ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဟေဋိများစွာဖြင့် တပ်မတော်နေ့ (မောင်ထိန်ဝင်း မရမ်းကုန်း)



ပဟေဋိများစွာဖြင့် တပ်မတော်နေ့

မောင်ထိန်ဝင်း (မရမ်းကုန်း)

၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ (၆၈)နှစ်မြောက် တပ်မတော်နေ့ကို ထူးခြားခမ်းနားစွာကျင်းပသွားတာကို တီဗွီဖန်သားပြင်ပေါ်ကနေ တွေ့မြင်ကြည့်ရှုလိုက်ရပါတယ်။ အရင်.အရင် ဘယ်တုန်းကမှ စစ်တပ်က . သူတို့ပိုင်ဆိုင်တဲ့ လက်နက်တွေကို ထုတ်ဖော်ပြသလေ့မရှိပေမယ့် ဒီနှစ်မှာတော့ ထူးဆန်းစွာ တွေ့ရှိလိုက်ရတော့ အစတုန်းကတော့ တပ်မတော်နေ့စစ်ရေးပြကို ပြီးအောင်မကြည့်ရှုဘူးတဲ့ ကျွန်တော် ဒီနှစ်မှာတော့ ဘာတွေထပ်ပြီး အထူးအဆန်းတွေ တွေ့မြင်ရအုံးမလဲဆိုပြီး ဆက်ကြည့်နေမိပါတယ်။ မြန်မာစစ်တပ်ပိုင်ဆိုင်ထားတဲ့ အမြောက်တွေ၊ သံချပ်ကာတွေ၊ ရေဒါတွေ၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးတွေကို   စိတ်ဝင်စားစွာ ကြည့်ရှုနေတဲ့ အချိန်မှာတင် လေတပ်ကလည်း ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေပျံသန်းပြပြီး ဟန်ရေးပြသွားတာတွေကို ကြည့်ရှုလိုက်ရပါသေးတယ်။

နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့မိန့်ခွန်းကို ဆက်ပြီးနားထောင်ကြည့်လိုက်တော့ တပ်မတော်ရဲ့သမိုင်းကြောင်းကို အရင်နှစ်တွေကအတိုင်းပြောကြားသွားပေမယ့် ဒီနှစ်မိန့်ခွန်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကို သုံးကြိမ်လောက် ထည့်သွင်းပြောကြားသွားတာကို ထူးဆန်းစွာ ကြားမိလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)နဲ့ အဖွဲ့အစည်းတွေမှ ကြိုဆို ထောက်ခံကြောင်းတွေကိုလည်း ကြားသိနေရပါတယ်။ 

ထူးခြားတာတစ်ခုကလည်း တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တော်ကြီးများနေရာမှာ အတိုက်အခံခေါင်းဆောင်လို့ လူသိများတဲ့ NLD ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုက်ရလို့ပါပဲ။ ဒါကတော့ တော်တော်လေးကို ထူးခြားတဲ့ဖြစ်စဉ်ပါပဲ။ ဘယ်တုန်းကမှလည်း ဖိတ်ကြားခြင်းခံရတယ်လို့ သတင်းမကြား၊ နှစ်ပေါင်း ၆၀ လောက်အတွင်း တပ်မတော်နဲ့ ပတ်သက်တဲ့အခမ်းအနားတွေမှာ ဘယ်တုန်းကမှ တွေ့ရခြင်းမရှိတဲ့ သူတစ်ယောက် ဒီနှစ် တပ်မတော်နေ့ အခမ်းအနားမှာတွေ့ရတာကဒီနှစ်တပ်မတော်နေ့ရဲ့ ထူးခြားမှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်တပ်မတော်နေ့မှာ အံ့သြဘနန်းထူးခြားတာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အစိုးရအဖွဲ့က ဝန်ကြီးတွေ တက်ရောက်လာခြင်းမရှိတာပါဘဲ။ မနှစ်တုန်းက တပ်မတော်နေ့အခမ်းအနားကို ကျွန်တော် ကြည့်မိခဲ့ပါသေးတယ်. အစိုးရအဖွဲ့က လူကြီးတွေနဲ့ ဝန်ကြီးတော်တော်များများတက်ရောက်ခဲ့တာကို ကောင်းကောင်းမှတ်မိပါတယ်။ ဒီနှစ်မှာတော့ စစ်တပ်နဲ့သက်ဆိုင်တဲ့ ပြည်ထဲရေးတို့၊ နယ်စပ်ရေးရာဝန်ကြီးတို့၊ ကော်မရှင်ဥက္ကဌ ဦးတင်အေးတို့လောက်သာ တက်ရောက်လာတာ တွေ့ရပါတယ်။  လွှတ်တော်အသီးသီးက ကော်မတီဥက္ကဌတွေ၊ ကိုယ်စားလှယ်တွေကတော့ ခေါင်းပေါင်းစ တလူလူနဲ့ တက်ရောက်လာတာကို တွေ့ရပြီး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအပြင် ဒေါ်စုရဲ့ နောက်နားမှာ တက္ကသိုလ်အရံတပ်ရင်းကလူတွေကိုလည်း တွေ့လိုက်ရပါသေးတယ်။ ဒီလိုလူတွေတောင် စုံစုံလင်လင်န့ အစိုးရအဖွဲ့က ဝန်ကြီးတွေ မတက်ရောက်လာတာကတော့ သူတို့ကို မဖိတ်ကြားလို့တော့ မဖြစ်နိုင်လောက်ပါဘူး၊ တပ်မတော်နေ့ဆိုတာက တပ်မတော်တစ်ခုတည်း သက်ဆိုင်တာမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ဒီလိုအခမ်းအနားကြီးမှာ အရပ်ဘက်အစိုးရအဖွဲ့က လူကြီးတွေမတက်ရောက်ဘူးဆိုတာ ဘယ်လိုအကြောင်းကိစ္စတွေ ရှိနေလို့လည်းဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ 

လွှတ်တော်အသီးသီးရဲ့ ကော်မတီအဖွဲ့တွေက ဥက္ကဌတွေ၊ ကိုယ်စားလှယ်တွေတက်ရောက် လာတဲ့အတွက် လွှတ်တော်နဲ့ စစ်တပ် ပူးပေါင်းသွားလို့လား၊ အဆင်ပြေသွားလို့လားဆိုတာ စစ်တပ်ကို ထောက်ခံအားပေး အသိအမှတ်ပြုလို့သာ ဒီအခမ်းအနားကို လာတက်တာလို့ တွေးမြင်လို့ရပေမယ့် အရပ်ဘက်အစိုးရအဖွဲ့က လူကြီးတွေနဲ့ ဝန်ကြီးတွေ တက်ရောက်လာခြင်းမရှိတာကတော့ စစ်တပ်နဲ့ အစိုးရအဖွဲ့ အဆင်မပြေလို့လား၊ အစိုးရအနေနဲ့ စစ်တပ်က ပါဝါရှိသွားမှာကို စိုးရိမ်နေလို့လား၊ စစ်တပ်နဲ့ အစိုးရ သဘောထားကွဲလွဲနေလို့လား၊ ဘာပြဿနာတွေ ရှိနေလို့လဲဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီနှစ် တပ်မတော်နေ့ကတော့ ထူးခြားမှုတွေ၊ ပဟေဋိတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်ဆိုတာကို မှတ်သားလိုက်ရပါတယ်။

မောင်ထိန်ဝင်း (မရမ်းကုန်း)