ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ( ၅ ) နှစ်ပြည့်..

မေး။....။ ဆရာကြီးရဲ့ `` မ အ, အောင်လို့ သမိုင်းသင်ရတယ် ´´ ဆိုတဲ့စကားဟာ အလွန်နာမည်ကြီး ပါတယ်။ ဒီစကားကို ရေးဖြစ်၊ ပြောဖြစ်ခဲ့အောင် စေ့ဆော်တဲ့ အမြင် တစ်ခုရှိရင် ပြောပေးပါ။ 

ဖြေ။.....။ မန္တလေးလူထုတိုက် ဦးလှရဲ့ အလုပ်ခန်းမှာ မမျှော်လင့်၊ မချိန်းဆိုဘဲ နာမည်ကြီးစာရေး ဆရာတစ်ယောက်နဲ့ တွေ့တယ်။ သူက မြန်မာသမိုင်း နောက်ခံဝတ္ထုရှည်ကြီးတွေကို အပြင်းအထန် ရှုတ်ချကဲ့ရဲ့ ပြစ်တင် ဝေဖန်နေတယ်။ သမိုင်းကို လိုသလို ပြင်ဆင်ဖြည့်စွက်ပြီး စိတ်ကူးနဲ့ မှန်းဆရေးနေကြတာတွေကို ဆိုတာဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း သမိုင်းကို ဘာ့ကြောင့်သင်သလဲ ဆိုတာ အတိုဆုံး ( လေမရှည်ဘဲ ) ပြောပါလို့ ကျွန်တော့်ကို မေးပါတယ်။

ကျွန်တော်က မ အ, အောင်လို့ ဖြေလိုက်တယ်။ အဲဒါကို ၄ မျိုးခွဲပြီး အကျယ်ပြောလို့ ရပါတယ်။ ရှင်းပြမယ်ဆိုရင် သမိုင်းဟာ အထောက်အထားရှိမှ တိကျမှန်ကန်မယ်။ တိကျမှန်ကန်တဲ့ အထောက်အထားကို ရအောင် ရှာထားနိုင်ရင် မအ, ဘူးပေါ့။ သူများ လိမ်ညာတာ မခံရဘူးပေါ့။ သမိုင်းမှတ်တမ်းတင်သူတွေဟာ ကတိမလိုက်ရဘူး။ ချစ်လို့ မြှောက်ပင့်ရေးတယ်။ မုန်းလို့  နှိမ့်ချကဲ့ရဲ့ တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ၀န်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ် ဆိုတာမျိုး ဘယ်တော့မှမလုပ်ရဘူး။ ကတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကိုရှာပြီး လေ့လာပါလို့ ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချုပ်ကတော့ မ အ, ဘူးပေါ့။

သမိုင်းကို မှတ်တမ်းအားကိုးနဲ့ ရေးတယ်ဆိုတိုင်း မှတ်တမ်းကိုလည်း မစစ်ဆေးဘဲ လက်မခံရဘူး။ အချို့မှတ်တမ်းတွေ လိမ်ညာဖြီးဖြန်း ဖုံးကွယ် ရေးထားတာတွေ ရှိနေတယ်။ အထက်ကို တင်ပြရတဲ့ မှတ်တမ်းတွေမှာ အခြေအနေမှန်နဲ့ တလွဲစီရေးထားတာမျိုး ခဏခဏ တွေ့ရတယ်။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် လှည့်ပတ် ရေးထားတာတွေလည်း ရှိတယ်။ အပြစ်ကို အကြောင်းရင်း မပြောဘဲနဲ့ ထိမ်ချန် ရေးထားတာလည်းရှိတယ်။ အဲဒါကြောင့် သမိုင်းပညာရှာသူ၊ လေ့လာသူဟာ အခြေအနေမှန်၊ ဖြစ်ရပ်မှန်ကို စူးစမ်းဖော်ထုတ် လေ့လာ ဆန်းစစ်ပြီး တွေ့ရှိရင် အလိမ်မခံရတော့ဘူးပေါ့။ မ အ, တော့ဘူးပေါ့။

မှတ်တမ်းမရှိတဲ့ အကြောင်းအရာတွေလည်း ရှိတယ်။ ဥပမာ ဖက်ဆစ်တော်လှန်ရေး ကာလက ဖက်ဆစ်တွေရဲ့ ရက်စက်ကြမ်းကြုတ်ပုံကို တရားဝင် ရေးမှတ်ထားတာ မတွေ့ ရပါ။ အင်မတန်ကြီးကြယ်တဲ့ ကိစ္စကို ပေါ့ပါးသွားအောင် ဖန်တီးထားတဲ့ မှတ်တမ်းမျိုးတော့ ရှိချင်ရှိမယ်။ ခြွင်းချက်တစ်ခုကတော့ ဂျာမန်တွေဟာ မှတ်တမ်းကို ဂရုစိုက်ပြီး ရေးမှတ်လေ့ရှိလို့ နာဇီတွေရဲ့ မှတ်တမ်းတွေကတော့ ကျန်ရစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အနှိပ်စက်ခံရသူတွေနဲ့ ဆက်စပ်နေသူတွေက ဘယ်မေ့မလဲ။ ဒါ့ကြောင့် အချို့ မှတ်တမ်းကို ကွင်းဆင်းစစ်ဆေး ရယူရတယ်။ မှတ်တမ်းမရှိပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရသူတွေ၊ သူတို့ဆီကတစ်ဆင့် သိခဲ့ရသူတွေရဲ့ ယုံကြည်ရလောက်တဲ့၊ တိုက်ဆိုင်စစ်ဆေးလို့ မှန်ကန်တဲ့စကားကို အတည်ပြုပြီး ရှေ့နောက်
ညီညွတ်အောင် ရေးရမယ်။ အဲဒီလို အဘက်ဘက်က လေ့လာစစ်ဆေး အတည်ပြုထားတဲ့ စာတမ်းရပြီဆိုရင် တကယ့် အခြေအနေမှန်ကို သိပြီဟေ့ လို့ ပြောနိုင်တယ်။ မ အ, တော့ဘူးပေါ့။
...........................................................

ဒီနေ့ ( ၃၀- ၁၁- ၂၀၁၀ ) ဟာ သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ခဲ့တာ ( ၅ ) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ တကောင်းစာအုပ်တိုက်မှ ၂၀၀၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ `` ဒေါက်တာသန်းထွန်း - သမိုင်းနှင့် စကား ပြောခြင်း ´´ စာအုပ်ထဲက တချို့ ကို အမှတ်တရအဖြစ် ကူးယူဖော်ပြလိုက်ပါတယ်။


အောင်မျိုးထွန်း
၃၀- ၁၁- ၂၀၁၀