ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမွေးနေ့.....(အမှတ်တရ)

မိုင်းဆတ်ထောင်၌ စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်း ခံထားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် တကွနိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်မြောက်နိုင်ပါစေ.....
k6
k7
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရေးသားတဲ့ လားရာဆိုတဲ့ ဝတ္ထုပါ....

လားရာ


“ဂျိုင်း” ကနဲ တံခါးပိတ်သံ၊ မင်းတုံးထိုးသံ၊ သောခတ်သံ မက်တဲလစ်သံတွေ။
သံစဉ်မညီ၊ နာရီမရှိ၊ စည်းချက်မကျ၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ
ခါတိုင်း စာကားသိပ်များလေ့ရှိတဲ့ အခန်းဖေါ်က ရုတ်တရက် စူးစမ်းတဲ့အကြည့်
ချက်ခြင်းသဘောပေါက်သွားတဲ့ဟန်၊ သက်ပြင်းချ၊ တိတ်ဆိတ်။
ပြန်လာကတည်းက ဘာမှမပြောဖြစ်၊ ပြောချင်စိတ်လည်းမရှိ။
ပရိသတ်အမြင်မှာ တည်ငြိမ်ကြံ့ခိုင်သယောင်၊ တကယ်က ရုပ်နဲ့နာမ် မကပ်တာ၊
အခန်းထဲပြန်အရောက်၊ အိပ်ယာနေရာပေါ်လှဲချ။
လက်ထဲက ယပ်တောင်ကို တွေတွေကြီးငေးကြည့်နေမိ၊
ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ခတ်ပစ်လိုက်ဘို့မကြိုးစားတော့၊
ကျပါစေလေ၊ လွတ်လွတ်လပ်လပ်ကြီးစီးပါစေတော့။
တိတ်ဆိတ်အခန်းငယ်ထဲ
မြေဆွဲအားကိုဆန့်ကျင်နေတဲ့ အိမ်မြှောင်ငယ်က “စုတ်“တသတ်သတ်၊
ရင်းနှီးနေကြ မျက်နှာကြက်ညစ်ထပ်ထပ်ကို နော့အကြည့်၊
တအိအိပြိုကျလာသလို။
………………………………………………………………………………………………………….
“မေမေ အဲဒီမှာရပ်နေ
သားလာခဲ့မယ်”
“မှုတ်ဘူး၊ မှုတ်ဘူး ခုနနေရာကိုပြန် သွား၊ သားလာကြိုမယ်”
“သားရယ် မေမေခေါင်းပေါ်က အထုတ်ကြီးနဲ့ သားရဲ့”
“မရဘူး၊ ပြန်သွား၊ ပြန်သွား၊ သားလာကြိုမယ်လို့ ပြေနေတဲ့ဟာကို”
“ကဲ ကဲ သားကျေနပ်အောင် ပြန်သွားပြီ ဟုတ်ပလား”
“သားကလေ မေမေကိုသိပ်ဆိုးတာဘဲ၊ မောလိုက်တာသားရယ်”
ဆိုတယ်သာပြောတာ မေမေ့မျက်နှာက ပြုံးလို့၊
ခေါင်းပေါ်က အထုတ်ကြီးကိုချ၊ သားကိုပွေ ဖက်နမ်း၊ သားလက်ကိုစွဲပြီးအိမ်ပြန်။
လမ်းထဲက.. ဒီသားအမိကိုကြည့်ပြီးသဘောကျ ကြ၊
မေမေက ပုတက်တက်နဲ့ ဘယ်သူကိစ္စဖြစ်ဖြစ် လက်မနှေးတမ်းကူညီတက်သူ၊ လူချစ်လူခင်များတဲသူ။
ကျွန်တော်တို့အိမ်ကတောင်ဥက္ကလာမှာ၊
ကတ္တရာလမ်းမကြီးတစ်ခုကနေ ချိုးဝင်ရတဲ့လမ်းသွယ်လေး၊
မေမေပြန်လာမယ့်အချိန် ညနေစောင်းဆိုအိမ်ရှေ့ကနေ လမ်းချိုးလေးကိုမျှော်နေတာ
မေမေအဝတ်ထုတ်ကြီးရွက်ဝင်လာတာတွေ့တာနဲ့ ထွက်ကြိုနေကြ၊
အဝေးကနေ အော်ပြီးပြေးကြိုတာ၊ ရောက်တဲ့နေရာမှာ ရပ်နေမှ၊ ကိုယ်တိုင်လာကြိုမယ်ပေါ့။
မေမေကလဲ သားလာကြိုတာတွေ့လို့ ဆက်လျှောက်လာရင်..
မရဘူး၊ လာကြိုမယ်လို့ အော်ထားတုံးက နေရာပြန်သွား… အဲဒီနေရာမှာဘဲ လာကြိုမယ်၊
ဒါဆို ဒါမှ ဇွတ်…
အဲဒီတုံးက မေမေနှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာခွဲစိတ်ကုသပြီး ပြန်ကောင်းလာတဲ့အချိန်၊
မေမေ့ပေါင်ပေါ် ခေါင်းတင်းရင်း အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည့်ဘူးတယ်။
ရင်သားအေက်မှာ တစ်ပေလောက် ကင်းခြေများကြီးတစ်ကောင် ကန့်လန့်ဖြတ်ကပ်နေသလိုကြီး၊
တရုတ်ဗမာအရေးအခင်းဖြစ်နေတဲ့အချိန်၊
ဆေးရုံပေါ်မှာချည်း ခြောက်လလောက်ကြာတယ်၊
ညီးလေးက အခါလည် မရှိတရှိ၊ နို့ဘူးတိုက်ပြီးအဘွားနဲ့ ထားခဲ့ရတာ၊
နှလုံးခွဲစိတ်မှုကခေတ်ဦး၊ အဖိတ်အစင်တွေကလဲရှိ၊
ကံကောင်းထောက်မစွာဘဲ မေမေတစ်ယောက် လူကောင်းလို ပြန်ပြီး လုပ်နိုင်ကိုင်နိုင်လာတယ်၊
ဖေဖေက လက်နှိပ်စက် စာရေး၊
ခွဲစိတ်ပြီးကောင်းလာတာနဲ့ မိသားစုဝင်ငွေ အတွက်တဘက်တလမ်းက ရှာရတော့တာ၊
(၃၈)လမ်းဈေးက မေမေအစ်ကြီးဆိုင်မှာ ပါတိတ်အဆင်ဒီဇိုင်းမျိုးစုံလက်ခံ၊
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ ပါတိတ်ခုံတွေမှာ ဒီဇိုင်းစုံမယ်၊ နံပါတ်တွေနဲ့ လိုက်အပ်၊
အဲဒီအချိန်ကပေါ်ပလင်၊ အနားပြာပိတ်အဖြူတွေကို ပါတိတ်ဆေးရိုက်ပြီး လုံချီ၊ အင်္ကျီချုပ်ဝတ်ကြတာ၊
ခုခေတ်လို နိုင်ငံခြားကမဝင်ဘူး။
အဲဒီအပ်ထည်တွေကို အပေါ်အဝရှုံ့ကြိုးတက်ထားတဲ့ အဝတ်အိပ်အစိမ်းကြီးထဲထည့်၊
ပါတိတ်ရုံတွေမှာ ပိတ်စနဲ့ အပ်ထားတဲ့ ဒီဇိုင်းနံပါတ်တွဲပြီးအပ်၊ ပြီးတာတွေ ပြန်ထည့်၊
အဲဒီအဝတ်ရှုံ့အိပ် အစိမ်းကြီးရွက်ပြီး
ညနေစောင်းအိမ်ပြန်လာတဲ့မေမေ့ကို
“မေမေ… အဲဒီမှာရပ်နေ
သားလာခဲ့မယ်“
…………..x…………..x………………x……………….+…………..
“သား…ရော့.. အောက်ကခေါင်းမု(ခေါင်းခု) လေးခံပြီးရွက်၊
သွားနှင့် မေမေလိုက်ခံမယ်”
Page two
ပုဆိုးဟောင်းတထည်ကို ကရွတ်ခွေပြီး ခေါင်းခုလေးလုပ်ပေးတယ်၊ ပြီးတော့..
ချဉ်ပတ်ဇလုံခေါင်းပေါ်တင်၊ ဘောက်ဆတ်ဘောက်ဆတ်နဲ့ မနက်စောစော နန္ဒဝန်ဈေးမှာ ဆိုင်ဖွင့်ဘို့၊
မေမေကလဲ ဇလုံတလုံးရွက်လို့ နောက်ကလိုက်လာ၊ နှစ်ခေါက်.. သုံးခေါက်၊
ဇလုံတွေ သူ့နေရာနဲ့သူချ၊ ခင်ကျင်းပြီး အိမ်ပြန် ရေမိုးချိုး ပြီးမှ ကျောင်းတက်ရတာ၊
မှုလတန်းကျောင်းက အိမ်နဲ့ဈေးကြား၊ အိမ်နဲ့နှစ်လမ်းဘဲ ခြားတယ်၊
အထက်တန်းကျောင်းရောက်တော့လဲ လမ်းထိပ်တင်၊ အော်ခေါ်ရင် ကြားရတဲ့နေရာ၊
ချဉ်ပတ်က အရင်က အဘွားရောင်းတာ၊ ခြေထောက် သံဆူးလို့
မေမေက ခဏ ဆိုင်ကူထွက်ပေးရင်းနဲ့ ချဉ်ပတ်သည်ဖြစ်ကရော ဆိုပါတော့။
သူငယ်ချင်းတွေက နောက်တယ်… “ချဉ်ပတ်” တဲ့။
ဘာဖြစ်သေးလဲ “ချဉ်ပတ်“ ပေါ့။
ဖေဖေကလဲ တောင်ဥက္ကလာအိမ်ကနေ အလုံသစ်လုပ်ငန်းဌာနကို တခါတလေ စက်ဘီးနဲ့ ရုံးတက်တယ်၊
အပြန်စက်ဘီးနဲ့ ဟင်းကလာရွက်တွေ ပုဆိုးနဲ့ထုတ်ပြီး တင်လာတာ
ပုဆိုးတထည်ကို အောက်က စုချည်၊ ပြောင်းပြန်လှန် ဟင်းကလာ အချိန်တစ်ဆယ်ထည့်၊
ထိပ်ကနေချည်၊ စက်ဘီးနောက်ခုံပေါ် ကြိုးနဲ့ သေချာတုတ်ပြီး နင်းလာရတာ၊
အဲဒီတုံးက အလုံအမှိုက်ပုံပေါ်မှာ ဟင်းကလာစိုက်ရောင်းတဲ့ သူတွေရှိတယ်၊
မြေသြဇာကကောင်းတော့ သန်မှသန်
ဟင်းကလာချဉ်ပတ်ကလဲ လူကြိုက်များမှများ
ချဉ်ပတ်ကလဲအစုံ ပဲပင်ပေါက်၊ မုန်လာဥသတ်သတ်၊ အပင်နဲ့ဥတွဲရက်၊ ငှက်ပျောအူ၊ ငှက်ပျောဖူး၊ ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး၊ သရက်ကင်း၊ ကတက်၊ သရက်သီးဆားစိမ်၊ ပိုးတီ..
အို.. စုံတကာကို စေ့လို့။
ပင်ပမ်းတာကတော့ တကယ့်ကို ဒါပေမဲ့ မိသားစု လက်ရေတပြင်တည်းလေ။
အဲဒီဘဝလေး ခုပြန်တွေးတာတောင် ပျော်တုန်း။
နောက်တော့..
ချဉ်ပတ်ကနေ မေမေလက်ငုတ် အထည်ဆိုင်ပြန်ဖွင့်တယ်၊
ဒါးစက်လိုက်တယ်၊ ဘီတင်ပန်းလိုက်တယ်၊ မိမ္မဝတ်၊ ခလေးဝတ် လက်ခံတယ်၊ ချုပ်ရောင်းတယ်၊ စက်ချုပ်ဆိုင်တွေက ကိုယ်ပိုင်ဒါးစက်၊ ဘီတင်စက် မထားကြသေးဘူး၊ အငှားလိုက်ရတာ၊
ဖေဖေအလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်၊ တော်ရုံစက်ပျက်ရင် ဖေဖေဘဲ ပြင်တာ၊
ညီလေးလဲအရွယ်ရောက်ပြီ။
ကြုံတဲ့သူ ဒါးစက်ဝင်လိုက်၊ ဘီတင်ဝင်လိုက်၊ စက်ချုပ်ပစ္စည်းမျိုးစုံရောင်း၊
မိသားစု စည်းလုံးလုံး၊
တခရီးတည်း ဦးတည်ရာတစ်ခုတည်း၊
မေမေနဲ့အတူ ဆိုင်ဖွင့်၊
မေမေနဲ့အတူ ဆိုင်သိမ်း။
……………x………….x……………x…………..x…………..
“သားရယ်.. အစစအရာရာ ဂရုစိုက်နော်
မေမေကတော့ စိတ်ပူတာဘဲ သားအတွက်စိုးရိမ်တာဘဲသိတယ်။
တကယ်လဲမေမေက ဘာမှသိပ်နားလည်တာမဟုတ်၊
သူ့သားလုပ်နေတာတွေကို နားမလည်ရိုးအမှန်၊
အကြောင်းကိစ္စရှိလို့ စာရွက်ပေါ်လက်မှတ် ထိုးဆိုမှ..
ဝင်းကြည် လို့ တွန့်တွန့် တွန့်တွန့်လောက်ဘဲ ထိုးတက်တဲ့အမေ၊
သူ့သားကို သူယုံတာတစ်ခုဘဲ ရှိတယ်၊
သူ့သားဟာ ငယ်ငယ်ထဲက မဟုတ်တာမလုပ်ဘူး၊
သူ့သားလုပ်တာဆိုရင် ဟုတ်တာဘဲ ဖြစ်ရမယ်၊
မေမေသိတာ ဒါဘဲ၊ ဒါဆိုလုံလောက်ပြီလေ။
စိတ်ထဲက မိခင်တစ်ယောက်ရဲ့မေတ္တာ၊ သည်းသည်းကိုလှုပ်လို့၊
တလောကလုံး ကိစ္စထက်၊ သူ့သားကိုချစ်တာက သူ့အရေး၊ သူ့ကိစ္စဘဲလေ၊
ဖေဖေကတော့ သိတယ်၊ သူ့သားကို ယုံလဲယုံတယ်၊ ထောက်လဲထောက်ခံတယ်၊
အဲဒီတုန်းက ဖေဖေ သစ်ကမ္ပဏီမှာ လုပ်နေတဲ့အချိန်၊
ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်၊
သားတွေအတွက်မျှော်လင်ချက်တံခါးလေးတစ်ချပ်ပွင့်လာနိုး စိတ်ရှည်သည်းခံမှု အပြည့်နဲ့ လုပ်နေတာ၊
အဲဒီတံခါးချပ်လေးအပွင့်..၊
ဖေဖေကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ညီလေးက ဟိုး အဝေးမှာ၊
ပြန်လာရင် မိသားစုအနာဂါတ်တွေ တပွေတပိုက်နဲ့
ကျွန်တော့်မှာလဲ မျှော်လင့်ချက်တွေ တလှေကြီး၊
မေမေက သူ့သားအလုပ်ကို ဂဃနဏမသိပေမဲ့ ကြားဘူးနားဝတော့ ရှိတာပေါ့၊
သူလဲသူ့အသက်အရွယ်၊ သူ့ဖြတ်သန်းမှုနည်းမှတ်လို့၊
သူ့တစ်သက်မှာ ဒီအလုပ်သဘာဝမျိုးက သူ့အနီးအပါးက၊ တချို့ခပ်လှမ်းလှမ်းက
ဖြတ်သွားတိုးသွားတာတွေ ရှိမှာပေါ့။
Page 3
ခြေမကိုင်မိ၊ လက်မကိုမိ၊
တဘက်ကအတန်းပညာ မရှိပေမဲ့ ဘယ်ဟာက မှားတယ်၊ ဘယ်ဟာက မှန်တယ် ဆိုတာလောက်တော့
အရိုးခံနဲ့ကို သိသပေါ့။
စိုးရိမ်တာကတော တစ်ဘက်၊ တားရမှာက အခက်၊ တားဘို့ကလဲမလွယ်၊
ရင်ကဖြစ်တဲ့သား၊ ဘယ်အရွယ်ရောက်ရောက် ရင်ခွင်ပိုက်ခလေးလိုဘဲ မြင်နေတဲ့သား၊
အဲဒီသားကလဲ
ဒါဆို ဒါမှ ဇွတ်..
ပျောက်သွားလိုက်တာ..
ပြောက်ကျားပြောက်ကျား အသံတော့ ကြားနေရသား၊
မိုးသံလေသံတွေကလဲ ညံလို့၊
တော်ပါသေးရဲ့ သားငယ်ပြန်ရောက်လာပေလို့ လို့ စိတ်ကိုဖြေ၊
ရှိတာမှ သားနှစ်ယောက်၊ သားအမိသားအဖလေးယောက်၊
ညီလေးကငယ်ငယ်ထဲက အိမ်နဲ့ကျောင်းဈေး၊ ဒီလောက်ဘဲသွားသွားလာလာရှိတာ၊
ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ဒါ နယ်ကုန်ဘဲ၊
အမျိုးတွေအိမ်၊ ဖေဖေရုံး၊ ဒါ သူသွားတက်တဲ့နေရာတွေပေါ့၊
ရပ်ဝေးဘယ်မှ မသွားဖူးဘူး၊ မိသားစုအနာရတ်အတွက်၊
ပင်လယ်ရပ်ခြားခရီးဆိုတာ တကယ့်အိမ်မက်ဘဲ စွန့်စားခန်းဘဲ၊
ခုလို ဥဒဟို သွားနေကြတဲ့ခေတ်မှ မဟုတ်တာ၊
ဒီကြားထဲ အလုပ်မှာ လက်ကိုမီးဟပ်သွားတယ်ကြားတော့၊
မေမေမသိအောင်ဖုံးဖိပြီး သားအဖနှစ်ယောက် တိတ်တိတ်လေး စိတ်ပူခဲ့ကြရတာ၊
ညီလေးအနေနဲ့
တစိမ်းသက်သက်ပတ်ဝန်းကျင်သစ် အတွေ့အကြုံသစ်မှာ ဘယ်လောက်ရုန်းကန်ခဲ့ရမယ်ဆိုတာ
တွေးကြည့်ယုံနဲ့သိလောက်ပါတယ်၊
ခုလဲ ဆက်နေရင် အခွင့်အလမ်းတွေ အများကြီးရှိရဲ့နဲ့
မိသားစုအခြေအနေကြားလို့ ပြန်လာတာ၊
အဓိက ကျွန်တော့ကြောင့်ပါဘဲ ဒါတောင်
ညီလေး ရှာလာသလောက်ကလဲ
မိသားစုကို တစ်ဆစ်ချိုးပြောင်းစေလောက်တဲ့ ပမာဏပါ၊ တော်တော့ကို ခြိုးခြံစုခဲ့တာကိုး၊
တစ်လှေထဲစီး၊ တစ်ခရီးထဲလှော်ခဲ့၊ ခတ်ခဲရတာတွေ။
ကမ်းခြေဖွေးဖွေး၊ လနုအေးလေးတော့ ကြုံရချေသေးရဲလို့ တွေးရင်း၊
သားကြီးကို မျှော်နေမှာတော့ အသေအချာပါ၊
သားငယ်ရောက်လာလို့ သားကြီးကို အစားထိုးတယ်ဆိုပေမဲ့၊ မတူပါဘူး၊
သားယ်ကိုချစ်တာက ချစ်တာ၊ သားကြီးကိုချစ်တာက ချစ်တာဘဲလေ၊ တူမှ မတူတာ၊
ပိုလို့တောင် သတိရသေး၊ မျှော်သေး၊
တစ်လျှောက်လုံး ပင်ပမ်းကြီးစွာ ရုန်းခဲ့ကြရတာမလား၊
မေမေ အမျှော်ကြီးမျှော်နေတုန်း ညီလေးပြန်ရောက်တာကြားလို့
“ဗြုန်း” ဆို အိမ်ပြန်ရောက်လာတော့ ။ မေမေလေ
အံ့လဲသြ၊ ဝမ်းလဲသာ၊ တုန်လို့၊ ဆို့နင့်လို့…
ခဏတဖြုတ် မေမေနဲ့ အတူနေ၊ စားသောက်
မေမေကလဲ မျက်စိအောက်က ပျောက်သွားမှာစိုးနေတဲ့အချိန်၊
ဘာတက်နိုင်မှာလဲ မေမေရယ်၊ ခွဲခဲ့ရဦးတော့မယ်၊ ချန်ထားခဲ့ရဦးမယ်။
ခလေးဘဝထဲက ကျောင်းပြီးရင် ကျောင်းတက်၊ မိဘကူ၊ လုပ်လာလိုက်တာ၊
မိသားစုစိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ်အချိန်၊
ကြီးဒေါ်နွားက ကျောင်းမှဖြစ်မှာမို့ တားမရမယ့်သားကို
“ခွင့်လွှတ်ပါ မေမေရယ်.
အေးအေးဆေးဆေး တစ်နေ့ မကြာတော့ပါဘူး”..ရယ်လို့
လေးတွဲ့တွဲ့ခြေလှမ်းတွေနဲ့။ …ဝေး၍…ဝေး၍….. ဝေးရာ….ဝေးရာ……။
“သြော်.. မေမေရယ်
ခုချိန်ထိ သားကို စောင့်နေတုန်းပါလား”… တွေးရင်းအောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်၊
“ကိုကိုလာမှ မေမေကို ထုတ်မယ်ဆိုပြီးဆောင့်နေတာ
ရောက်မှလာပါမလားလို့ စိတ်ပူရင်းနဲ့ဘဲ စောင့်နေတာ” လို့တည်တည်ငြိမ်ငြိမ်ဟန်နဲ့
နှုတ်ဆက်နေတဲ့ညီလေးကို ငေးကြည်နေရင်း…
အိမ်မှာအငယ်ဆုံး၊ ခလေးလိုဘဲ ထင်ပြီးဆူလိုက်၊ ငေါက်လိုက်လုပ်ခဲ့တာတွေဆီ ပြန်ရောက်သွားတယ်
လွန်ခဲ့တဲ့ နှစ်နှစ် ဖေဖေဈာပန၊
အခု ဒီညီလေးတစ်ယောက်ထဲ
မေမေ့ဈာပနကို ဦးစီးနေတာ..တကယ်လူကြီးတစ်ယောက်လို။
………………………………………………………………….
Page 4
ဖေဖေရယ်၊ မေမေရယ် မရှိတော့တဲ့နောက်
နှစ်ကောင်ကြွက်၊
တစ်ယောက်တစ်နေရာစီ တစ်ဘဝစီ
တစ်ကောင်ကြွက်စီ၊
တစ်ကောင်ကြွက်ညီလေးက အိမ်ရှင်၊ တစ်ကောင်ကြွက်အစ်ကိုက ဧည့်သည်၊
ဧည့်သည်မှ “ဘွား”ကနဲကိုယ်ထင်ပြလာတဲ့ ဧည့်သည်။
အတွေးတွေလက်စပ်ရင်း အအေးတိုက်ထဲကနေ၊
မေမေ့ကို ထုတ်၊ အလောင်းစင်မှာပြင်
မေမေ့မျက်နှာကို တစိမ့်စိမ့်ကြည်နေမိတယ်၊ နှလုံးရောဂါသည်မေမေ…
ခွဲစိတ်ပြီးပြန်ကောင်းလာတယ်ဆိုပေမဲ့
စိတ်ပူစရာရှိရင် သူများတကာထက်ပူတက်တဲ့မေမေ..
သားအတွက်စိုးရိမ်စိတ်တွေ တထိတ်ထိတ်နဲ့ မျှော်နေရှာမယ့်မေမေ၊
မျှော်ဦး ..မျှော်ရိပ်တွေ.. ခုထိထင်းနေတုန်း၊
မေမေ့နောက်ဆုံးခံစားချက်၊ နောက်ဆုံးအတွေးတွေကို
အေးခဲပြီးသိမ်းထားတာထင်ရဲ့၊
ကျွန်တော့်ကို ဖက်ပြီးရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ဝမ်းကွဲ အစ်မတွေ၊ ညီမတွေ၊
ခပ်လှမ်းလှမ်းကနေ အသံတိတ်စိတ်ထိခိုက်နေကြ၊ ကရုဏာသက်နေကြသူတစ်ချို့၊
ကျွန်တော် ငိုရမလား၊ ငိုနေသလား၊
တစ်ခုခုစဉ်းစားနေတာလား၊ မျက်ရည်မကျဘူး၊
တည်ငြိမ်ရင့်ကျက်နေတာလား၊ တရားသံဝေဂ ယူနေတာလား၊
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး၊
ငိုလို့မရတာ၊ ငိုရမယ်ဆိုတာ မေ့နေတာ၊ ဝိဥာဉ်မဲ့နေတာ၊ ..ရုပ်နဲ့နာမ်မကပ်တာ..ဗျ။
စိတ်ထဲမှာ ကြိတ်ပြီးအသံတိတ် ပူဆွေးနေတာ……………သောက
ရှိုက်ကြီးတငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာ………..ပရိဒေဝ၊
ငိုလို့ မရတော့လောက်အောင် လောင်ကြွမ်းပြီး မှင်သက်ကြောင်တက်နေတာ၊ ဥပါယာသ..တဲ့။
လက်မောင်းကိုလာကိုင်ပြီး
“ကိုကို..ကန်တော့ကြရအောင်” လို့ ညီလေးကပြောမှာ
ညီအစ်ကိုနှစ်ယောက် လက်အုပ်ချီပြီး မေမေ့ အလောင်းကို ကန်တော့၊
“ခွင်လွှတ်ပါ..မေမေရယ်..ဘာကို ခွင့်လွှတ်ပါ”
အားပေးနှစ်သိမ့် နှုတ်ဆက်သူတစ်ချို့ကို အသိအမှတ်ပြုရုံ
ပြန်ပြုံးပြရမယ်ဆိုတဲ့ ဗီဇအသိနဲ့ အသိမဲ့ တုံ့ပြန်နေတုန်း
“ပြန်ကြရအောင်” လို့ လက်မောင်းကို ကိုင်ထားရင်း သတိပေးတဲ့ အသံတစ်သံ။
ဟုတ်တယ်၊ ပြန်ရဦးမယ်လေ၊ သူတို့သဘော၊ ကိုယ်ကဆောင်နေရတာကိုး၊
တော်ကြာဆို၊ မီးသင်္ဂြိုလ်တဲ့အခန်းထဲ
မေမေ့ကို ထည့်ကြတော့မယ်။
ချစ်သူ၊ ခင်သူတွေနဲ့ ဘဝခြားသွားတော့မယ့်အသံ။
“ဂျိုင်း” ကနဲ ဆိုတဲ့ အသံ။
မကြားရက်တော့၊ မကြားဝံ့တော့၊ မကြားလိုတော့၊
ဒီနေရာကို မလာခင်၊ ဒီနေရာကို မရောက်ခင်၊
မေမေဟာ မေမေ့မိသားစု၊ မေမေ့ပတ်ဝန်းကျင်လေးကို
စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ၊ …ပိုအရေးကြီးတာက
မေမေဟာ.. ရှင်သန်နေတဲ့အခိုက်၊
ဘယ်သူ့ကိုမှ မျက်ရည်ကြီးငယ်မကျစေခဲ့ဘူးလေ၊…ဒါပါဘဲ၊
သားလဲ
စွတ်စိုနေတဲ့မျက်ရည်တွေကို သုတ်ပေးဘို့၊ မျက်ဝန်းတွေကို လင်းလက်စေဘို့၊
ကိုယ့်ကိုယ်ကိုလောင်ကျွမ်းခံနေကြတာပါ၊
မေမေ.. မေမေရယ်.. ဘဝတစ်လျှောက်လုံး
တောက်တက်ဖားလျား ရုန်းကန်ကျွေးမွေးခဲ့တဲ့ မေမေ…
ခုတော့..တစ်ဘဝ အမောတွေရပ်သွားပြီပေါ့၊
ဒီခရီးဟာ အားလုံးသွားရမယ့်ခရီး၊
ဒီနေရာဟာ သားလဲလာရမယ့်နေရာ၊
“မေမေ.ဘဲဒီမှာရပ်နေ၊
သားလာခဲ့မယ်” ..လို့အော်ရင်း…
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား၊
ပျော်ပျော်ပါးပါး အတူသွားနေကြရာက ခွဲထွက်သွားတဲ့သား။
ခု.. မေမေ ရပ်သွားပြီလေ။ မေမေ ရပ်နေပြီ။
“သား..သွားနှင့်
မေမေလိုက်ခဲ့မယ်”….ဆိုတဲ့မေမေရေ။
“သွားနှင့်တော့ …သွားနှင့်လေဦးတော့..မေမေရေ….
သား လိုက် လာ ခဲ့ မှာ ပါ။”…………………………။
k5

ပေးပို့လာသူ ညီငယ် အလင်းဆက်....
ဓာတ်ပုံပေးပို့လာသူ မြတ်လေးငုံ....