ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တစည၏ ၂၀၁၀ ရွေးကောက်ပွဲ အတွက် မသမာခြေလှမ်းများ။…။

တစည အတွင်းရေးမှုးဦးခင်မောင်ကြီး Photo-BBC

မြန်မာ့နိုင်ငံရေး မှာသေဆုံးခဲ့ပြီး သေပြီးတဲ့ကျားကို ပြန်လည်အသက်သွင်းလိုတဲ့ မဆလ တဖြစ်လဲ တစညဟာ မသမာတဲ့ ခြေလှမ်းတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြောင်း ကြားသိရပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း မြန်မာပြည်ရောက်ရှိစဉ်က ပါတီ ၁၀ခုနှင့် တွေ့ဆုံခဲ့ရာမှာ တစညပါတီမှ ဦးခင်မောင်ကြီးက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို အကြောင်းကြောင့်၊ ဘယ်သူအကြောင်းကြောင့်မှ နှောင့်နှေးကြန့်ကြာခြင်း အဖြစ်မခံနိုင်ဘူးလို့ စစ်အစိုးရ အကြိုက်ပြောဆို ခဲ့ပါတယ်။

တစညအနေနဲ့ လွန်ခဲတဲ့နှစ်က မွန်ပြည်နယ် မော်လမြိုင်မြို့စည်းရုံးရေး ခရီးစဉ်မှာ တစညဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းရီက ကြံဖွတ်အပါအဝင် လူအင်အား ၅၀၀ခန့်အား စုဝေးစေပြီး တစည၏ အတွင်းသဏ္ဍန်အား မဖုံးနိုင် မဖိနိုင် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ၎င်းက လာမည့်ရွေးကောက်မှာ မိမိတို့တစည အနေနဲ့ နိုင်ကိုနိုင်မှာ ဖြစ်ကြောင်း၊ ၁၉၉၀ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့လို့ စစ်အစိုးရအမှားကြီးမှားသွားကြောင်း။

NLD အနေနဲ့ ခေါင်းတခုတည်း လှုပ်နိုင်ပြီး ခြေလက်တွေမလှုပ်နိုင်လို့ မိမိတို့ကို မယှဉ်ပြိုင်နိုင်ကြောင်း ၊ တိုင်းရင်းသားတွေကလည်း သူတို့နယ်မြေတွေမှာပဲ အရွေးချယ်ခံနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် မှုစရာမလိုကြောင်း၊ ယခုရွေးကောက်ပွဲမှာ မိမိတို့ နိုင်ဖို့ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲ လုပ်မှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ အသုံးပြုဖို့ ရံပုံငွေ သိန်းတစ်ထောင်ရှိကြောင်း ၊ဒါကြောင့် လာမည့်ရွေးကောက်ပွဲမှာ မိမိတို့နိုင်ဖို့ သေချာကြောင်း ပြောဆိုသွားပါတယ်။

အထက်ပါ အကြောင်းအရာတွေကို ကြည့်ချင်းအားဖြင့် စစ်အစိုးရနဲ့ တစည လက်ဝါးချင်းရိုက်ပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေတာ ပေါ်လွင်နေပါတယ်။ စစ်အစိုးရ အနေနဲ့လည်း တစညကို လုံးလုံးလျားလျား ယုံကြည်စိတ်ချဟန် မရှိပါဘူး။ လက်ရှိကြံခိုင်ဖွံဖြိုးရေး အသင်းကို ရွေးကောက်ပွဲဝင်ခိုင်းဦးမှာပါ။

စစ်တပ်၂၅ရာခိုင်နှုန်း၊ ကြံဖွတ်၂၅ရာခိုင်နှုန်း နဲ့တစည၂၅ရာခိုင်နှုန်း မှန်းထားတယ်လို့ သတင်းများအရ သိရှိရပါတယ်။ကျန်တဲ့ ၂၅ရာခိုင်နှုန်းကိုတော့ တိုင်းရင်းသားတွေနဲ့ မြို့နယ်တွေမှာ လူကြည်ငြိုတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ခံခိုင်းမယ် လို့လည်းသိရှိရပါတယ်။မည်သို့ပင် ဖြစ်စေကာမူ တစညဟာ မိမိအစွမ်းအစ မပါပဲ စစ်အစိုးကို မျက်စိမှိတ် ထောက်ခံပြီး မသမာနည်းနဲ့ အာဏာကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေပါတယ်။

သို့ပါသော်လည်း လူထုထောက်ခံမှု မရှိတဲ့ဘယ်အစိုးရမှ ရေရှည်မတည်မြဲနိုင်ပါဘူး။ တစညအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆိုတဲ့နာမည်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကိုမလုပ်ဆောင်ပဲ တိုင်းရင်းသားအရေးကို ဘေးဖယ်ပြီး မိမိအာဏာရရှိရေး အတွက်စစ်အစိုးရ အကြိုက် လုပ်ဆောင်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

ရရှိသော သတင်းများအား အခြေခံပြီးရေးသားတင်ပြပါသည်။

ယခင်ပို့စ်အဟောင်းအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

ဒီမိုဝေယံ