ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် (၃/၂၀၁၂)


အကြောင်းအရာ။        ။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့တွေ့ဆုံခြင်း
၁။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို အား စက်တင်ဘာ
၈ ရက်ညနေ ၅နာရီ က ရန်ကုန်မြို့၊ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ဧည့်ခန်းမတွင် မိနစ်လေးဆယ်ကြာလက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို တို့သည် စာနယ်ဇင်းကောင်စီကိစ္စ၊ မီဒီယာဥပဒေကိစ္စများအပါအ၀င် စာနယ်ဇင်းဆိုင်ရာအခြားကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၃။ လက်ရှိနယ်ပယ်အသီးသီးက အဆိုပြုထားကြသော စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များအား နောက်ဆုံးအကြိမ်အတည်ပြုလျာထားခြင်း၊ စာနယ်ဇင်းကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား နောက်ဆုံးအကြိမ်အတည်ပြုခြင်း တို့ကိုဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
၎။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သည်တို့ကို ကူညီပေးရေးကိုလည်း ဆွေးနွေးခဲ့ပါသည်။
၅။ ထို့အပြင် မီဒီယာ ဥပဒေသစ်တစ်ရပ်ကိုမီဒီယာလောကသားများ၏အကြံဥာဏ်များရယူပြီး ပြန်လည်ရေးဆွဲနိုင်မည့်အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
၆။ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အပေါ်စွဲချက်တင်ထားမှုအား
တတ်နိုင်သမျှ ညှိနှိုင်းကူညီပေးရေးကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းကတင်ပြဆွေးနွေးခဲ့ပါသည်။
၇။မကြာတော့သောကာလတွင် စာနယ်ဇင်းလောကသားများလက်ခံနိုင်သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းနိုင်တော့မည့် အလားအလာကောင်းများကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
စက်တင်ဘာ (၈)၊ ၂၀၁၂