ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ
(ကဗျာရှင် နေရဲနီ)

တရံရောအခါ ဗာရာသနင်း
ဗြဟ္မဒတ်မင်းသည် သူ၏ဆင်တပ် ရေသက်ဖို့ရာ
ဂင်္ဂါကမ်းသို့စေလေ၏။

ရဲရင့်ဝံ့ကြွား ဆင်အများတို့ အေးမြကြည်လင်
မြစ်ဂင်္ဂါ၏ ရေအလျင်ကို
မြင်သော်ခဏ အားရဝမ်းသာ
ဂင်္ဂါမြစ်တွင်း ဆင်းလေသော်
ရုတ်ချည်းမူရာ ပြောင်းလဲကာလျှင်
တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ရုတ်တရက်လျှင်
ကျိုးကျိုးကျည်ကျည် အော်ကာမြည်လျက်
ဖရိုဖရဲတပ်ပျက် အသွင် ပြေးကာလျင်သည်
ဂင်္ဂါကမ်းမှ ဝေးရာတည်း။

ဆင်အပေါင်း၏ ထူးခြားဖြစ်အင် မြင်သော်ခဏ
စုံစမ်းကြသော် မြစ်ဂင်္ဂါ၏ အထက်အညာ
ဟိမဝန္တာ မြိုင်ရပ်သာတွင် ဘုန်းရှိန် သမ္ဘာပြည့်စုံစွာသား
ရတနာဆင်ဖြူ ပေါ်ထွန်းမူ၍
ဆင်ဖြူဘုန်းကံ အရှိန်ဒဏ်ကို ဆင်မည်းမခံနိုင် ၍လန့်ကြောက်အသွင် အပြေးနှင်သည်
အုတ်အော်သောင်းနင်း ဖြစ်သတည်း။

မင်းဗြဟ္မဒတ် ရာဇာမြတ်လည်း သူ၏ဆင်တပ် ရေသက်ဖို့ရာ
ကြံကာတွေးသော် ဆင်ဖြူ့အညစ်ကြေး မစင်ချေးကို
ရေနှင့်ဖျော်၍ ဆင်မည်း ကိုယ်ပေါ်လောင်းသော်ခဏ ဆင်အပေါင်းလည်း
သောင်းသောင်းဖျဖျ အားရဝမ်းသာ ရွှင်မြူးကာလျှင် မြစ်ဂင်္ဂါ၏ရေတွင်လူးသည်
အုံးအုံးကျွက်ကျွက် ညံလေသတည်း။

နိပါတ်တော်လာ ထိုပုံဝတ္ထု ပမာပြု၍
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆိုရိုးစကား ရှေးကထားသည်
လက်ထက်တော်က စလေသတည်း

ဤသို့လျှင် ဘုန်ကံနိမ့်ပါး လူ့အန္တတို့
မိန်းမသားပင် ဖြစ်လင့်ကစား ဘုန်းမြင့်မားမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သို့
မသိကျိုးကျွံ ပြုကြတုံသည် လူမိုက်တို့ထုံးနှလုံးတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းသားပြည်သူ များရှင်လူတို့
ဂုဏ်ယူဖွယ်သား နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
ဥရောပခရီး ကမ္ဘာ့မီဒီယာ အသီးသီးတွင်
သူ့ထက်ငါဦး အလုအယက် ရေးသားနေချိန်
နိုင်ငံပိုင် မီဒီယာ မြန်မာ့အသံ ရုပ်မြင်သံကြား
မြန်မာအလင်းကြေးမုံ အဖုံဖုံတွင် တစိုးတစိမျှ
မရေးကြသည် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာသည်
ပုဂ္ဂိုလ်ရေးခရီး အကြောင်းပြချက်တည်း။

နေရဲနီ