပို့တဲ့ ဒေသခံရဲ့ ပြောပြချက်အရ ၂၀၀၉ခန့်က ဟိုပုံးကိုရင်လေး(ရှင်ပေါရိသ)ရဲ့ အိပ်မက်အရနဲ့ နွားကျောင်းသားလေးတဦးမှ တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ လူအများကြည့်ရှုနိုင်အောင် (ဟိုပုံးကိုရင်လေး)နဲ့ ဒေသံခံတွေရဲ့ ကြိုးစားမှုနဲ့ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်..။

 ထမ်းဆမ်းဂူရဲ့ ထူးခြားချက်ကတော့ ကျွန်တော် ရောက်ရှိခဲ့တဲ့ မေမြို့ပိတ်ချင်းမြှောင်တို့၊ ပင်းတယဂူတို့နဲ့ မတူပဲ အထဲမှာ ရင်သပ်ရှူမောဖွယ်ရာ ကျောက်စက်ပန်းဆွဲများနဲ့ အင်မတန်မှ လှပကျယ်ဝန်းလှတဲ့ သက်တမ်းရင့် ဂူတခုဖြစ်တာပါပဲ..။ ကျောက်စက်ပန်းဆွဲတို့ရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေတဲ့ မြင်ကွင်းအလှကတော့ စာဖွဲ့မပြတတ်အောင်ပါပဲ။ ဂူထဲမှာတော့ မိုးတွင်းကာလဖြစ်တဲ့ အတွက် ရေထွက်ပေါက်မှ ရေးများတဝေါဝေါ ထွက်လာတဲ့ အသံကတော့ ဂူထဲမှာ ပဲ့တင်သံထွက်နေပြီး ဂူထဲမှ ကြီးမားတဲ့ ရေထွက်ပေါက်ကလည်း အံ့သြစရာပါ..။

 ယခင်ကနိုင်ငံခြားသားများ လာရောက်ခွင့် မရခဲ့ပေမယ့် မကြာမှီကမှ နိုင်ငံခြားသားတွေ အတွက် ဖွင့်ပေးထားပုံရပါတယ်..။ နိုင်ငံခြားသားတွေ ဒီထက်ပိုမို သိရှိပြီး ထမ်းဆမ်းဂူကို လာရောက်လေ့လာခွင့် ရမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးအတွက် သာမက ကမ္ဘာကပါ သိရှိခွင့်ရကြမှာပါ..။ ကြီးမားပြီး သက်တမ်းရင် ထုံးကျောက်ဂူ ဖြစ်တဲ့ အတွက် နိုင်ငံခြားသားများနဲ့ ပြည်ပ ဘူမိဗေဒပညာရှင်များ အတွက် အင်မတန်မှ စိတ်ဝင်စားမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်..။ ထို့အတွက်ကြောင့်လည်း ထမ်းဆမ်းဂူကို ထိန်းသိမ်းရာမှာ ဘာသာသာသနာ အတွက် စေတီတော်တွေ တည်ထား ကိုးကွယ် ထိန်းသိမ်းမှုအပြင်.. (ပညာရှင်များရဲ့ အကူအညီနဲ့ သဘာဝကျောက်စက်တွေရဲ့ အလှ အပတွေပါ မကွယ်ပျောက်ရအောင် ထိန်းသိမ်းသင့်တယ်လို့ ယူဆမိပါတယ်..)။ ဘူမိဗေဒပညာရှင်တွေ အတွက် အင်မတန်မှ အဖိုးထိုက်တန်လှတဲ့ သက်တမ်းရင့် ဂူတခု ဖြစ်နေလို့ပါပဲ..။

 ဒီလိုကြီးမားပြီး သက်တမ်းရင့် လှတဲ့သဘာဝဂူမျိုးသာ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိရင် နိုင်ငံခြားသားတွေနဲ့ သဘာဝပတ်ဝန်းကျင် မြတ်နိုးသူတွေ ခြေချင်းလိမ်နေကြမှာပါ..။ ကျွန်တော်တို့ နိုင်ငံဟာ ဒီလို အဖိုးတန် သဘာဝအလှတွေ အများအပြားပိုင်ဆိုင်ထားပြီး အရှေ့တောင်အာရှမှာ သဘာဝအလှတွေ အများအပြား မပျောက်ပျက် တည်ရှိနေသေးတဲ့ နိုင်ငံတခုအဖြစ် တည်ရှိနေသေးတာပါ..။ နိုင်ငံတော်အနေနဲ့ အဆိုပါဒေသကို နိုင်ငံခြားသားများ လွယ်ကူစွာ လာရောက်နိုင်ဖို့နဲ့ ထမ်းဆမ်းဂူ အကြောင်းကို ပြည်တွင်းပြည်ပသိအောင် လုပ်ဆောင်မှုနဲ့အတူ အဖိုးတန်သဘာဝကျောက်စက်တွေရဲ့ အလှကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်း စောင့်ရှောက်ဖို့ ရိုးသားစွာ အကြံပြုအပ် ပါတယ်..။

 ဂူတွင်းမှာ ဓာတ်ပုံပေါင်းများစွာ မှတ်တမ်းတင် ရိုက်ကူးပြီး ပြန်ထွက်လာချိန်မှာတော့ တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ယိုးလားလို့ ဆိုသလို ရှမ်း ပအိုဝ်းတွေရဲ့ အလှူဒါနပြုနေကြတဲ့ မြင်ကွင်း၊ ရိုးရာဝတ်စုံ ဆင်မြန်းထားတဲ့ ရိုးသားတဲ့ ပအိုဝ်းအမျိုးသမီးတွေနဲ့ သဘာဝကျောက်ဆောင်၊ ဂူပတ်ဝန်းကျင် ရေထွက်ပေါက်က အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ချောင်းငယ်လေးအပြင် အေးမြကြည်လင်တဲ့ ရာသီဥတု အလှတို့ဟာ ပန်းချီကား တချပ်လိုပါပဲ...။ စာဖတ်သူများ အနေနဲ့လည်း ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ကျောက်စက် အလှတွေ ပြည့်နေတဲ့ သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်တဲ့ သက်တမ်းရင့် ထမ်းဆမ်းလှိုဏ်ဂူကြီးကို တခါတခေါက် အရောက်သွားပြီး တို့ပြည်တို့မြေက မိမိနိုင်ငံရဲ့ သဘာဝအလှတွေကို ခံစားမှတ်တမ်းတင်ကြဖို့ အကြံပြုရင်း... 
 ဒီမိုဝေယံ
 ဓာတ်ပုံ ဒီမိုဝေယံ

အဝေးကျောင်းက ခေါင်းလောင်းသံ


အဝေးကျောင်းက ခေါင်းလောင်းသံ
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာရှိ ရတနာအောင်ဆု (ပရိတ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလည်တခေါက် ရောက်ရှိခဲ့ပါတယ်...။

ဆိုင်ခေါင်စံပြကျေးရွာဟာ တောင်ကြီးမှ ၄၇မိုင်အကွာအဝေးမှာ ရှိပြီး မွေတော်ကက္ကူဘုရားမှ နောက်ထပ် ၁၅မိုင်အကွာမှာ တည်ရှိပါတယ်..။
ရွာအဝင် ရတနာအောင်ဆု (ပရိတ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား တောင်ကြီးမဟာစည် သာသနာ့ရိပ်သာဆရာတော် ဦးတေဇဝန္တမှ ဦးစီးဆောင်ရွက်နေတာ ဖြစ်ပါတယ်..။

ဆီဆိုင်မြို့နယ်နဲ့ အနီးအနားရွာများမှ ရှမ်း၊ ဓနု၊ ပအိုဝ်းတိုင်းရင်းသား ဆင်းရဲနွမ်းပါးတဲ့ ကိုရင်ငယ်လေးပေါင်း ၈၁ပါးအား သံဃာတော်(၆)ပါးနဲ့ ဆရာမ(၂)ဦးမှ စာသင်ကြား ပြသပေးနေပါတယ်..။ ကိုရင်ငယ်လေးများဟာ အသက်အရွယ်အားဖြင့် ၅နှစ်အထက်မှ ၁၄နှစ်အထိ ရှိပြီးအများဖြင့် ၅နှစ်၊ ၆နှစ်၊ ရနှစ်ခန့် ကိုရင်ငယ်များအများဆုံး ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၇လပိုင်းက စတင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာ ရတနာအောင်ဆု (ပရိတ)ကျောင်းမှာ မြန်မာစကား ပြောတတ်သူ ကိုရင်အနည်းငယ်သာ ရှိပြီးယခုအချိန်မှာတော့ သူငယ်တန်းမှ (၄)တန်းအထိ ဆရာမ(၂)ဦးအား တလ(၅)သောင်းကျပ်ဖြင့် ငှားရမ်းပြီး ပညာသင်ကြားပေးနေပါတယ်..။

တောင်ကြီးမဟာစည် သာသနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တမှ အဆိုပါ ဆင်းရဲနွမ်းပါးတဲ့ ကလေးများကို ပညာတတ်မြောက်အောင် ပြုစုပျိုးထောင် ပညာသင်ကြားပေးပြီး ဗုဒ္ဓဘာသာ အခြေခံသဘော တရားများအား နားလည်တတ်မြောက်အောင် ယခုကဲ့သို့ ပြုစုပျိုးထောင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်..။

ကျောင်းဆောင် အဆောက်အအုံ တချို့ကိုတော့ ရန်ကုန်မြို့မှ စေတနာရှင်များမှ လှူဒါန်းထားပြီး ရေအတွက်ကိုတော့ အနီးအနားရေထွက်မှ ရေပိုက်ဖြင့် သွယ်တန်းရရှိပေမယ့်လည်း လျှပ်စစ်မီးအတွက်ကတော့ ဆိုင်ခေါင်ရွာနဲ့ တမိုင်ကျော်ခန့် ဝေးသော်ကြောင့် ရွာမှလျှပ်စစ်မီးသွယ်တန်းဖို့ အတွက် ထရန်စဖော်မာ လိုအပ်တယ်လို့ ဆိုပါတယ်..။ ယခုအချိန်မှာတော့ ကိုရင်တွေ အတွက် စာသင်ဆောင် ၂ဆောင်နဲ့ အိပ်ဆောင် ၁ဆောင်ခန့်လိုအပ်နေပါတယ်..။

ရိုးသားလှတဲ့ ချစ်စရာ ကိုရင်ငယ်လေးများဟာ ကျွန်တော်ရောက်ရှိစဉ်မှာတော့ နံနက် အာရုဏ်ဆွမ်းအတွက် ကိုယ်တိုင်ချက်ပြုတ်ဖို့ ပြင်ဆင်နေကြလေရဲ့..။ မြန်မာစကား သိပ်မတတ်လှပေမယ့် ရိုးသားမှုနဲ့ အေးချမ်းလှတဲ့ မြင်ကွင်းကတော့ ကြည်နှုးစရာပါ..။ ကျွန်တော်တို့ သားအရွယ် တူအရွယ် ကိုရင်ကလေးများဟာ တကယ်တော့ မိဘရင်ခွင်ကနေ စာသင်ကျောင်းတော်ကြီးပေါ်မှာ တက်ရောက် သင်ကြားနေရမယ့် အရွယ်ပါ..။ မိဘများက ဆင်းရဲနွမ်းပါးတဲ့ အတွက် ကလေးသူငယ်များ လမ်းမှားမရောက်စေဖို့နဲ့ ဘာသာအယူဝါဒ မလွဲမှားစေဖို့ အဆိုပါ ဒေသမှာ တောင်ကြီးမဟာစည် ဆရာတော်မှ သွားရောက် ပြုစုပျိုးထောင် ပေးနေတာပါ..။

ကျွန်တော်တို့ တောင်ပေါ် တိုင်းရင်းသားဒေသက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ရင်သွေးငယ်တွေရဲ့ ဆည်းလည်းသံ၊ ခေါင်းလောင်းသံနဲ့အတူ ညီညီညာညာ သံပြိုင်စာဖတ်သံတွေကို အမြဲ ကြားနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ရင်း အဝေးကျောင်းက ခေါင်းလောင်းသံအတွက် ဒါနမျိုးစေ့ စိုက်ပျိုးကြရအောင်လားဗျာ...

ဒီမိုဝေယံ

လှူဒါန်းရန် လိပ်စာ.. ဖုန်းနံပါတ်
တောင်ကြီးမဟာစည် သာသနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တ (တောင်ကြီးမြို့)
Phone 09-4935-8779, 09-3616-5469

(ခရီးသွား မှတ်တမ်း) (စစ်ကိုင်းကောင်းမှုတော်)






(ခရီးသွား မှတ်တမ်း) (စစ်ကိုင်းကောင်းမှုတော်)

မြန်မာပြည်ခရီး ခရီးသွားမှတ်တမ်းတွေ ရေးမယ် ရေးမယ်နဲ့ ဘယ်ကစရေးရမှန်း မသိလို့ ဒီနေ့ တော်သလင်းလပြည့်နေ့ မှာတော့ စစ်ကိုင်းကောင်းမှုတော်စေတီ ရောက်ရှိစဉ်က မြင်ကွင်းလေးတခုကို ကြားဖြတ်ရေးသားလိုက်ပါတယ်..။

မန္တလေးက ထွက်လာတော့ မိုးအုံ့အုံ့ မပူမအေး ရာသီဥတုအောက်မှာ စစ်ကိုင်းဘက်ကို ကားလေးက တရိပ်ရိပ် ဦးတည်မောင်းနေလေရဲ့။ လမ်းဘေးမှာတော့ မိုးရာသီအလျှောက် ဧရာဝတီမြစ်ရေ တိုးနေတဲ့လို့ ရေတဖွေးဖွေးပေါ့။ ရတနာပုံတံတားသစ်ကြီးကို ကျော်ဖြတ်လာစဉ်မှာတော့ ဧရာဝတီမြစ်အတွင်း သစ်လုံးတင် သဘောင်္တွေ အပြည့်။ ဒီနှစ်ကုန်အထိသ သစ်တွေ အလုံးလိုက် ပို့ခွင့် ပြုတော့မယ်ဆိုလို့ ရှိသမျှသစ်တွေ နောက်ဆုံးပိတ် အိတ်နဲ့လွယ်နေတာလို့ လိုက်ပို့တဲ့ မန္တလေးမြို့ခံက ဆိုလေရဲ့။ တို့မြန်မာတွေ အခွင့်အရေးဆိုတာ တကြိမ်သာ ရသည်ဆိုတဲ့ ဆိုရိုးစကားကို အပြည့်အဝ အသုံးချနေကြလေသလားပဲ။

ရတနာပုံ တံတားကို ဖြတ်ကျော်ပြီးချိန်မှာတော့ ဇေယျာမြေစစ်ကိုင်းမြို့ကို ရောက်ရှိခဲ့ပါပြီ...။ ရသမျှ အချိန်လေးအတွင်း အင်မတန်ရောက်ဖူးချင်လှတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီကို အပြေးသွားဖူးခွင့် ရရှိခဲ့ပါတယ်..။

ငယ်စဉ်တောင်ကျေး ကလေးဘဝ နွေရာသီဘုရားဖူး ရောက်ခဲ့စဉ် မြင်ကွင်းကတော့ နေပူပူမှာ ထုံးသင်္ကန်းအဖြူနဲ့ ရင်ကိုအေးစေတဲ့ မြင်ရတဲ့ မြင်ကွင်းကို ယနေ့အထိ မမေ့နိုင်ခဲ့ပေါ့...။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ယခုတဖန် ပြန်လည်ရောက်ရှိချိန်မှာတော့ ရွှေသင်္ကန်းနဲ့ မြင်ကွင်းတွေ ပြောင်းလဲသွားခဲ့လေပြီ..။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ထုံးသင်္ကန်းအရောင် စေတီတော်ရဲ့ မြင်ကွင်းဓာတ်ပုံကိုတော့ ရှင်မတောင် သနပ်ခါး ရောင်းတဲ့ဆိုင်မှာ အမှတ်တရ ကြည့်ခဲ့ရလေရဲ့..။ တကယ်တော့ လူပေါင်း ၂၀၀၀ကျော်နဲ့ ၁၂နှစ်ကျော်တည်ခဲ့ရတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ ဆိုတာ သီရိလင်္ကာနိုင်ငံက ပင့်ဆောင်ဋ္ဌာပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ စွတ်စွတ်ဖြူတဲ့ မြတ်စွယ်တော်ပွားကို ကိုရည်စူးပြီး ထုံးသင်္ကန်း ဖွေးဖွေးကိုသာ ခေတ်အဆက်ဆက် ကပ်လှူခဲ့ကြတာပါ..။ ......

စေတီတော်အတွင်း လှည့်ပတ်ဖူးမျှော်တော့ မြင်ရတဲ့ မြင်ကွင်းက စိတ်ထဲ မသက်သာလှ စာကလေး၊ ဇီးကွက်၊ ချိုးငှက်၊ ဗျိုင်းကအစ လှောင်ချိုင့်ထဲမှာ လွှတ်ပေးမယ့်သူကို စောင့်မျှော်နေလေရဲ့..။

ဇီးကွက်တကောင် လွှတ်မယ်လုပ်ပြီး ဘယ်လောက်လဲဆိုတော့ ၃၀၀၀တဲ့ .. ဘေးက ဘုရားဖူးခရီးသည်တွေ ဝင်ပြောပေးတော့ ၂၅၀၀တဲ့။ ဈေးသည် အမျိုးသမီးက ကျွန်မတို့က ဇီးကွက်တကောင် ဝယ်ဈေး ၂၀၀၀ပေးရလို့ပါတဲ့...။ သြော်လို့ အာမေဋိတ်တမိတယ့် ဘုရားစေတီတော် အတွင်းက ဈေးကွက် စီးပွားရေးစံနစ် တခုပေါ့...။ ကုသိုလ် ပြုလိုသူတွေအတွက် အကုသိုလ်ပြုပြီး ရောင်းဝယ်ဖောက်ကား နေကြတာလေ.။
စာကလေးက ၃ကောင် ၁ထောင်ဆိုလား..။ စာကလေးလွှတ်ပြီး ဇီးကွက်လွှတ်ပေါ့ ဇီးကွက်လွှတ်ပြီးတော့။ တကောင်တည်း လှောင့်ချိုင့်ထဲက ဗျိုင်းပါ ဈေးဆစ်ပြီးကျပ်၂၅၀၀နဲ့ ဝယ်လွှတ်ပေါ့...

တွေးမိတာလေးပါ..။ အေးချမ်းတဲ့ ဘုရားရင်ပြင်တော်ဝင်းထဲ လှောင့်ချိုင့်ထဲက ညှိုးငယ်နေတဲ့ ငှက်သတ္တဝါတွေရဲ့ မြင်ကွင်း..။ ဘယ်လိုမှ မအပ်စပ်လှ..။ ကုသိုလ်ပြုလိုသူတွေ အတွက် ငှက်ဖမ်းပြီး ဘုရားရင်ပြင်တော်ပေါ်မှာ ဝမ်းရေးအတွက် အကုသိုလ်ယူ လုပ်ကိုင် စားသောက်နေရသူတွေရဲ့ လှောင်ချိုင့်ထဲက သတ္တဝါတွေ၊ အေးချမ်းတဲ့ ရင်ပြင်တော်ပေါ်က ဆန့်ကျင်ဖက်မြင်ကွင်း တွေပေါ့။ ကုသိုလ်ရေးထက် ဝမ်းရေးက ခက်နေလေသလား။ ကုသိုလ်ပြုပြီး ငှက်လွှတ်သူတွေအတွက် ဝမ်းရေးအတွက် အကုသိုလ်ပြုပြီး ငှက်ဖမ်းရောင်းဝယ်သူတွေ ရှိနေတာလား။ ငှက်ဖမ်းရောင်းဝယ်သူတွေရဲ့ လှောင့်ချိုင့်ထဲက ငှက်တွေရှိနေလို့ ငှက်လွှတ်ပြီး ကုသိုလ်ပြုနေကြရတာလား မုန့်လုံးစက္ကူကပ် မဆုံးနိုင်တဲ့ အတွေးတွေပေါ့။

သေချာတာကတော့ ကျွန်တော် စာကလေးလွှတ်၊ ဇီးကွက်လွှတ်၊ ဗျိုင်းလွှတ်ပြီး ကုသိုလ်ယူခဲ့ပါတယ်...။ ဤသို့ လှောင်ချိုင့်အတွင်းက ငှက်သတ္တဝါငယ်လေး များအား လွတ်လပ်စွာ ပျံသန်းခွင့်ရအောင် လွှတ်ပေးရတဲ့ အကျိုးအားကြောင့် ပြီးခဲ့တဲ့ အမှောင်ခေတ် မြန်ပြည်တဝှမ်း မတရားဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စစ်စစ်တွေ (အမိန့်ပေး ဖမ်းတုန်းက ဖမ်းခိုင်းပြီး ယခုမှ ပန်းချီရောင်း ကော်ဖီဆိုင်ဖွင့်သူမပါ) နောင်အစိုးရဆက်ဆက် ဖမ်းလိုက်၊ ပြန်လွှတ်လိုက်၊ ဈေးဆစ်လိုက်၊ ပြန်ဖမ်းလိုက်၊ နိုင်ငံ့ခေါင်းဆောင်ဆိုသူရဲ့
စေတနာဆိုပြီး ကုသိုလ်ယူလိုက်၊ ကျွန်မတို့က ဝယ်ဈေး ၂၀၀၀ရှိပါတယ်လို့ ဆိုပြီးအကုသိုလ်ယူနေရတဲ့ ငှက်ရောင်းတဲ့ ဈေးသည်အမျိုးသမီးလို
နိုင်ငံရေးအကျဉ်းသား ပြန်ပေးဆွဲ နိုင်ငံတကာမှာ မျက်နှာရဖို့အတွက် နိုင်ငံရေး အကျဉ်းသားများ အရောင်းအဝယ်လုပ်သော အစိုးရများ အုပ်ချုပ်ခြင်းမှ အမြဲကင်းဝေးကြပါစေ..။

ဒီမိုဝေယံ

ကိုယ်တိုင်ရိုက်ကူး ဓာတ်ပုံများအား မျှဝေပါသည်..။
ခရီးသွားမှတ်တမ်းလို့ ဆိုပေမယ့် ဆားမပါတဲ့ဟင်း အရသာမရှိသလို ကိုယ်သန်ရာသန်ရာ ဆားဖြူးထားတာလေးကို နားလည်ပေးကြပါ။

ဆက်လက်ရေးသားပါမည်...
(8 photos)

လူမျိုးစုံ နာဂစ်မုန်တိုင်း မိဘမဲ့ပြုစုစောင့်ရှောက်ရေး.. (ပြင်ဦးလွင်)


လူမျိုးစုံ နာဂစ်မုန်တိုင်း မိဘမဲ့ပြုစုစောင့်ရှောက်ရေး..

အရိပ်မဲ့ပန်း၊ မနွမ်းစေချင်
ဂရုဏာဝင်၍ တတ်စွမ်းသမျှ
လှူဒါနဖြင့် ကူညီဖေးမ ပရဟိတ
ရေငတ်နေသူ ရေကိုလှူ၍
မေတ္တာငတ်သူ အားငယ်သူကို
ကြည်ဖြူလှူဒါန်း စိတ်ရွှင်လန်းနိုင်ကြပါစေ။

ဒိုးပင်အောင် ကံသာပရဟိတကျောင်း..
(ပြင်ဦးလွင်)
ဖုန်း ၀၉၇၃၂၂၀၇၃၂
၀၉၂၀၄၅၉၄၉

တိုကျိုမှာ ပြုလုပ်မယ့် Miss International ပြိုင်ပွဲအား မြန်မာနိုင်ငံ ကိုယ်စားပြု မဂုဏ်ရည်အေးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်..

တိုကျိုမှာ ပြုလုပ်မယ့် Miss International ပြိုင်ပွဲအား မြန်မာနိုင်ငံ ကိုယ်စားပြု မဂုဏ်ရည်အေးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်..

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ Miss International ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဆိုပါ ပြိုင်ပွဲအား 2013 Miss Myanmar International မယ်ဘွဲ့ ရရှိခဲ့တဲ့ မဂုဏ်ရည်အေးကျော်မှ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

ထိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဂုဏ်ရည်အေးကျော်မှ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့
ကြိုတင်ပြင်ဆင်မှု အနေနဲ့ Body Training၊ English Speakingတို့အပြင် မြန်မာ့ရိုးရာကို ပင်ကို စွမ်းရည် ပြိုင်ပွဲအတွက် ကမ္ဘာ့အလည်မှာ ပြသနိုင်ဖို့ စောင်းတီးပညာကိုပါ အထူးကြိုးစား လေ့ကျင့်နေကြောင်း ခေတ္တတွေ့ဆုံ မေးမြန်းခွင့်ရစဉ် ပြောဆိုခဲ့ပါတယ်။

နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ အထူးတလည် အားပေးကြတဲ့ မြန်မာပရိသတ်ကြီး အတွက်လည်း မြန်မာနိုင်ငံ မျက်နှာပန်းလှဖို့ အထူးကြိုးစား ပြိုင်ပွဲဝင်မှာဖြစ်ကြောင်းနဲ့ အင်တာနက်ကနေလည်း မဲပေးနိုင်တယ်လို့ ဆိုပါတယ်..။ အမျိုးသားဝတ်စုံ ပြိုင်ပွဲအတွက်ကိုတော့ ခေတ်တခေတ်မှာ ထင်ပေါ်ခဲ့တဲ့ မြန်မာဝတ်စုံ သို့ တိုင်းရင်းသားဝတ်စုံ တခုခုနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

2013 Miss Myanmar International ပြိုင်ပွဲမှာလည်း စောင်းတီးပညာကို ပြသခဲ့ပြီး မေးခွန်းအားလုံးကို ဖြေဆိုနိုင်ခဲ့တဲ့အတွက် ၂၀၁၃ခုနှစ် Miss Myanmar Internationalဆုကို ရရှိခဲ့ပါတယ်..။

ယခုကဲသို့ ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေမှာ အပြည်ပြည်ဆိုင်ရာ မယ်ပြိုင်ပွဲများမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဂျပန်နိုင်ငံ အိုကီနာဝါမှာ ပြုလုပ်တဲ့ Miss International ပြိုင်ပွဲမှာ နန်းခင်ဇေယျာမှ People Choice Award နဲ Miss Internet ဆုကိုရရှိခဲ့သလို ယခုနှစ် ဘယ်လာရုဇ် နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Supranational 2013ပြိုင်ပွဲမှာလည်း ခင်ဝင့်ဝါမှ Miss Internetဆု၊ Most Beautiful Girl in the Word ဆု၊ People Choice Award ဆုနှင့် Face of Miss Supranational 2013 ဆုတို့ကို ရရှိခဲ့ပြီး နိုင်ငံ့ ဂုဏ်ဆောင်ခဲ့ပါတယ်။

မြန်မာ့ဂုဏ်ဆောင် အလှမယ်တွေရဲ့ ပြည်ပ ပြိုင်ပွဲတွေမှာ ရရှိခဲ့ကြတဲ့ Miss Internetဆုကတော့ ကျွန်တော့်တို့ ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သား ဖေ့စ်ဘွတ်ပရိသတ်များနဲ့ အင်တာနက်သုံးစွဲ သူများရဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပြီး ရရှိခဲ့ကြတဲ့ ဆုတွေ ဆိုရင်မှားမယ် မထင်ပါ..။

ယခုလာမယ့် ဒီဇင်ဘာ ၁၇ရက်နေ့ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် 2013 Miss International Beauty Pageant ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဂုဏ်ရည်အေးကျော် Miss International ဆုရရှိဖို့ အားပေးကူညီရင်း အစဉ်အလာမပြတ် ၃ဦးမြောက် Miss Internetဆုအတွက်လည်း မြန်မာပြည်သားများမှ Vote လုပ်ပေးကြမယ်လို့ ယုံကြည်မိပါတယ်..။ ထို့အတူ ယခုနှစ် တိုကျိုမြို့မှာကျင်းပမှာ ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှလည်း သွားရောက် အားပေးကြမှာ ဖြစ်ပါကြောင်း... သိရှိရပါတယ်..။

ဒီမိုဝေယံ

https://www.facebook.com/GonyiAyeKyaw
Miss Myanmar ဂုဏ်ရည်အေးကျော် Fan Page Like လုပ်ပြီးအားပေးနိုင်ပါတယ်..။

https://www.facebook.com/photo.php?fbid=614943421889913&set=a.176335685750691.60228.163203967063863&type=1&relevant_count=1 တိုကျို Miss International ပြိုင်ပွဲ Page