ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စက်တင်ဘာ သံဃာလှုပ်ရှားမှု နှစ်ပတ်လည် မတိုင်မီ အဖမ်းအဆီးသတင်းများ။..။


ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့မှာရှိတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ လူငယ် ၈ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားသည်ဟုသိရသည်၊ အဆိုပါ ၈ ဦးမှာ သံဃာတော်တပါးအပါအ၀င် ကိုမျိုးဟန်။ ဒေါက်တာဝင့်သူ၊ ကိုလှမျိုးကျော်၊ ကိုအောင်မျိုးလတ်၊ ဗိုလ်ရာခေါ် စိုးရာဇာဖြိုး နဲ့ ကိုကြည်စိုး တို့ကို ဒီနေ့မနက်ခင်း ၃ နာရီလောက်မှာ အကြောင်းပြချက်မရှိပဲ ဖမ်းဆီးသွားခဲ့သည်။

အဖမ်းခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့လပိုင်းက မြင်းခြံခယက ဥက္ကဌ က ခေါ်ယူသတိပေးခြင်းခံခဲ့ရသည်။

အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ ၊ မြင်းခြံမြို့စွန်က လူငယ်တွေစုဝေးရာ စွန်းလွန်းဂူကျောင်းကိုတော့ အထူးရဲတပ်ဖွဲ့တွေ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေသည်ဟု သိရပါသည်။ စနေနေ့ကလည်း ပခုက္ကူ မြို့မှာ သာသနာ့ဝိပုလာရာမ အနောက်တိုက် ပါဠိတက္ကသိုလ် အတွင်းက သံဃာတွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းထောက်အမျိုးသမီးတဦးနဲ့ ကူညီပေးခဲ့တဲ့ မြို့ခံ ၂ ဦးကို ဖမ်းဆီးထားသည်ဟုသိရသည်။

စက်တင်ဘာ သံဃာလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတာနဲ့အမျှ ဖမ်းဆီးမှုတွေ နေရာအနှံ့လုပ်လာတာတွေ့နေရပါသည်။ ပြင်ပက နိုင်ငံရေးအဖွဲ့အစည်းများ မီဒီယာများမှ မိမိတို့ချိတ်ဆက်သော ပြည်တွင်းမှ ပုဂ္ဂိုလ်များလုံခြုံရေးကို အလေးပေးသောအားဖြင့် ထိမ်းထိမ်းသိမ်းသိမ်း သတိထား ဆက်သွယ်ပေးကြပါရန် အညာနွေတမာမြေမှ မေတ္တာရပ်ခံအပ်ပါသည်။

ပေးပို့လာသူ အရှင်ထာဝရ
16sep,2009