ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘင်္ဂလီများအား ဆန်အရောင်းရပ်ဆိုင်းထား...

ဘင်္ဂလီများအား ဆန်အရောင်းရပ်ဆိုင်းထား

by Shwe Myitmakha Media Group on Sunday, June 10, 2012 at 2:31pm ·
ဝင့်သင်ဇာကျော် (မြစ်မခ)
ဇွန် ၁၀ ၊ ရန်ကုန်မြို့။
 
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂလီများအား ရောင်းချလျက်ရှိသော ဆန်များကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကျွန်တော်တို့ဆီက ဆန်ကို ၀ယ်စားရတာ အခုလို ကျွန်တော်တို့ကို ရန်ပြုတော့ ကျွန်တော်တို့က ရိက္ခာဖြတ်လိုက်တယ် သူတို့ကို ဆန်မရောင်းတော့ဘူး “ ဟု စစ်တွေမြို့နေ မင်းဂံရပ်ကွက်မှ ဦးကျော်ခင်ဆန်းက ပြောသည်။

မင်းဂံရပ်ကွက်တွင် နေထိုင်ကြသော ဘင်္ဂလီတို့မှာ ရခိုင်တိုင်းရင်းသားများ ရောင်းချသော ဆန်ကို ၀ယ်ယူခြင်းကို ရပ်နားခံရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ အခြားသော စားနပ်ရိက္ခာ ၀င်ရောက်နိုင်သော နည်းလမ်းရှိကြောင်း သိရှိရသည်။
 
“ကျွန်တော်တို့ဆီက ဆန်ကို မရရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ရိက္ခာရနိုင်တယ်” ဟု ဦးကျော်ခင်ဆန်းက ဆက်လက်ပြောသည်။
 
ရခိုင်လူမျိုးများမှ မွတ်ဆလင်များကို စားနပ်ရိက္ခာရောင်းချခြင်းကို ရပ်ဆိုင်းရခြင်းမှာ  ဘင်္ဂလီတို့မှ ရခိုင်လူမျိုးများ၏ နေအိမ်ကို မီးရှို့ခြင်း နှင့် ရခိုင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခြင်းကိစ္စရပ်များ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၂ခုနှစ် ဇွန်လဆန်းပိုင်းမှ စတင်ပြီး ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင်းရှိ လက်ရှိအခြေအနေတွင် ရခိုင်တိုင်းရင်းသားများမှာ ဘင်္ဂလီတို့အား ပြန်လည်ခုခံရင်း တန်ပြန်တိုက်ခိုက် နေသောကြောင့် နှစ်ဘက်အခြေအနေ တင်းမာလျက်ရှိကြောင်း ကြားသိရသည်။
 
 “ကျွန်တော်တို့ရခိုင်တွေရဲ့ အိမ်ကို မီးလာရှို့တော့ ကျွန်တော်တို့လဲ အဲ့ဘက်ကို မီးပြန်ရှို့တယ်” ဟု မင်းဂံရပ်ကွက်နေ ကိုဖြိုးက ပြောသည်။
 
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ခု ရှိသော်လည်း ဘင်္ဂလီအင်အားမှာ ရခိုင်တိုင်းရင်းသား အင်အားထက် ပိုများလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။