ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု သတင်းများ။..။


ယနေ့ စက်တင်ဘာ ၁၉ရက် နေ့အထိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာသူပေါင်း ၁၀၄ဦးရှိပြီ ဖြစ်ကြောင်း AAPP (http://www.aappb.org/) မှာဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ" ပြန်လွတ်လာသူများရဲ့ စာရင်းများကို ဆက်လက် ရယူနေပါတယ်။ အခုထိ နယ်က ထောင်တွေက လွတ်လာသူတွေ စာရင်းကိုဆက်လက်စုံစမ်း နေပါတယ်။ ရုံးဖွင့်တဲ့နေ့ကျရင် အတိအကျသိရနိုင်ပါမယ်။ အန်ကယ်ဆီ ဝင်လာတဲ့ စာရင်းတွေကတော့ ၅၀ကျော်ရှိပါတယ်။ ၁၀၀ကျော်ပြီလို့ကြားပါတယ်။

ပြန်လွတ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ဦးကတော့ ဦးနိုင်းနိုင်း (ပုဇွန်တောင်မြို့နယ်)၊ ဦးကျော်မောင်(မိုညှင်းမြို့နယ်)၊ ဦးလှိုင်အေး (ပခုက္ကူမြို့နယ်) တို့ပါ။ တခြားတိုင်းစည်းတွေ ၊ မြို့နယ်စည်းတွေလည်း လွတ်လာပါတယ်။ မန္တလေးတိုင်းက ဒေါ်ဝင်းမြမြ ကတော့ အခုထိလွတ်တဲ့ စာရင်းမှာ မပါသေးပါဘူး ။ ခုနဒေါ်ဝင်းမြမြ အကိုနဲ့စကားပြောဖြစ်ပါတယ်။ နောက် ၈၈မျိုးဆက် ကျောင်းသားတွေလည်း မပါသေးပါဘူး" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က စစ်အစိုးရမှ အကျဉ်းသား ၇၁၁၄ဦး အားပြန်လွတ်ပေးမည်ဟု ကြေငြာခဲ့ပြီး ယနေ့အထိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာသူ ၁၀၀ကျော်ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုဟာ လာမည့် ၂၅ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံသို့ စစ်အစိုးရ ဝန်ကြီးချူပ်သိန်းစိန် တက်ရောက်မှာဖြစ်ပါတယ်။ မတရား အမိန်ချခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အခုထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

သတင်း....ဒီမိုဝေယံ