ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ရေတပ်နှင့် တပ်သားသစ်ပြဿနာ- အပိုင်း(၂)



၁၇၉၅ ခုနှစ်က မြန်မာ့ရေတပ် သဘောင်္တစ်စီး
မြန်မာ့ရေတပ်နှင့် တပ်သားသစ်ပြဿနာ- အပိုင်း(၂)- - တပ်ကြပ်ကြီး-နေမင်းသူ
၁၉၉၄ခုနှစ်လောက်ကစပြီး အစိုးရထုတ်သတင်းစာတွေမှာ “တပ်မတော် (ရေ) တွင် တာဝန်ထမ်းဆောင်ရန် တပ်သားသစ်များအလိုရှိ” ဆိုတဲ့ ကြော်ငြာတွေကို ခပ်စိပ်စိပ်တွေ့မြင်လာရပါတယ်။
ဒါ့အပြင် တပ်မတော်မှတ်တမ်းရုံး(ရေတပ်မှတ်တမ်းဌာန) မှ စာရေးစစ်သည်များနှင့် အမှတ် (၃၃) ရေတပ်အုပ်ချုပ်ရေးတပ်မှ စစ်သည်များပါဝင်တဲ့ တပ်သားသစ်စုဆောင်းရေး အဖွဲ့တွေဖွဲ့စည်းကာ မြို့ရွာအနှံ့ခြေဆန့်ရပါတယ်။
ဌာနချုပ်နယ်မြေအလိုက် စုဆောင်းရတာတွေလည်း ရှိပါတယ်။
(ဒီနေရာမှာ တစ်ခုတင်ပြလိုတာက ရေတပ်က တပ်သားသစ်စုဆောင်းရာမှာ အတင်းအကြပ်စုဆောင်းတာမျိုး မရှိဘူးဆိုတဲ့အချက်ပါပဲ)။

ဒါပေမယ့် တခါတရံမှာတော့ ရာဇ၀တ်မှု မကင်းတဲ့သူတွေကို စုဆောင်းလာမိတာကြောင့် စုဆောင်းရေးဌာနကို ရဲတွေရောက်လာပြီး တရားခံကိုပြန်လည်ဖမ်းဆီးသွားတဲ့ အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။
အများအားဖြင့်တော့ စည်းရုံးရေးကို အားပြုပြီး စုဆောင်းတာဖြစ်ပါတယ်။
ပင်လယ်နဲ့ အလှမ်းဝေးတဲ့ ကုန်းတွင်းပိုင်း ဒေသတွေကို တပ်သားသစ် သွားရောက်စုဆောင်းရာမှာ ရေတပ်က အကောင်းဆုံးစစ်သင်္ဘောပုံ တွေပါတဲ့ ပိုစတာစာရွက်တွေကို အသုံးပြုပါတယ်။

“ရေတပ်ထဲဝင်ရင် ဒီသင်္ဘောကြီးတွေမှာ တာဝန်ထမ်းဆောင်ရမယ်”
“ပင်လယ်ကြီးကိုဖြတ်ပြီး နိုင်ငံခြားသွားရမယ်”
“တပ်ကအနားယူရင် ကိုယ်ရထားတဲ့ ပင်လယ်ပြင်လုပ်သက် (Sea Service) နဲ့ နိုင်ငံခြားသင်္ဘောသား လျှောက်လို့ရတယ်” ......
စသည်ဖြင့် မစားရ၀ကမန်း မက်လုံးတွေ ပေးကာ စည်းရုံး ဆွဲဆောင်ကြပါတယ်။

ကံကောင်းလို့ တစ်ယောက်စ....နှစ်ယောက်စ ရလာတဲ့အခါတွေရှိသလို-ခါလီပြန်လာရတဲ့ အခါတွေလည်း မနည်းပါ။
တခါသားမှာတော့ ရေတပ်ကစစ်သည်တွေ အဟောအပြောကောင်းလို့ သူတောင်းစားတစ်ယောက်ဟာ သူ့ရဲ့လက်ငုတ်လက်ရင်း ခွက်ကိုစွန့်ပြီး ရေတပ်ထဲဝင်ပါတယ်။
သင်တန်းဆင်းပြီး တစ်နှစ်လောက်အကြာမှာတော့ အရင်က သူရတဲ့ဝင်ငွေကို မမီဘူးဆိုပြီး တပ်ကို အပြီးအပိုင်စွန့်ခွာ သွားပါတယ်။

- တပ်သားသစ်စုဆောင်းရေးကိစ္စမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်လာတဲ့အခါ ရေတပ်ဗိုလ်ချုပ်ကြီးတွေ က နည်းနာပြောင်းသုံးလာပါတယ်။
ဗိုလ်ကြီး၊ ဗိုလ်မှူး အုပ်ချုပ်တဲ့ တပ်၊ စခန်း၊ ရေယာဉ်မှ တစ်လကိုတပ်သားသစ်တစ်ယောက်နှုန်း စုဆောင်းပေးရပါတယ်။
ဒုဗိုလ်မှူးကြီး ဦးစီးတဲ့ တပ်စခန်းရေယာဉ်ဆိုရင်တော့ နှစ်ယောက်နှုန်းဖြစ်ပါတယ်။

အဲဒီနည်းနဲ့ လစဉ်တပ်သားသစ်ဦးရေ (၁၀၀) အနည်းဆုံးရအောင် စုဆောင်းပေးရပါတယ်။ အဲဒီအခါ တပ်သားသစ်စုဆောင်းရေးတာဝန်ဟာ တပ်မှူး၊ စစ်ရေယာဉ်မှူး တွေရဲ့ ပုခုံးပေါ်ကိုရောက်လာပါတယ်။
သတ်မှတ်ဦးရေ ပြည့်မီအောင်စုဆောင်းမပေးနိုင်တဲ့ အရာရှိဟာ အဆင်တိုးမြှင့်ရေးကိစ္စမှာ အခက်ကြုံတွေ့ရပါတယ်။
ဒါကြောင့်မို့ တပ်သားသစ်ရရှိရေး သူ့ထက်ငါအပြိုင်စုဆောင်းကြတာကြောင့် ငွေရေးကြေးရေးကိစ္စ ပါဝင်လာပါတယ်။
၂၀၀၀ပြည့်နှစ် လောက်မှာတပ်သားသစ်တစ်ယောက် ရရှိဖို့ ငွေကျပ်သုံးထောင်လောက် အကုန်အကျခံစုဆောင်းရာမှ ၂၀၀၅ ခုနှစ် ရောက်တဲ့အခါ ကျပ်ငါးသောင်းနဲ့ တစ်သိန်းကြား ဖြစ်လာပါတယ်။ ခုနေခါမှာတော့ ကျပ်နှစ်သိန်းအထက်ဖြစ်နေပါပြီ။



ဒီလိုဆိုရင် တပ်သားသစ်စုဆောင်းရေး ကုန်ကျစရိတ်ကို ဘယ်ကရပါသလဲ။ တပ်မှူးရဲ့ ကိုယ်ပိုင်ငွေကို သုံးသလား။
ဒါမှမဟုတ် စစ်သည်တွေရဲ့ ရပိုင်ခွင့်တွေကို ဖြတ်တောက်သုံးစွဲသလား ဆိုတဲ့မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ တပ်တွေမှာ တပ်ရင်းရံပုံငွေ ဆိုတာရှိပါတယ်။

တပ်ရင်းရံပုံငွေကို အမှတ်စဉ် ၁ (RF1)နဲ့ အမှတ်စဉ် ၂ (RF2)ရယ်လို့ခွဲခြားထားပါတယ်။ နှစ်စဉ်တပ်စာရင်းစစ်ဆေးရာမှာ RF1 ကိုသာ အစစ်ဆေးခံပြီး RF2 ကို စစ်ဆေးခံစရာမလိုပါ။
RF2 မှာဘယ်လိုလုပ်ငန်းကရတဲ့ဝင်ငွေတွေ ပါဝင်ကြောင်းနောင်တင်ပြပေးပါမည်
တပ်မှူးတစ်ဦးအတွက် ကိုယ်ရေးကိုယ်တာ သုံးစွဲငွေတွေကို RF2 ငွေစာရင်းမှ ထုတ်နှုတ်သုံးစွဲတာပါ။
တပ်သားသစ်စုဆောင်းရေးကိစ္စမှ တပ်မှူးကသင့်တော်မယ်ထင်တဲ့ စစ်သည်ကို သီးသန့်တာဝန်ပေးပါတယ်။။

တာဝန်ကျစစ်သည်ဟာ သူနဲ့ရင်းနှီးကျွမ်းဝင်တဲ့ ပြည်သူတွေကတဆင့် ချဉ်းကပ်လေ့လာရပါတယ်။
အလုပ်အဆင်မပြေ၍၊ စာမေးပွဲကျရှုံး၍ စိတ်ဓာတ်ထွေပြားနေသူ လူငယ်များ၊ စားဝတ်နေရေးအခက်ကြုံနေသော မိဘများကို ချဉ်းကပ်စည်းရုံးပါတယ်။

လူပွဲစားလုပ်နေတဲ့ စစ်သည်များနဲ့ အရပ်သားတွေထံကလည်း တပ်သားသစ်စုဆောင်းရရှိပါတယ်။

အိမ်လခမပေးနိုင်လို့ ငွေသုံးလေးသောင်းယူပြီး မိမိရင်သွေးကို စစ်တပ်ထဲ သွင်းပေးလိုက်ရတဲ့ မိဘတွေအများအပြားတွေ့ဖူးပါတယ်။
ရေတပ်စစ်သည်လောင်းတစ်ဦးအတွက် ထောက်ခံချက်သုံးစောင်လိုအပ်ပါတယ်။

ပညာအရည်အချင်းအတွက် ကျောင်းထောက်ခံစာရယ်- နိုင်ငံရေးကင်း ရှင်းကြောင်း ရပ်ကွက် ထောက်ခံစာရယ်- ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ တို့ဖြစ်ပါတယ်။

- ပထမပိုင်းမှာတော့ အဲဒီထောက်ခံစာတွေကို သက်ဆိုင်ရာ မိဘတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထောက်ခံချက်ပြည့်ပြည့်စုံစုံ ပေးနိုင်တဲ့သူနည်းလာပါတယ်။

နယ်ကနေ ရန်ကုန်မှာလာပြီး အလုပ်လုပ်သူတွေ၊ ဟုတ်တိပတ်တိ ကျောင်းမနေဘူးသူတွေ ၊ရပ်ကွက် အာဏာပိုင်တွေနဲ့ ပြဿနာရှိသူတွေ အတွက် ထောက်ခံချက်ရဖို့ အခက်အခဲရှိပါတယ်။

သို့ပေမယ့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို လွယ်ကူချောမောသွားအောင် ရေတပ်သားတွေကြံဆတတ်ပါတယ်။
မကြာမီသောကာလမှာ တပ်သားသစ်တွေ လိုအပ်နေတဲ့ ထောက်ခံစာရရှိရေး ၀န်ဆောင်မှုလုပ်ငန်းကြီးကို အမှတ် (၃၆) စစ်ရေယာဉ်စုမှ တပ်သားသစ်စုဆောင်းရေးတာဝန်ခံ ကျောင်းဆရာ (ခေါ်) တပ်ကြပ်ယဉ်ထွေးက ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ်။

သူ့ဆီမှာ မြန်မာနိုင်ငံတစ်လွှားက ရဲစခန်း၊ ရယက၊ စာသင်ကျောင်း တံဆိပ်တုံး အတုတွေ ကိုင်ဆောင်ထားပါတယ်။
နောက်ပြီး သက်ဆိုင်ရာလျှောက်လွှာပုံစံ အလွတ်တွေလည်း အရန်သင့်ရှိပါတယ်။
ထောက်ခံစာ တစ်မျိုးကို ငွေကျပ် တစ်ထောင့်ငါးရာ နှုန်းနဲ့ သုံးမျိုး လေးထောင့်ငါးရာ ပေးနိုင်ရင် ကိစ္စပြီးပါတယ်။

အဲဒီလို ထောက်ခံချက်အတုတွေ လုပ်တဲ့အခါမှာ မွေးသက္ကရာဇ် မမှန်ကန်မှု၊ ပညာအရည် အချင်း မမှန်ကန်မှု၊ အကျင့်စာရိတ္တ ဆိုင်ရာ မှားယွင်း ဖော်ပြမှုတွေ ဖြစ်ပေါ်လာ ပါတယ်။

ဒီလုပ်ရပ်ဟာ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရာမှာ မမှန်မကန်ဖြည့်သွင်းမှု ဆိုတဲ့ တပ်မတော်အက်ဥပဒေ ပုဒ်မ (၄၃) နဲု့ငြိစွန်းပြီး ကျူးလွန်သူကို ထောင်ဒဏ် (၅)နှစ် အပြစ်ပေးနိုင်ပါတယ်။
တပ်မတော် (ရေ) မှာ ကလေးစစ်သား ရှိ-မရှိ အဲဒီအချက်တွေကို ထောက်ဆကြည့်နိုင်ပါတယ်။

ထောက်ခံချက်ပြည့်စုံတဲ့အခါ ရေတပ်ဆေးရုံမှာ ဆေးစစ်ရပါတယ်။
ပြီးတော့မှ စုဆောင်းရေးဌာနမှာသွားပြီး လိုအပ်တဲ့ပုံစံစာရွက်တွေ ဖြည့်သွင်းကာ လက်ဗွေနှိပ်တာ ပြုလုပ်ရပါတယ်။
နေရာတိုင်းမှာ ငွေကြေးအထိုက်အလျောက် ကုန်ကျမှုရှိပါတယ်။
ကျန်းမာရေးနှင့် ပြည့်စုံတဲ့ စစ်သည်လောင်း တစ်ဦးအတွက် အပ်နှံကုန်ကျစရိတ် ငွေကျပ်တစ်သောင်းလောက် ရှိတယ်လို့ ကျွန်တော့်မိတ်ဆွေ စစ်သည်တစ်ဦးက ပြောဆိုဖူးပါတယ်။

ယခုအခါ တပ်မတော် (ရေ)မှာ မြန်မာစာရေးတတ်ဖတ်တတ်မျှပင် ပညာအရည်အချင်းမရှိသော လူငယ် စစ်သည်တွေ ရှိနေပါတယ်။
သို့သော်လည်း သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်မှတ်တမ်းမှာ ပညာအရည်အချင်းကို အလယ်တန်းအဆင့် ဖော်ပြထားတတ်ပါတယ်။

ခုနောက်ပိုင်းမှာ တပ်သားသစ် အခြေခံသင်တန်းကို ရေတပ် လေ့ကျင့်ရေး ကျောင်းတွေမှာ ဖွင့်လှစ် သင်ကြားတာ မဟုတ်တော့ဘဲ....... ကြည်းတပ် သင်တန်း ကျောင်းဖြစ်တဲ့ အမှတ် (၁)လေ့ကျင့်ရေးတပ် (ဖောင်ကြီး) မှာ သင်တန်းတက်ကြရပါတယ်။

ဒါကြောင့်မို့ စစ်သည်တစ်ဦး စာတတ်မတတ်ကို သင်တန်းကျောင်းမှာ မသိသာပါဘူး။
သက်ဆိုင်ရာ မိခင်တပ်ကိုရောက်မှသာ သိကြရတာဖြစ်ပြီး အခက်တွေ့ရပါတော့တယ်။

ဘာပဲဖြစ်ဖြစ် အချိန်က လူတကာအထင်ကြီးအားကျမှုကို ခံယူခဲ့ရတဲ့ တပ်မတော်(ရေ)ရဲ့ အခန်းကဏ္ဍနဲ့ အစဉ်အလာတွေ တဖြည်းဖြည်း မှေးမှိန်ဆုတ်ယုတ်လာ နေပါတယ်။

- အထူးသဖြင့် အလုပ်တာဝန်ထမ်းဆောင်မှု အပိုင်းမှာ ကိုယ်ကျွမ်းကျင် ပိုင်နိုင်တဲ့ ကဏ္ဍအလိုက် အလုပ်တာဝန် ခွဲခြား လုပ်ဆောင်ခြင်း ဆိုတဲ့ နိုင်ငံတကာ ရေတပ် စံချိန်စံညွှန်းကနေ ဟိုစပ်စပ် သည်စပ်စပ် လုပ်ကိုင် ဆောင်ရွက်ခြင်း ဆိုတဲ့ သဘောကို ရွေလျားပြောင်းလဲလာခြင်းဖြစ်ပါတယ်။
အဲဒီအခါ စစ်သည်အများစုဟာ မိမိနှင့်သက်ဆိုင်တဲ့ လုပ်ငန်းကိုလည်းမကျွမ်းကျင် ကိုယ်နဲ့မပတ်သက်တဲ့ ကိစ္စတွေမှာလည်း ၀င်ရောက်စွက်ဖက်ချင်တဲ့ ပြဿနာ တွေပေါ်ပေါက်လာပါတယ်။

အကျိုးဆက်အနေနဲ့ တစ်ဦးချင်းစွမ်းရည်ပြည့်ဝသော စစ်သည်တော်များ (Efficient Soldiers)ပေါ်ထွန်းလာရေးဆိုသည်ထက်....အလုပ်ဖြစ်ရေးမူပေါ်မှာ အားပြုပြီး ခေတ်မီတပ်တော်ကြီး တည်ထောင်ရန် ကြိုးပမ်း လုပ်ဆောင်နေသော လက်ရှိစစ်ခေါင်းဆောင်ကြီးများရဲ့ စေတနာနဲ့ ရည်ရွယ်ချက်ကို နှိုင်းဆအကဲဖြတ် လေ့လာကြည့်နိုင်ပါကြောင်း………….။
RF= Regimental Fund


ဆက်လက်ဖော်ပြပါဦးမည်။။---
တပ်ကြပ်ကြီး-နေမင်းသူ

17 Oct, 2010