ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နေအိမ်ခြံဝင်းအတွင်း၌ ရှိနေစဉ် လုံခြုံရေးများမှ စောင့်ကြည့်ခြင်း၊မှတ်တမ်းတင်ခြင်းသည် ယဉ်ကျေးမှုအရမသင့်တော်ဟု ဒေါ်စုပြောဆို။..။


ယနေ့နေ့လည် ၂နာရီမှ၎နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်း ဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့အန်ကယ်တို့ ရှေ့နေလေးဦး နေ့လည် ၂နာရီကနေ ၄နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့် ရခဲ့တယ်။ အယူခံ အပြီးသတ်လျှောက်လဲချက် အတွက် အချက်အလက်တွေကို ဘယ်လိုလျှောက်လဲ မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ တခြားကိစ္စတွေလည်း တော်တော်များများ ပြောဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သတ်တာတွေလည်း မှာလိုက်တယ်။ ဒီနေ့တော့ အဲဒီ့ကိစ္စတွေ မလုပ်ဆောင်နိုင်သေးတဲ့ အတွက်ကြောင့် နောက်ရက်တွေမှာ လုပ်ဆောင်ပြီးရင် ပြောပြနိုင်ပါမယ်။

ဒီနေ့ Times နဲ့ News Week နောက်ဆုံးထုတ် မဂ္ဂဇင်း ၂စောင်နဲ့ ပြင်သစ်နိုင်ငံထုတ် အင်္ဂလိပ်လိုရေးတဲ့ မဂ္ဂဇင်းစာအုပ်၅အုပ် ပေးခဲ့ပါတယ်။ စာအုပ်တွေကတော့ ပေးလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပါတယ်။

့နေအိမ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး ဒေါ်စုပြောဆိုတာကတော့ အမျိုးသမီး၃ဦး နေအိမ်ခြံဝင်းထဲမှာ ရှိနေချိန်မှာ လုံခြုံရေးတွေက စောင့်ကြည့်နေတာတွေ၊ မှတ်တမ်းတင်တာတွေ လုပ်ဆောင်တာတွေ တွေ့ရတယ်၊ ဒါဟာယဉ်ကျေးမှုအရ မလုပ်သင့်ဘူးလို့ ပြောဆိုပါတယ် ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အဓိက တရားခံ ဂျွန်ယက်တောကိုမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်စီရင်ချက် ချမှတ်ခဲ့ပြီးမှ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာဂျင်မ်ဝက်ဘ် ရောက်ရှိချိန်၌ ပြန်လည် လွှတ်ပေးခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ယခုလိုနေအိမ် အကျယ်ချုပ်ချခံရတာဟာ ဥပဒေအရ ထိန်းသိမ်းခံရတာ မဟုတ်ဘဲ အမိန့်အာဏာအရ ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။ ယခုနောက်ဆုံး တိုင်းတရားရုံးက ဒေါ်စုအမှုအယူခံကို လက်ခံခဲ့ပြီး အယူခံလျှောက်လဲချက် အတွက် ဒေါ်စုရဲ့ ရှေ့နေများက အာဏာပိုင်များထံ တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့တဲ့ အတွက် ယနေ့တွေ့ဆုံခွင့် ရခဲ့ခြင်းဖြစ်ပါတယ်။ မနက်ဖြန် ၁၁ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံရတာ ၁လတိတိ ပြည့်တဲ့နေ့ဖြစ်ပါတယ်။

သတင်း....ဒီမိုဝေယံ
10 sep,2009