ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တောင်ကြီးမြို့တွင် 7th July အခမ်းအနား မပြုလုပ်ရန် ကျောင်းသားများအား ခြိမ်းခြောက်အကြပ်ကိုင်..

တောင်ကြီးမြို့တွင် 7th July အခမ်းအနား မပြုလုပ်ရန် ကျောင်းသားများအား ခြိမ်းခြောက်အကြပ်ကိုင်

၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် 7 July အခမ်းအနား ကျင်းပရန် စီစဉ်ခဲ့သော ကျောင်းသား တချို့အား ကျောင်းအာဏာပိုင်က ခြိမ်းခြောက်အကြပ်ကိုင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက် ယမန်နေ့တွင် ဗကသ ကျောင်းသား ၅ ဦးအား တောင်ကြီးတက္ကသိုလ် အာဏာပိုင်က ဆင့်ခေါ်တွေ့ဆုံကာ နိုင်ငံရေးဆက်လုပ်ပါက ကျောင်းထုတ်မည် ဖြစ်ကြောင်း နိုင်ငံရေးမလုပ်ရန် ခြိမ်းခြောက် အကြပ်ကိုင် လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု သိရသည်။

ဇူလိုင် ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ဗကသ ဖြစ်မြောက်ရေး ကြိုးပမ်းနေသူ တောင်ကြီးတက္ကသိုလ် ကျောင်းသား စိုင်းချယ်ရီအောင် ၏ မိဘများကို တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနမှူး ဒေါ်နုနုစံ က သီးသန့်တွေ့ ဆုံခဲ့သည်။ ဇူလိုင် ၄ ရက်တွင် စိုင်းချယ်ရီအောင် ၏ မိဘများနှင့်အတူ စိုင်းချယ်ရီအောင်ကို တွေ့ဆုံခဲ့ပြီး 7 July အခမ်းအနား မလုပ်နိုင်ရန်ရည်ရွယ်၍ ပြောဆိုခဲ့ပြီး အုပ်ချုပ်ရေးအာဏာပိုင်များကလည်း ဆင့်ခေါ်တွေ့ ဆုံလိမ့်မည်ဟု ဌာနမှူး ဒေါ်နုနုစံက ပြောဆိုခဲ့သည်ဟု သိရသည်။

ယခင် ရက်များအတွင်း ဗကသ ဖြစ်မြောက်ရေး ကြိုးပမ်းနေသူများကို စရဖ။ ရဲသတင်းတပ်ဖွဲ့က လိုက်လံ  စုံစမ်းနေ ကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

သတင်း ကိုညီဇော်ပေးပို့သည်...