ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အထက(၃)သာကေတမှ အဋ္ဌမတန်းကျောင်းသူလေးရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်....


ဒီသတင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်း နေသော်လည်း တကယ့် တကယ်တော့ ဒီသတင်းက ဟုတ်မှန်လေတော့ မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာ ရင်ထုမနာ ဖြစ်မိတယ်။ သမီးဒီလို အသက်ဆုံးသွားတာ သမီးကတော့ မှန်တယ်ယူဆ ဆုံးဖြတ်လိုက်တာပေါ့။ ဒါပေမဲ့ သမီးရယ် သမီးလေးအသက်က (၁၄)နှစ်၊ စာကလည်းတော်၊ နောင်တစ်ခေတ် တိုင်းပြည်ရဲ့ သမီးကောင်းရတနာ တစ်ယောက် အနေနဲ့ တိုင်းပြည်တာဝန် မထမ်းဆောင်လိုက်ရဘဲ စောစောစီးစီး အသက်စွန့်လွှတ်သွားတော့ ချစ်တဲ့မိဘနှစ်ပါးရယ်၊ မောင်နှမ(၄)ယောက်ရယ်၊ ချစ်တဲ့ ဆရာ၊ဆရာမတွေရယ်၊ ချစ်တဲ့သူငယ်ချင်း ကျောင်းသူ၊ ကျောင်းသားတွေရယ် အားလုံး ဝမ်းနည်းစရာ ဖြစ်ခဲ့တယ်။

သမီးအရွယ်က အပျိုဖော်ဝင်ကာစ စိတ်ကစားတတ်တဲ့အရွယ်လေ။ ကျောင်းသူ၊ ကျောင်းသားအချင်းချင်း ချစ်စဖွယ်ကဗျာ၊ ချစ်စဖွယ်စာညွန့်၊ ချစ်စဖွယ်စာအလင်္ကာ၊ ကျောင်းသားလေးက ကျောင်းသူလေးအလှကိုစာဖွဲ့အမွှန်းတင်၊ ကျောင်းသူလေးက ကျောင်းသားလေး စာတော်ကြောင်း၊ ယောက်ျားပီသကြောင်း၊ အသားဖြူ၊ ရုပ်ချော၊ ချစ်စဖွယ်၊ ယောက်ျားပီသကြောင်း တစ်ဦးကိုတစ်ဦး စာအုပ်ကလေးနဲ့ လက်ဆင့်ကမ်း ရေးဖွဲ့ကြတာ အပြစ်ဖြစ်ရလားသမီးရယ်။ လူ့လောကကြီးကို စော်ကားမိလို့လား၊ တရားဥပေဒကို ဖောက်ဖျက်မိလို့လား။ အခုလို နာကျည်းချက်တွေနဲ့ သမီးကိုယ်သမီး အဆုံးစီရင် သွားတာကို ကြားရသူတို့ ယူကြုံးမရဖြစ်ကြရတယ်။

နိုဝင်ဘာ(၉)ရက်၊ မနက်(၇)နာရီမှာ သမီးလေးနဲ့ကျောင်းသွား သူငယ်ချင်းတွေက မြကန်သာ ရေကန်ကြီးရဲ့ ကန်ဘောင်မှာ သမီးလေး ကျောင်းသွားနေကျ၊ ကျောင်းလွယ်အိတ်၊ ကျောင်းသားမှတ်ပုံတင်ကဒ်၊ ဖိနပ်တွေ့တော့ အားလုံးက သမီးအိမ် လာပေးကြတယ်။ သမီးလေးသတင်း ကြားလျှင်ကြားချင်းပဲ သမီးဖေဖေဟာ အရူးလိုပဲ ရေကန်ဆီပြေးပြီး ရေကန်ကြာရွက်တွေ ရေပလုံစီနေတဲ့ နေရာကို ရေမကူးတတ်တဲ့ သမီးဖေဖေ သမီးလေးဇော နဲ့
(၉)ပေကျော်နက်တဲ့ ရေကန်ထဲ ခုန်ဆင်းပြီး သမီးအသက်ကို ကယ်ဆယ်ပေးခဲ့တယ်။ သမီးကိုရှာတွေ့တော့ သမီးက အသက်မရှိတော့ဘူး။ ဖြစ်ရလေသမီးရယ်။ သမီးလည်း ဘဝဆက်တိုင်း ဒီအဖြစ်မျိုး မကြုံပါစေနဲ့ကွယ်။ သမီးသူငယ်ချင်းတွေ၊ အဋ္ဌမတန်းက သူငယ်ချင်းတွေက ဆုတောင်း အမျှပေးနေကြပါတယ်။ သမီးလေးရေ သမီးလေးရေ အမျှ၊ အမျှ၊အမျှနော်။ သာဓုခေါ်နော် သမီး။ ရန်ကုန် သာကေတမြို့နယ်၊ (၄)တောင်ရပ်ကွက်ရှိ ရေကန်အကျယ် ပေ(၁၆ဝဝ)၊ အနက်(၉)ပေရှိ မြကန်သာ သောက်ရေကန်ကြီးထဲမှာ ကွယ်လွန် ဆုံးပါးသွားရှာတဲ့ ကျောင်းသူလေး မဇင်မာဦး (၈)တန်း ကျောင်းသူလေး၏ ရင်နင့်ကြေကွဲဖွယ် ဖြစ်ရပ်ကို
လျှပ်တစ်ပြက်ဂျာနယ်မှ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

မဇင်မာဦး(၁၄)နှစ် အဋ္ဌမတန်း(အီး)အထက(၃)၊ သာကေတကျောင်းသူလေး၏ ဖခင်ဦးလှရွှေ အမှတ်(၆၁၅) ပြည်တော်ညွန့်လမ်း၊ (၄/တောင်ရပ်ကွက်)၊ သာတေကနေသူ က သူ့ရဲ့သမီးလေး ရေတိမ်နစ်ရခြင်း အကြောင်းကို လျှပ်တစ်ပြက်သို့ ရှင်းပြရာမှာတော့ ''ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားလေးတွေက ဒိုင်ယာရီလေးတွေ၊ ကဗျာဆန်ဆန် တစ်ဦးနဲ့တစ်ဦး 'ရေးပေးပါ'ဟု လက်ဆင့်ကမ်း မှတ်တမ်းစာလေးတွေ ရေးတတ်ကြပါတယ်။ အဲဒီဒိုင်ယာရီမှာ အဋ္ဌမတန်း(အေ)အခန်းက မောင်မြတ်သူဆိုတဲ့ ကောင်လေးက ကျွန်တော့် သမီးလေး ဇင်မာဦးကို ချောကြောင်း၊ လှကြောင်း၊ ချစ်စရာကောင်းကြောင်း ဒီဒိုင်ယာရီ လေးမှာရေးထားတယ်။ ရေးထားတာကို သူ့သူငယ်ချင်းတစ်ယောက်က ယူဖတ်နေတာကို ဆရာမတစ်ယောက်က မိသွားတယ်။ ကျောင်းခန်းထဲက ကျောင်းသားလေးတစ်ယောက် ထပြီး စာပါအကြောင်းအရာတွေကို ကျောင်းသား၊ ကျောင်းသူတွေကြားမှာ အော်ဖတ်ခိုင်းလိုက်တယ်။ သမီးရဲ့(အီး)တန်းမှာဖတ်ပြီးတာနဲ့ (အေ)တန်းက မောင်မြတ်သူအခန်းမှာ လည်းသွားဖတ်ပြန်တယ်။ ဒီလိုလိုက်ဖတ်ပြနေတော့ ကလေးက ရှိုက်ကြီးတငင်ငိုတယ်လို့ သိရတယ်'' ဒီဖြစ်ရပ်က နိုဝင်ဘာ(၆)ရက်၊ သောကြာနေ့ ညနေ့က ဖြစ်ခဲ့တာ။ ဆရာမက ဆက်ပြီး ''နင် တနင်္လာနေ့ (၉)ရက်နေ့ကျရင် မိဘတွေကို ခေါ်လာခဲ့၊ ခေါ်မလာရင် ကျောင်းဝင်းထဲ ခြေမချနဲ့ ဇင်မာဦး၊ ကျောင်းကိုလာတာ စာသင်ဖို့လာတာလား၊ လင်ယူဖို့လာတာလား'' လို့ မေးတယ်ဆိုပြီး ကျောင်းသူတစ်ဦးက ပြန်ပြောပြပါတယ်။

*နောက်ဆုံး နှုတ်ဆက်လက်ဆောင်ပေးခဲ့ *
ဆက်လက်၍ ဇင်မာဦးမိခင်ဖြစ်သူ ဒေါ်ညွန့်ရီက ပြောကြားရာတွင် ''အဲဒီဖြစ်တဲ့ သောကြာနေ့ညနေ ကျောင်းဆင်းခါနီးမှာ သမီးက သူငယ်ချင်းတွေကို ငါ့ရဲ့ဘောပင်၊ ခဲတံ၊ ကွန်ပါဘူးကအစ လိုချင်တာယူကြပါ၊ ငါ့ရဲ့ နောက်ဆုံး လက်ဆောင်ပဲ။ တနင်္လာနေ့ကစပြီး ငါကျောင်းမတက်တော့ဘူး။ ငါ့ကိုတွေ့ချင်ရင် ရေကန်ကိုလာခဲ့ကြ။ ရေကန်မှာ ငါ့သူငယ်ချင်းတွေကို ငါစောင့်နေမယ်။ ရေလည်းလာကူးကြပါ ကြပါလို့ မှာခဲ့တယ်လို့ သူ့သူငယ်ချင်း မခင်ဝင်းမြင့်က ပြောပြလို့သိရတယ်။ သမီးက ဆက်ပြီး ငါအရှက်ကြီး ရှက်ခဲ့ရတဲ့အတွက် ငါ့အသက်ကို ပေးဆပ်မယ်လို့ ပြောခဲ့ပါတယ်။ ဇင်မာဦးဟာ ကတိတည်တယ်။ ပြောတဲ့အတိုင်း လုပ်တတ်တယ်။ တည်ကြည်တယ်။ စာတော်တယ်။ ချောတော့ ကျောင်းသားတိုင်း ချစ်ခင်တယ်'' လို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။ သမီးဇင်မာဦးရဲ့ သူငယ်ချင်းကျောင်းသူ မမေသရဖူက အချစ်တင်စားတဲ့ ကဗျာနဲ့ စာညွန့်မိပြီး အတန်းထဲက စာဖတ်ခိုင်းတဲ့ဆရာမက ''ဇင်မာဦးက သူ့စာဖတ်ပြလို့ အရှက်ကြီးပြီး သူ့ကိုယ်သူ အဆုံးသတ်သွားတာ ဖြစ်မှာပါ''လို့ပြောပြီး အတန်းထဲမှာ တရှုပ်ရှုပ်ငိုနေတာ ကြည်မြင်နေရတော့ ဆရာမကိုသနားပြီး သမီးတို့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပြတာ သိရပါတယ်။ ဖခင်ဖြစ်သူ ဦးလှရွှေက ဆက်လက် ပြောကြားရာမှာ ''နိုဝင်ဘာ (၉)ရက်သေတဲ့နေ့မှာ သာကေတရဲစခန်း၊ စခန်းမှူးက ခေါ်လို့ သွားခဲ့ရတယ်။ ဒီဖြစ်ရပ်ကို တိတိကျကျသိချင်လို့ ဇင်မာဦး သူငယ်ချင်းတွေ တွေ့ဆုံမေးပေးဆိုလို့ ကျောင်းသားတွေဆီ သွားမေးတော့ မိဘတွေက သူတို့သားသမီးကို အတွေ့မခံဘူး။
ဆရာမတစ်ယောက်က ''နင်တို့တွေ့တာ မြင်တာပါးစပ်ပိတ်ထား၊ နင်တို့ သက်သေတွေဖြစ်ပြီး ရုံး၊ဂတ်လိုက်ရမယ်'' လို့ပြောလို့ ကလေးတွေက ကျွန်တော့်ကို ဘာမှလည်းမပြော၊ အတွေ့လည်း မခံကြတော့ဘူး။ ကျွန်တော့် ဆန္ဒသဘောပြောရရင် နောင်မှာအလားတူကိစ္စတွေ၊ သားကောင်းရတနာတွေ မဆုံးရှုံးရအောင် သမီးလိုအဖြစ်မျိုး မဖြစ်ကြစေဖို့ ဆုတောင်းရင် သမီးလေး ကောင်းရာသုဂတိ ရောက်ပါစေ၊ အတုံ့အလှည့်ရှိလည်း ကျေပါစေ။ ဘဝဆိုးကြမ္မာဆိုးတွေနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်လို့ ဝမ်းနည်းသံနဲ့ ဝမ်းနည်းစကား ဆိုလိုက်ပါကြောင်း။

(သွန်သင်ဆုံးမမှု နည်းလမ်းမမှန်တဲ့ လုပ်ရပ် တခုကြောင့် အနာဂတ်ရဲ့ အဖူးအပွင့် သားကောင်းရတနာတွေ ဆုံးရှုံးရတာဟာ အင်မတန်မှ ကြေကွဲစရာကောင်းပါတယ်...။ နောက်တခုက ဆရာမတွေရဲ့ အကြောက်တရားတွေနဲ့ တပည့်တွေကို အမှန်တရားတွေကို မပြောရဲမဆိုရဲအောင် ပိတ်ပင်တဲ့ လုပ်ရပ်တွေကလည်း အနာဂတ် မျိုးဆက်တွေ အတွက်ရင်လေးစရာပါပဲ...)..

ပေးပို့လာသူ ညီငယ်အာကာ...