ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မောင်းပြန်ကိုတိုက်မယ့် ဒေါင်းအလံကို ဖူဂျီတောင်ထိပ်မှာ စိုက်ထူခဲ့ပြီ။....။(သတင်း၊ဓာတ်ပုံ)




ရှစ်လေးလုံး (၂၁)နှစ်ပြည့်မြောက် အထိမ်းအမှတ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ထိပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းများနဲ့ တိုကျို၊နာဂိုယာမြို့များမှ ဒီမိုကရေစီအရေး လှုပ်ရှားသူများပါဝင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အဖွဲချုပ်က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

ဖူဂျီတောင်ထိပ်မှာ ရှစ်လေးလုံး ဦးဆောင်တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့၏ ခွပ်ဒေါင်းအလံ၊ပြည်ထောင်စုအလံနဲ့ အဖွဲ့အစည်းအသီးသီးတို့၏ အလံတို့ကို လွှင့်ထူခြင်း၊

ပြည်ထောင်စုအလံနှင့် တိုက်ပွဲဝင် အလံတော်များအား အလေးပြုခြင်း၊

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊

ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်း ၊ဘာသာရပ်အလိုက် ဆုတောင်းမေတ္တာပို့သခြင်း၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဘာသာရပ်အလိုက် ဆုတောင်းမေတ္တာ ပို့သခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း အသီးသီးမှ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၀ကျော်ပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ဟာ မီတာ ၃၇၇၆ (၁၂၃၈၈ပေ) မြင့်ပါတယ်။ နှစ်စဉ် အခုလို နွေရာသီဖြစ်တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ် ၃၁ ရက်နေ့ အထိသာ တက်ရောက်နိုင်ပါတယ်။ ဂျပန်လူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ ဖူဂျီတောင်ထိပ်ပေါ်ကနေ အာရုဏ်တက်ချိန် အရှေ့ဘက်က ထွက်ပေါ်လာတဲ့ နေလုံးကြီးကို ကြည့်ပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြပါတယ်။

ဓာတ်ပုံ။...။ဦးသာဇော်မောင်မောင် NLD(LA)JB
သတင်း....ဒီမိုဝေယံ