ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မတ်လ ၂၁ရက် မိတ္ထီလာမြို့ မြင်ကွင်းများ..

 မိတ္ထီလာမြို့ တစ်နေရာတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်
 မိတ္ထီလာမြို့ရှိ အင်းဝဘဏ်မှ ငွေကြေးများအား လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်
မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်

"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲက အရေးပိုင်ပြီဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးရှိဖို့ ထိထိရောက်ရောက်နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော် ပြောပြီးပြီ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း လုပ်ပေးပါမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အခြေအနေက မတည်ငြိမ်သေးဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က Eleven Media Group သို့ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်က ပြောသည်။


မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်

မိတ္ထီလာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက်ဟု ဆိုကာ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

၎င်းတို့ ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည် စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန် တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။
ဆေးရုံမှာတော့ ပစ်ခတ် နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ
ဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ
မေတ္တာရပ်ခံချင်တယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီး အဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က Eleven Media Group သို့ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။




သတင်း၊ ဓာတ်ပုံ EMG/AFP