ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွင့်ပွဲ အခမ်းအနားအား ကြံ့ဖွံ့ပါတီဝင်များ နှောင့်ယှက်...

ဇူလိုင်လ ၈ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ လုပ်အားပေး နေတဲ့အကြောင်း ဟွန်း(လော်စပီကာ) ဖွင့်ပြီး ဟောပြောပွဲ ပြုလုပ်မရစေရန် နှောင့်ယှက်ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မည့် သူများထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေစည်းရုံးရေးမှူး ပါဝင်နေသည်ဟု သိရှိရသဖြင့် (၇.၇.၂၀၁၂)နေ့က မနှောင့်ယှက်ပါရန် ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးငြိမ်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းမှ မနှောင့်ယှက်ရန် ပြောထားမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့မှာတော့  နှောင့်ယှက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ နှောင့်ယှက် ဟန့်တားခြင်း ပြုရန်အတွက် အင်တိုင်းလေးကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုး(ဘ)ဦးသောင်း ထံသို့ ကြံ့ခိုင်ရေးပါတီမှ ကိုတင်မြင့်(ဘ) ဦးမြငြိမ်းနှင့် ကိုမောင်ဝင်း(ဘ) ဦးခင်မောင်တို့နှစ်ဦးမှ စက်ဖွင့်ခွင့်အတွက် သွားရောက်တောင်းခံရာ အချိန်(၁)နာရီသာ ဖွင့်ခွင့်ပြုခဲ့သည်ဟု သိရပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနေ့တွင် ကြံခိုင်ရေးပါတီမှ အသံချဲ့စက်ဖြင့် ကျေးရွာလုပ်အားပေး နေတဲ့အကြောင်း ပြောနေပါသဖြင့် ခရိုင်ရဲမှူးကြီး ဦးမြင့်ထူးထံသို့ တိုင်ကြားခဲ့ပါသည်။ ထိုအခါ ရဲမှူးကြီးမှ မိမိသည် ကသာဘက်တွင် ခရီးလွန်နေသည်က တစ်ကြောင်း၊ မှုခင်းမဟုတ်သဖြင့် ကော်မရှင်သို့သာ ဆက်လက်တိုင်ကြားရန်လပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခင်ဦးမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မရှင်ဥက္ကဌထံသို့ တိုင်ကြားသော်လည်း အကြောင်းမထူးသဖြင့် ခရိုင်ကော်မရှင်အုပ်ချုပ်ရေးမှူး ဦးလှဦးထံသို့ ထပ်မံတိုင်ကြား ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ဆိုင်ရာကော်မရှင် အဆင့်ဆင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်လက် တင်ပြသွားမည်ဟု သိရပါသည်။ 

ကျွန်ုပ်တို့ ဖြစ်လိုသည်မှာ အထက်တွင် မည်မျှပူးပေါင်း ဆောင်ရွက်နေသည် ဆိာသော်လည်း အောက်ခြေအဆင့် ရပ်ကျေး၊ ရွာများတွင် ကြံ့ခိုင်ရေးပါတီဝင်များ၏ ယခုကဲ့သို့ မလိုလားအပ်သော လုပ်ရပ်များကြောင့် သမ္မတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌကြီး ဦးသူရရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ် ပျောက်ဆုံးမည်ကို တွေးကြောက်မိပါသည်။ သို့ဖြစ်ပါသဖြင့် သမ္မတကြီးတို့မှ ယခုကဲ့သို့သော နှောင့်ယှက်မှုမျိုး မဖြစ်ပေါ်စေရန် အောက်ခြေ အဆင့်ဆင့်သို့ ညွှန်ကြားလွှာများဖြင့် တားမြစ်ပေးသင့်ပါကြောင်း အသိပေးအပ်ပါသညါ။
ထို့အပြင် အဆိုပါ လုပ်အားပေးပွဲ၌ ရွာသူ၊ ရွာသားများသာမက  ကလေးသူငယ်များပါ လုပ်အားပေးခိုင်းစေ နေခဲ့ပုံအားလည်း ပုံပါအတိုင်း သိရှိတွေ့ မြင်ခဲ့ရပါသည်။