ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည်အပြန်ခရီး ၁+၂


ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည်ခရီး (၁)
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၇၊ ရန်ကုန်မြို့။               

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီလောက်မှာ ကျမတို့ရဲ့ မြစ်မခ သတင်းထောက် ထွန်းနေအောင်က  ဖြုန်းကနဲ ရောက်လာပြီး ပြောတယ်။

`ဒေါက်တာနိုင်အောင်က စမ်းချောင်းက သူ့အမေအိမ်မှာ ခုရှိနေတယ်လို့ကြားတယ်အမ အဲဒါကျနော်သွားဗျူးမလို့`လို့ လာပြောတော့ ကျမက အမလည်း လိုက်မယ် ခဏ ဆိုပြီး လုပ်လက်စ အလုပ်တွေကို ခဏထားခဲ့ပြီး ဒေါက်တာနိုင်အောင်ရဲ့ မိခင်နေထိုင်ရာ စမ်းချောင်းမြို့နယ် ဆီကို ထွက်လာခဲ့ကြပါတယ်။

ကားပေါ်မှာ ထွန်းနေအောင်က သူ့မှာလည်း မေးချင်တဲ့မေးခွန်းရှိတယ်၊ အမမေးပြီးရင် သူမေးချင်တယ်လို့ပြောတယ်။ ကျမကလည်း ကောင်းတယ်မေးပါ၊ ဘာဖြစ်လို့မေးချင်တာလဲလို့ ထပ်မေးတော့သူက ဖြေတယ်။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး သူ ဘယ်လိုဖြေမလဲ ဆိုတာ ကျနော်သိချင်တယ် လို့ပြောတယ်။

ဒေါက်တာ နိုင်အောင်ဆိုတာ ကျမတို့ မြန်မာပြည်က သိနေတာကတော့ ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်လောက်တုန်းက ကျောင်းသားတွေ အချင်းချင်းသတ်ခဲ့ရတဲ့ အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်အနေနဲ့ ကြားခဲ့သိခဲ့ရတယ်။

သူ့ရဲ့ နိုင်ငံရေးသမိုင်းကြောင်းထက် ခုချိန်မှာ မြောက်ပိုင်းကိစ္စက အထူးသဖြင့် လူငယ်တွေပိုပြီး စိတ်ဝင်စားနေကြတယ်လို့
ကျမထင်တယ်။

မြစ်မခမက ကျမ၊ ထွန်းနေအောင်၊ မြတ်မိုးကျော်တို့သုံးယောက်သား တိုက်အောက်မှာ အခန်းနံပတ်မသိလို့ ဟိုဟိုဒီဒီရှာကြရပါတယ်။

ဟိုအခန်းဖြစ်မလား ဒီအခန်းဖြစ်မလား စမ်းတ၀ါးဝါးဖြစ်နေတဲ့ကျမတို့ ၃ယောက်နားကို အကျီာင်္အဖြူဝတ်ထားတဲ့ ဟန်းဖုန်းကိုင်ထားတဲ့ အမျိုးသားတဦးရောက်လာပြီး ဒေါက်တာနိုင်အောင်တို့ အခန်းကို ရှာနေတာလားလို့ လာမေးပါတယ်။

ကျမက ဟုတ်ပါတယ်လို့ ဖြေတော့၊သူကလည်း ခပ်တည်တည်နဲ့ ဘာကိစ္စလဲ ခင်ဗျာ့လို့ ဆက်မေးပါတယ်။ကျမဘ၀မှာ အဖေနိုင်ငံရေးသမားကို မကြာခဏလာခေါ်တတ်ကြတဲ့ သူတွေကို မြင်ဖူးတွေ့ဖူးထားခဲ့တော့ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကျမ ရိပ်မိလိုက်ပါပြီ။

ကျမရဲ့ လိပ်စာကဒ်ကို ထုတ်ပေးလိုက်ပြီး ကျမက မြစ်မခမီဒီယာက သတင်းထောက်တွေဖြစ်ကြောင်း ပြောရပါတယ်။

သူကကျနော့်နောက်လိုက်ခဲ့ပါလို့ပြောပြီးတိုက်တတိုက်ရဲ့ လှေကားထစ်တွေဆီကိုဦးဆောင်ပြီး ခေါ်သွားပါတယ်။ လှေခါးထောင့် တထောင့်ရဲ့ အဆစ်ချိုးတခု၊ အခန်းရှေ့နားမှာ အသားလတ်လတ်၊ စာကြည့်မျက်မှန်ကို နဖူးပေါ်ပင့်တင်ထားတဲ့၊ အကျီာင်္အဖြူနဲ့ ယောပုဆိုးအပြာရောင် ၀တ်ထားတဲ့ အမျိုးသားတယောက်က လှေကားထိပ်ကနေ ကျမတို့ကို လှမ်းရင်း စီးကြည့်ပါတယ်။

 အဲဒီလူကတော့ ကျမတို့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတဲ့ ဒေါက်တာ နိုင်အောင်ပဲ ဖြစ်ပါတယ်။

ကျမက ဒေါက်တာ နိုင်အောင်ကို အပြင်မှာ တခါမှ မတွေ့ဖူးခဲ့ပါဘူး။ သူရန်ကုန်လေဆိပ်ရောက်တုန်းက ကျမသတင်းထောက်တွေ သွားခဲ့ကြတဲ့အတွက် ဓါတ်ပုံထဲမှာ ဗီဒီယိုထဲမှာပဲ တွေ့ခဲ့ဖူးတာပါ။ဒါပေမဲ့ သူ့ကို တွေ့တွေ့ခြင်း ဒီလူဟာ ဒေါက်တာနိုင်အောင် ပဲလို့ သိလိုက်ရပါတယ်။

သူက ကျမကိုတွေ့တွေ့ခြင်း အံ့သြသွားဟန်ရှိပါတယ်။ ထွက်သွားပါတယ်။ ပြီးမှ လာကြပါ၊အိမ်ထဲကိုဝင်ပါလို့ ပြောပြီး တံခါးဖွင့်ပေးပါတယ်။

ခုနတုန်းက ကျမတို့ကို လိုက်ပို့တဲ့ အက်စ်ဘီလား ၊ စစ်ထောက်လှမ်းရေး လား သေချာမသိတဲ့သူကတော့ ကျမတို့ကို ပို့ခဲ့ပြီး ပြန်ဆင်းသွားပါတယ်။

အိမ်ရှေ့ခန်းက  ဆိုဖာပေါ်မှာ ထိုင်ပါလို့ သူကပြောပါတယ်။ ကျမတို့ ၃ယောက်ထိုင်ကြတဲ့ ဆိုဖာခုံနဲ့မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာတော့ ဖွင့်ထားတဲ့ လက်ပ်တော့တလုံးတင်ထားတာတွေ့ရပါတယ်။


ကျမတို့ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြရင်း အင်တာဗျူးခွင့်တောင်းပါတယ်။ သူက ကျမကို ရော မြစ်မခ မီဒီယာကိုရော သိကြောင်း၊ facebook နဲ့ မြစ်မခ site က သတင်းတွေကို ပုံမှန်ဖတ်ဖြစ်ကြောင်း၊မိုးသီးဇွန်ရဲ့ခရီးစဉ်အကြောင်း ရေးတာလည်းဖတ်ရကြောင်း ပြောတယ်။

ကျမကလည်းအိမ်ရဲ့ ဧည့်ခန်းထဲကို မျက်စိဝှေ့ကြည့်မိရင်း အရုပ်တွေအများကြီးထည့်ထားတဲ့ မှန်ဘီရိုတွေကိုငေးကြည့်ရင်း ကျမတို့သိချင်တာလေးတွေ မေးဖို့လာခဲ့တာဖြစ်ကြောင်းပြောဖြစ်ပါတယ်။

သူက ကျမတို့ကို အင်တာဗျူးခွင့်ပေးပါတယ်၊ပြီးတော့ ဓါတ်ပုံရိုက်ခွင့်၊ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ခွင့် ပါ တောင်းတော့ လုပ်ပါဗျာလို့ ပြောတယ်။

ဆိုဖိုခုံပေးက စာပွဲခုံလေးမှာ အသံဖမ်းစစ်အမဲရောင်လေးကို ကျမလှမ်းတွေ့လိုက်တော့ အကို့အနေနဲ့လည်း ကျမတို့အမေးအဖြေလုပ်တာကို ပြန်ပြီး record ယူထားလို့ရပါတယ်၊ ယူပါလို့ ကျမ ပြောလိုက်မိတယ်။

သူက`ကျနော့်ကို အက်စ်ဘီက လာပေးသွားတာပါ၊ သုံးချင်တာရှိရင် သုံးလို့ရအောင်ဆိုပြီး ပေးသွားတာပါ၊ ကျနော် အဲလို မလုပ်ပါဘူးဗျာ`လို့ ရယ်ရင်း ပြောတယ်။ သူရယ်ပုံကိုတော့ဓါတ်ပုံထဲမှာ တွေ့ဖူးထားခဲ့ပါတယ်။အပြင်မှာ ရယ်တာကို သေချာကြည့်တော့မှာ ဓါတ်ပုံထဲမှာ ရယ်တာနဲ့တော့ မတူဘူးလို့မြင်မိတယ်။

ဒေါက်တာနိုင်အောင်က `ABSDF မြောက်ပိုင်း၌  ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့်  ပတ်သက်၍ ABSDFဥက္ကဋ္ဌဟောင်း  ဒေါက်တာနိုင်အောင်၏ရှင်းလင်းချက်`ဆိုတဲ့ခေါင်းစဉ်နဲ့စာရွက်တွေကိုဖတ်ဖူးလားဆိုပြီး ပေးပါတယ်။ စာတမ်းတစောင်လို့ စာအုပ်ချုပ်ထားတာ တွေ့ရတော့ ဒီကိစ္စကိုလည်း ထည့်မေးရမယ်လို့ခေါင်းထဲမှာ မှတ်ထားလိုက်မိတယ်။

ဒီစာတမ်းကိုတောက မဖတ်ဖူးပါဘူးလို့ ပြန်ဖြေတော့ ဖတ်ကြည့်ပါဦးလို့ ဆက်ပြောတယ်။ ကျမအနေနဲ့လည်း ဟုတ်ကဲ့ ဖတ်ကြည့်ပါမယ် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်၊ ပြီးတော့ ကျမလည်း ခေတ်သစ် ဟင်္သာကိုးသောင်းစာအုပ်ကို သတိရသွားပြီး ဖတ်ဖူးလားလို့ ပြန်မေးလိုက်ပါတယ်။

`ကျနော် ဖတ်တာ ၂ ခေါက်ရှိသွားပြီ`လို့ ပြောတယ်။ သူ့အဖြေကို ကြားပြီးမှ  ဒီအကြောင်းကလဲ မေးရမဲ့ ကိစ္စပဲလို့ပဲ ခေါင်းထဲ မှတ်လိုက်မိပြန်တယ်။

ကျမမှာတော့ မေးချင်တာတွေ၊ ခေါင်းထဲ မှတ်ထားတာတွေ၊ မိတ်ဆွေတွေက မေးပေးပါလို့ ပြောတဲ့ မေးခွန်းတွေနဲ့ဆို အချိန်ကို ချိန်ဆကြည့်မိပါတယ်။ ကျမ မေးချင်တာတွေရော ပြီးတော့ facebook ကနေ မေးပေးပါလို့ မှာလိုက်တဲ့ မိတ်ဆွေများရဲ့ မေးခွန်းတွေနဲ့ ရော ဆိုရင်တော့ တော်တော်များပါတယ်။

အင်တာဗျူးအတွက် အချိန်ဘယ်လောက်ပေးနိုင်မလဲလို့လည်းမေးမိတယ်။ ထမင်းစားချိန်ထိ ရပါတယ်လို့ ပြောတယ်။ တကယ်တော့ အဲဒီအချိန်မှာပဲ နာရီကို လှမ်းကြည့်လိုက်မိတော့နေ့လည် ၁၂နာရီ ထိုးပါတော့မယ်။

အင်တာဗျူးမစခင်မှ လုပ်တတ်တဲ့ကျမရဲ့ ထုံးစံအတိုင်း ကျမမေးတဲ့ မေးခွန်းတွေမှာမဖြေချင်တာရှိရင်လည်း ပြောဖို့ ကျမအနေနဲ့လည်း မေးစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ မေးချင်တဲ့အကြောင်းနဲ့ ကျမသိချင်တာ ကတော့ခုလိုမြန်မာပြည် ပြန်လာတဲ့အကြောင်းကစပြီး  ABSDF မှာ တာဝန်ထမ်းစဉ်က မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားကိစ္စတွေ၊ ပြီးတော့ ABSDF နဲ့ ကွဲခဲ့တဲ့ကိစ္စတွေနဲ့ ရိုဟင်ဂျာကိစ္စတွေကိုလည်း မေးမယ်လို့ ပြောလိုက်ပါတယ်။

သူကလည်း မေးပါ၊ ကျနော်ကို ပွင့်ပွင့်လင်းလင်းပဲ မေးပါလို့ ပြောပါတယ်။

တကယ်လို့များဖြေရင်းနဲ့ ခဏ နားချင်တာမျိုးရှိရင်လည်း ပြောပါ၊ နောက်ဖြေရင်းနဲ့ off the record ဆိုတာမျိုး ရှိခဲ့ရင်လည်း ပြောပါလို့ ကျမပြောရင်း အင်တာဗျူးကို စတင်ဖို့ ကြိုးစားခဲ့ပါတယ်။

မေး။       ။အကိုတို့အခုလို black list ကနေပယ်ဖျက်ခံရပြီးတဲ့နောက် ဒီလိုမျိုး ပြည်တွင်းကို ပြန်ဝင်လာခွင့်ရတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။       ။ကျနော်တို့အမြင်ကတော့ပြီးခဲ့တဲ့ နှစ်ခေါက်ထိုင်းနယ်စပ်မှာတွေ့ဆုံမှုတွေကနေ တဆင့်တိုးတက်မှု
ပေါ့၊ခုလိုလာခွင့်ပြုတယ်ဆိုတဲ့အခါကျတော့နည်းနည်းတရားဝင်နည်းနည်းပိုဆန်လာတာပေါ့နော်။  နောက်တစ်ခုက ဒီအစိုးရကတာဝန်ရှိသူတွေနဲ့ တွေ့ရတယ်။ကျနော်တို့အရင်တင်ပြတာတွေကို တရားဝင်ပိုဖြစ်လာတယ်။ နောက်တစ်ခုက တကယ်လို့များသမ္မတနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့တင်ပြချက်များကို အဆင့်မြင့်မြင့်ပိုတင်ပြလာနိုင်မဲ့ဥစ္စာ အဲ့လိုပဲသဘောထား
ပါတယ်။ နောက်တစ်ခုက တိုက်တိုက်ဆိုင်ဆိုင်လို့ပဲပြောရမှာပေါ့ ကျနော်တို့ကအဲ့နေ့ ဗီဇာရတဲ့နေ့မှာပဲBlack list ကို   ပါယ်ဖျက်တယ်ဆိုတာ ထွက်လာတယ်။ ပြောချင်တာကတော့ ခရီးစဉ်ကိစ္စဆိုကြိုတင်  စီစဉ်ထားတဲ့ ကိစ္စပေါ့နော် ဒါပေမဲ့ အဲ့နေမှာပဲတိုက်တိုက်ဆိုင်ဆိုင် black list ကနေ ဒီလိုမျိုးထုတ်လိုက်တယ်ဆိုတဲ့အခါကျတော့ဒါတော့ ပိုသေချာမှုတစ်ခုပေါ့ ။

ဒါပေမဲ့ အရင်တုန်းကလည်း ကျနော်ပြောနေခဲ့တာကတော့ ဒီအဝေးရောက်ကဗမာတွေပြန်လာစေချင်တယ် ဆိုလို့ရှိရင်လည်း သိသာထင်သာတဲ့မြင်သာတဲ့ပေါ်လစီ၊မူဝါဒ ချမှတ်ပေးဖို့နဲ့ အားလုံးတွက်ကိုလွယ်ကူတဲ့ လုပ်ထုံးလုပ်နည်းတွေလုပ်ပေးရင်
ကောင်းတယ်လို့ ကျနော်တို့တွေ ပြာကြားဖူးထားတာရှိတယ်ဆိုတော့ အဲ့ဒါကိုလည်းဆောင်ရွက်ပေးသလားလို့ စိတ်ထဲမှာထင်တာပေါ့။  ဒါပေမဲ့ ပြောချင်တာက၀မ်းသာပါတယ် ။ဒါကတော့အစိုးရအနေနဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တဲ့သဘောပေါ့ ဆိုတော့ ရင်ခွင်ကိုထပ်ဖွင့်တဲ့သဘောပေါ့ ကျနော်တို့ ကျေးဇူးတင်တယ်။

အဲလိုပြောပြီး ခဏနားတယ်၊ ဖြေပြီးပီအထင်နဲ့ နောက်မေးခွန်းစခါနီးမှာပဲ သူက ဆက်ဖြေပါတယ်။

 ဒါပေမဲ့တဖက်ပိုင်းမှာလည်း ကျနော်တို့ ပြောသလိုပဲ ဒီမိုကရေစီကိုပြောင်းလဲနေပြီဆိုတော့ ဒီမိုကရေစီရေးလုပ်ခဲ့တဲ့ လူတွေထောင်ထဲမှာဆက် မရှိသင့်ဘူးဗျာ။ ကျနော်တို့ရဲ့ ABSDF ရဲဘော်တွေလည်း ထောင်ထဲမှာ ရှိနေသေးတယ်။ တကယ်တော့ ဒီမိုကရေစီရေးလုပ်ခဲ့တဲ့လူတွေ ဒီအမည်မည်းစာရင်းထဲမှာဆက်မရှိသင့်ဘူး ဆိုတော့ဒီအစိုးရက တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကလည်း ဒီကိစ္စကသူတို့ဆက်လက်ဆောင်ရွက်နေပါတယ်လို့ပြောတယ်ဆိုတော့ ၀မ်းသာရပါတယ် ဗျာ။

မေး။        ။ဟုတ်ကဲ့ပါရှင့် အခုဆိုလို့ရှိရင်  ABSDF ပေါ့နော် အဖွဲ့ဟောင်းတွေက ဒီနိုင်ငံရေးအကျဉ်းသား
အကျဉ်းသမားတွေအနေနဲ့ထောင်ထဲမှာရှိနေသေးတယ်လို့ ပြောတော့ သူတို့နဲ့ပတ်သက်ပြီးတော့ရော ဘာပြောချင်ပါသလဲ။

ဖြေ။        ။ရှိပါတယ် ကျနော်လည်း ထောင်ထဲမှာရှိနေတဲ့ ABSDF ရဲဘော်တွေရဲ့စာရင်းကို သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေ ကိုပေးဖို့ယူလာပါတယ်။ နောက်ပြီးဒီကျနော်တို့နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့က ပေးပို့တဲ့ နောက်ဆုံးစာရင်းတွေလည်း ယူလာပါတယ်။ သက်ဆိုင်ရာလူကြီးတွေကိုပေးမှာပါ၊ခုချိန်ထိ  ABSDF ရဲဘော်တွေ ထောင်ထဲမှာ လေးဆယ်ကျော်လောက်ရှိသေးတယ်။ သူတို့တွေကိုလည်း လွှတ်ပေးသင့်နေပါပြီဗျာ။ ဒီမိုကရေစီရေးလုပ်ခဲ့တဲ့လူတွေ ဆက်မရှိသင့်ပါဘူး။

မေး။        ။ဟုတ်ကဲ့ပါရှင့်။ အကိုတို့အနေနဲ့ကော မြန်မာပြည်ကို ပြန်ဝင်သင့်မသင့်ဆိုတာကို ကြိုစဉ်းစားခဲ့ရာမှာ  ပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ရော တိုင်ပင်ညှိုနှိုင်းခဲ့တာတွေ ရှိပါသလားရှင့်။

ဖြေ။        ။ကျနော်တို့ ဒီ(၁၉၉၆)လောက်ကတည်းက ကျနော်တို့နယ်စပ်မှာအခြေစိုက်တဲ့ အင်အားစုတွေ အားလုံးနောက် အထဲထဲမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးပါပါတယ်။ အားလုံးတောက်လျှောက်တောင်းဆိုခဲ့တာကတော့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးပေါ့နော်။ ဆိုတော့ ဒီနှစ်နှစ်စပိုင်းလောက်ကတည်းကစပြီး ကျနော်တို့ဒီမိုကရေစီအင်အားစုတွေကိုတိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဆောင်ရွက်နေတဲ့ အဖွဲ့တွေကစပြီးတွေ့လာတယ်ဆိုတော့အဲ့တွေ့လာမှုပေါ်မှာ တွေ့ဆုံဆွေးနွေးရေးအတွက်ကြောင့် လမ်းစ စပြီးရှိလာတယ်လို့မြင်မိပါတယ်။ တကယ်တော့ ပြဿနာတွေကို ရန်ဖြစ်ပြီးတော့ပြောနေတာတွေထက် လက်တွေ့ရင်ဆိုင်ပြီးတော့ မျက်နှာချင်းဆိုင်ပြီးတော့ ပြောဆိုဖြေရှင်းပြီးညှိနှိုင်းကြတာတော့ တိုင်းပြည်အတွက်အကောင်းဆုံးလို့  ကျနော်တို့ ယူစကြပါတယ်။

အဲ့အပေါ်မှာကျနော်တို့ကလည်း ဒီလိုမျိုးဖိတ်ကြားတဲ့အပေါ်မှာကျနော်တို့ လက်ခံတာရှိတယ်။ ဒါပေမဲ့ကျနော်တို့အခုလာတဲ့ကိစ္စမှာ တစ်သီးပုဂ္ဂလလိုဖြစ်တဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ပဲလာပါတယ် ။

ခဏနားပြီး ဆက်ပြောပါတယ်။သူဖြေနေတာကို ကြည့်ရတာက နာမကျန်းတဲ့သူ တယောက်နဲ့ တူနေတယ်လို့ ကျမ ထင်မိတယ်။ ဘာကြောင့်လဲ ဆိုတောတော့ကျမ မသိဘူး။ သူကတော့ ဆက်ဖြေနေတုန်းပါပဲ။

ဒါပေမဲ့အဖွဲ့အစည်းတွေရဲ့အမြင်၊ သဘော၊ မူ ဘောင်ထဲကနေပဲ ဆွေးနွေးသွားမှာပါ၊ နောက်တစ်ခုက လာမဲ့အချိန်ကျတော့လည်း တိုင်ပင်ရတာတွေရှိတာပေါ့။ ဒီ ကျနော်တို့လှုပ်ရှားမှုထဲမှာတော့ အခုလိုမျိုးဖြစ်စဉ်တွေပေါ်မှာ တစ်စုံတစ်ရာခြေလှမ်းတွေလှမ်းလာပြီ အလင်းရောင်တွေလှမ်းမြင်နေရပြီဆိုပေမဲ့လို့ အားမရသေးတာမပြည့်စုံသေးတာတွေလည်း ရှိပါတယ်။ ကျနော်တို့အားလုံးထဲမှာ သူသူကိုယ်ကိုယ် ရှိတာပဲ ဆိုတော့ ဒီခရီးစဉ်ကိစ္စကိုလည်း သဘောတူနိုင် လားမတူနိုင်လားဆိုတဲ့ကိစ္စတွေလည်းရှိနိုင်ပါတယ်။

ဒါပေမဲ့ကျနော်တို့အားလုံး ကျနော်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးကတော့ ကျနော်တို့ကိုအကြံပေးတာကတော့ ဒီလိုမျိုး
အခြေအနေမှာ ထပ်ပြီးတော့တင်ပြကြည့်သင့်တယ်။  ဒီတင်ပြမှုပေါ်မှာ တုံ့ပြန်မှုဟာ ဘယ်လိုဖြစ်
မလဲဆိုတာကို အားလုံးကနေပြီးတော့မှ တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားကြပါမယ်။အဲလောက်ပဲ ပြောနိုင်ပါသေးတယ်။

မေး။       ။ အကိုတို့အခုလိုဝင်လာမယ်ဆိုတဲ့အပေါ်မှာကော လေဆိပ်မှာဖမ်းပြီးတော့ပေါ့နော် ဖမ်းဆီးလိုက်မှာမျိုး အဲ့လိုစိတ်ပူတာမျိုးကောရှိခဲ့ပါသလားရှင့်။

ဖြေ။        ။ကျနော့်စိတ်ထဲမှာ အမှန်အတိုင်းပြောရင်တော့ အဲ့ဒါသိပ်မရှိဘူး ။ ဟိုတစ်နေ့နေ့တချိန်ချိန်ပေါ့ဗျာ
ကျွန်တော်တို့အားလုံးက ဒီမှာအပြီးပြန်လာလို့ရလို့ ပြန်လာလို့ရှိရင်လည်း တစ်နေ့နေ့တချိန်ချိန်ဒီလိုမျိုးကြုံရင် ကြုံမယ် 
ဆိုတာလည်း ရင်ဆိုင်ထားပြီးသားပါ။ အခုတစ်ခေါက်လာတဲ့အချိန်မှာပြောမယ်ဆိုရင်တော့ ကျနော်မှာ အဲ့လိုစိတ်ထဲမှာလည်းမထင်ထား သလို ထင်စရာအကြောင်းလည်းမရှိဘူးလို့ပြောရမှာပေါ့နော်။  ဒါကတော့ အတင်းသက်သက်မဲ့ ယုံကြည်မှုပေးတာတော့မဟုတ်ပါဘူး။       ဟို ကျွန်တော်တို့လူကြီးလူကောင်းဆန်ဆန်အလုပ်လုပ်ကြတာပဲဆိုတော့ ကျနော် အဲ့သဘောကိုပဲဖြစ်ပါတယ်။

ဒါပေမဲ့စိတ်လှုပ်ရှားတယ်ဆိုတာကတော့ ခုနပြောသလိုပေါ့တစ်သက်လုံးပြန်နင်းခွင့်မရတဲ့  ဒီအမိမြေကိုပြန်နင်းခွင့်ရတဲ့ စိတ်လှုပ်ရှားမှုကတစ်ပိုင်းရှိသလိုတစ်ဖက်မှာလည်း ကျွန်တော်တို့ပြောပြောနေတဲ့ မြောက်ပိုင်းကိစ္စပေါ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့လည်း
ဖြစ်တဲ့အခါကျတော့ အော်ဒါကတော့အခက်အခဲလေးတွေပေါ့ စိန်ခေါ်မှုလေးတွေလည်းရင်ဆိုင်ရမယ်ဆိုတဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားမှုတော့ရှိတာပေါ့။

မေး။      ။ဟုတ်ကဲ့ပါရှင့်ရန်ကုန် လေဆိပ်မှာအကို့ကိုသတင်းထောက်တွေက၀ိုင်းပြီးတော့မေးကြတယ်၊မေးတဲ့ထဲမှာလည်း မြောက်ပိုင်း ကိစ္စတွေလည်းပါတယ်ဆိုတော့လေ။ အဲ့လိုအခြေအနေမျိုးနဲ့ ခုလိုမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်ထားခဲ့သလား၊ အဲဒီအတွကရော၊ ပြင်ဆင်ခဲ့တာမျိုးရော ရှိပါသလားရှင့်။

(ရုတ်တရက် သူမျက်နှာပျက်သွားသလိုပဲလို့ ထင်လိုက်မိတယ်- သူကတော့ မျက်နှာသိပ်ပျက်ပုံမရဘဲ အေးအေးဆေးဆေးပဲ ဆက်ဖြေခဲ့တယ်)

ဖြေ။        ။ကျနော်နဂိုကတည်းက ပြောထားတော့ လေဆိပ်မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ပြောထားတော့
တစ်စုံတစ်ရာတော့ မေးလာကြမှာပဲလို့ တွေးထားပါတယ်။  မြောက်ပိုင်းကိစ္စလည်း ပါမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရည်ရွှန်းပတ်ရွှန်းနဲ့ပြောရရင်တော့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ကင်မရာနဲ့တော့အရိုက်မခံဘူးဘူးပေါ့လေ။  
ဆိုတော့အဲ့တာ လေးတွေ့တဲ့အခါကတော့ နည်းနည်းတော့…အော်..ဒီမှာမီဒီယာလွတ်လပ်ခွင့်များတော်တော်လေး ရနေပြီးလားပေါ့လေ ။

မေး ။        ။ဟုတ်ကဲ့ အကို ဒါကို မီဒီယာလွတ်လပ်ခွင့်ရနေပြီလို့မြင်တာလားရှင့်။ မီဒီယာတွေရဲ့လက်ရှိအနေအထားကို ဘယ်လိုမြင်ပါသလဲ အကို့အမြင်ကို သိချင်တာပါ။

ဖြေ။       ။အခုဟာကမီဒီယာတွေကိုကိုယ့်ကိုယ်ကိုSelfCensorshipလိုအခြေအနေမျိုးဖြစ်အောင်ဖန်တီးနေတယ်လို့ ကျနော် ထင်တယ်။  ပြောချင်တာကဗျာ မီဒီယာတွေက ကိုယ်ထင်တဲ့ယုံကြည်တဲ့အတိုင်း တာဝန်ယူမှုရှိရှိနဲ့ မျှမျှတတဖြစ်တဲ့ သတင်းတင်ပြမှုမျိုး လုပ်တဲ့အချိန်မှာဒီသတင်း ရေးရင်တော့ငါတို့ပြဿနာတက်မှာပဲဆိုတဲ့ဟာမျိုးတွေကသိစိတ်နဲ့မသိစိတ်  ဖြစ်နေတဲ့ဟာမျိုးတင်မကဘူး။   နောက်တစ်ခုကတစ်ခုခုဖြစ်တိုင်းတရားစွဲမယ်ဆိုတဲ့အလေ့အကျင်လေးဖြစ်တာလည်းမကောင်းဘူးပေါ့။ဆိုတော့ဒါကတော့ နှစ်ဦးနှစ်ဖက်ပေါ့ဗျာ မီဒီယာတွေကလည်းခုနကပြောတဲ့ ဒီ မျှတတဲ့၊ မှန်ကန်တဲ့၊ ဘက်မလိုက်တဲ့ သတင်းမျိုးတွေလည်းရေးနိုင်အောင်  ကြိုးစားရမှာမျိုး
နောက်ပြီးတော့မှ ဒီအစွန်းရောက်တဲ့ကိစ္စမျိုး၊ လှုံဆော်တဲ့ အစွန်းရောက်လှုံဆော်တဲ့ကိစ္စမျိုး မဖြစ်အောင်သတိထားရမှာမျိုးတွေ၊ အစိုးရပိုင်းကတာဝန်ရှိတဲ့လူတွေကလည်းဒါကိုမီဒီယာမှာတစ်ခုခုပြောလိုက်တိုင်းငါတို့ကိုအပြစ်တင်နေတာမျိုးအတွေးမျိုးကိုထားခဲ့ဖို့လည်းလိုပြီ ထင်တယ်။

မေး။  ။ဟုတ်ကဲ့ပါရှင့်၊အကိုတို့လို ပြည်ပကအင်အားစုတွေ ပြန်လာမယ်ဆိုတော့ကျမတို့အနေနဲ့လည်း မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိတ်လှုပ်ရှားမိပါတယ်။  အကို့မှာလည်း ကျမတို့မြန်မာပြည်မှာ ဘယ်လို ဆောင်ရွက်ချက်တွေနဲ့ ရှေ့ဆက်သွားမယ် ဆိုတဲ့ စိတ်ကူး Planမျိုး ရှိပါသလဲရှင့်။

ဖြေ။       ။ဟို ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ဟိုဗမာပြည်အတွက်ပဲ၊ ဒီမိုကရေစီရေးအတွက်ပဲ ကျနော်တို့ဦးတည်ပြီး လုပ်နေတာပဲလို့ပြောချင်ပါတယ်။ ဒီနေ့ပြန်လာတာလည်း ကျနော်တို့နိုင်စွမ်းသလောက်ပေါ့လေ ကျနော်တို့ဦးနှောက်ညဏ်မှီသလောက် တင်ပြကြိုးစားကြည့်မယ်လို့ စီစဉ်ထားတာပဲ။ အဓိကက ကျနော်တို့ စဉ်းစားနေတဲ့ တင်ပြနေတဲ့ ကိစ္စက အခုမှလည်းမဟုတ်ပါဘူး ၀န်ကြီးဦးအောင်မင်းနဲ့တွေ့တော့လည်း ဒါပဲတောက်လျှောက်တင်ပြပါတယ်။ အဓိက မြင်တာကဘာလည်းဆိုတော့ ဒီ(၂၀၁၅)ရွေးကောက်ပွဲလို့ကျွန်တော်တို့ပြောကြပြီးတော့ အဲ့ကာလဖြတ်ကြရမယ်ဆိုတဲ့အချိန်ကိုလည်းရောက်ကြမှာပဲ အဲ့ကိစ္စတွေ အားလုံးကိုပါဝင်ပတ်သက်နေတဲ့လူတွေအားလုံးက ပြည်သူပြည်သားတွေအားလုံးကော နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကော ကျောလုံ ရင်လုံ ပေါ့နော် နောက်ပြီးငြိမ်ငြိမ်းချမ်းချမ်း ယုံယုံကြည်ကြည်နဲ့လက်တွဲသွားနိုင်အောင် (၂၀၁၅)မတိုင်ခင်မှာ ဒီတွေ့ဆုံဆွေးနွေးပွဲ တစ်ခုဖြစ်သင့်တယ်လို့ ရိုးရိုးသားသားပဲယုံကြည်ပါတယ်။

အဲလိုဖြေပြီး ကျမကို တချက်လှမ်းကြည့်ပါတယ်။ ပြီးတော့ဆက်ဖြေပါတယ်။

အဲ့တွေ့ဆုံဆွေးနွေးပွဲကလည်း လာမဲ့(၁၅)နှစ် နှစ်(၂၀)လောက်ကို ကျနော်တို့တိုင်းပြည်ကိုဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ အမြင်မူသဘောထားတွေ ကျနော်တို့ထဲမှာကြားသွားတယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေ
ရသွားတယ်ဆိုရင် အဲ့(၂၀၁၅)အလွန်ကို ၊ နောက်ထပ်ပိုပြည့်စုံလာမဲ့အသွင်ကူးပြောင်းစ ကာလတစ်ခု
ကို ကျနော်တို့အားလုံး ကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနဲ့ ဖြတ်နိုင်မယ်လို့ ယူဆတယ်။ ဆိုတော့ အဲ့အတွက်ကို အဲ့ဆွေးနွေးပွဲကအရေးကြီးတယ်အစိုးရကလည်းပြောထားတာကတတိယအဆင့်မှာလွှတ်တော်ရှေ့နေပြည်တော်မှာလုပ်မဲ့ အစည်းအဝေးရှိတယ် အစည်းအဝေးပုံစံနဲ့အစည်းအဝေးလုပ်မဲ့ဥစ္စာလေးတွေ ထပ်ပြီးတင်ပြတာပေါ့ အစိုးရကလည်း ဒါမျိုး စဉ်းစားထားပြီးသား ရှိတဲ့အခါ ပိုပြီးတော့လိုင်းတဲ့သွားတာပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ ထပ်ပြီးတင်ပြတာက ဘာလည်းဆိုတော့ နေပြည်တော်မှာ ခုနစ်ရက် ဆယ်ရက်လုပ်မဲ့ ကိစ္စတစ်ခုတည်းနဲ့တော့ ကိစ္စပေါင်းစုံတစ်ခါတည်းရှင်းလို့ရမှာမဟုတ်ဘူး ဆယ့်ငါးနှစ်နှစ်နှစ်ဆယ်ကို တစ်ခါတည်းအပြီးဖြတ်လို့ရမှာမဟုတ်ဘူး ဒါကြောင့်မို့လို့ ကျွန်တော်တို့ပြောနေတာကတော့ အခုတည်းကနေပြီး ကဏ္ဍအလိုက်ပေါ့ပါဝင်သင့်ပါဝင်ထိုက်တဲ့လူတွေအားလုံးက ကဏ္ဍအလိုက်ကိုကြိုတင်ပြီးတော့ဆွေးနွေးထားသင့်တယ် ဥပမာဆိုပါတော့  တိုင်းရင်းသားတွေရဲ့အခွင့်အရေးပြဿနာ တန်းတူရည်တူနဲ့ကိုယ်ပိုင်ပြဌာန်းမှုကို ပြောမယ်ဆိုရင်တော့ အာဏာခွဲဝေမှုပဲ အာဏာခွဲဝေမှုကို ဘယ်လောက်ထိပေးနိုင်မလဲ ဆိုတာကို အဲ့နေပြည်တော်အစည်းအဝေးမှာပါတဲ့လူတွေက ဒီဟာလေးနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲလေးလုပ်သွား
ကြမယ် အမြင်သဘောလေးတွေစုသွားကြမယ်။

အဲ့လိုစုသွားခြင်းအားဖြင့် သူတို့နဲ ကျနော်တို့ကြားမှာ ကျနော်တို့အချင်းချင်းကြားထဲမှာ ယုံကြည်မှုတွေပိုများလာမယ် တစ်ယောက်နဲ့
တစ်ယောက် စကားပိုပြောဖြစ်လာမယ် တစ်ယောက်အကြောင်းတစ်ယောက်ပိုနားလည်လာမယ် ကျွန်တော်တို့ စုပေါင်းတိုင်ပင်ပြီးရတဲ့အဖြေလေးတွေရှိလာမယ်။နေပြည်တော်မှာလုပ်တဲ့အချိန်ကျတော့အချိန်မကုန်ဘူးပေါ့ အဲ့လိုစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့က တိုင်းရင်းသားကဏ္ဍတွေစဉ်းစားရမှာ ရှိတယ်၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍတွေစဉ်းစားရမှာရှိတယ် လူမှုရေးကဏ္ဍတွေ စဉ်းစားရမှာရှိမယ် ကျန်းမာရေးပညာရေး ကဏ္ဍတွေစဉ်းစားရမှာရှိမယ် ကာကွယ်ရေးနဲ့လုံခြုံရေးစဉ်းစားရမှာတွေရှိမယ်
နောက်ပြီး နိုင်ငံရေးစနစ်ပုံစံတွေစဉ်းစားရမှာရှိတယ်ဆိုတဲ့အခါကျတော့ အဲ့ဒီဟာလေးတွေကို ကျွန်တော်တို့ လုပ်ချင်ပါတယ်။ ဒါလေးတွေလည်းလုပ်ရင်ကောင်းပါတယ်။အားလုံးဝိုင်းလုပ်ကြရအောင်ပေါ့ ဒီလိုလုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ တင်ပြချင်တာကတော့ အစိုးရကပဲ ကမကထလုပ်ပြီး လုပ်တယ်ဆိုတာထက် အစိုးရကလည်းဦးဆောင်ပါတယ်။

ဒါပေမဲ့ဒီထဲမှာပါနေတဲ့အဖွဲ့အစည်းတွေကလည်း ငါတို့ကိုယ်တိုင်ဝိုင်းလုပ်ပြီး ထိုင်ဆုံးဖြတ်ပြီး လုပ်တယ်ဆိုတာလေးဖြစ်တယ်ဆိုလို့ရှိရင်တော့
ပိုကောင်းမယ်လို့ထင်ပါတယ်။ ဒါလေးကိုကျွန်တော်တို့အဓိကတင်ပြတယ် နောက်တစ်ခုကကျွန်တော်တို့ ဒီ အထဲထဲမှာရှိနေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ နောက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ဒီအမြင်သဘောထားတွေကို ပြုပြင်ပြောင်းလဲရေးမှာ ဘာတွေလုပ်ဖို့လိုတယ်ဆိုတဲ့အမြင်သဘောထားလေးကို ကျွန်တော်တို့လေ့လာသင့်တယ် နောက်တကယ်လို့များကျွန်တော်တို့
တစ်နေ့နေ့တစ်ချိန်ချိန် တိုင်းပြည်ကိုအပြီးပြန်လာခွင်ရတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ကိုယ်တိုင်ဘယ်အခန်းကဏ္ဍတွေကနေ ဘယ်အလုပ်တွေကိုကျွန်တော်တို့လုပ်လို့ရမယ်ဆိုတာလေ့လာချင်တယ်အဲဒီစိတ်လေးနဲ့ပဲကျနော်တို့ တစ်နိုင်တစ်ပိုင်လုပ်တာပါ။

ဒေါက်တာ နိုင်အောင်တော့ မသိဘူး၊ ကျမကတော့ နားထောင်ရတာနဲ့တင် တော်တော်မောသွားပါတယ်။
အဲဒါကြောင့် အကို ရေသောက်ပါဦး ခဏနားပါဦးလို့ ပြောမိတော့ ရပါတယ်၊ မေးစရာရှိတာသာ မေးပါ၊ ကျနော်ရေမသောက်ချင်ပါဘူးလို့ပြောတယ်။

အကို မသောက်ချင်ပေမဲ့ ကျမ ရေသောက်ချင်ပါတယ် လို့ပြောတော့ ဟာ ဆော်ရီးပါဗျာ လို့ပြောပြီး အိမ်ထဲကို ရေခွက် ၃ ခွက် ယူလာပေးဖို့ လှမ်းပြောပြီး သူကိုယ်တိုင်ကလည်း ထိုင်နေရာကနေ ထသွားပါတယ်။ 
ရှေ့ဆက်ဖော်ပြပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည်ခရီး (၂)
 မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၈၊ ရန်ကုန်မြို့။

facebook ပေါ်က လက်ရှိ ကိုမိုးသီးဇွန် မြန်မာပြည်ခရီးစဉ် ဆောင်းပါးတွေကို စောင့်ဖတ်ပြီး ဆဲနေတဲ့ သူတွေကို သေချာကြည့်လိုက်တော့ အများစုက နိုင်ငံခြားမှာနေထိုင်တဲ့ သူတွေ ဖြစ်နေတယ်။ ဘာကြောင့်လဲ? ဆိုတာကို ကျမစဉ်းစားလို့ ခက်ခဲ့တယ်။

ဒါပေမဲ့ facebook ထဲက နိုင်ငံခြားမှာနေနေရတဲ့ သူငယ်ချင်းတယောက်က ပြောတယ်၊ သူတို့ အထိနာသွားတာတဲ့…။ ဘာကို အထိနာသွားတာလဲ …ဆိုတာလည်း စဉ်းစားစရာပါပဲ။ ဒါပေမဲ့ ကျမကိုယ်တိုင်ကတော့ ဘယ်သူ့ကိုမှ အထိနာစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမ မြင်တာကိုပဲ ချရေးခဲ့တာ။ မြင်တာချရေးရုံနဲ့ အထိနာသွားတယ်ဆိုတာ ဘာကြောင့်လဲ….ဒါလည်း စဉ်းစားစရာပါပဲ။

ပြီးတော့အဲဒီအုပ်စုတွေကပဲ နောက်တခု စွတ်စွဲကြတာရှိတယ်။ ကျမက ကိုရော်နယ်အောင်နိုင်ရဲ့ တပည့်တဲ့။ ကိုရော်နိုင်အောင်နိုင်ရဲ့ အမည်ကို ကြားဖူးပါတယ်။ ဓါတ်ပုံကိုလည်း မြင်ဖူးတယ်။ဒါပေမဲ့ ဆရာ၊တပည့်လို့ပြောရအောင် ဘယ်သင်တန်းမှာမှ မကြုံခဲ့ဖူးပါဘူး။
လူချင်းလည်း တခါမှ မတွေ့ခဲ့ဖူးဘူး။ ဘာကြောင့် မဟုတ်တာတွေ ပြောကြာတာလဲ…ဒါလည်း စဉ်းစားစရာပါပဲ။

နောက်တခုက ကျမကို သတင်းရောင်းတဲ့သူလို့ ပြောတာ  အဲလို အပြောခံရတာကို ကျမက ဂုဏ်ယူမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက သတင်းတွေကို  ရောင်းပါတယ်။ ဒါပေမဲ့ facebook နဲ့ မြစ်မခ၀က်ဆိုက်မှာတော့ အခမဲ့တင်ထားခဲ့တယ်၊ အဲဒီလို အခမဲ့တင်နိုင်ဖို့ ကျမတို့ မြစ်မခ သတင်းထောက်တွေရဲ့ သတင်းတွေကို ရောင်းကြရတယ်၊ မရောင်းဘဲနဲ့ တောင်းစားရင် ခုထက်ပိုပြီး ၀င်ငွေကောင်းမယ်ဆိုတာလည်း ကျမ သိသားပဲ။

နောက်တချက်က ကျမက ဗဟုရဲ့ တပည့်တဲ့၊ ဗဟု ဆိုတဲ့ အဖွဲ့ကို ကျမ ကြားဖူးပါတယ်။ ဗဟုရုံးခန်းကို တခါမှ မရောက်ခဲ့ဖူး။ ဗဟုဦးဆောင်သူတွေကလည်း ကျမနာမည်ကိုတောင် ကြားဖူးချင်မှ ကြားဖူးကြမှာပါ။ ဘာဖြစ်လို့ အဲလို မဟုတ်တာတွေ၊ အမှားတွေနဲ့ ကျမကို စွတ်စွဲနေကြသလဲ၊ အမှားတွေကိုပဲ စဉ်စားနေကြတာကလည်း အံ့သြစရာပါပဲ။


ပြီးတော့ အဲလိုအမှားတွေနဲ့ စွတ်စွဲနေတဲ့သူတွေ ၊ ညစ်ညမ်းတဲ့စာလုံးအသုံးအနှုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ သူတွေထဲက  အချို့ကတော့ တချိန်က ကျမ လေးစားခဲ့ရတဲ့ ကျမထက် အသက်ကြီးတဲ့သူ၊ လုပ်ငန်းဝါ ကြီးတဲ့ အမျိုးသားကြီးတွေ ဖြစ်နေတာလည်း နားမလည်နိုင်ဘူး။ ကျမလို သာမန်ပြည်သူ မိန်းမတယောက်အနေနဲ့ ခုလို သက်ကြီးဝါကြီးလေးစားရသူတွေနဲ့ တတန်းတည်းလို့တောင် ဘယ်တုန်းကမှ မတွေးမိခဲ့ဖူး၊ ခုတော့ နားမလည်နိုင်သလို အံ့သြရပါတယ်။ အရင်ကလို မလေးစားနိုင်တော့တာကလွဲလို့ ပြန်လည်တိုက်ခိုက်လိုစိတ်လည်း မရှိဘူးရှင်။


ဘာပဲပြောပြော ခုလို ကျမ စာများများရေးဖြစ်တဲ့အတွက် တွန်းအားဖြစ်စေခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အတိုက်အခိုက်တွေ ရှိနေတာကိုလည်း ကျမ စိတ်မညစ်ပါဘူး၊ ဒီလိုအမှားထောက်ပေးဖို့ စောင့်ကြည့်ပေးမဲ့ သူတွေ ရှိတာ ကျမအတွက် ကံထူးတာပါပဲ။ သူတို့ကိုလည်း ကျေးဇူးတင်စိတ်နဲ့ပဲ ရေးစရာရှိတာတွေကို ဆက်ရေးပါမယ်။ ဒေါက်တာနိုင်အောင်ကိုလည်း မေးစရာရှိတာတွေ ဆက်မေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒေါက်တာနိုင်အောင်ကလည်း သတင်းမီဒီယာလုပ်ငန်းတွေ ခုလို ဖြစ်လာတဲ့အပေါ်မှာ အားရမိကြောင်း၊ မီဒီယာပွင့်လင်းမှု မရှိစဉ်တုန်း ခိုးကြောင်ခိုးဝှက်အလုပ်လုပ်ရတဲ့ အခြေအနေတုန်းကလည်း မီဒီယာကတော့ အမြဲကြိုးစားခဲ့တာတွေ့ရကြောင်း ပြောရင်း အင်တာဗျူးကို ပြန်စကြပါတယ်။

“ကျနော်တို့ အပြင်မှာ နေတဲ့ အဖွဲ့အစည်းတွေ အများစု ခံယူထားတာက ပြည်သူ့အသံက အဓိက၊ အထူးသဖြင့် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အသံနဲ့ပြည်သူ့အသံက အဓိက လို့ ခံယူပြီး ကျနော်တို့က ၀န်းရံပံ့ပိုးပေးဖို့လောက် တောက်လျှောက်စဉ်းစားနေခဲ့တာပါ“လို့ ပြောရင်း ပြည်ပက အဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းက အခြေအနေတွေကိုစောင့်ကြည့်ပြီး ၀န်းရံကူညီဖို့ ရှိကြောင်း ပြောပါတယ်။

ဒေါက်တာနိုင်အောင်က အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့်ရောက်ရှိလာပြီး မြန်မာနိုင်ငံဒီမိုကရေစီရေး အတွက်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလို ပြန်လာခွင့်ရတဲ့အခြေအနေပေါ်မှာမူတည်ပြီး ပြည်ပရောက်ရှိနေကြတဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေ အနေနဲ့စဉ်စားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ အားလုံး လုံလုံခြုံခြုံနဲ့ဒီမိုကရေစီ လွတ်လပ်ခွင့်အတိုင်း နေခွင့်ရတယ်၊ လုပ်ခွင့်ရတယ်ဆိုရင် အပြီးပြန်လာမယ့်လူတွေ လည်းရှိနိုင်သလို အလည်ပြန်လာမယ့် လူတွေလည်း ရှိပါတယ်`“

ပြည်ပက အင်အားစုတွေအများစုကတော့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာခဲ့တဲ့ အစိုးရအပေါ်မှာ ယုံကြည်စိတ်ချမှု နည်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀ကနေလွှတ်ပေးလိုက်ပြီးနောက်၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခဲ့ခြင်းအပြင်မီဒီယာလွတ်လပ်ခွင့်အချို့ပေးလိုက်ခြင်းစတာတွေကြောင့် မြန်မာပြည်   ပြောင်းလဲချင်လာပြီလို့တွက်ဆကြသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒေါက်တာနိုင်အောင်ရဲ့ အမြင်ကိုလည်း သိချငိလို့ မေးခဲ့ပါတယ်။

မေး။       ။ ဟုတ်ကဲ့ပါ။အကို့အနေနဲ့ရော မြန်မာနိုင်ငံက တကယ်ပြောင်းလဲနေပြီလို့စိတ်ထဲကနေ လုံးဝကို ယုံကြည်စိတ်ချလို့ရနိုင်တဲ့အနေအထားတစ်ခု ရောက်ပြီလားရှင့်။

ဖြေ။       ။ ကျနော် မြင်တာကတော့ ပြောင်းလဲနေတဲ့ အစတွေ ခြေလှမ်းတွေ မြင်နေရပြီလို့ ပြောချင်ပါတယ်။နောက်တစ်ခုက အပြောင်းအလဲဆိုတာကလည်း ကျနော်တို့တင်ပြနေတဲ့ အခုပုံစံက ပြီးပြည့်စုံပြီးကောင်းမွန်တယ်ဆိုတာမျိုးကို နတ်ရေကန်ထဲ ပစ်ချသလို ချက်ချင်းတော့ ဘယ်ရနိုင်ပါ့မလဲ။ သို့ပေမဲ့ အဲလိုမျိုး လုပ်တဲ့အခါ အစိုးရကလည်း ထင်သာမြင်သာရှိတဲ့ဟာတွေ လုပ်ဖို့လိုတယ်။နောက် ကျန်နေတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြောချင်တာက ဘာလဲဆိုတော့ အခုလောလောဆယ် လုပ်နေတဲ့ ကိစ္စတွေမှာ ကဏ္ဍပေါင်းစုံကို ဖြည့်စွက်ပြီးတော့ မဟာဗျူဟာကျကျ ဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ မရေးဘူး။နောက် တစ်ဖက်မှာတော့ အပြောင်းအလဲကဦးဆောင်တဲ့အပိုင်းမှာတော့ ဖြစ်နေပြီ၊အခုပြောင်းလဲနေတဲ့ ပေါ်လစီတွေအားလုံးက အောက်ခြေကို   ရောက်မလာသေးဘူး။နောက်ပြီးတော့ အခုအပြောင်းအလဲတွေမှာ ပေါ်လစီတွေ ဖြစ်လာပြီဆိုရင် ဒီပေါ်လစီကို အကောင်အထည်ဖော်မယ့် အထူးသဖြင့် အစိုးရနဲ့ ပတ်သက်တဲ့ ယန္တရားပိုင်းတွေက လုပ်ဟန်တွေပါ ပြောင်းဖို့လိုလာတယ်။
အခုတော့ အဲလိုဟာမျိုးတွေကို မတွေ့ရသေးဘူး၊အခု မီဒီယာလွတ်လပ်ခွင့်တွေရှိလာတယ်၊ ကျွန်တော်တို့ ပြန်လာလို့ရတယ်၊ လွှတ်တော်ဆိုတာလည်း ရှိနေပြီ၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေလည်း ရှိနေပြီ။အရင်တုန်းကလိုမျိုး တဖက်နဲ့ တစ်ဖက်   အပြန်အလှန် တိုက်ခိုက်ပြောဆိုနေရတာမျိုးတွေကနေ တစ်ဖက်နဲ့တစ်ဖက် စကားပြောဆိုမှုတွေ ရှိလာပြီ။

မေး။ ။ဒါကတော့ အစိုးရရဲ့ ပြောင်းလဲခြင်းအစပေါ့နော်၊  ပြည်သူလူထုရဲ့အနေအထားကိုရော ဘယ်လိုမြင်သလဲရှင့်၊ ပြောင်းနေတာမျိုးတွေ သတိပြုမိတာတွေရှိပါသလား။

ဖြေ။ ။ကျနော်ကတော့ ပြည်သူလူထုရဲ့ ဘဝက လက်တွေ့ကျကျ မပြောင်းသေးဘူးလို့ ထင်တယ်။ အဲလိုဟာမှာလည်း အစိုးရကို အပြစ်တင်နေတာထက် တကယ်တမ်းမှာ နေ့ချင်းညချင်း ဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး၊ ဆိုတော့ ဒါတွေအားလုံးကို လက်တွဲလုပ်ကြရမယ်၊အဲဒီလက်တွဲလုပ် ခွင့်တွေရလာပြီ၊ ပေးလာပြီဆိုရင် ပိုပြီးကောင်းလာအောင်  ပြည့်စုံလာအောင်အင်တိုက်အားတိုက် ကျနော်တို့ အင်တိုက်အားတိုက် အတူတူ ကြိုးစားရပါမယ်။

မေး။       ။ အကိုကလည်း အစိုးရပိုင်းမှာ ခုလို အပြောင်းအလဲတွေ စပြောင်းနေပြီလို့ ပြောတော့လေ ခုလိုပြောင်းလဲလာတာ ဘာကြောင့်ပါလဲ။

ဒေါက်တာနိုင်အောင်က တချက် စဉ်းစားသလို လုပ်ပြီး ဒူးကိုပိုက်ထားတဲ့ လက်ကို ရုတ်လိုက်ရင်း ပြန်ဖြေပါတယ်။

ဖြေ။       ။ နှစ်ပိုင်းရှိတယ်၊ ၈၈ ကနေစပြီးတော့ တောက်လျှောက်တောင်းဆိုနေတဲ့ ပြည်သူတွေရဲ့ လိုလားမှု၊ နိုင်ငံရေးအဖွဲအစည်းတွေရဲ့ ကျားကုတ်ကျားခဲနဲ့ ကြိုးစားမှုတွေကြောင့် ပါပါတယ်။ နိုင်ငံတကာက ပံ့ပိုးမှုနဲ့ အစိုးရကိုယ်တိုင်ကလည်း အပြောင်းအလဲကို လုပ်ဖို့အချိန်ရောက်ပြီ၊ ဒီမိုကရေစီကသာလျှင် အဖြေဖြစ်တယ်၊ နောက်ပြီးတော့ ဒီလိုအင်အားစုတွေနဲ့ရန်ဘက်အနေနဲ့ ဆက်ဆံတာထက် လွယ်လွယ်ကူကူနဲ့ပေါင်းသင်းချင်တယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက် ပြောင်းလာတာ အားလုံးတိုက်ဆိုင်ပြီးတော့ ဖြစ်လာတာပါ။ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်။

မေး။       ။ ဟုတ်ကဲ့ပါ၊ အကိုတို့လို ပြည်ပက ဒီမိုကရေစီအင်အားစုတွေနဲ့ ကိုမိုးသီးဇွန်တို့အဖွဲ့အပါအ၀င် အဖွဲ့အစည်းတွေအဖွဲ့တွေကလည်း မြန်မာပြည်အတွက်ကို ပြည်ပကနေ အစိုးရကို တောင်းဆိုတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။အဲဒါတွေပေါင်းပြီး ခုလို အရွေ့တွေဖြစ်လာတယ်ပေါ့နော်၊ အဲဒီထဲကတော့ ဘယ်လိုကိစ္စမျိုးတွေကတော့ အကိုတို့ရဲ့ တောင်းဆိုမှုကြောင့် ထိထိရောက်ရောက်ဖြစ်ရတယ်လို့ ပြောနိုင်တာမျိုးတွေနဲ့ ဘယ်ဟာတွေက ထိရောက်သလဲ၊ ပြီးတော့ ထိရောက်မှုရှိမရှိတွေကို အကို့အနေနဲ့ သုံးသပ်မိတာမျိုးတွေ ရှိပါသလား။ ဘယ်လိုပြန်ပြီးတော့ သုံးသပ်သလဲဆိုတာ သိချင်ပါတယ်။

ဖြေ။       ။ဥပမာဆိုပေါ့ “အခုနိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုပေါ့နော်၊ ကျနော်တို့အနေနဲ့ နိုင်ငံတကာအင်အားစုအားလုံး၊ အစိုးရအပါအဝင်က မြန်မာပြည်နဲ့ ပတ်သက်လို့ရှိရင် ဒါက ပထမဦးဆုံးပြောရမယ့်အချက်၊ တိုင်းတာလို့ရမယ့် အချက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောဆိုချင်ပါတယ်။  ဒီတော့ အကုန်လုံး မလွတ်သေးပေမဲ့လို့ အရေးကြီးတဲ့ခေါင်းဆောင်တွေ  လွတ်မြောက်လာတဲ့ ကိစ္စ္စပေါ့၊ ဒါကလည်း တဆက်တည်းမှာ ပြောချင်တာက အစိုးရကိုရော၊ အခုလိုကူညီပေးတဲ့ မိသားစုတွေကိုရော ကျေးဇူးတင်ပါတယ်။အခုက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပေါ့နော်၊အပြစ်အခတ် ရပ်စဲဖို့၊တွေ့ဆုံဆွေးနွေးဖို့၊ ဒါကလည်း ကျနော်တို့ ကြိုဆိုပါတယ်၊ နောက်တစ်ခုက ကျနောတို့လည်း အပစ်အခတ် ရပ်ဆဲရေးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့ အပြည့်စုံအကောင်းဆုံး မဟုတ်သေးပေမဲ့လို့ ဒီဖြစ်စဉ်လေးကတော့ စနေပြီပေါ့နော်၊ နောက်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း လုပ်နေပြီပေါ့နော်။အဲတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး အဖြေရှာတဲ့အထဲမှာ ပါတယ်လို့သိရတယ်။အဲဒါလေးကလည်း ကောင်းပါတယ်၊ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်၊ ဒီလိုမျိုး ဟာတွေ ဖြစ်ဖို့ကို ကျနော်တို့ ၂၄ နှစ်လုံးလုံး အစိုးရကို ဖိအားပေးဖို့ကိစ္စတွေ၊ နိုင်ငံတကာကို ဖိအားပေးဖို့ကိစ္စတွေ ရှိလာတာ ကောင်းပါတယ်၊ နောက်တစ်ခုက ကျနော်တို့ လူထုအခြေပြုအဖွဲ့အစည်းတွေပေါ့နော်၊ ၁၉၉၉ ခုနှစ်လောက်ကတည်းကစပြီးတော့ အတွင်းအပြင် လူထုအခြေပြုအဖွဲ့အစည်းတွေ ဖြစ်လာဖို့ ကျနော်တို့ နိုင်သမျှနည်းနဲ့ ကြိုးစားခဲ့ရတာတွေ ရှိတယ်၊ မြန်မာမီဒီယာအပါအဝင် လူထုအခြေပြုအဖွဲ့အစည်းတွေကလည်း အခုဆိုရင် အလုပ်သမားတွေ၊ လယ်သမားတွေအတွက် ပုဂ္ဂိုလ်ရေးတွေ တိုက်ပွဲဝင်ကြတယ်၊ ကျောင်းသားတွေကလည်း သမဂ္ဂအဖွဲ့ဆောင်ပြီးလှုပ်ရှားနေကြတယ်ဆိုတော့ အခုဆိုရင် ဒီလိုဟာမျိုးလေးတွေက ဖြစ်လာတယ်ဆိုတဲ့ အပေါ်မှာလည်း ကျနော်တို့ မြင်ရတာ ဝမ်းသာတယ်၊ ကျနောတို့လည်း ဆက်ပြီးတော့ ကြိုးစားမယ်၊ ကျနော်တို့ ပြောချင်တာက အသွင်ကူးပြောင်းရေးကာလမှာပဲ ဖြစ်ဖြစ် ပြီးခဲ့တဲ့ တိုက်ပွဲကာလထဲမှာပဲ ဖြစ်ဖြစ်ကျနော်တို့ ကိုယ်တိုင်က မလိုချင်ဘဲနဲ့ ကျနော်တို့ကိုယ်တိုင်က ဇွဲနဲ့ မကြိုးစားဘဲနဲ့ ဘယ်ဟာကမှ အလကားရလာမှာမဟုတ်ဘူး၊ အဲဒီစိတ်နဲ့ပဲ ကျနော်တို့ ဆက်ကြိုးစားကြအောင်ပါလို့ကျနော် ပြောချင်ပါတယ်။

ဒေါက်တာနိုင်အောင် ဖြေသွားတဲ့အဖြေကလည်း တော်တော်ရှည်ပါတယ်၊ ဒါပေမဲ့ သူ့အမြင်ပွင့်ပွင့်လင်းလင်းသိရဖို့ ကျမအနေနဲ့ ဆက်မေးဖို့ စဉ်းစားပါတယ်။ ကိုယ့်လေသံကိုလည်း သတိထားရင်း ဆက်မေးပါတယ်၊(လေသံကို သတိထားရတယ်ဆိုတာက တခါတရံမှာ ကိုယ်က အပြုသဘောဆောင်တဲ့မေးခွန်းမျိုးမေးပေမဲ့ ကိုယ့်ရဲ့ လေသံကြောင့် အမေးခံရတဲ့သူက တွန်းတဲ့မေးခွန်းလို့ ထင်ပြီး ဘုဖြေတာမျိုးတွေလည်း ရှိတတ်ပါတယ်- အထူးသဖြင့် သတိပြုရမဲ့ မေးခွန်းမေးတိုင်း အမေးတွေကို တလုံးချင်းစီနဲ့ အေးအေးဆေးဆေး ဖြေးဖြေးခြင်း ပြောတတ်အောင်လည်း ကျမ အမြဲသတိထားနေခဲ့ပါတယ်)

မေး။       ။ ကျမအနေနဲ့ ပွင့်ပွင့်လင်းလင်းမေးချင်တယ် အကို။  အခုလက်ရှိပြည်တွင်းက ဒီမိုကရေစီ အင်အားစုနဲ့ ပြည်ပမှာ ရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေမှာ ကြားမှာ အမြင်လွဲနေတာလေးတွေ ရှိနေတော တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းမှာ လုပ်နေတဲ့ လူတွေကျတော့ ငါတို့ ဘဝကို ရင်းပြီးတော့ ထောင်ကျခံပြီးတော့ လုပ်နေကြတယ်၊ ပြည်ပကလူတွေကတော့ အပြင်မှာ အေးအေးဆေးဆေးနေရင်း အော်နေကြတာ ဆိုတာမျိုး အမြင်တွေ၊ပြီးတော့ ခုလို ပွင့်လင်းစ အခြေအနေမျိုးရောက်မှာ ပြည်တွင်းကို ၀င်လာပြီး နေရာယူဖို့ လုပ်နေတယ် ဆိုတာမျိုးတွေ ရှိနေတော့လေ။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့ အသုံးအနှုန်းလေးတွေနဲ့  facebook လို လူမှုကွန်ယက်တွေမှာလည်း ပြောဆိုနေတာလေးတွေကိုလည်း တွေ့နေရတော့လေ။  အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲပြီးတော့ ဘယ်လိုသဘောထားပါသလဲ။

ဖြေ။       ။ဒီမေးခွန်း ကောင်းပါတယ်၊ ကျနော်တို့ အနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံတကာ လေ့လာတဲ့အခါမှာ နိုင်ငံက ပြန်ပွင့်သွားပြီးတော့ အဲလိုမျိုးဖြစ်သွားတဲ့ အချိန်မှာ ကျနော်တို့လို ပြည်ပရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေက ပြန်လာတဲ့အချိန်မှာ အတွင်းအပြင် ဝိရောဓိဖြစ်တာတွေ၊ ပဋိပက္ခဖြစ်တာတွေ၊ အမြဲတမ်း ကြုံရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်က နှစ်ဖက်စလုံးမှာ တစ်ယောက်တစ်မျိုးစီ ရှိကြပါတယ်၊ ဒါပေမဲ့ ကျနော့်အနေနဲ့ပြောချင်တာက ပြည်ပမှာရောက်နေတဲ့ လူတွေ၊ ပြန်လာမဲ့ သူတွေက ကျနော်တို့က ပိုပြီးတော့ စိတ်ရှည်ရမယ်၊ ပိုပြီးတော့ သည်းခံရမယ်၊ ပြီးတော့ ဒီထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက တောက်လျောက်ခေါင်းဆောင်ခဲ့တာတွေအတွက် သူတို့တွေအလုပ်ဆက်လုပ်နိုင်အောင် ကျနော်တို့က ဝိုင်းရံ အသိအမှတ်ပြုပံ့ပိုးကူညီသွားရမယ်၊ ကျနော်တို့ကို နားလည်လက်ခံနိုင်တဲ့ ပုံစံမျိုးဘက်ထဲမှာ ကျနော်တို့ သူတို့ရဲ့ လက်ကမ်းမှုကို သိရမယ်၊ ပူးပေါင်းရှာဖွေမှုကို လုပ်သင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်၊ နောက် ဒီအခွင့်အလန်းချင်း ကွာခြားသွားမှုအပေါ်မှာ ကိုယ့်ဘက်က ရှိတဲ့ ကောင်းချက်တွေရှိတာကို ကျနော်တို့က သူတစ်ပါးအတွက်ကို ခြိမ်းခြောက်တယ်ဆိုတာမျိုးမဖြစ်အောင် ကျနော်တို့ ကြိုးစားသင့်တယ်လို့ကျနော်တို့ထင်ပါတယ်။

ပြီးတော့ သူက ကျမကို တချက်ကြည့်ပြီး ခပ်အေးအေးပဲ ဆက်ပြောတယ်။


 “ဒါကိုလည်း ကျနော်တို့က လေးလေးစားစား တန်ဖိုးထားသင့်တယ်လို့ ထင်ပါတယ်၊ ငါတို့က တိုက်လိုက်ရလို့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ တိုက်ပွဲအတွက်ပဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီပြန်လည်တည်ထောင်ရေးကို စဉ်းစားမယ်ဆိုရင် ကျနော်တို့ ပြောပြောနေကျ အသွင်ကူးပြောင်းရေးဆိုတဲ့ စကားမျိုးနဲ့ ပြောမယ်ဆိုရင် တိုက်ပွဲရဲ့ခေါင်းဆောင်တွေက တစ်ချိန်ချိန်မှာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အသွင်ပြောင်းကြဖို့လိုတယ်၊ ငါတိုက်လို့ကတော့ ငါဝန်ကြီးချုပ်ဖြစ်ရမယ်၊၊ သမ္မတလုပ်မယ်ဆိုတဲ့ ဖြစ်ချင်လိုမှုရှိတဲ့ အထဲမှာ ကိုယ်ရော ဝန်ကြီးချုပ်လုပ်နိုင်လား၊ ကိုယ်ရော သမ္မတလုပ်နိုင်လားဆိုတာကို စဉ်းစားဖို့လိုတယ်၊ နောက်တစ်ခုက ကျနော်တို့လုပ်တာ တိုင်းပြည်အတွက် လုပ်တာဆိုရင် တိုက်ပွဲဖြစ်တာက တစ်ကဏ္ဍ၊ တိုင်းပြည်အလုပ်ချုပ်တာက တစ်ကဏ္ဍ၊ အဲတော့ ကျနော်တို့နယ်စပ်မှာ နိုင်ငံရေးလုပ်တဲ့ ၂၄ နှစ်လုံး တိုက်ပွဲထဲမှာပဲ ရှိနေတဲ့လူတွေကို အပထား၊ ကျနော်တို့တိုင်းပြည်အပြင်မှာရောက်နေတဲ့ ပညာရှင်တွေ တိုင်းပြည်ကို ပြန်လာလုပ်ဖို့၊ သူတို့က အုပ်ချုပ်တဲ့နေရာတွေ၊ ဦးဆောင်တဲ့ နေရာတွေမှာ သူတို့နဲ့သင့်တော်တယ်ထင်ရင် ကျနော်တို့ နေရာပေးရမယ်ထင်ပါတယ်၊ နောက်တစ်ခုက ကျနော်တို့ အဲလိုမျိုးလုပ်နေတဲ့ လူတွေက မြင့်မြတ်တဲ့ စိတ်မျိုးထားသင့်တယ်လို့ အဲလိုမျိုး မြင်ပါတယ်။

မေး။       ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အကို့အနေနဲ့ရော မြန်မာနိုင်ငံကို ပြန်လာပြီးတော့ ပါတီ တည်ထောင်ဖို့တွေဘာတွေရော ရှိပါသလား။

ဖြေ။       ။ ကျနော့်အနေနဲ့အမှန်အတိုင်းပြောရရင်တော့ ရေရှည် နိုင်ငံရေးလုပ်မယ်ဆိုရင်တော့    ခုလို အသွင်ကူးပြောင်းရေးကာလတွေမှာ လုပ်စရာရှိတဲ့ ကိစ္စတွေ ကျနော်စဉ်းစားထားတာ ရှိတယ်ပေါ့နော်၊ အထူးသဖြင့်တော့ လူထုစွမ်းအား မြင့်လာဖို့ ကိစ္စတွေ၊ နောက်ပြီးတော့ အခြေခံအဖွဲ့အစည်းတွေ အားကောင်းဖို့ကိစ္စတွေ၊နောက်ပြီးတော့ ဒီလိုအပြောင်းအလဲဖြစ်စဉ်တွေထဲမှာ အခုဗျာ လူကြီးတွေက ဆွေးနွေးလာတဲ့ တစ်ချိန်တည်းမှာပဲ လူကြီးတွေပဲ ဆွေးနွေးနေကြတာပဲ မဟုတ်ဘဲနဲ့လူထုကပါ သူတို့ရဲ့ ဆန္ဒတွေ၊ သဘောတွေပါတဲ့ ကိစ္စတွေ တစ်ခုခုလုပ်သင့်ပါတယ်။ အဲလို ကျနော်မြင်တယ်။ ကျနော် က ပါတီတစ်ခုတည်းမှာ သွားလုပ်ဖြစ်မယ်ဆိုရင်တော့ ပါတီကိုလည်း ထိခိုက်နိုင်တယ်၊ နောက်တစ်ခုက အမြင်လည်းစောင်းနိုင်တယ်ဆိုတဲ့ ကိစ္စမျိုး ရှိမယ်ဆိုရင်၊ အဲဒီအခြေအနေမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကျနော် ဘယ်ပါတီထဲမှ မဝင်ပါဘူး။

ဆက်လျက်ဖော်ပြပေးပါမည်။

ကျမရဲ့စာဖတ်သူများ အားလုံးကို လေးစား ခင်မင်လျက်ပါ ရှင်။

မေသင်္ကြန်ဟိန်
Source: FACEBOOK မေသင်္ကြဟိန် Note