ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား..

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား
လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို

 မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
 “ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ  လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊ 
   ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။  မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။ 
   ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
   အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား.. လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို

The People's Will News Media ပြည်သူ့ဆန္ဒ