ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေများ ထပ်မံတွေ့ခွင့်ရမည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ အမှုအတွက် အကျိုးဆောင် ရှေ့နေ(၄)ဦးလုံး ယနေ့ နေ့လည် (၁)နာရီမှ (၃)နာရီအထိ တွေ့ခွင့်ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

“ ဒီနေ့ အန်ကယ်တို့ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ဗဟိုတရားရုံးအယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရခဲ့ပါတယ်။ အဓိကကတော့ အယူခံကိစ္စအတွက် တွေ့ဆုံခဲ့တာပါ ”“ အန်ကယ်တို့ ရှေ့နေ ၄ ဦးလုံး တွေ့ခွင့်ရခဲ့ပါတယ် ”

“ ဒေါ်အောင်ဆန်းစုကြည်က အခု အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လာတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အသေးစိတ်တော့မပြောပါဘူး။ အကြမ်းအားဖြင့်တော့ ပြောပြပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံအရေးနဲ့ပတ် သတ်ပြီး စေတနာလဲရှိကြပါတယ်။ အားကြိုးမာန်တတ်လဲ ဆောင်ရွက် ပေးကြပါတယ်။ အခုလို ဧည့်သည်တွေ နဲ့ တွေ့ဆုံခွင့်ရဖို့ စီစဉ်ပေးခဲ့တဲ့ နအဖကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ အသေးစိတ်ကတော့ မပြောပါ ဘူး။ ကျန်တဲ့ဟာကတော့ အမှုကိစ္စတွေပဲ ဆက်လက်ပြောခဲ့ပါတယ်။ နောက်ထပ် မနက်ဖြန်၊ သဘက်ခါ ထပ်တွေ့ ဖို့လဲ အစီအစဉ်ရှိပါတယ်။"

ဆက်လက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာခင်မှာ လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း နအဖ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်ဖြစ်သူ ဦးမင်းလွင်မှ မနီလာလေဆိပ်တွင် AP သတင်းဌာနသို့ ပြောကြားသွားတာနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ " အဲဒါနဲ့ ပတ်သတ်ပြီး အန်ကယ်တို့ ဘာမှမှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာမှညွှန်ကြားချက် ပေးထားတာလည်း မတွေ့ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီသတင်းမှန်ပါစေလို့ ဆုတောင်းပါတယ်... ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုသွားပါတယ်။

သတင်း..ဒီမိုဝေယံ။...။