ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မီးပင်လယ်ခရီး အမှတ်စဉ် - ၃..

မီးပင်လယ်ခရီး အမှတ်စဉ် - ၃

ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိစ္စရပ်များကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည့် ရခိုင်လူမျိုး ဒုက္ခသည်များအတွက် လူသားချင်းစာနာစိတ်ဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ပြည်တွင်း/ပမှ မြန်မာပြည်သူ/သားတို့သည် လာရောက်၍ အလှူငွေများ၊ အလှူပစ္စည်းများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား တတိယအကြိမ် မြောက်အဖြစ် သွားရောက်ကူညီထောက်ပံ့ရန် ဇူလိုင်လ (၆) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ အသင်းသားများတို့သည် လှူဖွယ်ပစ္စည်းများဖြစ်သည့် အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များ တင်ဆောင်၍ ၂၄ ပေ မော်တော်ယာဉ်ကြီးဖြင့် ဘုရင့်နောင်ပွဲရုံရှိ ရွှေပြည်သစ်ကားဂိတ်မှ နံနက် (၇းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြပြီး ၉.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ မြို့သို့ ရောက်ရှိခဲ့ကြပြီး စစ်တွေနာရေးကူညီမှုအသင်းမှ ကူညီဖေးမမှုဖြင့် သီရိဂုတ္တဓမ္မာရုံတွင် လှူဖွယ်ပစ္စည်းများအား ယာယီ ထားရှိခဲ့ပြီး စစ်တွေမြို့နှင့် ဒေသတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။ ၁ဝ.၇. ၂ဝ၁၂ ရက်နေ့တွင် သင်္ဘောဖြင့် တစ်နေ့ကုန်နီးပါး မောင်းနှင်ခရီးဆက်ခဲ့ရာ ဘူးသီးတောင်မြို့သို့ ညနေ ပိုင်းတွင် ရောက်ရှိခဲ့ကြပြီး မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြပြီး ဒေသခံ မောင်းတော ကုန်သည်ကြီးများအသင်းနှင့် မောင်တောခရိုင် အမျိုးသားကူညီ စောင့်ရှောက်ရေး ဖောင်ဒေးရှင်းတို့သည်လည်း မော်တော်ယာဉ်၊ နေရာထိုင်ခင်းတို့အား စီစဉ်ဆောင်ရွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ 
မောင်းတောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်း၊ ပရဟိတကျောင်းနှင့် အစိုးရစာသင်ကျောင်း များရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၁၁.၇.၂ဝ၁၂ ရက်နေ့ တွင် ဆက်လက်၍ ပဋိပက္ခဖြစ်ပွားချိန်၌ မီးရှို့ခံခဲ့ရသည့် အလယ်သံကျော်ရွာ၊ မောရဝတီရွာများ (ဘင်္ဂလား ဒေရှ့်နယ်စပ်အနီး) နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဋ္ဌာနချုပ် အမှတ်(၇) နယ်မြေ တပ်တွင်း ဆေးခန်းရှိ ဒုက္ခသည်များနှင့် ပြည်သူ့ဆေးရုံ၊ မောင်တောအတွက် ဆေးဝါးများပေးအပ်ခဲ့ပြီး နောက် ၁၂.၇.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့ပေါ်သို့ ရေလမ်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပါသည်။  

၁၃/၁၄.၇.၂ဝ၁၂ ရက်နေ့များတွင် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်သို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ၁၅.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လှူဒါန်းမှုခရီးစဉ်အား ရုပ်သိမ်းကာ အပြန်ခရီးအားစတင်ခဲ့ရာ ဘူးသီးတောင်မြို့မှ ရေလမ်းခရီးဖြင့် စစ်တွေမြို့သို့၎င်း၊ စစ်တွေမြို့မှ ရေလမ်းခရီးဖြင့် တောင်ကုတ်သို့ လည်းကောင်း၊ တောင်ကုတ်မှ မော်တော်ယာဉ်ဖြင့် ပြည်သို့၎င်း၊ ပြည်မြို့မှ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ မွန်းတည့် (၁၂းဝဝ) နာရီအချိန်တွင် ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ယင်းခရီးစဉ်သည် ရခိုင်ရိုးမ တောင်တန်းအား မော်တော်ယာဉ်ဖြင့် ခဲရာခဲဆစ် သွားခဲ့ရပြီးနောက် ပင်လယ်ရေလမ်းခရီးဖြင့် တစ်တန် ထပ်မံ၍ ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပဋိပက္ခဒေသသို့ ရောက်ရှိခဲ့သည်။
 
မိမိတို့အဖွဲ့သားများ ရောက်ရှိခဲ့ရ သော ရခိုင်ဒေသ အသီးသီးတို့တွင် မီးလောင်လွင်ပြင်များ၊ အိုးအိမ် ပျက်စီးမှုများကို စိတ်မချမ်းမြေ့စွာ ခံစား တွေ့ကြုံခဲ့ရသည်နှင့်အညီ ဒုက္ခသည် ရခိုင်ပြည်သူလူထု တို့နှင့်အတူ ထပ်တူထပ်မျှ ကြေကွဲမှု အပူမီးများ ဖြစ်ပေါ် ခံစားခဲ့ရသည်။ ထိုကဲ့သို့ ရခိုင်ဒုက္ခသည်များကို ကူညီဖေးမမှုခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ထို့ကြောင့် ယင်းခရီးစဉ်အား မီးပင်လယ်ခရီး အမှတ်စဉ် - ၃ ဟု ကဗျည်းတတ်ခဲ့တော့သည်။

သို့သော် ခရီးလမ်းစဉ်တစ်လျှောက် ပင်ပန်းဆင်းရဲမှုအား ပဓါနမထားပဲ လူသားချင်း စာနာစိတ်ဖြင့် အများပြည်သူတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုယ်စား ဒုက္ခသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများ ထံသို့ ကိုယ်တိုင်ကိုယ်ကျ လက်ဝယ်သို့အရောက် အဆင်ပြေချောမောစွာ လှူဒါန်းနိုင်ခဲ့ခြင်း အတွက် ကျွန်တော့်၏ ရင်ထဲတွင် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတော့သည်။