ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မီုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး

 မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည်ခရီး (၁)
မေသင်္ကြန်ဟိန်(မြစ်မခ)
 စက်တင်ဘာ ၃၊ ရန်ကုန်မြို့။

စက်တင်ဘာလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မစခင်ကတည်းက စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါ။

စက်တင်ဘာလ ၁ ရက်နေ့ ရန်ကုန်လေဆိပ်ကို ကိုမိုးသီးဇွန်တို့အဖွဲ့ရောက်တော့ မြစ်မခက သတင်းထောက် ကျော်ဇင်မန်းနဲ့ ထွန်းနေအောင်တို့သတင်းသွားယူကြပါတယ်။

သူတို့ကလည်း ကိုမိုးသီးဇွန်ကို ABSDF က ခေါင်းဆောင်တယောက်၊ အစိုးရကို လက်နက်ကိုင်ပြီး တိုက်ခိုက်ပြီးတဲ့နောက်၊ လေသနပ်နဲ့လည်း ဝေဖန်တိုက်ခိုက်လေ့ရှိသူ ဆိုတာလောက် သိထားကြပါတယ်၊

ဒါပေမဲ့ ရန်ကုန်လေဆိပ်မှာတွေ့တော့ ကားပေါ်ခုန်တက်ပြီး လူတွေကို လက်တွေဝှေ့ယမ်းနှုတ်ဆက်လိုက်၊ လက်တွေကို ပါစပ်မှာ ကပ်ပြရင်း အနမ်းသင်္ကေတတွေ လုပ်ပြလိုက် လုပ်နေတဲ့ ဦးမိုးသီးဇွန်ကို တွေ့တော့ သူတို့တွေ့ဖူးနေတဲ့ နိုင်ငံရေးသမားတွေနဲ့ မတူတဲ့အတွက် အံ့သြမိကြောင်း ရုံးကို ပြန်ရောက်တော့  ပြောကြပါတယ်။

ဒီကြားထဲပင်နီအကျီာင်္ဝတ်ထားတဲ့သူအချို့ကလည်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဆိုတဲ့ဆိုင်းဘုတ်နဲ့ကြိုဆိုကြတာ တွေ့ရတော့လည်းထပ်ပြီး အံ့အားသင့်ရကြောင်း ပြောပါတယ်။

ပြီးတော့ သတင်းယူဖို့လာတဲ့သတင်းထောက်တွေ၊ လာကြိုတဲ့ နိုင်ငံရေးပါတီနှစ်ခုလောက်က နိုင်ငံရေးသမားတွေ၊ မီုးသီးဇွန်လာမယ်ဆိုလို့ အမည်သာကြားဖူးပြီး  မမြင်ဘူးလို့လာကြည့်တဲ့ သူတွေနဲ့ ဆိုတော့ လူအုပ်ကြီးသူ့ကို လာကြိုတယ်လို့ ထင်မှတ်သွားပုံရကြောင်း ပြန်ပြောတော့ စဉ်းစားမိပါသေးတယ်။

မြန်မာပြည်မှာ မမြင်ဘူးလို့ ၀ိုင်းပြီးကြည့်ကြတတ်တဲ့ အကျင့်က ရှိပြီးသားပါ။ မြင်ဖူးချင်လို့ လာကြည့်သူတိုင်းကို ကိုယ့်လူလို့ သတ်မှတ်လို့မရတဲ့ထဲမှာ မြန်မာပြည်သူတွေ ပါဝင်ပါတယ်။

ကိုမိုးသီးဇွန်တို့အဖွဲ့ကိုလည်းလူတွေဝိုင်းအုံကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။ 
နောက်တော့ ရွှေတိဂုံဘုရားဖူးကြရင်းနဲ့ ယုဇနဟိုတယ်မှာ တည်းမဲ့အကြောင်း  သတင်းထောက်တွေက သတင်းယူခဲ့ကြပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာတော့ သူတို့ရဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံကြတာတွေ ကြားခဲ့ရပြီး ညပိုင်းမှာတော့ ပြည်ထောင်စုဝန်ကြီးအချို့နဲလည်း တွေ့ဆုံခဲ့ကြတယ်လို့ ကြားခဲ့ရပါတယ်။ ဒီအကြောင်းတွေကိုတော့နောက်ပိုင်းမှာသီးသန့်ရေးသွားမယ်လို့ စိတ်ကူးပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာလည်း သူတို့အဖွဲ့တည်းခိုတဲ့ယုဇနဟိုတယ်၊ ဒုတိယထပ်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

နံနက် ၁၀နာရီကျော်ပြီးမှ စတင်ခဲ့တဲ့ပွဲမှာ သတင်းသမားတွေသာမက နိုင်ငံရေးအသိုင်းအ၀ိုင်းကအချို့ကိုလည်းတွေ့မြင်ရပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းအချို့ဆိုတာကို တိတိကျကျ ပြောရရင်တော့ ကိုကောင်းမြတ်ထွဋ်တို့ ပါတီနဲ့ ၈၈ကိုအေးလွင်တို့ပါတီက လူတွေလို့ တိတိကျကျပြောရပါမယ်။

သတင်းသမားတွေရဲ့ ဗီဒီယိုတွေ၊ကင်မရာတွေသာမက နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ဗီဒီယို၊ကင်မရာအသံဖမ်းစက် စတာတွေနဲ့ လှုပ်လှုပ်ရှားရှားပါပဲ။ သတင်းမီဒီယာမှာလည်း တော်တော်လေးစုံလင်တယ်လို့ ပြောလို့ရပေမဲ့ လုံးဝလာပြီး သတင်းမယူတဲ့ သတင်းမီဒီယာကြီးတွေ ရှိနေတာလည်း သတိထားမိခဲ့ပါတယ်။ ဘာကြောင့်လာပြီး သတင်းမယူပါလိမ့်လို့လည်း စဉ်းစားကြည့်မိပါတယ်။

အခမ်းအနားမှူးအနေနဲ့ အမေရိကန်နိုင်ငံသား၊ ABSDF အဖွဲ့ဝင်  ကိုရွှေစင်ထွန်းက စတင်ပြီး အခမ်းအနား အစီစဉ်ကို
ကြေငြာရင်း ABSDF ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နဲ့ စတင်မိတ်ဆက်ပါတယ်။

ဦးထွန်းအောင်ကျော်ဟာ ၁၉၇၄ ခုနှစ်မှာ နိုင်ငံရေးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တသက်တကျွန်းကျခံခဲ့ရကြောင်း၊ အစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြောဆိုပါတယ်။

ဦးထွန်းအောင်ကျော်အနေနနဲ့  ၁၉၈၈ခုနှစ် အရေးတော်ပုံမှာပါဝင်ခဲ့ပြီးနောက် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ကျောင်းသားတပ်မတော် ABSDF အဖွဲ့ကို ထူထောင်ခဲ့ကြောင်း၊နောက်တော့ အမေရိကန်နိုင်ငံမှာ နေထိုင်းခဲ့ကြောင်းပြောဆို မိတ်ဆက်ပါတယ်။

ဦးထွန်းအောင်ကျော်က အသားဖြူဖြူနဲ့ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ စကားကိုလည်း ဖြေးဖြေးနဲ့အေးအေးပြောတတ်တဲ့ပုံစံမျိုးပါ။

သူက  မြန်မာပြည်မှာ အပြောင်းအလဲတွေ စတင်နေပြီလို့ ပြောစဉ်တုန်းက သိပ်မထင်မှတ်ခဲ့ပေမဲ့၊မထင်မှတ်ပဲ ၈၈မျိုးဆက်ကျောင်းသားဟောင်းအဖွဲ့တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့အပြင် မီဒီယာတွေကိုလည်း အထိုက်အလျောက်လွတ်လပ်ခွင့်ပေးခဲ့တာတွေကိုပါ တွေ့လာခဲ့ရတော့  အပြုသဘောဆောင်တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်နေပြီလို့ လက်ခံလာခဲ့ကြောင်း၊ သမ္မတအနေနဲ့ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို တိုင်းပြည်ကို ထူးထောင်ကြဖို့ ဖိတ်ခေါ်ချက်ကို သေသေချာချာစဉ်းစားပြီး ၆လလောက်အချိန်ယူ ဆွေးနွေးပြီးမှ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

သူက တိုင်းရင်းသားတွေနဲ့ တပ်မတော်ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်သွားပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို  ကူညီပေးချင်ကြောင်း၊ ကိုယ့်ညီနောင်ချင်းသတ်ဖြတ်နေတဲ့ ပြည်တွင်း စစ်ကြီး ရပ်ဆဲဖို့ နဲ့ ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

နောက်သူက ပြည်တွင်းကလူ့အရင်းအမြစ်တွေကို မြှင့်တင်ပေးဖို့အတွက် ပညာရေးကဏ္ဍာကို ဘယ်လို ကူညီပေးနိုင်မလဲ၊ တက္ကသိုလ်ကျောင်းတွေမှာ ဘယ်လိုပစ္စည်းမျိုးတွေ ထားပေးနိုင်မလဲ၊ ကျောင်းတွေရဲ့အရည်အသွေးတွေကို မြှင့်တင်ပေးချင်တယ်၊ ပညာတတ်တွေပေါ်ထွန်းရေးလုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

ဦးထွန်းအောင်ကျော်ကို အပြီးမှာတော့ အမေရိကန်နိုင်ငံသား ဦးကိုကိုလေးနဲ့ အခမ်းအနားမှူးက မိတ်ဆက်ပေးပါတယ်။

ဦးကိုကိုလေးနဲ့မိတ်ဆက်ရာမှာတော့နိုင်ငံရေးသမိုင်းကြောင်းတွေအပြင် အမေရိကားမှာ နေထိုင်ပြီး ပညာသင်ကြားခဲ့တဲ့အကြောင်းတွေပြောသွားပါတယ်။

အသားညိုညို၊မျက်မှန်နဲ့ ဦးကိုကိုလေးကလည်း အပြောင်းအလဲစတင်စဉ်မှာ ရင်မခုန်ခဲ့ကြောင်း၊ ၂၀၁၂  ဇန်န၀ါရီလမှ စပြး ရင်ခုန်ခဲ့ကြောင်း၊ မြန်မာပြည်သူတွေနဲ့ တွေ့ချင်ခဲ့ကြောင်းတွေကို အရင်ပြောပါတယ်။

ခုလို လာရောက်ရခြင်းကလည်း ငြိမ်းချမ်းရေးအတွက် ဖြစ်ကြောင်း         အပြင်မြန်မာပြည်ကြီး ပြန်မဆုတ်နိုင်တဲ့ပြောင်းလဲခြင်းမျိုး ဖြစ်အောင် ဘယ်လို ပါဝင်ကူညီရမလဲဆိုတဲ့ စေတနာနဲ့ပြန်လာခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

`ကျနော်တို့ ဒီမှာ နေထိုင်ခွင့်ကတော့ အစိုးရပေါ်မှာပဲ မူတည်ပါတယ်၊ ရည်ရွယ်ချက်အကောင်အထည်ဖော်နိုင်ဖို့ဆက်ကြိုးစားပါမယ်`လို့ ပြောရင်း ဦးကိုကိုလေးက နိဂုံးချုပ်ပါတယ်။

နောက်တဦးကတော့ အမေရိကန်နိုင်ငံမှာနေထိုင်သူနိုင်ငံသား ကိုရင်အေးလို့သိရပါတယ်။ အသားဖြူဖြူနဲ့ မျက်နှာလုံးလုံး ဟန်ရှိပါတယ်။ စကားပြောဆိုရာမှာတော့ မိန့်ခွန်းတွေ ဖတ်ကြားသံမျိုးနဲ့ ပြောဆိုတတ်တာတွေ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ ခုလို မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာကနေ မနားတမ်းတိုက်ပွဲဝင်ခဲ့ကြ တောင်းဆိုခဲ့ကြတဲ့အတွက် ခုလို အကျိုးရလဒ်ကြီးအနေနဲ့ ဒီနေ့လို ပြောင်းလဲလာရတာ ဖြစ်တယ်ဆိုတာနဲ့ စတင်ပါတယ်။

သတင်းထောက်တော်တော်များများကတော့ ဒီစကားကြောင့်ပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရပါတယ်။ ကျမမှာလည်း  မေးဖြစ်အောင်မေးမယ်ဆိုတဲ့ မေးခွန်းတခု ရသွားခဲ့တာပါ။

ဦးရင်အေးကတော့ သူတို့အဖွဲ့ရဲ့ ကြိုးစားမှုတွေအကြောင်းကို ပြောပြီးတဲ့နောက်မှာ သမ္မတကြီးကနေစပြီး၊ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးလှမောင်ရွှေပါ မကျန် ကျေးဇူးတင်ကြောင်းတွေလည်း ပြောပါတယ်။

ပြီးတော့ကချင်လူမျိုးဦးမူးသာရဲ့ အလှည့်ပါ၊ ဆံပင်မပါ၊ တိုင်းရင်းသားရုပ်ရည်ထက် ကျမအမြင်မှာတော့ တရုတ်နဲ့ပိုတူနေတယ်လို့ ထင်ရတဲ့ ရုပ်ရည်မျိုးဖြစ်ပါတယ်။ အသံမှာတော့တိုင်းရင်းသားသံ နည်းနည်းဝဲတယ်လို့ ထင်မိရုံပါပဲ။

သူကလည်းပဲ ပြည်သူတွေရဲ့ဆင်းရဲနေတဲ့ဘ၀တွေကို ပြန်လည်မြှင့်တင်ပေးချင်ကြောင်း၊ မြန်မာပြည် နိမ့်ကျခဲ့တာတွေကို ဖွဲံ့ဖြိုးအောင်လုပ်ပေးချင်ကြောင်းတွေနဲ့ စေတနာရှိတဲ့အကြောင်း ပြောပါတယ်။

ပြီးတော့ ကျမတို့တွေကိုမြင်ရတာမှာ ဆင်းရဲတာတွေနဲ့ အဆင်မပြေကြောင်း မြန်မာပြည်မှာလို ကွမ်းစားတာ၊ဆေးလိပ်သောက်တာတွေက ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းမှာ ဘယ်သူမှ မလုပ်ကြတော့ကြောင်း မြန်မာပြည်မှာတော့ နေထိုင်မှုစနစ်နိမ့်ကျနေသေးကြောင်း စတာတွေနဲ့ စစ်တွေဖြစ်ပွားနေတဲ့အတွက် စစ်ပွဲတွေ မရှိသင့်တော့ဘူးဆိုတဲ့အမြင်နဲ့ပြောဆိုသွားခဲ့ပါတယ်။

နောက်တဦးကတော့ ဂျပန်မှာ နေထိုင်တဲ့ဦးကိုကိုအောင်ဖြစ်ပါတယ်။သူ့ကိုသူ အသက် ၄၇ နှစ်အရွယ်လို့ အသက်ကို ဖွင့်ပြောပြီးမိတ်ဆက်လာသူလို့ မှတ်မိနေပါတယ်။

သူလည်း ကျမတို့တိုင်းပြည်မှာ လူမှုရေးအဖွဲ့အစည်းတွေ အားကောင်းလာအောင်ကြိုးစားရမဲ့အကြောင်းတွေနဲ့
ကျမတို့ ပြည်သူတွေမှာလည်း တာဝန်ရှိကြောင်း၊ ကျမတို့ပြည်သူတွေလည်း တဦးချင်းအရည်အသွေးသာမက အဖွဲ့အစည်းလိုက်လုပ်ရာမှာလည်း  ကြိုးစားရမှာဖြစ်ကြောင်းတွေ ပြောဆိုပါတယ်။

အခြားနားထောင်နေတဲ့သူတွေကတော့ ဘယ်လို ခံစားနေရသလဲ မသိပါဘူး။

ကျမကတော့ နိုင်ငံကြီးကလာတဲ့သူတွေက ကျမတို့ပြည်သူတွေကို ဆင်းရဲပါတယ်၊ နွမ်းပါးပါတယ်၊ စာလည်း မတတ်ကြပါဘူး၊ လူနေမှုအဆင့်အတန်းလည်း နိမ့်ပါးတဲ့သနားစရာတွေအဖြစ် မြင်ကြတဲ့ အပေါ်မှာ ခံစားရပါတယ်။
ကျမတို့တွေ ဆင်းရဲကြတာ၊ နိုင်ငံတကာက တက္ကသိုလ်ကြီးတွေမှာ တက်ပြီး စာမသင်နိုင်ခဲ့တာဟာ ကမ္ဘာက ၀ိုင်းပြီး သနားရလောက်တဲက အခြေအနေတခုလို့တော့ လက်မခံချင်ပါဘူး။

ဒီလို အမြင်တွေနဲ့  မြှင့်တင်ပေးမယ်၊ ကယ်တင်ပေးမယ်၊ ကူညီပေးမယ်ဆိုတဲ့ စကားတွေကို ကြားရတိုင်းလည်း  ရင်ထဲမှာ နင်တင်တင်နဲ့ပါ။

နောက်ဆုံးတဦးကတော့ အလယ်မှာ ထိုင်နေတဲ့ တိုက်ပုံအပြာရောင်ဝတ်ထားပြီး၊နှုတ်ခမ်းမွှေးနဲ့ မျက်နှာရှည်ရှည်နဲ့ဦးမိုးသီးဇွန်ပါပဲ။ အသံကတော့ ကြည်ကြည်လင်လင်ရှိပါတယ်။

စစချင်းမှာပဲ လေဆိပ်မှာ  သူ့ကိုနွေးနွေးထွေးထွေးကြိုဆိုကြတဲ့ ပြည်သူလူထုတွေရဲ့ ကြိုဆိုမှုကို ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်းစပြောပါတယ်။

`ကျနော့်အနေနဲ့ မြန်မာပြည်အကြောင်း မစဉ်းစားတဲ့ နေ့မရှိဘူး၊ မြန်မာပြည်အတွက် အလုပ်မလုပ်တဲ့ နေ့မရှိဘူး၊ အဲဒီကြိုးပမ်းမှုတွေကြောင့် ယနေ့ ဒီနေရာကို ရောက်လာရတယ်` လို့ ပြောပါတယ်။

ပြီးတော့ ၂၄ နှစ်တာ ခွဲခွာနေရပေမဲ့ ၂၄ နာရီလောက်ပဲလို့ ထင်မှတ်မိကြောင်း၊ မတူတဲ့ အမြင်ရှိသူတွေကိုလည်း ခြိမ်းခြောက်ဖို့ မဟုတ်ကြောင်းကိုလည်း ကဗျာဆန်ဆန်ပြောပါတယ်။စကားလုံးတိုင်းကို ဟန်ပန်နဲ့ရော မျက်နှာအမူအရာပါ ထည့်သုံးပြီး ပြောတတ်ပါတယ်။

` မိုးထဲရေထဲမှာ အလုပ်လုပ်နေကြတဲ့ သူတွေ မိုးထဲရေထဲမှာ ခက်ခက်ခဲခဲကြိုးစားနေတာတွေ တွေ့ရတယ်၊ ကျနော် ခင်ဗျားတို့ကို ကူညီချင်လို့ ရောက်လာတာပါ၊ ခင်ဗျားတို့ ပေးတဲ့ တာဝန်တွေကို ကျနော်ယူမယ်` လို့လည်း ပြောပြန်တယ်။

ပြီးတော့ သူက ပြည်သူတွေကို၊ နိုင်ငံတော်သမ္မတကြီးနဲ့ တိုင်းရင်းသားတွေကို ကူညီဖို့ ရောက်လာတာပါလို့ ပြောပြီး၊ နိုင်ငံရေး ပါတီထောင်ဖို့ မဟုတ်၊ အသင်းအပင်းတွေ ထောင်ဖို့ မဟုတ်ဘူး၊ အမတ်လုပ်ဖို့ မဟုတ်ဘူးလို့ ပြောရင်း ဗီဇာ ၂၁ ရက်ပဲ ရတဲ့အကြောင်း ဘယ်တော့ပြန်လာရမှန်းမသိတဲ့ အကြောင်း ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးလှုပ်ရှားရင်း မြန်မာနိုင်ငံသားဆုံးရှုံးရပြီး ခုတော့ အမေရိကန်နိုင်ငံသားဖြစ်နေကြောင်း ပြောတော့ ဟော အမေရိကန်နိုင်ငံသားဖြစ်သွားရတာ သနားစရာပဲလားလို့လည်း တွေးမိပြန်ပါသေးတယ်။

နောက်ဆုံးမှာလည်း ကူညီချင်တဲ့ အကြောင်းနဲ့ပဲ နိဂုံးချုပ်သွားခဲ့ပါတယ်။

သူတို့အဖွဲ့အနေနဲ့ မြန်မာပြည်တွင်နေထိုင်စဉ်ကာလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအ၀င်ပြည်ထောင်စုဝန်ကြီးများနှင့်တွေ့ဆုံရန် တောင်းဆိုထားကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ
ခွင့်တောင်းထားကြောင်း အဆိုပါ ရည်ရွယ်ချက်တို့ဖြင့် အမိမြေငြိမ်းချမ်းရေးလုပ်ငန်းစဉ်( The Mission for Peace in  Motherland) ကို ဖွဲ့စည်းလိုက်ကြောင်းသတင်းထုတ်ပြန်ကြေငြာပါတယ်။

 အဆိုပါ အဖွဲ့မှာ မြန်မာနိုင်ငံသား မဟုတ်ကြတော့သောအမေရိကန်နိုင်ငံသားအဖြစ် နေထိုင်လျက်ရှိသော (၁)ဦးကိုကိုလေး(USA)(၂)ဦးကိုကိုအောင်(JAPAN)၊(၃)ဦးဇော်မင်း(USA)၊(၄)ဦးထွန်းေ
အာင်ကျော်(USA)၊(၅) ဦးမိုးသီးဇွန်(USA)၊(၆)ဦးမူးယာ(USA)၊ (၇) ဦးရင်အေး USA)၊(၈) ဦးေ၇ွှစင်ထွန်း(USA)၊ (၉)
ဦးသက်ထွန်း(USA)၊(၁၀)ဒေါက်တာ အေးမင်း( USA)၊ (၁၁) ဦးအောင်မျိုးတင့်USA)တို့ပါဝင်ကြပါတယ်။

 အဆိုပါအဖွဲ့ဝင်များမှာ ၁၉၈၈ ခုနှစ်အရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများဖြစ်ပြီး မြန်မာပြည်တွင်း ဖြစ်ပွားနေသော
ပြည်တွင်းစစ်(ကချင်နှင့် တပ်မတော်) စစ်ပွဲများရပ်ဆိုင်းသွားရန်အတွက်ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း  ပြောသည်။

ကျမ သိရသလောက် သူတို့တွေက အမေရိကန်နိုင်ငံသားတွေဖြစ်နေပါပြီ။ မြန်မာပြည်ကိုဧည့်နေဧည့်သွားလောက်သာ သွားလာနိုင်မှာပါ။ ဒီလို တလမပြည့်တပြည့်အချိန်လေးနဲ့ ဒီလိုကိစ္စမျိုးတွေ သူတို့ပြောသလို ကူညီနိုင်  ဆောင်ရွက်နိုင်ပါ့မလား။

ပြီးတော့ ရှေ့ကနေ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်နေတာတွေ ရှိပြိး ခုချိန်မှ ကချင်နဲ့ လက်မှတ်ထိုးဖြစ်ခဲ့ရင်လည်း ... ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့ ကြောင့် ဆိုတာကိုလည်း တွေးကြည့်မိပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်စေတနာထက်ထက်သန်သန် ရှိတယ်ဆိုရင်လည်း ၀မ်းသာရမှာပါ။ ကျမတို့တိုင်းပြည်မှာ အကူအညီတွေလိုအပ်နေတာလည်း အမှန်တကယ်ပါပဲ။

အဲဒီအချိန်မှာပဲအခမ်းနားမှူးက မေးခွန်းတွေကို မေးမြန်းနိုင်ကြောင်း ပြောဆိုလာပါတယ်။

မနက်ဖြန်တွင် ဆက်လျက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
 မိုးသီးဇွန်တို့အဖွဲ့ နှင့် မြန်မာပြည်ခရီး (၂)
မေသင်္ကြန်ဟိန်(မြစ်မခ)
ပထမပိုင်းဖြစ်တဲ့ မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁)ကို  ၀ိုင်းပြီး ပေးထားတဲ့ comment တွေကို ဖတ်ကြည့်ပြီးတော့ ဒုတိယပိုင်းမှာ ကျမရဲ့opinion ထည့်ရေးဖို့ သင့်မသင့်ဆိုတာကို တော်တော်လေး စဉ်စားစရာဖြစ်သွားခဲ့ရပါတယ်။

Comment တွေကို သေချာဖတ်ကြည့်လိုက်တော့ဦးမိုးသီးဇွန်တို့အဖွဲ့နဲ့ပတ်သက်တဲ့ သဘောထားအမြင်တွေနဲ့ ၊ ABSDF အဖွဲ့ရဲ့ အကွဲအပြဲဇာတ်လမ်းတွေကိုမြင်လာရသလိုပဲ ခံစားလာရပါတယ်။

ကျမက နိုင်ငံရေးအကွဲအပြဲဇာတ်လမ်းတွေကို ရေးသားချင်သူလည်း မဟုတ်ပါဘူး။နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေဆိုတာ ကျမတို့အမြဲလေးစားချင်တဲ့သူတွေပါ၊

ကျမက  နိုင်ငံရေးသမားဆိုရင် လေးစားချင်တယ်၊ အားကျချင်တယ်၊ အပြည့်အ၀ ယုံကြည်ထောက်ခံချင်ကြတဲ့ သူဆိုတာလည်း ပြောချင်ပါတယ်။

နောက်တချက်က  ဦးမိုးသီးဇွန်းတို့အဖွဲ့တွေအပြင်၊ ဒေါက်တာနိုင်အောင်တို့အဖွဲ့စတဲ့ ABSDF အဖွဲ့ဝင်တွေနဲ့ရော ပုဂ္ဂိုလ်ရေးအရ  ခင်မင်သိကျွမ်းခြင်းလည်း မရှိခဲ့သလို၊ မုန်းတီးစိတ်လည်း ကျမမှာ မရှိခဲ့ပါဘူး။

ABSDF အဖွဲ့နဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ခေတ်စားလှတဲ့ မြောက်ပိုင်းက အရိုးတွန်သံများစတဲ့ အခန်းဆက်တွေနဲ့ ကိုမောင်မောင်ရဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း စာအုပ်လောက်ပဲ ဖတ်ဖူးခဲ့တာပါ။ ကျန်တဲ့ အဖွဲ့ နှစ်ဖွဲ့ ကွဲသွားကြတာတွေနဲ့ အာဏလုတယ်ဆိုတာတွေကိုတော့ နားစွန်နားဖျားလောက်ပဲ ကြားခဲ့ဖူးပါတယ်။

ကိုမိုးသီးဇွန်းကိုလည်း လက်ရှိ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးစရာရှိနေခဲ့လို့၊ သတင်းစာရှင်းလင်းပွဲကိုလည်း စိတ်ဝင်စားစွာတက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့ပဲ မိတ်ဆွေအချို့ကတော့ ဒီလိုမျိုးကိစ္စတွေမှာ မသိချင်ယောင်ဆောင်နေပါ၊Facebook မှာ Profile အမှန်ကြီးတင်ထားပြီးတော့ လူမုန်းမခံပါနဲ့၊ လူမုန်းခံရမဲ့ စာမျိုးတွေ မရေးပါနဲ့၊မိုးသီးဇွန်တို့အဖွဲ့က မုန်းလိမ့်မယ် လို့ သတိပေးလာကြပါတယ်။

ကျမအနေနဲ့ကတော့ လူမုန်းခြင်း၊ ချစ်ခြင်းဆိုတာထက်၊ပြီးတော့ ကျမအပေါ်မှာ သူတို့ ဘယ်လိုမြင်မလဲဆိုတဲ့ ထင်မြင်ချက်တွေထက် ကျမအလုပ်ကို ကျမ ပိုပြီး တန်ဖိုးထားပါတယ်။

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁) ဆောင်းပါးကလည်း  ကျမဘက်ကနေ မြင်တဲ့အမြင်နဲ့ ခံစားရတာကိုပဲ ရိုးရိုးလေးချရေးလိုက်တာပါ။

ဦးမိုးသီးဇွန်တို့အဖွဲ့နဲ့ ABSDF အဖွဲ့ဝင်တွေ အားလုံးအပေါ်မှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ်နဲ့ ရေးသားနေခြင်း မဟုတ်တာကိုတော့ အမြဲတမ်း စိတ်လိပ်ပြာသန့်စွာနဲ့ ကျမ ပြောရဲပါတယ်။ ခုလည်း အဲဒီလိုပဲ ပြောပါမယ်။

မိတ်ဆွေများကို ပေးခဲ့တဲ့ ကတိအတိုင်း ဒုတိယပိုင်းကို ဆက်ရေးပါမယ်။

`မေးခွန်းတွေမေးလို့ရပါပြီ ၊ဒါပေမဲ့ စနစ်တကျဖြစ်အောင်တော့ ကျနော် စီစဉ်ပေးပါမယ်၊ မေးခွန်းမေးချင်တဲ့သူတွေ လက်ညှိုးထောင်ပါ၊ အဲဒီထဲကနေ ကျနော်ရွေးပါမယ်`လို့ အခမ်းအနားမှူးဦးရွှေစင်ထွန်းက ပြောပါတယ်။

စင်ရှေ့နား၊ ဘေးနား ပတ်ပတ်လည်မှာ ရပ်ပြီး နားထောင်နေကြတဲ့ သတင်းသမားတွေနဲ့ ကျမလို ထိုင်ခုံမှာထိုင်ပြီး နားထောင်ကြတဲ့ သတင်းသမားတွေရော နိုင်ငံရေးပါတီက လူတွေရော တော်တော်များများက လက်ညှိုး ထောင်ကြပါတယ်။

အဲဒီအချိန်မှာပဲ ဦးရွှေစင်ထွန်းက ရှေ့နားက ရှပ်အကျီာ်အဖြူနဲ့အမဲအကွက်ဝတ်ထားတဲ့ အမျိုးသားတဦးကို လက်ညှိုးထိုးပြီး အရင်စပြီး မေးခွန်းစမေးခွင့်ပြုပါတယ်။

မေး။ ။ ကိုမိုးသီးဇွန်းတို့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကူညီသွားမယ်လို့ ပြောခဲ့တော့လေ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကူညီပေးသွားမယ်ဆိုတာ တချက်လောက်ပြောပြပေးပါလားခင်ဗျာ။

ဖြေ။ ။ မိုးသီးဇွန်- အကူအညီတောင်းတာမှန်သမျှကို ကျနော်တို့ ကူညီသွားမှာပါ၊ ဘာပဲအကူညီတောင်းတောင်းပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံဖို့ အစီစဉ်ရှိပါသလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုတာကို ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။

နောက်တဦးကတော့ နိုင်ငံရေးပါတီတခုကလို့ သိရပါတယ်။ သတင်းထောက်တဦးတော့ မဟုတ်ပါဘူး။ ဘိုဆန်ဆန် ကုတ်အကျီာင်္နဲ့ဘောင်းဘီဝတ်ထားတဲ့ ခပ်၀၀နဲ့အမျိုးသားတဦးပါ။ သူ့ကိုသူကိုလည်း ခုလို မိတ်ဆက်ပါတယ်။

မေး။ ။ ကျနော်က ၁၉၈၈ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ပါတယ်။ကိုမိုးသီးနဲ့ အဲဒီအချိန်တုန်းကအတူတူ တွဲလုပ်ခဲ့တဲ့ရဲဘော်ဟောင်းတဦးဖြစ်ပါတယ်။ ခုလိုကိုမီုးသီးတို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် ရောက်လာတာကို သိရတဲ့အတွက်မြန်မာပြည်သူတယောက်အနေနဲ့ အလွန်ဝမ်းသာမိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်မေးချင်တာကတော့ ကိုမိုးသီးဇွန်တို့ အုပ်စုကို ပထမဆုံး မြန်မာပြည်သူလုထုရဲ့ဆန္ဒကို အရင်  message ပေးချင်ပါတယ်။ မြန်မာပြည်သူလူထုကြီးရဲ့ ဆန္ဒဖြစ်တဲ့ မေးခွန်းကို ကျနော်မေးချင်တာကတော့ ကိုမိုးသီးဇွန်ဟာ ၈၈ ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့် ကိုမိုးသီးဇွန်ဦးဆောင်တဲ့ နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာဖို့မြန်မာပြည်သူလူထုက ဆန္ဒရှိနေတယ်လို့ ကျနော် သိထားပါတယ်။ ကိုမီုးသီးဇွန်အနေနဲ့ ကိုမိုးသီးဇွန်ဦးဆောင်တဲ့ နိုင်ငံရေးပါတီတခု ထူထောင်ဖို့အစီစဉ်ရှိမရှိ၊ ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်ပါဆောင်ရွက်လိုစိတ်ရှိမရှိကို ကိုမိုးသီးဇွန်ဖြေကြားပေးပါ။

မေးတဲ့ သူကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့မေးလိုက်သလဲ မသိဘူး။ ကျမအပါအ၀င် သတင်းသမားတွေကတော့ တယောက်မျက်နှာ တယောက်ကြည့်မိကြပါတယ်။

ကိုမိုးသီးဇွန်က ခုဏလေးတင် နိုင်ငံရေးပါတီ ထောင်ဖို့ မဟုတ်ဘူးလို့ သေချာ ပြောခဲ့ပါလျက်နဲ့ အခု ဒီမေးခွန်းထွက်လာတယ်ဆိုတာကလည်း နည်းနည်းလေး ထူးဆန်းသလားလို့ ခံစားလိုက်ရလို့ပါ။

ဦးမိုးသီးဇွန်ကလည်း ခပ်တည်တည်နဲ့ပဲ  မတ်တပ်ရပ်ပြီး ထဖြေ ပါတယ်။

ဖြေ။ ။မိုးသီးဇွန်-ကျနော်တို့လာခဲ့တာဒီကရဲဘော်တွေအားလုံး စုပေါင်းခေါင်းဆောင်ပြီးမှ လာတာပါ၊ ကျနော် ခေါင်းဆောင်ပြီးလာတာ မဟုတ်ပါဘူး ဆိုတာကို သတင်းမီဒီယာကလူတွေလည်း သိနားပြီးပါ၊ ကျနော်တို့အားလုံးဟာ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ လာခဲ့တယ်၊ ကျနော်အနေနဲ့နိုင်ငံရေးပါတီ တခုကို ထူထောင်ဖို့ ရွေးကောက်ပွဲ ၀င်ဖို့ အစီစဉ်မရှိပါဘူး။ ကျနော်အနေနဲ့ လေဆိပ်ကနေ စပြီးတော့မြန်မာပြည်ထဲကနေ ထွက်လိုက်တာနဲ့ ကျနော်ပိုပြီးတော့ အားသန်တာက ပြည်သူလူထုတွေ အရမ်းကို ဆင်းရဲဒုက္ခရောက်နေပြီ မြန်မာပြည်က အရမ်းကို နောက်ကျကျန်ခဲ့ပြီ၊ အဲဒီအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပိုပြီးတော့ စီးပွားရေး၊ လူမှုရေး ၊နိုင်ငံရေး အခန်းကဏ္ဍတွေကို မြင့်တက်လာအောင်ဘယ်လို လုပ်ဆောင်ရင်ကောင်းမလဲ၊ လုပ်ဆောင်ဖို့အတွက် ကျနော့်မှာလည်း အစီအစဉ်တွေ ရှိပါတယ်။အဲဒါတွေကိုပိုပြီး လုပ်ချင်နေပါတယ်။ အဲဒါကို ပြောချင်ပါတယ်။ နိုင်ငံရေးပါတီထောင်ဖို့အစီစဉ် မရှိပါဘူး။

မေးလျက်စ အမျိုးသားကပဲ ဆက်ပြီး မေးပါတယ်။

မေး။` ။သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ပြုပြင်ပြောင်းလဲရေး ဟာစတင်နေပြီလို့ ကျနော်က ယူဆပါတယ်။ အဲဒီတော့ကိုမိုးသီးဇွန်အနေနဲ့ နိုင်ငံရေးပါတီတရပ်မထူထောင်ဘဲနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို ဘယ်လိုများ သွားနိုင်မယ်လို့မျှော်လင့်ထားပါသလဲ။ ကျနော့်အမြင်ကတော့ နိုင်ငံရေးပါတီထူထောင်မှပဲ နိုင်ငံရေးဖြစ်စဉ်မှာ ပြတ်ပြတ်သားသားသွားလို့ရမယ်လို့ ထင်ထားပါတယ်။ ကိုမိုးသီးဇွန်ရဲ့အစီစဉ် သိပါရစေ။

အဲဒီအမေးကို ဦးမိုးသီးဇွန်ဖြေလိုက်သလား မဖြေလိုက်ဘူးလား သတိမထားမိခင်မှာပဲ ၈၈မျိုးဆက်ကျောင်းသားလို့သိရတဲ့ အသားမည်းမည်းနဲ့ တီရှပ်အမည်းရောင်ဝတ်ထားတဲ့ အမျိုးသားတဦးကလည်း
မိုက်ကိုယူပြီး မေးမြန်းဖို့ပြင်ဆင်ခဲ့ပါတယ်။ သူ့နောက်မှာလည်း ပင်နီဝတ်နဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတွေ အမျိုးသား၊ အမျိုးသမီးတွေ စောင့်နေကြတယ်။ အားလုံးလိုလိုကတော့ အသက် ၄၀ ကျော်ပိုင်းတွေဖြစ်တာကိုတွေ့ရတာ့ ကိုမိုးသီးဇွန်တို့ရဲ့ ရဲဘော်ဟောင်းတွေဖြစ်လိမ့်မယ်လို့လည်း နားလည်မိပါတယ်။ ဟုတ်မဟုတ်တော့ ကျမ သေချာမသိပါဘူး။


ဒီပုံအတိုင်းသာဆိုရင် နိုင်ငံရေးပါတီတွေကနေတယောက်ချင်းမေးနေတာတွေ၊ အချင်းချင်း ချီးမွန်းခန်းဖွင့်နေကြတာတွေနဲ့ ကျမတို့သတင်းသမားတွေ မေးခွန်းတောင် မစလိုက်ရခင် ဟိုတယ်အခန်းက အချိန်ပြည့်သွားနိုင်တယ်လို့ ကျမဘေးမှာ ထပြီး သတင်းယူနေတဲ့ သတင်းထောက်ညီမလေးတယောက်နဲ့ ပြောမိပါသေးတယ်။

အဲလို စဉ်စားနေတုန်းမှာပဲ မေးမဲ့သူတဦးက ၈၈ကနေ စပြီး ဇာတ်ကြောင်း ချီလာတော့ ရုတ်တရက် ကျမလည်း ထရပ်ပြီး
သတင်းသမားတွေကို ဦးစားပေးပြီး မေးခွင့်ပေးဖို့  ပြောလိုက်မိတယ်။

အဲဒီလို ထပြောလိုက်မိတဲ့အတွက် နိုင်ငံရေးအသိုင်းအ၀ိုင်းဆီက မျက်လုံးတွေ ကျမဆီကို ပြုံပြီး ရောက်လာကြတယ်။
ဝိုင်းကြည့်လာတဲ့ မျက်ဝန်းတွေမှာ နဂါးမျက်ဝန်းတွေသာဆိုရင်  ကျမတော့ ပြာကျသွားမလားပဲ။ ပြောပြီးသွားမှ အချိန်မရမှာစိုးလို့ ပြောလိုက်တာပါပဲ ဆိုပြီး ကိုယ့ိကိုယ်ကိုလည်း ပြန်အားတင်းရပါတယ်။

အဲလို ထပြီး ပြောလိုက်မိတဲ့အတွက် သတင်းထောက်တဦးလျှင်မေးခွန်း ၂ခွန်းနှုန်းနဲ့ တယောက်ပြီး တယောက်မေးဖို့ မေးခွန်းမမေးခင် ဂျာနယ်အမည်နဲ့ အမည်ကို မိတ်ဆက်ဖို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

အဲဒါကြောင့်  သနပ်ခါးပါးကွက်ကြားနဲ့အနေအထိုင်ရိုးသလို၊ မေးခွန်းတွေကိုလည်း ရိုးရိုးရှင်းရှင်းမေးတတ်တဲ့ သတင်းထောက်မေကျော်က ပထမမေးခွန်းစမေးပါတယ်။

မေး။    ။ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး ဦးမိုးသီးရဲ့ ပြောဆိုမှုတချို့တွေကလည်း အင်တာနက်မှာ ပျံ့နှံ့နေတာတွေ ရှိပါတယ်။ အဲဒါတွေကလည်း ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဦးမိုးသီးအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာအပေါ်မှာ ဦးမိုးသီးရဲ့ သဘောထားနဲ့ လူ့အခွင့်အရေးဆိုတာနဲ့နိုင်ငံသားအခွင့်အရေးဆိုတာလေးကို နည်းနည်းလေးရှင်းပြနိုင်မလားလို့ပါ။

ဖြေ။     ။မိုးသီးဇွန်- ကျနော်ရဲ့ ယူဆချက်လို့ ပြောရတာ နည်းနည်းလေး ခက်နေပါသေးတယ်၊ အဲဒါကြောင့် စုံစမ်းစစ်ဆေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာရင် လူ့အခွင့်ရေးကိစ္စ၊ နိုင်ငံသားအခွင့်အရေးကိစ္စဟုတ်လား ကျနော်တို့ အကုန်လုံး ပါမယ်လို့မျှော်လင့်ပါတယ်။ ကျနော့်အနေနဲ့ကဒီတိုင်းပြည်ကိုငြိမ်းချမ်းရေးအတွက် လာကြတာဖြစ်လို့ ပဋိက္ခဆိုတာကို ဘယ်နေရာမှာမှ မဖြစ်စေချင်ပါဘူး။

မေး။။မနေ့က လေဆိပ်မှာဦးမိုးသီးကိုကြိုတဲ့သူအချို့က  မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ ပြောတယ် အဲဒီပေါ်မှာခံယူချက်သဘောထားလေးနဲ့နှိုင်းယှဉ်ချက်လေး နည်းနည်းလေး အသေးစိတ်လေး ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ကျနော်တို့က ဒီမိုကရေစီလို့သွားနေတာဖြစ်တဲ့အတွက် ဒါ ပြည်သူလူထုရဲ့သဘောထားအမြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ၊ ရွေးကောက်ပွဲ ၀င်မယ်၊ နိုင်ငံရေးပါတီလုပ်မယ်ဆိုရင် ပြည်သူလူထုရဲ့ရွေးချယ်မှုကသာ အဓိက ကျပါတယ်ခင်ဗျာ၊ ဟုတ်လား ပြည်သူတွေက မဲများများပေးမယ်ဆိုရင် အဲဒီလူက ခေါင်းဆောင်ဖြစ်မှာပါပဲ။ ပြည်သူလူထုက မြန်မာ့ဒီမိုကရေစီလို့ သုံးစွဲရင်သူတို့ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။

နောက်တဦးကလည်း အမျိုးသမီးသတင်းထောက်တဦးပါပဲ၊  နေပြည်တော်တိုင်း ဂျာနယ်က မီမီခိုင်ဖြစ်ပါတယ်။ အသားညိုညို တက်တက်ကြွကြွနဲ့ ဇွဲကောင်းကောင်းအလုပ်လုပ်တတ်တဲ့ သတင်းထောက်ပါပဲ။

မေး။ ။ ဦးမိုးသီးဇွန်တို့က ပြည်ပရောက်ဒီမိုကရေစီအင်အားစုအနေနဲ့ မြန်မာနိုင်ငံရေးကို ဆောင်ရွက်ခဲ့ကြတယ်ဆိုတော့လေ၊ ခုမြန်မာပြည်ပြန်ရောက်လာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကို ဘယ်လိုများသုံးသပ်မိသလဲ။

ဖြေ။ ။ မိုးသီးဇွန်- အခု ကျနော်တို့က အမေရိကားမှာ နေနေတယ်၊ ကျနော်ဆိုရင် နယူးယောက်မှာ နေတယ်။ နယူးယောက်ကို ကမ္ဘာရဲ့စီးပွားရေးလို့ တင်စားကြပါတယ်၊နယူးယောက်ရဲ့ ဆုံးဖြတ်ချက်တခုက တကမ္ဘာလုံးကို ချုပ်ကိုင်သွားလောက်အောင်ကို မြှင့်တင်ကြတယ်လေ ပြောရရင်တော့ကမ္ဘာ့ခေါင်မိုးလိုနေရာကနေ ထိုင်ပြီးတော့ ကျနော်တို့အားလုံးကိုမြင်နေရသလို ဖြစ်နေတယ်။  အဲဒီတော့ လူတယောက်ရဲ့ တစ်နှစ်ဝင်ငွေက အဆင်းရဲဆုံးလူက တနှစ်ကို ဒေါ်လာသုံးသောင်းခွဲရတယ်။ အဲဒီလို နေရာကနေ ကျနော်တို့ ဒီဘက်ကို ရောက်လာတဲ့အခါကျတော့ အဲဒီကွာခြားမှုကြီးက သိပ်ကို ကြီးမားပါတယ်။ ဗမာပြည်အကြောင်းကို နေ့တိုင်း သိနေရတယ်၊ ကျနော့်ရဲဘော်တွေ အမြဲတမ်း report တွေရတယ်၊ ဖတ်ရတယ် အမြဲဆွေးနွေးတယ်ဆိုတော့ ခုလိုရောက်လာတဲ့အခါကျတော့ နံပတ်တစ်က ဘာဖြစ်သွားလဲဆိုတော့ ကျနော် မမှတ်မိတော့ဘူး။ အဆောက်အဦးတွေ လမ်းတွေကို မနည်း ကျက်မိအောင် ကျနော် ကြိုးစားနေရတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေကို ကြည့်လိုက်တော့ တကယ့်ကို လေဆိပ်ပေါ်ကနေ ထွက်လာတာနဲ့ကို သိသွားပြီ၊ ဘယ်လို သိသွားပြီလဲဆိုတော့ ကျနော်တို့ အဝေးရောက်နေတယ်၊ ဘာမှ မသိတော့ဘူးလို့ ပြောတယ်။ ကျနော်တို့ လေ့လာနေပါတယ်။ ကျနော်တို့အမြဲမပြတ်ကြည့်နေတယ်၊ ဗမာပြည်က အခု ကျနော်တို့ လျှပ်စစ်မီးလာနေကြတယ်၊ ဟိုတလောတုန်းက လျှပ်စစ်မီးမလာဘူး ပျက်ပါတယ်။ လျှပ်စစ်မီးက မလေးရှားမှာ လူတယောက်ဟာ ကီလိုဝပ် သုံးသောင်းခြောက်ထောင်သုံးနိုင်တယ်။  မြန်မာတွေက ဘယ်လောက်သုံးနိုင်လဲ သိလား၊ ဘယ်လောက်သုံးနိုင်သလဲ ဆိုတာ ၄ ကီလိုဝပ်ပဲ သုံးနိုင်တယ်။ ဗမာတယောက်ကိုလေ။ ၄၁သန်းက မီးမရှိတဲ့နေရာမှာနေရတယ်၊ ဒီနေရာမှာ မီးလာရင် ဟိုဘက်အခြမ်းက မီးမရှိဘူး ကျနော်တို့မြန်မာတွေက အဲဒီလို ဖြစ်နေတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံဟာ အရမ်းကိုနောက်ကျပါတယ်။
၁၆၇ နိုင်ငံမှာ မြန်မာပြည်ရဲ့စီးပွားရေးလူမှုရေး နိုင်ငံရေးအဆင့်အတန်းကို ၁၆၀ လောက်မှာ သတ်မှတ်ထားတယ်။ကျနော်တို့နောက်မှာ နည်းနည်းပဲ ရှိတော့တယ်၊ အတန်းထဲမှာစာအညံ့ဆုံးကျောင်းသားကို မျက်စိထဲမြင်ကြည့်လိုက်ပါ။အဲဒီကျောင်းသားကို ကျနော်တို့ ပစ်ထားရမှာလား။ ဒီကျောင်သားကို ကျနော်တို့စာတော်လာအောင် လုပ်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လာခဲ့တာဖြစ်ပါတယ်။

မေး။ ။ နိုင်ငံခြားကနေ ဆောင်ရွက်နေတာတွေ ထိရောက်မှု ရှိတယ်လို့ထင်ပါသား။

ဖြေ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ ကျနော်တို့ထိရောက်တယ် မထိရောက်ဘူးဆိုတာကတော့ ယနေ့အားလုံးအမြင်ပဲ ကျနော်တို့အားလုံးလည်သိတယ်။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကိုရေးတဲ့ စာထဲမှာပါပါတယ်။ ၁၆၇ မှာ မြန်မာပြည်ရဲ့ အဆင့်အတန်းဟာ ၁၆၀ ရောက်သွားတယ်ဆိုတာဟာ ကျနော်တို့မျိုးဆက်တွေအားလုံးမှာ တာဝန်ရှိတယ်၊ ကျနော်တို့အားလုံးညံ့လို့ပေါ့၊ ကျနော်တို့အားလုံး လုပ်ဆောင်မှုတွေဟာ မထိရောက်လို့ဘဲလို့မြင်ပါတယ်။

မီမီခိုင်က မေးခွန်းနောက်တခုကိုထပ်မေးပါသေးတယ်၊ ဒါပေမဲက တဦးလျှင် ၂ ခွန်းနှုန်းလို့သတ်မှတ်ထားတဲ့အကြောင်း ထပ်ပြောတဲ့အတွက် သူလည်း ဆက်မမေးသာတော့ပါဘူး။

နောက်တဦးကလည်း သတင်းထောက်အမျိုးသမီးတဦးပါပဲ၊ အာအက်ဖ်အေကလို့ ပြောပြီး မိတ်ဆက်ပါတယ်၊ နာမည်ကိုတော့ ထုတ်မပြောပါဘူး။ မျက်နှာပြည့်ပြည့်နဲ့ လူငယ်အမျိုးသမီးတဦးပါပဲ။

မေး။ ။ ၂၁ ရက်ကြာ ဦးမိုးသီးဇွန်တို့ရဲ့ ခရီးစဉ်ထဲမှာ သမ္မတကြီးဦးသိန်းစိန်နဲ့ တွေ့ဆုံအစီစဉ်ရှိပါသလား၊ ရှိခဲ့ရင်လည်း ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးသွားမလဲ၊ နောက်တခုကတော့ ၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်တို့ဘယ်လိုအစီစဉ်နဲ့လက်တွဲဆောင်ရွက်သွားမလဲဆိုတာသိချင်ပါတယ်။

ဖြေ။ ။ သမ္မတကြီးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေတိုင်းပြည်ထူထောင်ရေးကိစ္စတွေကိုဆွေးနွေးဖို့ အစီစဉ်ရှိနေပါတယ်။ အဲဒါတွေ ဆွေးနွေးချင်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ report လုပ်ထားပြီးပြီ၊ နောက် ၈၈ မျိုးဆက်တွေကလည်း ကျနော်တို့ ညီနောင်ရဲဘော်တွေဖြစ်တဲ့အတွက် မနေ့ကလည်းကျနော်တို့ သူတို့ရုံးကိုသွားလည်ကြတယ်။ မနေ့ကပဲ ကျနော်တို့က မတွေ့တာကြာပြီကို တယောက်နဲ့တယောက် နေကောင်းလား ကျန်းမာလား ပေါ့၊ နောက်ပိုင်းအခြေအနေမှာ ကျနော်တို့ နိုင်ငံရေးအရ အမြင်ခြင်း ဖလှယ်မယ်၊ လက်တွဲပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆက်လျက်ဖော်ပြသွားပါမည်။

မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး (၃)
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၅၊ ရန်ကုန်မြို့။

ကိုမိုးသီးဇွန်တို့ရဲ့ သတင်းစာရှင်းလင်းပွဲအမေးအဖြေတွေကို ဆက်မရေးဖို့နဲ့သူတို့ ရဲဘော်တွေက အမည်အမျိုးမျိုးနဲ့ facebook တွေမှာ ရေးပြီး တိုက်ခိုက်ကြမယ်လို့မိတ်ဆွေတွေက သတိပေးလာကြပြန်ပါတယ်။

ကျမကို ရန်များမှာ  စိုးရိမ်တဲ့စိတ်၊ ပူပင်စိတ်နဲ့ ပြောနေတဲ့ သတိပေးနေတဲ့ သူတွေရဲ့ စေတနာကို နားလည်ပါတယ်။

ကျမရဲ့ အလုပ်ကို ကျမ ပုံမှန်အတိုင်း ဆက်လုပ်သွားဖို့ပဲ စဉ်းစားပါတယ်။ ကျမက သတင်းထောက်တဦးပါ၊ ကျမ သတင်းယူခဲ့တဲ့သတင်းကို ရေးသားဖို့ ကျမမှာ တာဝန်ရှိပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ သတင်းကို သတင်းတိုအနေနဲ့ကျမရဲ့ အမြင်မပါဘဲ စက်တင်ဘာ ၃ ရက်နေ့မှာ မြစ်မခ မီဒီယာအတွက်  သတင်းသီးသန့် ရေးသားခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲနဲ့ပတ်သက်တဲ့ ကျမရဲ့ opinion ကိုတော့  ကျမကရဲ့ facebook မှာ ရေးပါတယ်။ သတင်းရေးသားရာမှာ opinion ထည့်ဖို့ မသင့်ပေမဲ့ opinion ဆောင်းပါးမှာတော့ ကိုယ့်ရဲ့ အမြင်၊ သဘောထားသာမက စိတ်ခံစားမှုကိုပါ ထည့်သွင်းရေးသားနိုင်ပါတယ်။

ခုလည်းကျမရဲ့ အမြင်ကို လွတ်လပ်စွာ ရေးသားခြင်းသာ ဖြစ်ပြီး ပုတ်ခတ်စော်ကားနေခြင်း မဟုတ်တာကိုတော့ ကျမ စာကို ဖတ်တဲ့ သူတိုင်း သိမှာပါ။

ဒီလူကိုတော့ ဒီလို မမြင်ရဘူးလို့ ပြောခွင့်ရှိပါသလား။  ငါတို့အကြောင်းတော့ အကောင်းပဲ ရေးရမယ်၊ ငါတို့ကို ဝေဖန်ဖို့ မကြိုစားနဲ့ လို့ ပြောနေရင် ဒါဟာ ... စဉ်းစားစရာဖြစ်လာပြီ။ ပြီးတော့ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ ပြောတဲ့ သူတွေကိုယ်တိုင်ကလည်း ကိုယ်ကိုယ်တိုင်က သူ့အခွင့်အရေးကို တကယ်လေးစား လိုက်နာမှု ရှိဖို့လိုတယ်ဆိုတာကိုလည်း မမေ့လျော့ကြစေချင်ပါဘူး။

 ဒီစာကိုလည်း  ပြီးဆုံးသည့်တိုင် ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

အာအက်ဖ်အေက သတင်းထောက်မေးပြီးတဲ့နောက်မှာတော့ sky net က ရုပ်သံသတင်းထောက် မေထွမ်ရဲ့ အလှည့်ဖြစ်ပါတယ်။ သူမကတော့ အသားညိုညိုနဲ့ အကျီာင်္အနီရောင်နဲ့ ထမီအစိမ်းရောင်ကို ထူးထူးခြားခြားတွဲဝတ်ထားပါတယ်။သူမက ဦးမူးသာကိုမေးချင်ပါတယ်လို့ ပြောပြီး မေးခွန်းကိုစမေးပါတယ်။

မေး။ ။KIAက စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့အစီစဉ်ရှိပါသလား။ နောက်ပြီးတော့ တွေ့ပြီးလို့ ဆွေးနွေးပြီးရင်ရော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက်ရော ရအောင်ဆွေးနွေးနိုင်မယ်လို့ ထင်ပါသလား။

ဖြေ။     ။ ဦးမူးသာ- ရှိမယ်လို့ ကျနော် ယုံကြည်ထားတာပေါ့လေ၊ ဖြစ်လာတဲ့အခြေအနေပေါ်မှာတော့ ဘယ်သူမှ ပြောလို့မရဘူးပေါ့လေ၊ ကျနော့်ယုံကြည်ချက်အရတော့ ယုံကြည်ထားပါတယ်၊ အဲဒီမှာသွားဖို့ ဆိုရမှာလည်း ကျနော်တို့က လက်ရှိမှာ မြန်မာနိုင်ငံသားမဟုတ်တော့ အစိုးရက ခွင့်ပြုမှသာလျှင် ကျနော်တို့က သွားရမှာပါ။ ဟိုဘက်မှာ ရှိတဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့ သူတို့နဲ့သက်ဆိုင်တဲ့သူတွေကတော့ ဟိုဘက်ကတော့ ကျနော်တို့ကို ခင်မင်ပြီးသားပါ၊ ကျနော်တို့နဲ့ငယ်တုန်းက ကျောင်းတက်ခဲ့တဲ့ ညီအကိုတွေကပါပဲ။ သူတို့လည်း ၈ လေးလုံးကနေ ပေါက်ဖွားလာကြတဲ့ သူတွေပါ။

မေထွမ်ပြီးတော့ မေထွမ်းရဲ့ ရှေ့က မဇ္စျိမက သတင်းထောက်ပါ၊ ပြီးရင် ကျမ အလှည့်ဖြစ်ပါတယ်။ ကျမအနေနဲ့ သတင်းစာရှင်းလင်းပွဲ မတိုင်မီမှာ မေးမယ်လို့ ရည်ရွယ်ခဲ့တဲ့မေးခွန်းတွေ ရှိပါတယ်။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာမေးရခြင်းဖြစ်တဲ့အတွက် သတ်မှတ်တဲ့အတိုင်း မေးခွန်း ၂ ခုကို ခွဲထုတ်ရပါတယ်။

ကျမ သိချင်တဲ့ မေးခွန်းအချို့ကိုလည်း ရှေ့က မေးတာမှာပါသွားပြီး ဖြစ်ပါတယ်။ လောလောဆယ်အခြေအနေအရ ကျမ မေးချင်တဲ့ မေးခွန်းတွေထဲကနေ ၂ ခုကို နောက်ဆုံးအနေနဲ့ စိတ်ပိုင်းဖြတ်ပြီး ရွေးထုတ်လိုက်ပါတယ်။

ကျမရှေ့က မဇ္စျိမက သတင်းထောက်အလှည့်ရောက်ပါပြီ။

မေး။ ။ အကိုတို့က ငြိမ်းချမ်းရေးကိစ္စလည်းရှိမယ်၊ပြီးတော့ တိုင်းပြည် မြှင့်တင်ဖို့လည်း ကူညီမယ်လို့လည်း ပြောသွားတယ်၊ပြီးတော့ရတဲ့အချိန်ကလည်း ၂၁ ရက်ဖြစ်နေတော့ ကျနော် မေးချင်တာက ၂၁ ရက်အချိန်နဲ့ အမေရိကန်နိုင်ငံသားလည်း ဖြစ်နေတော့ ကူညီဖို့ ဖြစ်နိုင်ပါ့မလား။

ဒီမေးခွန်းကို ဖြေတာကတော့ဦးကိုကိုလေးက ထပြီးဖြေပေးပါတယ်။

ဖြေ။ ။ဦးကိုကိုလေး တကယ့်တကယ်တော့ ကျနော်တို့ ဗီဇာက ၇ ရက်ပဲ အချိန်ရပါတယ်၊ ဒါပေမဲ့ဝန်ကြီး ဦးအောင်မင်းက ၇ ရက်နဲ့ ဘာမှ မဖြစ်နိုင်ဘူးဆိုပြီးတော့ ကျနော်တို့ကို ၂၁ ရက်တိုးပေးလို့ ကျနော်တို့ ၂၁ ရက်နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းမှာ အစီစဉ်တွေ ရှိပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးမှုပိုင်းမှာ မူတည်ပြီးတော့ ကျနော်တို့ ဒီမှာ ခဏခဏ၀င်ခွင့်ရအောင် သူတို့ ဆောင်ရွက်ပေးမဲ့ အစီစဉ်တွေ ရှိတယ်၊ပြီးတော့ ကျနော်တို့မှ မဟုတ်ပါဘူး၊ ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်နေတဲ့ အခြားနိုင်ငံသားတွေကို ပြန်လာပြီးတော့ ဒီမှာ အခြေချပြီး စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ဖို့ Civil Society  တွေ တည်ဆောက်ပြီး ပြည်သူလူထုကို ကူဖို့၊ ခုဏ ဦးမိုးသီးဇွန်ပြောသလိုပဲ ကျနော်တို့ နိုင်ငံက တော်တော်ကြီးကို နောက်ကျ ကျန်ခဲ့တာ။ ပြည်ပက ရှိနေတဲ့ မျိုးချစ်မြန်မာတွေက နည်းပေါင်းစုံနဲ့ ထောင့်ပေါင်းစုံကနေ ၀င်လာပြီး လုပ်မလား၊ ဒီက ပြည်သူတွေကလည်း ၀ိုင်းလုပ်ရမယ်။ ဆိုတော့ ၂၁ ရက်နဲ့တော့ မပြီးနိုင်ဘူး၊ သို့သော် ပြန်လာခွင့်ရအောင် ကျနော်တို့ ဒီမှာ ရေရှည်နေထိုင်ခွင့်ပြုအောင်တော့ ကျနော်တို့လည်း တောင်းဆိုမယ်။ အခု ဒီမှာ ရှိနေတဲ့ မီဒီယာလုပ်နေတဲ့ ညီအကိုတွေနဲ့ ပြည်သူလူထုကြီးကလည်း ကျနော်တို့ကို နေခွင့်ရအောင် ပြောပေးမယ် တောင်းဆိုပေးမယ်ဆိုရင် ကျနော်တို့လို ညီအကိုမျိုးတွေ အချိန်ကြာကြာလာပြီးတော့ ကူညီနိုင်မှာဖြစ်ပါတယ်။ မဖြစ်သေးတာပဲ ရှိတယ်၊ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး လောကကြီးမှာ ကျနော်တို့ မဖြစ်ဖြစ်အောင် လုပ်ရမယ်။ဒါကတော့ ပထမဆုံး အခေါက်ဆိုတော့ ကျနော်တို့က စွန့်စွန့်စားစားလာရတယ်၊ သေဒဏ်ကျထားတဲ့ သူတွေ ဖြစ်တယ်။ အမိမြန်မာပြည်ကို စွန့်ပြီးတော့ လာတာဖြစ်တယ်၊ ဒါပေမဲ့ ကျနော်တို့တွေ စိုးရိမ်ကြောင့်ကျတာတွေက မနေ့က ၀န်ကြီးတွေနဲ့အခါမှာ ကျနော်တို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေဟာ ကွယ်ပျောက်သွားတယ်။ သူတို့တွေကလည်း ကျနော်တို့ကို ကူညီပေးမယ်ဆိုတော့ ဒီ ၂၁ ရက်နဲ့တန်အောင် ကျနော်တို့တွေ ကြိုးစားသွားမယ်။

ဒုတိယမေးခွန်းကတော့ မြောက်ပိုင်းက ကျောင်းသားတွေရဲ့ ကိစ္စပဲဖြစ်ပါတယ်။ မြောက်ပိုင်းကိစ္စ ဆိုပြီးစတဲ့ မေးခွန်းတိုင်းကို သတင်းထောက်တွေရော၊ လာရောက်နားထောင်ကြတဲ့သူတွေရော စိတ်ဝင်တစားရှိလှတာလည်း တွေ့ရပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲ မစခင်ကတည်းက မြောက်ပိုင်းကိစ္စဘယ်လို ဖြေမလဲ ဆိုတာကို သိချင်လို့ သေချာ လာနားထောင်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မေး။ ။မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ စွတ်စွဲချက်တွေလည်း ရှိနေပါတယ်ခင်ဗျာ၊အဲဒီကိစ္စကို ဖြေရှင်းချက်သော်လည်းကောင်း၊ကြေငြာချက်သော်လည်းကောင်း တစုံတရာထုတ်ဖေါ်ဖို့ ရှိပါသလားကျေးဇူးပါပဲ။

ဒီကိစ္စနဲ့ပတ်သက်တဲ့ အဖြေကိုတော့ ဦးကိုကိုလေးက ဦးထွန်းအောင်ကျော်ကို  လှည့်ကြည့်ပါတယ်  ဦးထွန်းအောင်ကျော်က ခေါင်းအသာငဲ့ပြီး စ ဖြေပါတယ်။

ဖြေ။ ။ ဦးထွန်းအောင်ကျော်- မြောက်ပိုင်းနဲ့ပတ်သက်လို့က ကျနော်က ABSDF ကို တည်ထောင်ခဲ့တဲ့ ဥက္ကဋ္ဌအနေနဲ့ရှင်းရှင်းလင်းလင်းပြောရရင် အင်မတန်ကို ကြေကွဲဝမ်းနည်းခဲ့ရတယ်၊ ခံပြင်းဒေါသ ထွက်ခဲ့ရတယ်၊ဘာကြောင့်လဲ ဆိုတော့ ABSDF ဟာကျောင်းသား တပ်မတော်ဖြစ်တယ်၊ ကျောင်းသားတပ်မတော်ဟာ ခွပ်ဒေါင်းကိစ္စနဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့တဲ့တပ်မတော်ဖြစ်တယ်။ အဲဒီတပ်မတော်ဟာ ဒီလူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ ဒီလွဲမှားတဲ့ခေါင်းဆောင်တွေရဲ့ အာဏာရှုးမှုကြောင့် နောက်ပြီးတော့အတွေ့အကြုံ မရင့်ကျက်မှုတွေကြောင့်၊ ကျနော်တို့ ABSDF တွေက အမည်းစက်စွန်းခဲ့ရတယ်၊ ဒါကြောင့်မို့ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့အမှန်တရားပေါ်ပေါက်ရေးကို ကျနော်ကိုယ်တိုင် ဦးဆောင်ပြီးတော့ပါဝင်တယ်။ အဲဒီလို အမှန်တရားပေါ်ပေါက်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့တယ်၊မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့ ခံခဲ့ရတဲ့ အသက်မသေပဲ ကျန်ခဲ့ရတဲ့ လူတွေနဲ့လည်း ကျနော်တို့ ထဲထဲဝင်ဝင် အဆက်အသွယ်ရှိပါတယ်။ သူတို့ မိဘတွေကသူတို့သားသမီးတွေရဲ့ ဂုဏ်သရေကို ပြန်ဆယ်နိုင်ဖို့ ပြည်သူတွေကြားထဲမှာ သူတို့သားသမီးတွေဟာ တော်လှန်ရေးထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ ဖြစ်တယ်ဆိုတာမျိုးဖြစ်နိုင်ဖို့၊ အသိအမှတ်အပြုခံရဖို့ကို ကျနော်တို့ ကြိုးစားပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။

အဲဒီအချိန်မှာပဲ တီရှပ်အမည်းရောင်ဝတ်ထားတဲ့  ABSDFက ရဲဘော်ဟောင်းတဦးလို့ သိရတဲ့ အမျိုးသားတဦးက တန်းစီခြင်းမရှိဘဲ တန်းစီနေတဲ့သူတွေကိုတိုးဝှေ့ပြီး ရှေ့ဆုံးကိုရောက်လာပြီး မေးခွန်းမေးဖို့ပြင်ဆင်ပါတယ်။

သူ့ကို  အခမ်းအနား စီစဉ်နေတဲ့ သူတွေကလည်း သူ့ကို တန်းစီပြီးမှ မေးပါလို့ ပြောကြတယ်၊ အဲလို ပြောလိုက်လို့ စိတ်ဆိုးပြီး အခန်းထဲကနေ ၀ုန်းဒိုင်းကျဲပြီး ထွက်သွားတယ်။ ပါးစပ်ကလည်း မင်းတို့တွေဘဲမေး၊ ဒီပွဲမှာငါတို့ကရောမေးခွင့်မရှိဘူးလားလို့ အော်ဟစ်ရင်း  ပြောသွားခဲ့တယ်။

တကယ်တော့ သူ့ကို မမေးနဲ့လို့ ဘယ်သူကမှ တားတာ မဟုတ်ပါဘူး။ မေးပါ ဒါပေမဲ့ တန်းစီပါ၊ ရှေ့ကလူတွေကလည်း တန်းစီပြီးကိုယ့်အလှည့်ရောက်မှ မေးတယ်၊ အဲလို စနစ်တကျနဲ့ တန်းစီပါလို့ ပြောတာကို လက်မခံနိုင်ဘဲ ဒေါသထွက်ပြီးပေါက်ကွဲသွားတာကိုတွေ့ရတော့လည်း အံ့သြမိပါတယ်။

ဒီမိုကရေစီလို့ ပြောတဲ့ သူတိုင်းဟာ ဒီမိုကရေစီဆိုတာကို  တကယ် နားလည် ထားရဲ့လား။
လူ့အခွင့်ရေးလို့ ပြောပြီး လူ့အခွင့်ရေး ချိုးဖောက်နေတာတွေကရော...။
လူ့အခွင့်ရေးဟာ ကိုယ့်အခွင့်ရေးပါ၊  သူ့အခွင့်ရေးတော့  မဟုတ်ဘူးလို့များ နားလည်ထားကြသလား။ ကျမ ခေါင်းထဲမှာလည်းအတွေးတွေ မေးခွန်းတွေနဲ့ပါ။

ဒီတခါမေးရမှာကတော့ ကျမ အလှည့်ပါ၊ ကျမကိုယ် ကျမ မိတ်ဆက်ပြီးမှမေးခွန်း ၂ ခုမေးဖို့ ခွင့်တောင်းပါတယ်။

မေး။ ။ အကိုတို့ကို မေးခွန်း ၂ ခုမေးချင်ပါတယ်။ အကိုတို့ ပြောစကားအရ ဆိုရင် မြန်မာပြည် ခုလို ပြောင်းလဲလာအောင် ပြည်ပနိုင်ငံမှာ နေထိုင်ပြီး မြန်မာပြည် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောပါတယ်၊ ကျမ တခုလောက်မေးချင်ပါတယ်။ ဘာကြောင့်တိုက်ပွဲဟာ ၂၄ နှစ်ကြာခဲ့ရတာပါလဲရှင့်။

ကျမ မေးခွန်းကိုတော့ ကိုရင်အေးက ဖြေပါတယ်။

ဖြေ။ ။ ကိုရင်အေး- ကျနော်တို့တွေ လိုအပ်သလောက်ကို မစွမ်းဆောင်နိုင်လို့ပါ။ ရှင်းပါတယ်။ ကျနော်တို့အားလုံးရဲ့စွမ်းဆောင်ချက်တွေဟာ အောင်မြင်မှု ရဖို့အတွက် လျော့နည်းနေခဲ့လို့ပါ။ ဒါကို ကျနော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ၀န်ခံရတာဖြစ်ပါတယ်။

ဒုတိယမေးခွန်းကတော့  ပြည်တွင်း၊ ပြည်ပက ABSDF အဖွဲ့ဝင်တွေထဲမှာ ရိုဟင်ဂျာတွေ ပါဝင်ပါသလား။ကျေးဇူးတင်ပါတယ်။
ဒုတိယမေးခွန်းကိုလည်း ကိုရင်အေးကပဲ ဆက်ဖြေပါတယ်။
ဖြေ။ ။ ရိုဟင်ဂျာတယောက်မှ  မပါဘူး။
အဲလိုဖြေပြီးတော့ ကိုရင်အေး၊ ကိုရွှေစင်ထွန်းတို့က ပြုံးကြတယ်။ ဘာကြောင့် ပြုံးရယ်ကြသလဲ ဆိုတာကတော သူတို့ပဲ သိပါလိမ့်မယ်။

တကယ်လို့ ကျမမှာသာ ဆက်မေးခွင့်ရခဲ့ရင်လည်း နောက်ဆုံးတွဲမေးချင်တာတွေလည်း ရှိနေပါသေးတယ်။ ကျန်တဲ့ မေးခွန်းတွေကိုတော့ တကယ်လို့များ သတင်းစာရှင်းလင်းပွဲ ပြီးသွားလို့ ကိုမိုးသီးဇွန်ကို အင်တာဗျူးခွင့်တောင်းပြီး မေးမယ်လို့ စဉ်းစားထားပါတယ်။

နောက်တဦးကတော့ The Trade Time ဂျာနယ်ကပါ။ မဟာနဖူးနဲ့ အကျီာင်္အမည်းရောင်ဝတ်ထားပါတယ်။

 မေး။ ။ABSDF က ခေါင်းဆောင်တွေဟာ လက်ရှိမှာ နိုင်ငံခြာသားတွေဖြစ်နေကြတော့ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေ ပွင့်လင်းနေတဲ့ အချိန်အခါမှာဘယ်လိုရပ်တည်ပြီးတော့သွားမလဲ။ နောက်ဒုတိယက တော့ မြောက်ပိုင်းကိစ္စတွေက တော်တော်နာမည်ကြီးတဲ့အခါကြတော့လေသမ္မတနဲ့တွေ့တဲ့အချိန်မှာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာသိချင်ပါတယ်။

ဖြေ။ ။ကျနော် သမ္မတနဲ့ တွေ့တဲ့အခါမှာ ဆွေးနွေးပါမယ်။ ဒီမှာ ဥပဒေရှိပါတယ်  ကျနော်တို့ ဒီလိုလာခဲ့တယ် ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ အဓိက အရေးကြီးဆုံးက ပြည်တွင်းစစ်ကြီးရပ်ဆဲဖို့ လိုတယ်၊ တနေ့ကို တပ်မတော်သား ၅ ယောက် ကျဆုံးနေပါတယ်။ တိုင်းရင်းသား ညီအကိုတွေလည်း ရာနဲ့ချီပြီး ဆုံးနေပါတယ်။ ဒုက္ခတွေရောက်နေပါတယ်။ ပြည်တွင်းစစ်ကြီးကို ရပ်ဆိုင်းဖို့ လာခဲ့ကြတာပါ၊ သက်ဆိုင်ရာ လူကြီးတွေကိုတင်ပြပါမယ်လို့ ကျနော့်အနေနဲ့ ဒါပဲ ပြောချင်ပါတယ်။

အဲဒီမေးခွန်းကိုပဲ ဦးထွန်းအောင်ကျော်က ထပြီး ဆက်ဖြေပါတယ်။

ဖြေ။ ထွန်းအောင်ကျော်- ခုဏ ကိုမိုးသီးဇွန်လည်း ပြောသွားပြီးပါပြီ။ ကျနော်တို့အနေနဲကလည်း  PR –( Permanent  Resident) ရအောင် လုပ်ပေးမယ်လို့လည်း လူကြီးတွေကလည်း ပြောသွားတယ်။  ခင်ဗျားတို့လို ပညာတတ်တွေ လိုတယ်၊ ကျနော်တို့ တိုင်းပြည်မှာ ရှင်းရှင်း ပြောရရင်တော့ capacity ရှိတဲ့သူတွေ နည်းနေတယ်။ ၀ိုင်းကူကြဖို့ပါ၊ ခင်ဗျားတို့ ဒီမှာလာပြီးတော့လည်း PR ရအောင် ကျနော်တို့ ကြိုးစားနေပါတယ်လို့ ဆိုတယ်။ ကျနော်တို့ ဘယ်လိုသွားမလဲ ဆိုတော့ အဲဒီလို တရားဝင်နေထိုင်ခွင့်ရတဲ့ အချိန်မှာ ပိုလုပ်နိုင်မယ်။ ကိုကိုလေး ပြောသွားသလိုပေါ့ ၂၁ ရက်အတွင်းမှာ ၂၁ ရက်နဲ့ တန်အောင် ကျနော်တို့ကြိုးစားမှာဖြစ်တယ်။ ABSDF နဲ့ပတ်သက်လို့လည်း အခုခေါင်းဆောင် ကိုသံခဲတို့လာရောက်တဲ့အခါမှာ ခင်ဗျားတို့ မေးနိုင်ပါတယ်။

နောက်တဦးကတော့အမျိုးသမီးတဦးပါပဲ။ ဘယ်ဂျာနယ်က ဆိုတာကို ကြေငြာသွားတာတော့မသိလိုက်ရပါဘူး။

မေး။ ။ အမေရိကန်နိုင်ငံသားဆိုတဲ့ အခြေအနေကိုစွန့်ပြီးတော့မြန်မာနိုင်ငံသားဖြစ်အောင်လုပ်ဖို့ အချိန်ဘယ်လောက်လောက်ကြာမလဲရှင့်။
ဖြေ။ ။ ဦးကိုကိုလေး- ကျနော်တို့ကလေ ကျနော်တို့ရဲ့ ဆန္ဒနဲ့ဖြစ်နေတာပေါ့နော်၊ လက်ရှိ အစိုးရရဲ့ အနေအထား သဘောထား၊  လက်ရှိ ဥပဒေ အဲဒီပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ တွေကတော့ ရောက်လာပါပြီ၊ တုန်းတိုက်တိုက်ကျားကိုက်ကိုက်ပါ၊ ကျနော်တို့ဘက် အခြမ်းကတော့ပြီးပီလို့ထင်ပါတယ်။

နောက်တဦးကတော့ ဆံပင်ကိုစည်းထားတဲ့ တီရှပ်ဝတ်ပြီး ကျောပိုးအိတ်လွယ်ထားတဲ့ သတင်းထောက်တဦးပါ။ အမည်ကိုတော့ကျမ မသိပါဘူး။

မေး။ ။ မြောက်ပိုင်းကိစ္စအတွက် တခုခုများ သမိုင်းအမှန်ကို ဖော်ထုတ်ဖို့အတွက် အားလုံးညှိုနှိုင်းပြီး သမိုင်းမှန်ကို ချန်ခဲ့နိုင်မလား။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ
မေသင်္ကြန်ဟိန်(မြစ်မခ)