ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံ (ဧရာဝတီသတင်းဋ္ဌာန)

Wednesday, 16 December 2009 12:16 ကိုထွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင် ၃ ဦးတို့ ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြောင်း NLD ကပြောသည်။

NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် အသက် ၉၂ နှစ်ရှိ ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအ၀င် အသက် ၈၆ နှစ်ရှိ အတွင်းရေးမှူး ဦးလွင်၊ အသက် ၈၈ နှစ်ရှိ အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခြင်း ဖြစ်သည်။

ယနေ့ နံနက် ၁၁နာရီမှ ၁၂ နာရီ အထိ ၁နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းCEC ၃ ဦးတို့သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံကြသည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“၁ နာရီကြာ တွေ့ရတယ်လို့ သိရတယ်၊ အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် တို့၏ သဘောထားများကို ပြီးခဲ့သော ရက်ပိုင်းက သွားရောက်မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ CEC ၃ဦး နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ် နေခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ယင်း CEC ၃ ဦးကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။

ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

သို့သော် ယင်းတွေ့ဆုံခွင့်နှင့် ပတ်သက်၍ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခြင်းကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။
source http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2283:2009-12-16-05-20-08&catid=1:news&Itemid=2