ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ဂုဏ်ဆောင်များနှင့် တစ်သောင်းပြည့်..


မြန်မာ့ဂုဏ်ဆောင်များနှင့် တစ်သောင်းပြည့်

၇.၁ဝ.၂ဝ၁၃ (တနင်္လာနေ့) နံနက် (၈းဝဝ) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတစ်ခုလုံး လူငယ်ပရဟိတ မောင်မယ်ပေါင်း မြောက်များ စွာတို့ စုရုံးရောက်ရှိနေကြသည်။ လူပေါင်းမြောက်များစွာရှိနေသော်လည်း အဆောက်အဦးတစ်ခုလုံး တိတ် ဆိတ်ငြိမ်သက်နေသည်။ နာရေးကူညီမှုလမ်းကြောင်း တောင်းခံသည့် တယ်လီဖုန်းသံအား အားလုံးစူးစိုက် နားထောင်နေကြသည်။ နာရေးကူညီမှု တစ်သောင်းပြည့်မည့် နာရေးရှင်၏ အမည်၊ အသက်နှင့် နေရပ်လိပ် စာတို့အား နားစွင့်နေကြသည်။ ယင်းနေ့တွင် နာရေးကူညီမှု တစ်သောင်းပြည့်ရန်အတွက် နာရေးကူညီမှု တောင်းခံသည့်လမ်းကြောင်း (၇) ကြောင်းရှိသည့်အနက် အကူအညီတောင်းခံသည့် လမ်းကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း တယ်လီဖုန်းသံတို့ ကြားနေရသည်။ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် တစ် သောင်းပြည့်မည့် အကူအညီတောင်းခံသည့် နာရေးလမ်းကြောင်း တယ်လီဖုန်းမှတဆင့် ကြားသိလိုက်ရ သည်။ ကွယ်လွန်သူမှာ ဦးကြည်သူ အသက် (၄၅) နှစ်၊ တိုက် ၄၈၊ တော်ဝင်အိမ်ရာ၊ မြောက်ဒဂုံမြို့နယ် နေထိုင်သူဟု သိရှိရတော့သည်။ သင်္ဂြိုလ်ပေးရမည့် အချိန်သည်ကား နေ့လည် (၁းဝဝ) နာရီဟု သတ်မှတ် လိုက်သည်။

နံနက် အစောပိုင်းကတည်းက တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား ကူညီမှုပေးနိုင်ရန် စီစဉ် ထားသော နိဗ္ဗာယာဉ်၊ လိုက်ပါပို့ဆောင်မည့် BM ယာဉ် (၃) စီး၊ ရှေ့ပြေးယာဉ်၊ လူနာတင်ယာဉ်၊ မီနီဘတ် အစရှိသည့် မော်တော်ယာဉ် (၁ဝ) စီးတို့ဖြင့် တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား လိုက်ပါကုသိုလ် ယူကြမည့် အသင်းသား/သူများ၊ ဝန်ထမ်းများ၊ မီဒီယာများနှင့်အတူ ဂီတပညာရှင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်၊ တေးရေး လင်းထက် (မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း သီချင်းရေးသားသူ)၊ Graffiti Artist လူငယ်ပညာရှင် အာကာကျော်နှင့်အဖွဲ့တို့အပြင် Miss Supranati onal Internet ဆု၊ Miss osology Website မှ ပေးအပ်သည့် Miss International 2012 ပြိုင်ပွဲတွင် Miss Internet Award နှင့်အတူ People Choice Award ဆု (၂) ဆုရှင် နန်းခင်ဇေယျာ၊ People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆုရှင် ခင်ဝင့်ဝါ တို့မှ လာရောက်၍ အများပြည်သူတို့အတွက် အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်ဖြစ်သည့် နာရေးကူညီပို့ဆောင်မှု ကုသိုလ်တော်ကြီးအား ထမ်းရွက်ကြ ရန် အသင့်အနေအထား ဖြစ်နေကြသည်။

နာရေးကူညီမှုဈာပနလမ်းကြောင်းအား လာရောက်၍ မိမိတို့ တတ်စွမ်းသော ဓါတ်ပုံပညာရပ်ဖြင့် ကူညီအားဖြည့် ကုသိုလ်ပြုကြသော ဓါတ်ပုံပညာရှင် ကိုကျော်သူ (W.K.A)နှင့် ကိုစောတင်အောင် တို့သည်လည်း တက်ကြွစွာဖြင့် မှတ်တမ်းဓါတ်ပုံများအား ရိုက်ကူးပေးရန် စောင့်ဆိုင်းလျှက်ရှိသည်။ (၁၂း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် တို့နှင့်အတူ ပရဟိတသမားများ စုံညီစွာဖြင့် နာရေးနေအိမ်သို့ သွားရောက် ကာ နေအိမ်လမ်းထိပ်တွင် နိဗ္ဗာယာဉ်အားရပ်နား၍ နိုင်ငံခြားဖြစ်အခေါင်းအား နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့မှ ဦးဆောင်၍ အသင်းသူများတို့ဖြင့် တိုက်ခန်းရှိရာသို့ သယ်ဆောင်ခဲ့ကြသည်။

ထို့နောက် ကွယ်လွန်သူ ဦးကြည်သူ အသက် (၄၅) နှစ်၏ ရုပ်ခန္ဓာအား တော်ဝင်အိမ်ရာ ဒုတိယထပ်မှတဆင့် ထမ်းပိုးသယ်ဆောင် ၍ တိုက်ခန်းရှေ့တွင် အသင့်ပြင်ဆင်ထားသည့် နိုင်ငံခြားဖြစ် အခေါင်းထဲသို့ထည့်သွင်း၍ ယူဆောင်လာ သော နှင်းဆီပန်းပွင့်များဖြင့် ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား ပြင်ဆင်မွန်းမံပေးပြီးနောက် ကျန်ရစ်သူမိသားစု တို့အား အသင်းသား/သူများတို့မှ စုပေါင်း၍ လှူဒါန်းထားသည့် အလှူငွေ ၄၂၆ဝဝဝိ/- (လေးသိန်းနှစ် သောင်းခြောက်ထောင်) ကျပ်တိတိ၊ ဈာပနပို့ဆောင်သူတို့အတွက် အသုံးပြုရန် ပေးဝေသည့် ယပ်တောင် (၃ဝဝ) လက်နှင့် သင်္ကန်းပရိက္ခရာအစုံအား (၇) ရက်ပြည့် ရက်လည်ဆွမ်းကပ် လှူဒါန်းမှုပြုရန်အတွက် ပေးအပ်လှူဒါန်းခဲ့သည်။ 
 
ထို့နောက် ရုပ်ခန္ဓာထည့်သွင်းထားသည့် အခေါင်းအား ဦးကျော်သူ၊ ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်၊ လင်းထက်၊ အာကာကျော်တို့မှ ဦးဆောင်၍ အသင်းသားများတို့ဖြင့် နိဗ္ဗာန်ယာဉ်ပေါ် ပြန်လည်တင်ဆောင်ပြီး ရေဝေးသုဿန်သို့ စည်ကားသိုက်မြိုက်စွာဖြင့် ရပ်ကွက်သူ/သားများ၊ တော်ဝင် မေတ္တာ သာမှုနာမှုကူညီရေးအသင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့တို့နှင့်အတူ ပို့ဆောင် သင်္ဂြိုဟ်ပြီးစီးခဲ့ပါသည်။
ထို တစ်သောင်းပြည့် ဈာပနပို့ဆောင် အခမ်းအနားအတွက် အချိန်ပေး၍ လုပ်အားဒါနပြုကြသော အသင်းသား/သူများ၊ ပရဟိတ လူငယ်မောင်မယ်များ၊ ဂီတပညာရှင်များ၊ ပန်းချီပညာရှင်လူငယ်များ၊ မြန်မာ့အလှမယ်များ၊ ပြည်တွင်းသတင်းမီဒီယာများ၊ ဓါတ်ပုံပညာရှင်များနှင့်အတူ သတင်းမှတ်တမ်းများ လာရောက်ရိုက်ကူးကြသော ပြည်ပသတင်းဌာနများဖြစ်ကြသော DVB, RFA ဝိုင်းတော်သားများအားလည်း အများပြည်သူ ဈာပနရှင်တို့ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခု ၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုတစ်သောင်းပြည့် အခမ်းအနားတွင် လူသားချင်းစာနာစိတ် ရှိကြသော၊ ဗြဟ္မစိုရ်စိတ်ဓါတ်များ လက်ကိုင်ပြုထားသော၊ အများပြည်သူလူထုတို့အား ကျေးဇူးပြန်လည် ဆပ်ကြသော ပရဟိတသူရဲကောင်းများ ဖြစ်ကြသည့် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်တို့အပြင် မြန်မာ့ဂုဏ်ထူးဆောင် လူငယ်မျိုးဆက်သစ်များဖြစ်ကြသော တေးရေး လင်းထက် Graffiti Artist လူငယ် ပညာရှင် အာကာကျော်နှင့်အဖွဲ့တို့အပြင် နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူတကွ ပူးပေါင်းပါဝင်လာမှုသည် အနာဂတ် လူမှုရေးလောကအတွက် ငြိမ်းချမ်းမှုပြယုဂ်အဖြစ် လူမှုရေး သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထူထောင်နိုင်ခဲ့တော့သည်။
 
နာရေးကူညီမှုအသင်း (ရန်ကုန်)