ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည်ခရီး(၄)


မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာလ ၆၊ ရန်ကုန်မြို့။

ကျမအနေနဲ့ကတော့  ကိုမိုးသီးဇွန်တို့ရဲ့ မြန်မာပြည်ခရီးမှာ ၀ိုင်းပေးကြတဲ့ comment တွေကို ဖတ်ရတာပိုပြီး စိတ်ဝင်စားစရာကောင်းလာခဲ့တယ်။

Comment တခုချင်းစီကိုသေချာလိုက်ပြီး အသေးစိတ်ဖတ်ပါတယ်။ Comment တွေမှာတော့ အမြင် နှစ်မျိုးတင်မကတော့ဘဲ သုံးလေးမျိုးကိုလည်း တွေ့လာရပါတယ်။ပိုပြီးတော့လည်း စိတ်ဝင်စားစရာကောင်းလာပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ comment ၀င်ပြီး ပေးကြသူတိုင်းကိုလည်း ကျမ လေးစားစွာ ကျေးဇူးတင်ပါတယ်။

ကျမအနေနဲ့ကတော့ ABSDF ရဲ့ ခေါင်းဆောင်တဦးချင်း၊ လူပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ ခံစားချက်မရှိခဲ့ပေမဲ့၊ မြန်မာပြည် ဒီမိုကရေစီရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဝေးဖဝေး တောထဲကို ပြေးဝင်သွားကြရှာတဲ့ လူငယ်တွေကိုတော့ အမြဲလေးစားစိတ်ရှိပါတယ်။

၁၉၈၈ခုနှစ်တုန်းကတော့ ကျမအသက်က ၁၄ နှစ် ရှိပါပြီ၊ ကျမဖေဖေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကနေ သပိတ်ဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ အရေးအခင်းပြီးလို့ အဖေတို့လို သပိတ်မှာ ခေါင်းဆောင်ပါဝင်သူတွေကို  လိုက်လံဖမ်းဆီနေစဉ်နဲ့ဖေဖေ အဖမ်းခံခဲ့ရတဲ့အချိန်ကာလတွေမှာ နိုင်ငံရေးသမားတယောက်ရဲ့ သမီးကြီးအနေနဲ့ ဖြတ်သန်းခဲ့ရတာတွေကိုလည်း မှတ်မိခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းက ပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေလည်း အသည်းအသန်တိုက်ပွဲဝင်ခဲ့ကြရသလို၊ တောထဲကနေပြီး မြန်မာ့ဒီမိုကရေစီရေးအတွက်လည်း လူငယ်တွေ လက်နက်ကိုင် တိုက်ပွဲဝင်နေတယ်ဆိုတာကို ကြားရတော့လည်း  လေးစားစိတ်ရှိခဲ့ပါတယ်။

မြန်မာပြည်ရေးအတွက် ဘယ်နေရာ ဘယ်ဒေါင့်ကဖြစ်ဖြစ် ပါဝင်ခဲ့သူတွေ၊ ပါဝင်နေဆဲက သူတွေနဲ့ ဆက်လျက်ပါဝင်ဆောင်ရွက်မဲ့သူတွေ အားလုံးအပေါ်မှာ လေးစားစိတ်က အမြဲရှိနေမှာပါ။

ငါကတော့ ဘယ်တုန်းက ဘာလုပ်ခဲ့တယ်၊နင်က ခုမှ လာပြောနေယ် ဆိုတဲ့အမြင်မျိုးနဲ့ ခွဲခြားသတ်မှတ်တတ်တဲ့ သူတွေရဲ့ comment တွေကို ဖတ်ပြီးတော့လည်း ပြုံးမိပါတယ်။ ဒါပေမဲ့ အပြစ်မြင်စိတ်တော့ မရှိပါဘူး။ သူတို့ ကျမရဲ့ ဆောင်းပါးတွေအပေါ်မှာ ဝေဖန်လို့ရပါတယ်။ ဒီမိုကရေစီလို့ ပြောရင်တော့ ဝေဖန်မှု ဆိုတာ ရှိလာမှာပါ။

ကျမရဲ့ သဘောထားကတော့ အမြင်မတူရင်လည်း ရန်သူ လို့ မသတ်မှတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း ပုဂ္ဂိုလ်ရေးဆန်ဆန်
တိုက်ခိုက်ခြင်း ဘယ်တုန်းကမှ မပြုခဲ့သလို၊ ယခုလည်း ပြုမည် မဟုတ်၊ နောင်လည်း ပြုမည်မဟုတ်ပါဘူး။
အားလုံးဟာ ကိုယ့်သမိုင်းကိုယ်ရေးကြမည့်သူတွေပါ။

Comment တွေကို သေချာဖတ်ကြည့်လိုက်တော့လည်း ရေးသားတဲ့ သူတွေရဲ့ စိတ်ကို လှမ်းမြင်တွေ့ရတာပါပဲ။ အချို့ကလည်း ရိုးရိုးသားသား၊ အချို့ကလည်း စာဖတ်ပြီးမှ သေချာပေးကြပါတယ်။

အချို့ကတော့ အမည်ရင်းနဲ့လည်း မဟုတ် Profile အမှန်လည်း မတင်ထားတော့ ဘာရေးရေး ရှက်စရာမလိုဘူး ဆိုတဲ့ စိတ်နှလုံးမျိုးနဲ့ comment ပေးပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးနဲ့ ဒီမိုကရေစီ ရေးကို စိတ်ဝင်စားကြလို့သာ ဒီဆောင်းပါးကို ဖတ်ကြတာပါ။ မြန်မာ့ပြည်ဒီမိုကရေစီရစေချင်ရင်တော့ဒီမိုကရေစီဆန်တဲ့စိတ်နှလုံးမျိုးရှိဖို့ လိုမယ်လို့လည်း တွေးမိပါတယ်။

ကျမအနေနဲ့ကတော့ ကိုယ်မြင်ခဲ့တာ ကိုယ်ကြားခဲ့တာတွေကို ရေးရမှာပါ၊ ကိုယ်ခံစားရတာ ကိုယ့်အမြင်လည်း ပါချင်ပါမှာပေါ့။ အဲဒီအပေါ်မှာ ကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ စာဖတ်သူရဲ့ အမြင်ပါဘဲ။ ဘယ်လိုအမြင်မျိုးပဲ ဖြစ်ဖြစ် လေးစားပါတယ်။

ကိုမိုးသီးဇွန်ကို ၁၉၈၈ခုနှစ်ကတည်းက နာမည်သာ ကြားဖူးခဲ့တာပါ၊ သတင်းတွေသာ ကြားဖူးခဲ့တာပါ။

တခု သတိပြုစေချင်တာကတော့ အခု ဒီစာကို ကျမရေးနေတာက ကိုမိုးသီးဇွန်ရဲ့ အကြောင်းကို  ရေးနေခြင်း မဟုတ်ပါဘူး၊ သူဖြေတဲ့ အဖြေတွေကိုပဲ ကျမက ပြန်ရေးနေခြင်းဖြစ်ပါတယ်။ ပြန်ရေးရာမှာလည်း ကျမရဲ့ အသံဖမ်းစက်ထဲက ပါသမျှ အကုန်လုံးကို ရေးပါတယ်။ ချန်ထားခဲ့ခြင်း ဖြည့်စွက်ခြင်း လုံးဝ မရှိပါဘူး။

ခုလို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရမှသာ ပထမဆုံး တွေ့ဖူးမြင်ဖူးခြင်းဖြစ်သလို၊ သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုမှသာ ကိုမိုးသီးဇွန်းကို စသိရခြင်းဖြစ်ပါတယ်။ facebook ပေါ်မှာ ဓါတ်ပုံသာတွေ့ဖူးခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲကို တက်လာခဲ့ကြတဲ့ သတင်းထောက်တော်တော်များများလည်း အဲလိုပဲထင်ပါတယ်။

ခုလည်း ကျမတို့ထက်အသက်ငယ်လိမ့်မယ်လို့ ခန့်မှန်းရတဲ့ အသက် ၂၀၀န်းကျင်အရွယ် လူငယ်သတင်းထောက်လူငယ်တဦးက ဆက်ပြီး မေးပါတယ်။ ကျောပိုးအိတ်နဲ့ တီရှပ်နဲ့ ဆံပင်ချီထားတဲ့လွတ်လပ်တဲ့ ဟန်နဲ့  သတင်းထောက် လူငယ်တဦးပါ။ (သူ့ရဲ့ဝတ်စားဆင်ယင်ပုံကို ထည့်ရေးသားခြင်းဟာ စာဖတ်သူကို မျက်စိတည်းမြင်လာအောင် ပုံဖော်ပေးခြင်းသာဖြစ်ပါတယ်)

မေး။ ။ မြောက်ပိုင်းကိစ္စအတွက် တခုခုများ သမိုင်းအမှန်ကို ဖော်ထုတ်ဖို့အတွက် အားလုံးညှိုနှိုင်းပြီါ် သမိုင်းမှန်ကို ချန်ခဲ့နိုင်မလား။
ဖြေ။ ။မိုးသီးဇွန်း- သတင်းစာ ရှင်းလင်းပွဲမှာ ကျနော် တစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျနော် မဲဆောက်နယ်စပ်မှာ ပနောင်းက လူကြီးတွေ၊ ကိုထင်လင်း၊ မနန်းစောတို့နဲ့တွေ့တယ်။ ပြီးတော့ သူတို့လည်း ကိုယ်တွေ့ ဒီအဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာကိုး။ သူတို့ကြုံခဲ့ရတာတွေ။ သူတို့ခံစားချက်၊ သူတို့လွတ်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေခဲ့ကြတယ်။ ပြီးတော့ ငါတို့ခွပ်ဒေါင်းအလံလို့လည်း သူတို့ ပြန်ပြီးတော့ အော်လာလို့ရတယ်။ အဓိပ္ပာယ်က မင်းတို့ရဲဘော်တွေဟာ ငါတို့ ရဲဘော်တွေပါလို့ ကျနော်တို့ ဒီခေါင်းဆောင်ကြီးတွေကိုက အသိအမှတ် ပြုပါတယ်။သူတို့ကလည်း ကျနော် တို့ရဲ့ ရဲဘော်ရဲဘက်၊ ညီငယ်၊ ညီမငယ်တွေပါ။ဒီအစီအစဉ်ကြီးတစ်ခုလုံးအောက်မှာ ကျနော်တို့က တရားခံတွေ ဖြစ်သွားကြတယ်။ အဲဒါကလည်း ဗမာပြည်ရဲ့ ကြုံတွေ့နေရတဲ့ စနစ်ကြီးတစ်ခုလုံးကို ပြောတာပဲ။အဲဒီတော့ သူတို့မိသားစုတွေနဲ့  သွားတွေ့မယ်။ ကွယ်လွန်သွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေနဲ့လည်း သွားတွေ့မယ်။သူတို့ကို သွားအားပေးမယ်။ သွားပြီးတော့ ဂုဏ်ပြုမယ်။အဲလိုအစီအစဉ်လည်း ရှိပါတယ်။
ကိုမိုးသီးဇွန်က ခဏ နားပြီးမှ ဆက်ပြောပါတယ်။ အသံကလည်း ပိုပြီးကျယ်လာသလို၊ စိတ်လည်းတိုလာပုံရပါတယ်။
ဖြေ။ ။ မိုးသီးဇွန် -  ဒါဘာသဘောလဲဆိုတာ ကျနော် ရှင်းနေပြီ။ ဒါကျနော်တို့ရဲ့ ညီတွေ၊ညီမငယ်တွေ၊ ဒီထက် အဖြေထက်ကောင်းတာ ဘာရှိဦးမလဲ၊ပြည်သူတွေအတွက် ကျွန်တော်ပြောပေးပါမယ်။ခင်ဗျားတို့ မီဒီယာတွေ အားကိုးပါတယ်၊ ဂုဏ်ယူပါတယ်။ဒီ MESSAGE ကို ရဲဘော်တွေဆီကို ပို့ပေးပါ။အထူးသဖြင့် သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေထံကို ပို့ပေးပါ။ဒါ ကျနော်တို့ရဲ့ ဂုဏ်ပြုရမယ့် ရဲဘော်တွေ။အဲဒီတော့ အချက်အလက်တွေ ရှာဖွေနေမှ မဟုတ်ဘူး။ ဒါ ကျနော်တို့ရဲဘော်တွေ။ ကျနော်တို့ရဲ့ ၀ိဥာဉ်တွေ အဲဒီအတွက် ကျတော် ခံယူထားပါတယ်။

နောက်တဦးကတော့ အမျိုးသမီးသတင်းထောက်တဦးဖြစ်ပါတယ်။  သူမကလည်း လူငယ်ပါပဲ။ လူငယ်ဖြစ်ပေမဲ့ သူမေးတဲ့ မေးခွန်းကိုတော့ကြိုပြီး ပြင်ဆင်လာခဲ့ပုံရပြီး သွက်သွက်လက်လက်နဲ့မေးမြန်းခဲ့တာပါ။

မေး။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲနေတာတွေ ရှိပါတယ်။မြန်မာနိုင်ငံရဲ့ ဓလေ့တွေကိုလည်း သိတယ်။ မြန်မာလူမျိုးတွေရဲ့ အကျင့်ကိုလည်း သိတယ်။ မြန်မာပြည်ကိုလည်း ချစ်လို့ပြန်လာပြီး ကူညီမဲ့ ဦးမိုးသီးဇွန်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ မိုးသီးဇွန်- အခုကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်နဲ့အရင်းနှီးဆုံး လူတွေပါ။ အနီးကပ်လက်တွဲနေတာ ရခိုင်ကတပ်ဖွဲ့တွေပါ။ အခု …  ကြားဖူးလားမသိဘူး။ ကျွန်တော်က အဲဒီမှာ အတွင်းရေးမှူး။ကျနော်က ရခိုင်ဆိုရင် ဘယ်တပ်ရင်းကမှ မဟုတ်ဘူး။ တပ်ရင်းတစ်ရင်းထဲမှာကို အတူတူအိပ် အတူတူစားဖူးတယ်။ ကျွန်တော်တို့ ညီအကိုလိုချစ်ခဲ့ရတဲ့ သိန်းဇော်ဦး(ရခိုင်)တောင် ဟိုမှာ ရှိသေးတယ်။အဓိကပြဿနာက ဘာလဲဆိုတော့ ရခိုင်ပြည်သူတွေဟာ သိပ်ကို ဆင်းရဲသွားတယ်။ သူတို့မှာ MANAGEMENT နဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်မရှိတော့ဘူး။သူတို့မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်နိုင်တဲ့ အခွင့်အလမ်းတွေ ဒါဟာ အဓိက ပြဿနာပါ။ဒါဟာ ကျနော်က အပြောဆို အမှုဆောင်အသစ် ကနေ ဒီအထိပေါ့နော်၊ တိုင်းရင်းသားများ ရခိုင်အပါအ၀င်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမယ်။ ပြည်နယ်တွေမှာ သူတို့ကိုယ်တိုင် စီမံအုပ်ချုပ်ခွင့်ရှိရသည်။သူတို့ဆီက အဓိက Resources တွေ၊ ဒီအရင်းအမြစ်တွေကိုက ဓာတ်ငွေ့တွေထွက်တယ်။ကျောက်သံပတ္တမြားတွေ။ လယ်တွေ။ငါးတွေ အကုန်လုံးကို သူတို့က သူတို့ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး။အဲဒီအခါမှာ ရခိုင်အများစုက ထိုင်းဘက်ကို ထွက်သွားကြတာ တွေ့နေရတယ်။ ရခိုင်လူမျိုးတွေနည်းတာမဟုတ်ဘူး။ အထူးသဖြင့် ရခိုင်လူငယ်လူရွယ်တွေက စစ်ထဲ ၀င်သွားကြတယ်။အဲဒီတော့ ရခိုင်ပြည်နယ်မှာ ဘာမှကိုကို မရှိတော့ဘူး။
ပြီးတော့ ကိုမိုးသီးဇွန်ကပဲ ဆက်ပြောပါတယ်။

ဖြေ။ ။ အဲဒီတော့ မြန်မာမှာ ခြောက်သန်းက ထိုင်းနိုင်ငံထဲရောက်နေတယ်။ ငါးသိန်းက မလေးရှားထဲ ရောက်နေတယ်။အဲဒီအထဲမှာ တစ်သိန်းက သူ့ဟာသူ လျှောက်သွားနေတယ်။ဒီတော့ ကျွန်တော်တို့ တစ်ပြည်လုံး ဖြစ်နေတဲ့ ကိစ္စ။အဲဒီတော့  ကျနော့်အနေနဲ့ ဒီပြဿနာကို ငြိမ်းချမ်းစွာ ကျော်ဖြတ်ချင်တယ်။ ကိုယ့်ဂုဏ်သိက္ခာရှိရှိနဲ့ ရခိုင်ပြည်နယ်ပြည်သူလူထုတွေ ရပ်တည်နိုင်ဖို့၊ ရခိုင်ပြည်သူလူထုတွေမှာ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိရမယ်။သူတို့ ပြည်နယ်ကို သူတို့ အုပ်ချုပ်ရမယ်။သူတို့သဘာဝသယံဇာတတွေကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိရမယ်။အခု သမ္မတကြီး ဦးသိန်းစိန်းက ဒါကို မြင်လာတယ်။ ပိုပြီးတော့ လုပ်လာတယ်။အဲဒါကို မြင်တဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဖွဲ့တယ်၊ အဲလိုကော်မရှင်ဖွဲ့လိုက်တဲ့အတွက် သက်ဆိုင်ရာပညာရှင်တွေက ဆုံးဖြတ်နိုင်မယ်လို့ ထင်တယ်။ အခု ကျနော် တို့ပြောနေတာတွေက တရားလည်းမ၀င်ဘူး။ခံစားချက်တွေကို ရင်ဖွင့်ပြောနေတာ။အဲဒီတော့ အစီရင်ခံစာကို အမြန်ဆုံးထွက်ပါစေလို့ ဆုတောင်းပေးပါတယ်။

နောက်သတင်းထောက်တဦးကတော့ Massenger ဂျာနယ်က အမျိုးသားသတင်းထောက်တဦးဖြစ်ပါတယ်။

မေး။ ။ အခု ကိုမိုးသီးဇွန်ကို BLACK LIST ထဲကနေ ပယ်ဖျက်ပေးလိုက်တယ်ဆိုပေမဲ့ အဝေးရောက်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ပယ်ဖျက်ထားပေးခြင်း မရှိသေးပါဘူး၊ အဲဒါနဲ့ပတ်သက်ပြီးတော့ သမ္မတနဲ့ တွေ့တဲ့အချိန်မှာ ဘယ်လိုများ တောင်းဆိုသွားဖို့ ရှိပါသလဲ။ပြီးတော့ ကိုမိုးသီးဇွန်ကို မေးချင်တာက ကိုမိုးသီးဇွန်ကို နိုင်ငံရေး လုပ်စားနေတယ်ဆိုပြီးတော့ ဝေဖန်ခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်အနေနဲ့ ဘယ်လိုများတုန့်ပြန်ပြောကြားချင်ပါသလဲ။ ပြီးတော့ အခု ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ကို အဝေးရောက်ပြစ်ဒဏ်ကနေ ပယ်ဖျက်ပေးခြင်း မရှိပါဘူး။အဲဒါနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူအနေနဲ့ ဘာများ ပြောကြားချင်ပါသလဲ။

ဖြေ။ ။ကိုထွန်းအောင်ကျော် - ကျနော် တို့ အနေနဲ့တော့ တောင်းဆိုဖို့တော့ မရှိပါဘူး။ ဒါပေမဲ့ ကျနော် တို့ဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ လူတွေ မဟုတ်ပါဘူး။ တိုင်းပြည်ချစ်တဲ့စိတ်နဲ့ တော်လှန်ရေးလုပ်ခဲ့ကြတယ်။ တော်လှန်ရေးပြီးတော့ လက်နက်ကိုင်တော်လှန်ရေးထဲမှာ မအောင်မြင်ခဲ့တဲ့ အကြောင်းရင်းတစ်ခုခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံတကာက အကူအညီမရဘူး။ဘာလို့လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက အကူအညီမပေးကြဘူး။အဲဒါကြောင့်လည်း ကျနော်တို့က အင်မတန်တောင့်တင်းတဲ့ တပ်မတော်ကို တိုက်လို့ မရခဲ့ဘူး။အဲဒါကလည်း ကျနော် တို့ ပါတီရဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်းပါပဲ။ ဒါပေမဲ့ ကျတော်တို့ဟာ တစ်သွေးတည်းတစ်သားတည်း စည်းလုံးခဲ့ကြပါတယ်။ နောက်ပြီးတော့ ခင်ဗျားတို့အခုလာတဲ့လူတွေအားလုံး၊ အထူးသဖြင့် ခင်ဗျားတို့မီဒီယာတွေကို သိစေချင်တာက ကျနော်တို့  အခု ဒီကိုလာတာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတာ၊ ဘယ်သူ့ဆီကမှလည်း မတောင်းဘူး။ ဘယ်သူ့ဆီကမှလည်း မယူဘဲနဲ့ ခြေသလုံးအတောင့်ခံပြီး တစ်နေ့ကို ရှစ်နာရီဆယ်နာရီ မတ်တပ်ရပ်ပြီး US မှာ အလုပ်လုပ်ပြီးတော့ ကိုယ့်ချွေးနည်းစာနဲ့ ကိုယ် တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ ကျတော်တို့လုပ်တာ၊ ကိုယ့်စရိတ်နဲ့ကိုယ်လာတာ၊ ဘာကြောင့်လည်းဆိုတော့ ကိုယ့်တိုင်းပြည်ကိုယ်ချစ်တဲ့စိတ်နဲ့ ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို မကြည့်ရက်လို့ လာတာ။အဲဒါကြောင့် ကျွန်တော်တို့က NGO ရဲ့ အကူအညီလည်း မရှိဘူး။ဘယ်ကမှလည်း မရဘူး။ ကိုယ့်ရဲ့ သန့်ရှင်းတဲ့စိတ်နဲ့ တိုင်းပြည်ကိုကူညီချင်တဲ့ စိတ်နဲ့ ပြန်လာတာ။ ဘယ်ကမှ အထောက်အပံ့မရှိဘူး။

အဲလို ပြောပြီး ကိုမိုးသီးဇွန်က ဆက်ဖြေပါတယ်။

ဖြေ။ ။ ကျနော်ကို ဘာကြောင့် အစိုးရက ပြန်လာခိုင်းသလဲဆိုတာကိုပြောရရင် ကျတော် တစ်ချိန်က ဘာတွေလုပ်ခဲ့သလဲဆိုတာ အစိုးရက သိလို့ပါပဲ။ အတူတူတွဲလာတဲ့ ၈၈ က ရဲဘော်ရဲဘက်တွေက ဘာလို့ ကျွန်တော့်ကို ဘာကြောင့် ခုလို သည်းသည်းလှုပ်ကြိုဆိုကြသလဲ။
ဘာလို့လဲဆိုတော့ သူတို့က အသိဥာဏ် ရှိတဲ့ ရဲဘော်တွေပါ။အဲဒါ ကျနော်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ သူတို့ ဆုံးဖြတ်တာပဲဖြစ်ပါတယ်။အဲဒီတော့ တစ်ခုတော့ ရှိတာပေါ့ဗျာ။တောင်ထိပ်မှာ ပေါက်နေတဲ့ သစ်ပင်ဟာ လေအတိုက်ခံရမှာပဲ။ အဲဒီတော့ တိုက်တဲ့ဟာတွေကို ကျနော်တို့ ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုပါတယ်။

နောက် သတင်းထောက်အမျိုးသား တဦးကလည်း ရှေ့က မေးခဲ့တဲ့ မြောက်ပိုင်းကိစ္စကိုပဲ အစပြန်ထုတ်ပြီးမေးပါတယ်။ လူငယ်သတင်းထောက်တွေဖြစ်ပေမဲ့ သူတို့မေးခွန်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့မေးခွန်းကို မီဒီယာသမားတွေရော အားလုံးကပါ ငြိမ်ပြီး နားထောင်နေခဲ့ပါတယ်။

မေး။ ။လက်ရှိမြောက်ပိုင်းမှာ ကျန်ခဲ့တဲ့လူတွေနဲ့ ကျန်ခဲ့တဲ့ ကျောင်းသားတွေကို မီဒီယာတွေအလယ်မှာ ထားပြီး နှစ်ဖက်ဆွေးနွေးမယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောဖို့ရှိပါသလား။

ဖြေ။ ။ ကျနော်တို့ အနေနဲ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဟိုဘက်ဒီဘက် တွေ့ဖို့ အကြောင်းမရှိပါဘူး။ ။ဘာလို့လဲဆိုတော့ အခု ကျနော်တို့ ဆွေနွေးချက်တွေနဲ့ ပတ်သက်ပြီး လာခဲ့တာပါ။ အဲဒါနဲ့ပတ်သက်ပြီး ထက် အခု ကျနော်တို့ ဆွေးနွေးချက်တွေဟာဆိုရင် ၁၇ ရက်နေ့၊ အမေရိကန်ကို ပြန်ဖို့ ရှိတဲ့အတွက်၊ ဒါ့အပြင် အခုလာရတာဟာ သမ္မတရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ချောမွေ့ဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ လုပ်ငန်းတွေ လုပ်ဖို့ ရှိပါတယ်။ဒါကလည်း ရဲဘော်တွေအတွက် ညီအကိုမောင်နှမတွေအတွက် ဖြစ်ပါတယ်။အဲဒီတော့ သူတို့ကို ဒီတစ်ခေါက်မှ ဆွေးနွေးပေးဖို့ မရှိဘူး။ဒီတစ်ခေါက်မှာ ကျနော် အလုပ်ချင်ဆုံးဆန္ဒက သူတို့ကို ဂုဏ်ပြုပေးချင်တာပဲရှိတယ်။အဲလို အခမ်းအနားကို လုပ်ချင်တယ်။ အဲဒီဟာနဲ့တခြားကိစ္စနဲ့တော့ ဆွေးနွေးစရာမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီမြောက်ပိုင်းကိစ္စက ကျွန်တော်တို့တွေ သိပြီးသားဖြစ်တဲ့အတွက် ဆွေးနွေးစရာမလိုပါဘူး။
ကိုသံခဲတို့ကလည်း အခုအချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အလျှောက် အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် စာတမ်းကို သူတို့ကိုယ်တိုင် လုပ်ပေးရမယ်။ဒါကြောင့် ကျနော်ကလည်း ပြောထားတယ်။ သူတို့ကလည်း စစ်ဆေးပြီးတော့ လုပ်ပါ့မယ်လို့ ပြောထားတယ်။တကယ်တမ်းခံခဲ့ရတဲ့အထဲမှာ ကိုထိန်လင်းတို့၊ မနန်းစောတို့နဲ့လည်း  သွားတွေ့တယ်။သူတို့တွေနဲ့လည်း ဆွေးနွေးပြီးပြီ။ အမှန်တရားကို ဖော်ထုတ်မယ်။ အမှန်တရားကို မဖုံးကွယ်ဘူး။ တကယ်လို့ ရဲဘော်တွေ ရောက်နေရင် တွေ့မယ်။

သူကပဲ ဒုတိယမေးခွန်းကို ဆက်ပြီး မေးပါတယ်။

မေး။ ။ ကျနော်တို့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်လို့ သတ်မှတ်ထားကြတာ တွေ့ရပါတယ်။အဲဒီတော့ ကိုမိုးသီးဇွန်တို့က ရော အဲလို သဘောထားပြီး ၀င်လာတာလားဆိုတာ သိချင်ပါတယ်။

ရှေ့ဆက်ရန် အနည်းငယ်သာ ကျန်ပါတော့သည်။ ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခငမင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)