ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင်အား တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုဖြင့် ထပ်မံစွဲချက်တင်။..။













အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုအား အင်းစိန် အကျဉ်းထောင် တရားရုံးမှာ ယနေ့ထပ်မံ စစ်ဆေးခဲ့ပြီး တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု (၂၄-၁)ဖြင့်ထပ်မံ စွဲဆိုလိုက်ကြောင်း ကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ကိုညီညီအောင် ရဲ့အမှုကို အင်းစိန်ထောင်တွင်းရှိ တောင်ပိုင်းခရိုင်တရားရုံးမှာ မနက်(၁၀)နာရီ ကနေ (၁၂)နာရီ အချိန်ထိ ကြားနာစစ်ဆေးပါတယ်။ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ အမေရိကန်(ဒု)ကောင်စစ်ဝန်ရယ် သွားရောက်ခဲ့ပါတယ်။ ဒီနေ့ကိုညီညီအောင်ကို ဒီနေ့အမှုတစ်ခုနဲ့ ထပ်စွဲချက်တင်ပါတယ်။ ပုဒ်မ(၂၄-၁)နိုင်ငံခြားငွေလက်ဝယ် ကိုင်ဆောင်မှုနဲ့ပါ။ အရင်(၂)မှုဖြစ်တဲ့ လိမ်လည်မှု ပုဒ်မ ၄၂၀၊ မှတ်ပုံတင် ကပ်ခွာလုပ်မှု ပုဒ်မ ၄၆၈ အပါအဝင်(၃)မှုပေါ့။ နိုင်ငံခြားငွေလက်ဝယ် ကိုင်ဆောင်မှုဆိုတာ လေဆိပ်ရောက်ရင် declare လုပ်ရတယ်ပေါ့၊ ဒါပေမယ့် သူ declare လုပ်ဖို့ အချိန်ရမရ ၊ declare မလုပ်ခင်မှာ အဖမ်းခံရတာလား ဆိုတာနောက်မှ မေးမြန်းကြည့်ရမှာပါ။

ကိုညီညီအောင်အမှုကို အပတ်စဉ် သောကြာနေ့တိုင်း ကြားနာစစ်ဆေးမယ် လို့တရားရုံးကပြောပါတယ်။ သူ့အမှုတွဲကို တနလာင်္နေ့မှာ ကြည့်ပြီးရင် လိုအပ်ရင်သူနဲ့တွေ့ဖို့ တောင်းဆိုပါမယ်။ ဒီနေ့ရုံးရှေ့မှာတော့ ကိုညီညီအောင်နဲ့ ခဏစကားပြောခွင့်ရပါတယ်။ ကိုညီညီအောင် ကျန်းမာရေးကောင်းပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ သူ့အဒေါ်တွေနဲ့ တွေ့ခွင့်ရပါတယ်။ တရားလိုသက်သေတွေ အားလုံးစစ်ဆေးပြီးရင် ကိုညီညီအောင်ကို စစ်ဆေးပါလိမ့်မယ် "။ ဟုအကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပြီး ယခုတဖန် တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု (၂၄-၁)ဖြင့်ထပ်မံ စွဲဆိုထားပါတယ်။ အင်းစိန်ထောင်၌ အဖမ်းဆီးခံထားရသော ကိုညီညီအောင်အား ဆွေမျိုးများမှ တွေ့ခွင့်ပြုရန် အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း တွေ့ခွင့် မရခဲ့ပဲ အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ရောက်ရှိသည့် ပြီးခဲ့တဲ့ အင်္ဂါနေ့က မှ အဒေါ်ဖြစ်သူများနှင့် တွေ့ခွင့် ပြုခဲ့ပါတယ်။ ....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။


..ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အယူခံအမှုနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဒီနေ့စာတင်ထားပါတယ်။ နောက်တပါတ်မှာ တွေ့ခွင့်ရပါမယ်။ ဟု ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါတယ်။

သတင်း ...ဒီမိုဝေယံ