ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှုဖြစ်ပွား၊ ကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရ

ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှုဖြစ်ပွား၊ ကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရ
-----------------------
ရန်ကုန်-ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများဟိုတယ် (Traders Hotel) တွင် အောက်တိုဘာ ၁၄ ရက်ည ၁၁ နာရီ ၁၀ မိနစ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ကနဦးရရှိသော သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံသား မစ္စတာ Merer Mart၊ ဇနီး မစ္စစ် Tialoris နှင့် ကလေးနှစ်ဦး တည်းခိုသော အခန်းနံပါတ် ၉၂၁ တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲချိန်တွင် မစ္စစ် Tialoris တစ်ဦးတည်းသာ ရှိကာ ၎င်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိသည်။

ပေါက်ကွဲမှုကြောင့် အခန်းမှန်နံရံများကွဲခဲ့ပြီး ဆူးလေဘုရားလမ်းပေါ်သို့ မှန်စများကျနေသည်ကို တွေ့ရသည်။ အခင်းဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးနေပြီး ဟိုတယ်ရှိ CCTV များကို ပြန်လည်ကြည့်ရှုကာ စုံစမ်းနေကြောင်း သတင်းရရှိသည်။
၎င်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိသည်။ ဒဏ်ရာမှာ ခြေနှင့်လက်တွင် ရရှိခြင်းဖြစ်ပြီး မစိုးရိမ်ရပေ။

ပေါက်ကွဲမှုကြောင့် အခန်းမှန်နံရံများကွဲခဲ့ပြီး ဆူးလေဘုရားလမ်းပေါ်သို့ မှန်စများကျနေသည်ကို တွေ့ရသည်။ အခင်းဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးနေပြီး ဟိုတယ်ရှိ CCTV များကို ပြန်လည်ကြည့်ရှုကာ စုံစမ်းနေကြောင်း သတင်းရရှိသည်။

ယင်းဖြစ်စဉ်မတိုင်မီ အောက်တိုဘာ ၁၄ ရက် နေ့ခင်းပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ချိန်ကိုက်မိုင်းတစ်လုံးစီ တွေ့ရှိခဲ့သည်။ ရန်ကုန်မြို့ အလုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ရှိသော ချိန်ကိုက်မိုင်းကို မပေါက်ကွဲသေးမီ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ချိန်ကိုက်မိုင်းထောင်ခဲ့သည်ဟု သံသယရှိသူသုံးဦးကို အောက်တိုဘာ ၁၄ ရက် ညနေတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် တွေ့ရှိသောဗုံးမှာ နန်းမြို့ကျုံးအနောက်ဘက် လမ်း(၈၀)နှင့် (၁၆)လမ်းထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်တွင်ဖြစ်ပြီး မပေါက်ကွဲမီ ဖျက်ဆီးနိုင်ခဲ့သည်။

ထိုသို့ဖြစ်ပွားပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အောက်တိုဘာ ၁၄ ရက် တစ်နေ့လုံးတွင် ပြည်သူများအကြား ဗုံးကောလာဟလများ ပျံ့နှံ့နေခဲ့သည်။

“မနေ့က ညပိုင်းမှာ အဲဒီစားသောက်ဆိုင်၊ အဲဒီစားပွဲမှာ လာထိုင်သွားတဲ့သူတွေကို ရှာဖွေစုံ စမ်းနေပါတယ်။ မနေ့ကထိုင်သွားတဲ့လူစာရင်းကို အတည်ပြုတယ်။ တိုင်းတပ်ဖွဲ့ကို လွှဲလိုက်တယ်။ တစ်တိုင်းလုံးမှာဖြစ်တဲ့ကိစ္စမို့ တိုင်းက စစ်ဆေးပေါ်ပေါက်ချက် မရှိသေးဘဲနဲ့တော့ ပုဂ္ဂလိကခံစားချက်တွေ ရှေ့တန်းတင်ပြီး ဘယ်သူ့ကိုမှ မစွပ်စွဲချင်ပါဘူး” ဟု အလုံမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်က ပြောသည်။

အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park (2) (Ruby) စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန်၌ စားပွဲထိုးဝန်ထမ်းဖြစ်သူ အမျိုးသားတစ်ဦးက စားပွဲခုံများ သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် ၁၉ အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာက အဆိုပါအထုပ်ကိုကြည့်ရှုရာ အထုပ်ထဲတွင် ၀ိုင်ယာကြိုးစ၊ ဘက်ထရီခြောက်တစ်ခု နှင့် အနက်ရောင်အထုပ်တို့ကိုတွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်အပြင်ဘက်သို့ ထုတ်ထားကာ ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခုံနံပါတ် ၁၉ သို့ နှစ်ဖွဲ့လာစားခဲ့ပြီး ပထမအဖွဲ့စားပြီး ရှင်းလင်းစဉ် အထုပ်မရှိကြောင်း အဆိုပါဆိုင်မှ လက်ထောက်မန်နေဂျာ ဦးဝင်းဗိုလ်က ပြောသည်။ ထို့နောက် အဆိုပါစားပွဲသို့ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်မှ အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားသုံးဦး ရောက်လာသည်။ ဆိုင်မှ အကြော်ဆရာနှင့် ရင်းနှီးနေ၍ ဆိုင်ထိုင်ကာ ဘီယာနှစ်လုံးသောက်ပြီး ပြန်သွားကြသောကြောင့် ယင်းစားပွဲအား သေချာမရှင်းလင်းခဲ့ဘဲ ယနေ့နံနက် သန့်ရှင်းရေးလုပ်ချိန်တွင် မပေါက်ကွဲသေးသည့်ဗုံးအား တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ဦးဝင်းဗိုလ်က ဆိုသည်။ ယခုအခါ သံသယရှိသော က၀မြို့နယ်မှ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်။

ထိုသို့ အကြောင်းကြားသောကြောင့် အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ်အထုပ်ကို တာယာကွင်း များဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူးမျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အား ရှင်းလင်းခဲ့သည်။

“လတ်တလော ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်လုပ် ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများ တွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး ပေါက်ကွဲမှုများ၊ ထင်ယောင်ထင်မှား ဖြစ်နိုင်သဖြင့် လုံခြုံရေးကို ရှေးရှုကာ ဗြောက်အိုးဖောက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်သားပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော် မေတ္တာရပ်ခံအပ်ပါသည်” ဟု ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်လည်း ဗုံးနှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်နေသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မန္တလေးတွင်တွေ့ရှိသောဗုံးမှာ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် (၁၆)လမ်းနှင့်လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အပေါ်ထပ်ရှိ စားပွဲအောက်တွင် အထုပ်တစ်ထုပ်အား ယင်းဆိုင်ဝန်ထမ်းတစ်ဦးကတွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကို အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လာစားတယ်။ သူတို့ စားပွဲအောက်မှာ အထုပ်တစ်ထုပ် ထားခဲ့တယ်။ ဆိုင်က၀ိတ်တာတွေက နောက်ကနေလိုက်ပြီး ခင်ဗျားတို့ကျန်နေတဲ့အထုပ်ဆိုပြီး လိုက်ပေးတော့ သူတို့ဟာမဟုတ်ဘူးလို့ပြောတယ်။ ဒါနဲ့ အဲဒီအထုပ်ကို ဖြေကြည့်တော့ အဲဒါတွေ တွေ့ရတာပဲ”ဟု မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းတွင်ပါရှိသော ပစ္စည်းများမှာ အမေရိကန်နိုင်ငံလုပ် M-67 လက်ပစ်ဗုံးတစ်လုံး၊ AA ဓာတ်ခဲခြောက်လုံး၊ စားပွဲတင်နာရီတစ်လုံး၊ လျှပ်စစ်စနက်တံ ယမ်းပါတစ်ချောင်း တွေ့ရှိခဲ့သည်။

ရွှေဘဲစားသောက်ဆိုင်မှ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူများ ရောက်ရှိလာကာ မွန်းလွဲ ၃ နာရီအချိန်တွင် အမှတ်(၁) စစ်နယ်မြေ အထူးမိုင်းရှင်းရေးအဖွဲ့မှ (Water Canon)နည်းဖြင့် ရှင်းလင်းခဲ့သည်။

ဗုံးဖျက်ဆီးရာတွင် အသံအနည်းငယ်ထွက်ခဲ့ပြီး ယင်းအသံမှာ ဗုံးပေါက်ကွဲသဖြင့် ထွက်ပေါ်ခြင်း မဟုတ်ဘဲ ဗုံးမပေါက်အောင် ဖျက်ဆီးရာမှ ထွက်ပေါ်လာသည့်အသံဖြစ်ကြောင်း နားလည်တတ်ကျွမ်းသည့် တာဝန်ရှိသူများက ပြောကြားသည်။ ရွှေဘဲစားသောက်ဆိုင်ရှိ စီစီတီဗီမှတ်တမ်းများနှင့် ၀န်ထမ်းများထံမှ ဆိုင်သို့ ဗုံးလာထားသွားသူကို ခြေရာခံနေပြီး ဆက်လက်စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
ရွှေဘဲစားသောက်ဆိုင်အတွင်းနှင့် ဆိုင်ဝန်းကျင်သို့ မိုင်းများ ရှိ၊ မရှိ အခင်းဖြစ်ပွားပုံကို စစ်ဆေးနေဆဲမှာပင် ၆၂ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြားတွင် ဗုံးတွေ့ရှိသည်ဟု သတင်းများ ထပ်မံထွက်ပေါ်လာပြီး ဒေသအာဏာပိုင်များက ယင်းနေရာသို့ ဆက်လက်သွားရောက်ခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင်ပင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား လမ်းအရှေ့ဘက်ရှိ ဝေပုလ္လာရာမ မက္ခရာကျောင်းတိုက် မုခ်အပေါက်ဝတွင်မသင်္ကာဖွယ် ကျောပိုးအိတ်တစ်လုံးအား မန္တလေးမြို့တော်စည်ပင်မှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက စတင်တွေ့ရှိရာမှ သတင်းပေးခဲ့သည်ဟု သတင်းရရှိသည်။ ညနေ ၄ နာရီ မိနစ်၄၀ အချိန်ခန့်တွင် တပ်မတော် အရာရှိတစ်ဦးရောက်လာခဲ့ပြီး “အဲဒီနေရာကို မြန်မြန်ကာလိုက်။ ချိန်ကိုက်ဗုံးတွေဖြစ်ဖို့များတယ်။ ၅ နာရီထိုးရင် အန္တရာယ်ရှိတယ်”ဟု ပြောဆို ညွှန်ကြားခဲ့သည်။

အထူးမိုင်းရှင်းလင်းရေးအဖွဲ့မှ သဲအိတ်များချကာ ကျောပိုးအိတ်ကိုဖွင့်ရန် ကြိုးစားခဲ့သည်။

ထိုနေရာသို့ ရပ်ကွက်နေပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပြီး ညနေ ၆ နာရီခန့်တွင် ကျောပိုးအိတ်ကို ဖွင့်၍ ရခဲ့သည်။

ယင်းအိတ်အတွင်းမှ အများထင်ထားသကဲ့သို့ မိုင်းမဟုတ်ဘဲ အမျိုးသမီးစကတ်တစ်ထည်နှင့် စာအုပ်စာရွက်များသာ တွေ့ရှိခဲ့ရသည်။
အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့တွင် နှစ်နေရာ၌ ဗုံးပေါက်ကွဲခဲ့သည်။

ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ
7 Day News