ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြေကြီးကို (ကလိ)ထိုးရုံမျှနှင့် စိုက်နိုင်သောသစ်ပင်များ.. (ဆရာအော်ပီကျယ်၏ “ ကူ၍တွန်းပေးပါ ” ဟူသောစာပေဟောပြောပွဲ)

မြေကြီးကို (ကလိ)ထိုးရုံမျှနှင့် စိုက်နိုင်သောသစ်ပင်များ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လစဉ်လတိုင်း ကျင်းပလျှက်ရှိသော မြန်မာစာပေဟောပြောပွဲတစ်ရပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀)နာရီ အချိန်တွင် ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ ဒဿမအကြိမ်မြောက် မြန်မာစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ် သည် “ ကူ၍တွန်းပေးပါ ” ဟူသောခေါင်းစဉ် ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ စာပေချစ်မြတ်နိုးကြသော လူငယ် လူရွယ်များ အတွက် ဟောပြောသွားခဲ့ပါသည်။
“ ဇွန်ပန်းရုံအနီး …
လှည်းဘီး…နွံ ထဲကျွံနေသည်
လေးလွန်း၍ … မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်း၍… ရွှေ့နိုင်သည်။ ”
ဟူသောကဗျာအား ရွတ်ဆို၍ ကျွန်ပ်တို့မြန်မာနိုင်ငံတော်သည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝ ပါသောကြောင့် ဇွန်ပန်းကဲ့သို့ မွှေးကြိုင်၍နေပါသဖြင့် လူငယ်လူရွယ်များတို့သည် ဇွန်ပန်း ရနံ့အားခံစား၍ နေနေကြသည်ကို တွေ့နေမြင်နေရသဖြင့် ထိုကဲ့သို့မနေကြဘဲ နွံ့နစ်နေသော လှည်းဘီးအား ပြိုင်တူ တွန်း၍ ရွှေ့နိုင်ကြောင်း၊ အခြားပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဒူဘိုင်း(UAE)နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ တို့သည် အပင်စိုက်ရာတွင် ရေများလည်း အပင်သေ၊ ရေနည်းလည်း အပင်သေ သဖြင့်ခက်ခဲစွာ ပညာရှင်များနှင့် ဂရုတစိုက် စိုက်ပျိုး၍ စိုပြေလှပမှုကို ရယူနေရကြောင်း၊ မြန်မာနိုင်ငံသည် သစ်ပင်၊ ပန်းပင်စိုက်ရာတွင် မြေကြီးအား (ကလိ) ထိုး၍ စိုက်ရုံမျှလောက်နှင့် အပင် ပေါက်နိုင်ကြောင်း ဟာသဥာဏ်နှောကာ ပြောကြား သွားခဲ့ပါသည်။
ဆက်လက်၍ မိမိတို့ နေထိုင်ရာ မြန်မာနိုင်ငံ၏ မြေကြီးအောက်ခြေတွင် သယံဇာတများသည် ထုထည်၊ ကုဗ မည်မျှရှိသည် မည်မျှထွက်သည်ကို လူငယ်လူရွယ်များ မသိရှိကြဘဲ အိမ်နီးချင်းနိုင်ငံများက သိရှိကြ၍ တန်ဖိုးနည်း ပေးဝယ်ခြင်းအားခံရပြီး တိုင်းပြည်မည်မျှနစ်နာသွားသည်ကို မသိကြကြောင်း၊ ထိုကဲ့သို့နွံ့ထဲနစ်နေသည်ကို မြန်မာ လူငယ်လူရွယ်များသည် မသိကြကြောင်း၊ ထိုသို့သိရန် နည်းပညာ၊ ဗဟုသုတ၊ ပညာ၊ လူမှုဆက်ဆံရေး သိဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ တိမ်ကောခဲ့သောမြစ်များနှင့် မြစ်တစ်စင်းသေရင် ရေစုတ်စက် တစ်သိန်းလောက်နှင့် လည်း ပြန်စုတ်၍မရနိုင်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကနေစီခေတ်ဖြစ်သဖြင့် လူငယ်လူရွယ်များသည် သိအောင်လုပ်သင့်ကြောင်း၊ ထို့ကြောင့်မြစ်များ မတိမ်ကောစေရန် လူငယ်လူရွယ်များအား မိမိတို့၏ မိခင်မြန်မာပြည်ကြီးအား နွံ့ထဲသို့မနစ်မြုပ်စေရန် နှလုံးသားနှင့်မစဉ်းစားဘဲ ဦးနှောက်ဖြင့်စဉ်းစားကာ “ကူ၍တွန်းပေးပါ” ဟူ၍ ခေါင်းစဉ်ဖြင့် မျှဝေ ဟောပြောသွားခဲ့ပါသည်။
နာရေးကူညီမှု အသင်းရှိ သင်းသား/သူ လူငယ်လူရွယ်များအား နာရေးကူညီမှုလုပ်ရာတွင် ယုံကြည်မှု(Trust)၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်တတ်မှု တို့သည်အရေးကြီးကြောင်း နာရေးမှ မဟုတ်ဘဲ မည်သည့်အသင်း အဖွဲ့တွင်မဆို ၄င်းအရာများ မရှိပါဘဲနှင့် ပါဝင်လာပါက မအောင်မြင် မပေါက်ရောက်နိုင်ကြောင်း ပြောကြားသွား ခဲ့ပါသည်။ မည်သည့်ခေါင်းဆောင်မှ မြတ်စွာဘုရားလောက် ခွင့်လွှတ်မှု၊ သည်းခံမှု အပြည့်မရှိနိုင်ကြောင်း၊ ကိုယ်ကိုယ် တိုင်တောင် မှန်ကြည့်ပြီး ကဲ့ရဲ့ကာ အမြင်ကတ်နေကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း၍ နားလည်ပေးကြကာ ခရီးဆက် သင့်ကြောင်းကို ဝေမျှသွားခဲ့ပါသည်။ ခေါင်းဆောင်က တစ်၊ နှစ်၊သုံး… “တွန်း” ဟုဆိုရာတွင် တွန်းတဲ့သူ နည်းပါတယ် ထို့ကြောင့် ညီညွတ်ဖို့လိုပါကြောင်း၊ မြန်မာများသည် သနားကြင်နာတတ်သည်၊ သို့သော် ညီညွတ်ဖို့ရန် လိုအပ်ပါသည်။ ဒီမိုကရေစီ အကြောင်းသိအောင် ကြိုးစားကြပါရန်လည်း တိုက်တွန်းသွားခဲ့ပါသည်။
ကျွန်းတုံးတစ်တုံးကို တွန်းရာတွင် ခိုတဲ့သူပါရင် လေးပါတယ် ၊ တစ်ပြိုင်နက်တည်း မတွန်းရင်လေးပါတယ်၊ ဦးနှောက် အသိဥာဏ်မရှိရင် လေးပါတယ်” ဒါ့ကြောင့် ကူ၍တွန်းပေးကြပါဟု ဆရာအော်ပီကျယ်မှ သတိပေးပြောကြား သွားခဲ့ပါသည်။

ထို့ကြောင့် ဆရာအော်ပီကျယ်၏ “ ကူ၍တွန်းပေးပါ ” ဟူသောစာပေဟောပြောပွဲသည် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ မျိုးဆက်သစ်လူမှုရေး ခေါင်းဆောင်များအတွက် တန်ဖိုးမဖြတ် နိုင်သော အတွေးအခေါ်များ၊ အသိဥာဏ်များ တိုးပွားလာစေကာ ရှေ့ဆက်လျှောက်ရမည့် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် များစွာ အထောက်အပံ့ ကောင်းများ ရရှိစေကာ ပြည်သူပြည်သား အားလုံး စည်းလုံး ညီညွတ် စွာဖြင့် သယံဇာတပေါကြွယ်ဝသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်း ကြရန် အရေးကြီးပါကြောင်း သိရှိလိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)