အာဏာကို ဘယ်သူပိုင်သလဲ.....?
တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိ စစ်ခေါင်းဆောင်ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထား ထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။ တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူလူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။
ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာလျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီအတွက် တုန့်ပြန်လာတဲ့ သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ.. တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြား သိမြင်မှုတွေ ရှိလာတယ်။
အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။ ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်း ပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။ ၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက် ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထုခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်းဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။
နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်းဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ”ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင် တည်မြဲလေပဲပေါ့။ ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေခိုင်းခံရတဲ့ ကိစ္စပါ။ စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။
ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။ လမ်းဖောက် မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ်သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့်အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ်တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။ ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ်မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ်က ထွက်ပြေးသွားပါပြီ။
ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေးမြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါတယ်။ ကျနော်ပြောချင်တာက စစ်တပ်အပေါ် ကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။ ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကုသတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။ ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေး စေ့စပ်မှုလုပ်တာဟာ စစ်ခေါင်းဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အမိန့်မနာခံတော့ဘူးဆိုရင် ဘယ်လို အာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/စစ်သည်တွေကြောင့်သာ ဖြစ်ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါလား။
တပ်ကြပ်ကြီး – နေမင်းသူ
၁၇-ဒီဇင်ဘာ-၂၀၁၀
ပေးပို့ပေးတဲ့ ကိုနေမင်းသူအား ကျေးဇူးတင်ပါသည်..။