ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သေမှာကိုမေ့နေကြပြီလား.


သေမှာကိုမေ့နေကြပြီလား

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထု တစ်ရပ်လုံးအတွက် မဟာဆုံးရှုံးမှုတစ်ရပ် ပင်ဖြစ်တော့သည်။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာသရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကိုရိုက်ကူးနေစဉ် ကျွန်တော်တို့ ၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သောကျေးဇူးရှင် ဘဘဦးသုခဆုံးပါးသွားကြောင်းသိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များအားတောင်းပန်လျက် ဘဘဦးသုခ၏ ကျန်ရစ်သော ခန္ဓာအားသဂြိုလ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် နံနက် အစောဆုံးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ လျင်မြန်သောခြေလှမ်းတို့နှင့် ပြန်လာကာဂူသွင်းသဂြိုလ်မှုပြုလုပ်ပြီးညနေလေယာဉ်ဖြင့် မိမိ၏ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ လေးလံသောခြေလှမ်းတို့ဖြင့် ပြန်သွားခဲ့ရသည်။ 

ဘဘမှာခဲ့သည် ရှိသည်။

“မောင်ကျော်သူရေ … ကျော်သူနဲ့ သုခဆိုတာကက်ကင်း” တဲ့။
“ဒါဆိုရင် … ကျော်သူနဲ့ သချိုင်းဆိုတာလဲကက်ကင်းပေါ့” ဟု ကျွန်တော် မေးမိသည်။
“ဟုတ်လိုက်လေ … မောင်ကျော်သူရေ။ အေး ! ဘဘဆုံးရင်လဲ။ မောင်ကျော်သူဘဲစီစဉ် သဂြိုလ်ပေး” တဲ့။
ဘဘဦးသုခသည် နိုင်ငံ့ဂုဏ်ဆောင်၊ စာပေအနုပညာ၊ ရုပ်ရှင်အနုပညာ၊ ဂီတအနုပညာသည်တို့၏ လမ်းပြကြယ်ပင်ဖြစ်သည်။ ဘာသာသာသနာနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်သောအင်အားတို့ဖြင့် စောင့်ရှောက်ခဲ့သောပုဂ္ဂိုလ်ထူးကြီးပင် ဖြစ်တော့သည်။

ဘဘဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အားစတင်ဖွဲ့စည်းခဲ့သူဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ်သည်။ ဘဘဦးသုခ၏ ကျေးဇူးတရားတို့ကြောင့် ဗမာပြည်သူပြည်သားတို့ “သေဆုံးသွားပါက သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားနိုင်ခဲ့ပြီ” ဖြစ်သည်။

ထိုကဲ့သို့သောဗမာပြည်သူပြည်သားများအတွက် လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ အနုပညာရေးကိစ္စရပ်များကိုရှေ့ဆောင်လမ်းပြပေးသောအဖိုးမဖြတ်နိုင်သည့် ဓူဝံကြယ်ကြီးတစ်စင်း ဖြစ်သူဘဘဦးသုခ၏ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဘဘဦးသုခအား ကြည်ညို လေးစားကြသော (၇) ရက်သားသမီးများမှ ရေဝေးသုဿန်ရှိ ဘဘဦးသုခ၏ အုတ်ဂူအားရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အား ပွတ်တိုက်ဆေးကြောခြင်း၊ ပန်းဆက်ကပ်ခြင်း၊ဘဘ၏ အုတ်ဂူရှိဓါတ်ပုံကားချပ်သည် နေလောင်မှေးမှိန်နေ၍ အသစ်ပြုလုပ်ထားသော အဝေးရောက် ဗဂျီဆရာမင်းကျော်ခိုင်ရဲ့ ရေးဆွဲပေးထားသောဘဘ၏ ပုံတူ Sketch အားစတီးပြားပေါ်တွင် ထွင်းလုပ်ထားသောလက်ရာနှင့် လဲလှယ်တပ်ဆင်ခြင်း၊ မေတ္တာပို့သကန်တော့ကြ ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ထို့ပြင် ဆရာကြီးမင်းသိင်္ခ၏ အုတ်ဂူသို့လည်းသွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်းဆက်ကပ်ခြင်းစုပေါင်းမေတ္တာပို့အမျှပေးဝေခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ဤသို့ ကျေးဇူးဆပ်ကုသိုလ်ယူပွဲ ပြုလုပ်စဉ်အချိန်ပိုင်းအတွင်း ကျွန်တော်၏ အသိဥာဏ်ထဲသို့ မေးခွန်းများဖျတ်ကနဲပေါ်လာမိသည်။

ဘဘ၏ ကျေးဇူးတရားများ မကင်းကြသော ရုပ်ရှင်အနုပညာရှင်များ၊

ရုပ်ရှင် အဖွဲ့အစည်းမှ အနုပညာရှင် နာမည်ခံသူများတို့သည် ဤသို့သောအချိန်ကာလတွင် မိမိတို့၏ အတ္တကိစ္စများသာလုပ်ဆောင်နေကြသလော … ? လောဘ၊ ဒေါသ၊ မောဟတရားများ၏ ကွန်ယက်တွင် ဆို့နစ်မွန်းကြပ်နစ်မြုပ်နေကြပြီလား …? သေမှာကိုမေ့နေကြပြီလား … ? မေ့ချင်ယောင်ဆောင်နေကြပါသလား … ?ဟူသောမေးခွန်းများ ဖြစ်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအနေဖြင့် မေ့ပစ်၍ မရနိုင်ပါ။ 

မေ့ချင်ဟန်ဆောင်၍လည်းမရပါ။ နှစ်စဉ်နှစ်တိုင်းဒီနေ့ ဒီအချိန် ဒီနေရာတွင် အမြဲတွေ့မြင်ကြရမည်ဖြစ်သည်။
နောက်တစ်ချက် … ဘဘဦးသုခ၏ ကျေးဇူးတရားများကိုသတိတရဖော်ကျူးကြသောဟောပြောပွဲများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘဘဦးသုခလမ်းညွှန်ချပြပေးခဲ့သောနာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပတ်သက်၍ တစ်လုံးတပါဒမျှ မပါရှိခြင်းသည် ဘဘဦးသု၏ ဂုဏ်ပုဒ် ကျေးဇူးတရားများကို ဖော်ကျူးကြသော ရေးသားသူတို့အနေဖြင့် -
မဖော်ကျူးကြခြင်းလား … ?
မရေးသားကြခြင်းလား … ?
ဒါမှမဟုတ် ရေးခွင့်မရ၍လား … ?
ဘဘဦးသုခ၏ သမိုင်းကိုဖွက်ထားကြခြင်းလား … ?
ဘဘဦးသုခ၏ သမိုင်းကိုမြေမြုပ်ပစ်လိုက်ခြင်းလား … ?
အာဏာပိုင် အဖွဲ့အစည်းများမှ ရေးခွင့်ပိတ်ထားခြင်းလား … ? စသည့် အံ့သြကုန်နိုင်ဖွယ်ရာများ ဖြစ်တော့သည်။

ဤတွင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သေမည့်ရက်၊ ဘ၀တစ်ပါးသို့ ပြောင်းလဲမည့်ရက်သည် အစိုးမရချေ။ သေလျှင်မပြီးသေးပါ။ မသေခင် သင်ဘာတွေများပေးဆပ်ခဲ့ပြီးပြီလဲဟူ၍သာ ပြန်လည် မေးလိုက်ချင်ပါရဲ့။

ကျော်သူ

 နာရေးကူညီမှု အသင်းကို ဆက်သွယ် လှူဒါန်းလိုလျှင်

Donation Collectors
Sympathizers in Singapore
Names Contact No.
(1) Kyaw Zin Latt 9383 7924
(2) Thu Rain Nyunt 9337 5590
(3) Aung Phyo Maung 9185 6851
(4) Aung Than Naing 9771 6436
(5) Ko Kyaw Moe 9059 4838

Bank Account to transfer donation
(1) DBS saving Plus 020-5-064104 (Aung Phyo Maung)
(2) DBS saving Plus 020-7-071956 (Thu Rain Nyunt)
(3) DBS Saving Plus 020-9-071048 (Aung Than Naing)

အကိုကြီးကိုကျော်သူ ပေးပို့ပါသည်...