ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

"မြန်မာ့ရေတပ်နဲ့ တပ်သားသစ်ပြဿနာ- အပိုင်း (၁) ”


Burma Navy. တဲ့ ရှားပါးဓာတ်ပုံ တစ်ပုံပါ..
"မြန်မာ့ရေတပ်နဲ့ တပ်သားသစ်ပြဿနာ- အပိုင်း (၁) ”
မြန်မာ့ရေတပ်မတော်ဆိုတာ Royal Naval Volunteer Reserve (RNVR) ကနေ ဆင်းသက်ပေါက်ဖွား လာတယ်လို့ အကြမ်းဖျင်း ကျွန်တော်သိထားပါတယ်။ မြန်မာပြည် အင်္ဂလိပ်ကိုလိုနီဘ၀မှာ အပျော်တမ်းဘုရင့်ရေ တပ်မတော်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိသျှတော်ဝင်ရေတပ်မတော်ကို အတုယူစံထားပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဗြိတိသျှရေတပ်သားတို့က ၀တ်ပုံအတိုင်း၊ နေထိုင်စားသောက်ပုံအတိုင်း၊ ၀တ်ဆင်နေထိုင်စားသောက်ရတယ်လို့ဆိုပါတယ်။

လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများမှာလည်း မြန်မာရေတပ်အရာရှိတွေဟာ အင်္ဂလန်ကစစ်တက္ကသိုလ်တွေမှာ သွားရောက်သင်တန်းတက်ခဲ့ရပြီး အင်္ဂလန်ဘုရင်မကြီး ကိုယ်တိုင်ချီးမြှင့်အပ်နှင်းပေးတဲ့ အဆင့်တံဆိပ် (ရွှေဘား) ကို ဂုဏ်ယူဝံ့ကြွားစွာ ပုခုံးပေါ်မှာ တပ်ဆင်ခွင့်ရသတဲ့။ 

လုပ်သက်ရင့်ဆရာကြီးတွေရဲ့ ကိုယ်ရေးရာဇ၀င် မှတ်တမ်းတွေထဲမှာ အဆင့်အတန်းမြင့်ပြီးသေသပ်လှပတဲ့ အင်္ဂလိပ်စာအရေးအသား (တပ်မှူးမှတ်ချက်) တွေကို ကျွန်တော်တို့ တွေ့ ဖူးပါတယ်။ ခုနောက်ပိုင်းမှာတော့ တပ်မှူးမှတ်ချက်ကို မြန်မာဘာသာနဲ့ပဲ ရေးလေ့ရှိပါတော့တယ်။ ခုခေတ်မှာ အရာရှိတွေဆောင်းတဲ့ ကက်ဦးထုပ်နဲ့ ခပ်ဆင်ဆင်တူတဲ့ နံပြားဦးထုပ်ခေါ် ဦးထုပ်ပြားပြားလေးတွေဆောင်းထားတဲ့ ရေတပ်စစ်သည်တွေရဲ့ ရုပ်ပုံလွှာက တစ်မျိုးအားကျစရာ ကောင်းပါတယ်။

အဲဒီကာလကို တပ်မတော် (ရေ) ရွှေခေတ်လို့ပြောရင် ရနိုင်ပါတယ်။ ကိုယ်ပိုင်နံပါတ်သုံးလုံး၊ လေးလုံးသာရှိတဲ့ စီနီယာဆရာကြီးတွေရဲ့ ပြောပြချက်အရ တပ်သားသစ်ဘ၀မှာ တပ်ထောက်က ထုတ်ပေးတဲ့ စစ်ဝတ်တန်ဆာ ယူနီဖောင်းတွေကို သုံးဘီးကား (သို့) ဆိုက်ကားနဲ့သယ်ယူရတယ်လို့ သိရပါတယ်။

တာဝန်ထမ်းဆောင်ချိန်အလိုက်၊ အခမ်းအနားအလိုက် ၀တ်ဆင်ရတဲ့ဝတ်စုံဆိုပြီး ခွဲခြားထားလိုက်တာ အမျိုးအစား ဆယ်ခုလောက်ရှိတယ်။ ယနေ့ကာလ အရာရှိ၊ စစ်သည် အားလုံးဝတ်ဆင်နေတဲ့ နက်ပြာရောင်ဘောင်းဘီရှည်နဲ့ အပြာရောင်ရှပ်အင်္ဂျာီဆိုတာ အဲဒီခေတ်က သင်္ဘောကုန်းပတ်တိုက်တဲ့အခါ ၀တ်ဆင်ရတဲ့ အလုပ်ကြမ်းဝတ်စုံ (Working-party dress) လို့ခေါ်ပါတယ်။

ထမင်းစားတဲ့အခါမှာလည်း အဆင်သင့်ခူးခပ်ထားပြီးသား ထမင်းကို ဇွန်း၊ခရင်းနဲ့ အကျအန ထိုင်ပြီးစားရတယ်။ ဟင်းလျာကလည်း အမဲသားဟင်း (သို့) ၀က်သားဟင်း၊ ဟင်းချိုနဲ့အရံဟင်းအဖြစ် အသီးအရွက်ကြော် ပါသေးတယ်။ ထမင်းစားပြီးတဲ့အခါ ပန်းကန် ဆေးစရာမလိုဘဲ ဖျော်ရည်တစ်ခွက်သောက်ပြီး ကိုယ့်ဇွန်းခရင်းကိုယ်ဆေးပြီး ထွက်သွားလိုက်ရုံပဲ။

Liberty (၂၄ နာရီထက်မပိုသော ကမ်းတက်ခွင့်) ရလို့ အင်္ဂင်္ျာီလက်တိုအဖြူ ဘောင်းဘီတိုအဖြူ၊ ရှူးဖိနပ်အဖြူ၊ ခြေအိတ်ရှည်အဖြူ ကို စမတ်ကျကျဝတ်ဆင်ကာ ရန်ကုန်မြို့တွင်း သွားလာလည်ပတ်နေတဲ့ ရေတပ်သား (Able body seaman) တွေကို မြို့ခံလူထုကတောင် ငေးမောကြည့်ရှုရလေသတဲ့။

ရေတပ်မှာ စစ်မှုထမ်းရတာဟာ ဂုဏ်ရှိတယ်။ တောထဲတောင်ထဲကို မသွားရဘူး။ စစ်လည်း မတိုက်ရဘူး။ သင်္ဘောပေါ်မှာ၊ ပန်ကာအောက်မှာ မင်းသားလို နေရတယ်..... စသည့် ဂုဏ်သတင်းတွေကြောင့် ရေတပ်မှာ ၀င်ရောက် အမှုထမ်းလိုသူတွေ များခဲ့ပါတယ်။ ဒါပေမယ့် အင်တာဗျူးအခါခါဖြေရ၊ ကျန်းမာရေးစစ်ဆေးမှုတွေ အထပ်ထပ်ကြုံရတာကြောင့် အမှုထမ်းခွင့်ရဖို့ မလွယ်လှပါဘူး။ လစာနှုန်းထားမှာလည်း ကြည်းတပ်နဲ့ ရေတပ် အတော်ကွာတယ်လို့ သိရပါတယ်။

အရာရှိတွေအချင်းချင်း ကြည်းတပ်နဲ့ရေတပ် နေထိုင်ရပုံအဆင့်အတန်း ပြိုင်ဆိုင်ရာက အမုန်းပွားတဲ့ သာဓကတွေလည်းရှိပါတယ်။ DSA ပထမအပတ်စဉ်မှာ အတူတူတက်ခဲ့ကြတဲ့ ကြည်းတပ်က ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ရေတပ်က ဗိုလ်မှူးကြီး ဘိုရှိန်း (ကွယ်လွန်) တို့ဟာ ဒုတိယဗိုလ်မှူးကြီးဘ၀မှာတုန်းက မိတ်ဆုံစားပွဲတစ်ခုမှာ အပြန်အလှန်နောက်ပြောကြရင်း ဗိုလ်ချုပ်ကြီးမောင်အေးက ရေတပ်အပေါ် အငြိုးအတေးရှိခဲ့တယ်လို့ ရေတပ်အရာရှိ/ စစ်သည် အများစုကယုံကြည်နေကြပါတယ်။ 

ဒါတွေကတော့ တပ်မတော် (ရေ) ရဲ့မူလအစဉ်အလာတွေ မပျက်ယွင်းမီကရွှေထီးဆောင်းခဲ့တဲ့ ကာလတွေပါ။ ခုတော့လည်း ပြုံပင်တွေဖြစ်သွားပါပြီ။ တကယ့်ကို ပုံပြင်တွေဖြစ်သွားပါပြီ။ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ (ကြည်း၊ ရေ၊ လေ) တပြေးညီ ညှိတယ်ဆိုပြီး ရေတပ်အရာရှိတွေရဲ့ ပုခုံးပေါ်က ရွှေရောင်ဘားတွေကို ခရေပွင့်နဲ့အစားထိုးလိုက်ပါတယ်။ ဦးနေ၀င်းရဲ့ ရေတပ်အပေါ် စတင်ဦးချိုး လွှမ်းမိုးလိုက်တဲ့ အဲဒီလုပ်ရပ်ကို မကျေနပ်တာကြောင့် ရေတပ်က အရာရှိတော်တော်များများ အနားယူသွားတယ်လို့ သိရပါတယ်။ 

ယနေ့အခါမှာတော့ ရေတပ်ဆိုတာ VIP ခရီးစဉ်ပို့ဆောင်ရေးနှင့် ရေနံစင် လုံခြုံရေးလောက်ပဲ သဘောထားကြပါတယ်။ အမှန်တကယ်ဆိုရင် ပင်လယ်ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၀၀ လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ရေတပ်အင်အားဖွံ့ဖြိုးသင့်ပါတယ်။ လက်တွေ့မှာတော့ တပ်မတော်ကြည်းအင်အား လေးသိန်းကျော်ရှိနေချိန်မှာ ရေတပ်အင်အားက တစ်သောင်းခွဲလောက်ပဲရှိပါတယ်။ ရေတပ် လေတပ်အင်အားကြီးထွားမှာကိုလည်း တပ်မတော်ထိပ်တန်း ခေါင်းဆောင်ကြီးတွေ စိုးရိမ်ပူပန်ပုံရပါတယ်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းအစည်းအဝေးတွေမှာ ရေတပ်ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ရယ်စရာဟာသ လုပ်ပစ်တာများပါတယ်။ ဥပမာ- ရေတပ်ကသင်္ဘောတွေရဲ့ ရေအောက်ပိုင်းကို သံချေးစားသက်သာအောင် Zinc plate တွေ တပ်ဆင်ဖို့ လိုအပ်တယ်လို့ တင်ပြတာကို ကြည်းတပ်ခေါင်းဆောင်တွေက အဲဒါ ၀ယ်မယ့်အစား ငှက်ဖျားကာကွယ်ဆေး ၀ယ်ဖို့က ပိုပြီးအရေးကြီးတယ်လို့ဆိုပါတယ်

ဒါကြောင့်မို့ ရေတပ်မှာရှိတဲ့ စစ်ရေယာဉ်အများစုဟာ တိုက်ပွဲဝင်ဖို့ အသင့်မဖြစ်ပါဘူး။ အထူးသဖြင့် တရုတ်နိုင်ငံက ၀ယ်ယူထားတဲ့ စစ်ရေယာဉ်တွေဟာ ယခုအခါမှာစက်ပိုင်းဆိုင်ရာ၊ လက်နက်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုတွေ များစွာရှိနေပါတယ်။ လုပ်ပိုင်ခွင့်အာဏာမှာလည်း ကြည်းတပ်တိုင်းမှူးတစ်ဦးက ရေတပ်ဦးစီးချုပ်ထက် ပိုပြီးအာဏာရှိပါတယ်။

တပ်သားသစ်စုဆောင်းတာနဲ့ ပတ်သက်ပြီးပြောရရင်.... ၁၉၉၀ ပြည့်နှစ်လွန် ကာလတွေလောက်အထိ ရေတပ်ရဲ့တပ်သားသစ်စုဆောင်းတဲ့ပုံစံဟာ မိသားစုသဘောဆန်လှပါတယ်။ သတင်းစာကနေ ကြော်ငြာပြီး ခေါ်ယူတာမျိုး မဟုတ်ဘဲ နီးစပ်ရာလက်သိပ်ထိုးပြီးခေါ်လေ့ရှိပါတယ်။ တပ်မိသားစုတွေ၊တပ်နဲ့နီးစပ်မှု ရှိသူတွေသာ လျှောက်ထားခွင့်ရှိပါတယ်။ အဲဒီကာလမှာ ပုဂ္ဂလိကလုပ်ငန်းတွေကလည်း မဖွံ့ဖြိုးသေးတဲ့ အခါဆိုတော့ တပ်ထဲဝင်တဲ့သူတွေ ပေါများပါသေးတယ်။ သို့ပေမယ့် ၁၉၉၄-၉၅ လောက်ရောက်လာတဲ့အခါ စစ်မှုထမ်းလိုသူ ဦးရေ သိသိသာသာ လျော့နည်းသွားပါတယ်။ ပြင်ပလုပ်ငန်းတွေ အထိုက်အလျောက် များပြားလာတဲ့အပြင် -အစိုးရ၀န်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်းရတဲ့လစာ ကွာဟမှုက သိသာလွန်းပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်ဝင်ရောက်ဖို့ တာစူနေတဲ့ လူငယ်တွေဟာ လုပ်ခ လစာကောင်းပြီး ကိုယ်မလုပ်ချင်တဲ့အခါ အချိန်မရွေးထွက်လို့ရတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို ပိုပြီးအာရုံကျပါတယ်။ ၁၉၈၈ တုန်းက စစ်တပ်ရဲ့ပုံရိပ်မကောင်းခဲ့တာလည်း ပါမှာပါ။

အဲဒီအချိန်မှာ စစ်ခေါင်းဆောင်ကြီးတွေက ခေတ်မီတပ်မတော်ကြီး ထူထောင်ဖို့အတွက် တပ်ဖွဲ့စည်းပုံ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမှုနဲ့အတူ ဌာနချုပ်၊တပ်၊စခန်း အသစ်တွေ နေရာအနှံ့မှာ ဖြန့်ကျက်ပေါ်ထွက်လာပါတယ်။ ပမ္မ၀တီရေတပ်စခန်းဌာနချုပ် (ဟိုင်းကြီးကျွန်း)၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် (ကတန်ကျွန်း)စတဲ့ ဌာနချုပ်သစ်တွေကို ၁၉၉၃ မှာ တိုးချဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် ရေတပ်ရဲ့အဓိကတိုက်ခိုက်ရေးအင်းအားဖြစ်တဲ့ ဗျူဟာစစ်ရေယာဉ်စုကိုလည်း ၂၀၀၀ ပြည့်နှစ် ဒီဘက်ပိုင်းမှာ အမှတ်စဉ် (၃)ခုထိ တိုးချဲ့ဖွဲ့စည်းထားပြီး အမှတ်(၄)ဗျူဟာစစ်ရေယာဉ်စု ဖွဲ့စည်းမိန့်ကိုလည်း ကက(ကြည်း)မှ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဟိုင်းကြီးကျွန်း အနီး ရခိုင်ကမ်းရိုးတန်းမှာ တည်ဆောက်ဖို့ရှိပါတယ်။

ဌာနချုပ်၊တပ်၊စခန်း သစ်တွေတိုးချဲ့ဖွဲ့စည်းလာတာနဲ့အညီ အဲဒီတပ်စခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အရာရှိ/စစ်သည် အင်အားကိုလည်း ချဲ့ထွင်စုဆောင်းလာရပါတယ်။ တကယ်တော့ ခေတ်မီတပ်မတော်ထူထောင်ရေးဆိုတာဟာ လူကြားကောင်းရုံ ဆိုင်းဘုတ်တင်တာသာဖြစ်ပြီး အနှစ်သာရကတော့ ခေါင်းဆောင်ကြီးတွေ အာဏာတည်မြဲရေးသာ ဖြစ်ပါတယ်။ အရေအတွက်အရ တိုးချဲ့လာတာသာ ဖြစ်ပေမယ့် အရည်အသွေး မြှင့်တင်ရေးကိုထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါဘူး။

စစ်သည်တွေအတွက် ချပ်ဝတ်တန်ဆာ ပြည့်ပြည့်စုံစုံ ထုတ်မပေးနိုင်တဲ့အပြင် မိသားစုဝင်များအတွက် သက်သာ ချောင်ချိရေးကိုလည်း ဟုတ်တိပတ်တိ လုပ်ဆောင်မပေးနိုင်ပါဘူး။ (စစ်တပ်မှာခေတ်စားတဲ့ တပ်ပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး၊တပ်တွင်းသက်သာချောင်ချိရေး လုပ်ငန်းတွေအကြောင်း နောင်အလျဉ်းသင့်တဲ့အခါ ရေးသားဖော်ပြပါအုံးမယ်)။

နှိုင်းယှဉ်ချက်အရ ပြောရလျှင်- စစ်သည်တွေရဲ့ဘ၀ဟာ မ.ဆ.လ အစိုးရလက်ထက်မှာထက် န.၀.တ၊န.အ.ဖ အစိုးရတွေ လက်ထက်မှာ တဖြည်းဖြည်းနိမ့်ကျဆိုးရွားလာပါတယ်။ ထင်ရှားတဲ့ပြယုဂ်ကတော့ ၁၉၉၀ နောက်ပိုင်းမှာ တစ်နှစ်ထက်တစ်နှစ် စစ်ပြေးစစ်သည်ဦးရေ ပိုမိုများပြားလာခြင်းပါပဲ။ ရေတပ်တစ်ခုလုံးမှ အင်အားတစ်သောင်းကျော်လောက်ပဲရှိပေမယ့် စစ်ပြေးအင်အားက နှစ်စဉ်ထောင်ချီပြီးရှိပါတယ်။ တချို့တပ်မှူးတွေဆိုရင် လစဉ်တပ်ပြေးစာရင်းကို အမှန်အတိုင်း မတင်ပြရဲပါဘူး။ စစ်တပ်က ထွက်ပြေးနေသူတွေ များသလောက် တပ်သားသစ် စုဆောင်းရခ က်ခဲလာပုံကို အပိုင်း(၂)မှာ တင်ပြပေးပါမယ်။

တပ်ကြပ်ကြီး-နေမင်းသူ 

ပေးပို့ပေးလာတဲ့ ကိုနေမင်းသူအား ကျေးဇူးတင်ပါသည်..။